အစ္စရေး မြေပြင်ထိုးစစ်ခြိမ်းခြောက်မှု - ဂါဇာမှာ ဘာတွေဖြစ်နေလဲ

ဓာတ်ပုံ ရင်းမြစ်, AFP
အစ္စရေး - ဂါဇာ အရေး တစ်ပတ်ကြာရှိလာချိန်မှာပဲ အစ္စရေး အရေးပေါ် စစ်ကာလ အစိုးရအဖွဲ့ ထားပြီး ကျမ်းသစ္စာကျိန်ဆိုလိုက်ပါပြီ။
''ခက်ခဲမယ့်နေ့ရက်တွေက ကျွန်တော်တို့ကိုစောင့်ကြိုနေတယ် '' လို့ အစ္စရေး စစ်ကာလ အရေးပေါ်အစိုးရသစ်ရဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားတဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နက်တန်ညာဟု က ပြောလိုက်ပါတယ်။
တချိန်တည်းမှာပဲ ကုလသမဂ္ဂကလည်း ဂါဇာရဲ့ အခြေအနေကို စိုးရိမ်ကြောင်းပြောထားသလို လက်ရှိ ဂါဇာမှာ ရေနဲ့ စားနပ်ရိက္ခာလျော့ပါးပြတ်လပ်ပြီး ကိုယ်ဝန်ဆောင်သည် ငါးသောင်းကျော်ဟာ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို မရနိုင်ဖြစ်နေတယ်လို့ ပြောထားပါတယ်။
ပြီးခဲ့တဲ့ စနေနေ့ကစလို့ ဂါဇာမှာ ကျန်းမာရေးဝန်ထမ်း ၁၁ ဦးသေဆုံးထားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း ပြောပါတယ်။
အစ္စရေးက တုံ့ပြန်တိုက်ခိုက်တဲ့ ရက်သတ္တပတ်အတွင်း လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဂါဇာမှာ လူပေါင်း ၁,၄၀၀ ကျော် သေဆုံးထားပြီး သုံးသိန်း သုံးသောင်းကျော် က ရွှေ့ပြောင်းနေထိုင်နေရပါတယ်။
တစ်ဖက်မှာလည်း ဟားမတ်စ်တို့ ရဲ့ တိုက်ခိုက်မှုအတွင်း အစ္စရေးတို့ သတ်ဖြတ်ခံရတဲ့ အရေအတွက်က ၁၃၀၀ အထိ မြင့်တက်လာခဲ့ပြီး အနည်းဆုံး ဓားစာခံ ၁၅၀ ကို ဂါဇာကို ခေါ်ဆောင်သွားပါတယ်။
ဒီအရေးဖြစ်တဲ့ တစ်ပတ်အတွင်းမှာပဲ အစ္စရေး ရဲ့ ပြန်ကြားရေးဝန်ကြီး ဂါလစ် ဒီစတယ် အက်ဘာယန် ရာထူးက နုတ်ထွက်ခဲ့ပြီး ဌာနရဲ့ ရန်ပုံငွေတွေကို တခြားနေရာမှာ ပိုသုံးနိုင်ဖို့ လို့ပြောခဲ့ပါတယ်။
ဥရောပ ကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဖွန် ဒါလီယန်လည်း အစ္စရေးနဲ့ အတူ စည်းလုံးညီညွတ်စွာရှိနေကြောင်း ပြသဖို့ ဒီကနေ့ သောကြာနေ့မှာ အစ္စရေးကို ရောက်လာမှာဖြစ်ပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ကလည်း သောကြာနေ့မှာပဲ အစ္စရေးကို သွားမှာဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်ရဲ့ ခရီးစဥ်အပြီးနောက်ရက်မှာ သွားရောက်တာဖြစ်ပါတယ်။
ပြင်သစ်မှာတော့ ပါလက်စတိုင်း လိုလားသူတွေရဲ့ ထောက်ခံပွဲတွေကို အများပြည်သူအနှောင့်အယှက်ဖြစ်စေတယ်ဆိုတဲ့ အချက်နဲ့ ကန့်သတ်တားမြစ်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
အစ္စရေး ဘယ်လိုလက်နက်သုံးနေလဲ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီအရေး တစ်ပတ်ကြာလာချိန်မှာပဲ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က အစ္စရေးဘက်က ဂါဇာနဲ့ လက်ဘနွန်ကိုပစ်တဲ့လက်နက်တွေဟာ စစ်ဆင်ရေးတွေမှာ အငြင်းပွားဖွယ်ဖြစ်တဲ့ အဖြူရောင် ဖော့စဖရပ်စ်ကို အသုံးပြုတဲ့ လက်နက်တွေကို သုံးတယ်လို့ စွပ်စွဲထားပါတယ်။
ဖော့စဖရပ်စ်ဟာ မီးလောင်လွယ်တဲ့ ဓာတုပစ္စည်းဖြစ်ပြီး စစ်တပ်တွေအနေနဲ့ သူ့ကို နယ်မြေအမှတ်အသားပြုတဲ့နေရာမှာ အသုံးပြုတိုက်ခိုက်ကြပါတယ်။ ဒါပေမဲ့ ဒီဓာတုပစ္စည်းက လူတွေကို ဆိုးဆိုးရွားရွား လောင်ကျွမ်းစေပြီး အထူးသဖြင့် လူစုလူဝေးရှိတဲ့ နေရာတွေမှာ ပစ်လွှတ်ရင် အလွန်အန္တရာယ်များတယ်လို့ ဆိုပါတယ်။
အစ္စရေးစစ်တပ်ကတော့ ဂါဇာမှာ အဲဒီဓာတုပစ္စည်းပါတဲ့လက်နက်ကိုသုံးတာမျိုး မတွေ့ရဘူးလို့ ရိုက်တာသတင်းဌာနကို တုံ့ပြန်ထားပါတယ်။ ဒါပေမဲ့ လဘနွန်ကို တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီးတော့ မှတ်ချက်မပေးပါဘူး။
HRW ကတော့ ဂါဇာ နဲ့ လက်ဘနွန်တို့မှာ ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းတွေ အရ အဖြူရောင် ဖော့စဖရပ်စ် ပါတဲ့ အမြောက်ကျည်တွေ ပေါက်ကွဲနေတာကို တွေ့ရသလို အဲဒီရုပ်သံဖိုင်တွေကို ခွဲခြမ်းစိတ်ဖြာလေ့လာထားတယ်လို့ ပြောပါတယ်။
AFP သတင်းဌာနမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေမှာတော့ အစ္စရေးဘက်က ပစ်လိုက်တဲ့ လက်နက်မှာ ကောင်းကင်မှာ အဖြူရောင် အစင်းကြောင်းတွေ ပေါ်ထွက်တာကို ပြသထားပါတယ်။
ဒီအဖြူရောင် ဖော့စဖရပ်စ် ကို နိုင်ငံတကာဥပဒေအရ တားမြစ်ပိတ်ပင်ထားတာမရှိပေမဲ့ လူသားတွေအပေါ် ထိခိုက်သက်ရောက်မှု အန္တရာယ်များတာကြောင့် အဲဒီဓာတုပစ္စည်း အသုံးပြုမှုကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားပါတယ်။
အစ္စရေးစစ်တပ်ဟာ ဂါဇာမှာ ၂၀၀၈-၂၀၀၉ ထိုးစစ်အတွင်း အဖြူရောင် ဖော့စဖရပ်စ်ကို မီးခိုးမှိုင်းကာအနေနဲ့ သုံးခဲ့ပါတယ်။
အဲဒီအချိန်က လူ့အခွင့်အရေးအဖွဲ့ တွေက ဒါကိုကန့်ကွက်ခဲ့ပြီး စစ်ရာဇ၀တ်မှုအဖြစ် စွပ်စွဲခဲ့ကြပါတယ်။
အဲဒီနောက် တပ်တွေအကာအကွယ်ယူ ကိုယ်ရောင်ဖျောက်ဖို့သုံးတဲ့ ဓာတုပစ္စည်းအသုံးပြုတာကို ရပ်တန့်မယ်လို့ အစ္စရေးစစ်တပ်က ၂၀၁၃ခုနှစ်မှာပြောခဲ့ပါတယ်။
အစ္စရေးကတော့ ၆ ရက်အတွင်းမှာ ဂါဇာက ဟားမတ်စ်ပစ်မှတ်တွေကို ဗုံးအလုံးရေ ၆,၀၀၀ စုစုပေါင်း အလေးချိန် တန်ချိန် ၄,၀၀၀ ကျဲချခဲ့တယ်လို့ ထုတ်ပြောပါတယ်။
အစ္စရေးလေတပ်ကလည်း ဂါဇာက ဟားမတ်စ်ပစ်မှတ် ၃,၆၀၀ကျော်ကို ထိမှန်အောင် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
အစ္စရေး ကိုကျောထောက်နောက်ခံပြုသူတွေ
အစ္စရေး - ဂါဇာအရေး ရှိနေချိန်မှာပဲ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့မှာ နေတိုးနဲ့ မဟာမိတ်နိုင်ငံတွေရဲ့ ကာကွယ်ရေးဝန်ကြီးတွေ တွေ့ဆုံကြပြီး အစ္စရေးကာကွယ်ရေးဝန်ကြီးက အခြေအနေကို ရှင်းပြခဲ့ပါတယ်။
နေတိုးမဟာမိတ်တွေက ဟားမတ်စ်ရဲ့ "တရားမျှတမှုမရှိတဲ့ အကြမ်းဖက်လုပ်ရပ်တွေ" လို့ သုံးနှုန်းပြီး ရှုတ်ချသလို အစ္စရေးအနေနဲ့ "သင့်တော်တဲ့အင်အား" နဲ့ပဲ တုံ့ပြန်ဖို့ တိုက်တွန်းခဲ့တယ်လို့ဆိုပါတယ်။
နေတိုးအတွင်းရေးမှူးချုပ် ယန်း စတိုလ်တန်ဘာ့ဂ်ကတော့ “ပဋိပက္ခတွေ ကြီးထွားလာတာနဲ့အမျှ အရပ်သားတွေကို အကာအကွယ်ပေးဖို့က အဓိက လိုအပ်ပါတယ်” လို့ ပြောပါတယ်။
"အရပ်သားတွေကို ထိခိုက်တဲ့လုပ်ရပ် မလုပ်ဖို့က စစ်ပွဲရဲ့ စည်းကမ်း" ပဲလို့ ယန်း စတိုလ်တန်ဘာ့ဂ်က ပြောပါတယ်။
လက်ရှိမှာ အစ္စရေးကို နေတိုးမဟာမိတ်အများအပြားက လက်တွေ့အသုံးဝင်တဲ့ အထောက်အပံ့တွေ ပေးနေတယ်လို့ ဆိုပါတယ်။
အစ္စရေး-လက်ဘနွန်နယ်စပ်အနီးမှာလည်း ဂရိစစ်သင်္ဘောတစ်စင်း အရှေ့မြေထဲပင်လယ်ဒေသမှာ တပ်စွဲထားတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
ဂျာမနီကလည်း သူတို့ရဲ့ Heron တိုက်ခိုက်ရေး မောင်းသူမဲ့ လေယာဉ်နှစ်စင်းကို အစ္စရေးတပ်ဖွဲ့တွေက အသုံးပြုနေတယ်လို့ ပြောပါတယ်။
အဓိကကတော့ ဂါဇာ စစ်ဆင်ရေးအတွက် အစ္စရေး လိုအပ်တာက သံတမန်ရေး ထောက်ခံမှု ဖြစ်ပါတယ်။ အဲဒါကို နေတိုးမဟာမိတ်တွေဆီကရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ကုလသမဂ္ဂ ရဲ့ အရေးပေါ်တောင်းဆိုချက်
ဒီကနေ့မှာပဲ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ပါလက်စတိုင်းတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အရေးပေါ်ရန်ပုံငွေ ဒေါ်လာ ၂၉၄ သန်း ပေးဖို့ နိုင်ငံတွေကို ပန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။
ဒီရန်ပုံငွေတွေကို လူပေါင်း ၁ ဒသမ ၂ သန်း အတွက် အကူအညီပေးဖို့ အသုံးပြုမယ်လို့ ဆိုပါတယ်။
ကြာသပတေးနေ့အထိ စာရင်းအရ ဂါဇာမှာ လူပေါင်း ၈၄,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး ၄၂၃,၀၀၀ လည်း အမိုးအကာမရှိ နေထိုင်နေရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
“ဂါဇာကမ်းမြောင်မှာ နေထိုင်သူအများစုဟာ သောက်သုံးရေဝန်ဆောင်မှုပေးတဲ့လုပ်ငန်းနဲ့ အိမ်သုံးရေပိုက်လိုင်းကလာတဲ့ သောက်သုံးရေကို မရတော့ပါဘူး” လို့လည်း ကုလကပြောပါတယ်။
ဂါဇာ ဒေသတွင်းက ကိုယ်ဝန်ဆောင် အမျိုးသမီး ၅၀,၀၀၀ မှာ ၅,၅၀၀ လောက်က လာမယ့် လအတွင်း ကလေးမီးဖွားကြမှာပါ။ ဒါပေမဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးရုံတွေနဲ့ ဆေးခန်းတိုက်ခိုက်ခံထားရလို့ မဖြစ်မနေလိုအပ်တဲ့ ကျန်းမာရေးဝန်ဆောင်မှုရဖို့မှာ ခက်ခဲမယ့် အခြေအနေပါ။
၂၀၂၃ ခုနှစ်မှာ ပါလက်စတိုင်းအကူအညီပေးရေးလုပ်ငန်းတွေအတွက် ရန်ပုံငွေ ဒေါ်လာ ၅၀၂ သန်း လိုအပ်တယ်လို့ ကုလသမဂ္ဂက ပြောခဲ့ပြီး ရည်မှန်းချက် ထက်ဝက်တောင် ပြည့်အောင် မလုပ်နိုင်သေးပါဘူး။
ဒီကနေ့ သောကြာနေ့အစောပိုင်းမှာပဲ ဂါဇာမြောက်ပိုင်းမှာနေထိုင်သူတွေ ဟာ တောင်ပိုင်းဘေးလွတ်ရာကို ၂၄ နာရီအတွင်း ပြောင်းရွှေ့ဖို့လိုတယ်လို့ အစ္စရေးစစ်တပ်က ကုလသမဂ္ဂကို ပြောတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ မြောက်ပိုင်းမှာ လူဦးရေ ၁.၁ သန်း ရှိနိုင်ပြီး ဂါဇာကမ်းမြောင်တစ်ခုလုံးရဲ့ ထက်ဝက်ခန့်ရှိတယ်လို့ ဆိုပါတယ်။
“လူတွေ နောက်ဆက်တွဲ ထိခိုက်မှုတွေ မရှိဘဲ ဒီလို ပြောင်းဖို့ မဖြစ်နိုင်ဘူးလို့ ကုလသမဂ္ဂက ယူဆပါတယ်” လို့ ကုလသမဂ္ဂက ရဲ့ ထုတ်ပြန်ချက်ကဖော်ပြပါတယ်။
အစ္စရေးကတော့ ဂါဇာနယ်စပ်မှာ မြေပြင်ထိုးစစ်အတွက် စစ်သားတွေ၊ လက်နက်ကြီးတွေ ၊ တင့်ကားတွေကို ပြင်ဆင်ထားပါတယ်။ ဟားမတ်စ်တွေရဲ့ အံ့အားသင့်ဖွယ်တိုက်ခိုက်မှုအပြီး စနေနေ့ကတည်းက ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းတိုက်ခိုက်မှုတွေ စတင်ခဲ့တာပါ။
ဂါဇာမြောက်ပိုင်းမှာနေထိုင်သူတွေကို ၂၄ နာရီအတွင်း ပြောင်းရွှေ့ဖို့ဆိုတဲ့ အစ္စရေးစစ်တပ်ရဲ့ ပြောဆိုချက် နဲ့ ပတ်သက်လို့ ကုလသမဂ္ဂကတော့ “အတည်ဖြစ်ရင် အဲဒီအမိန့်ကို ရုပ်သိမ်းဖို့ ကုလသမဂ္ဂက လေးလေးနက်နက် မေတ္တာရပ်ခံပါတယ်” လို့ ပြောကြားထားပါတယ်။
အစ္စရေးစစ်တပ်ရဲ့ ဆက်သွယ်ရေးအရာရှိတွေကတော့ ဂါဇာမှာရှိနေတဲ့ ကုလသမဂ္ဂအဖွဲ့ခေါင်းဆောင်တွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့အကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။ အဲဒီ အမိန့်မှာ ကုလဝန်ထမ်းအားလုံး၊ ကျောင်းတွေ၊ ကျန်းမာရေးဌာနတွေနဲ့ ဆေးခန်းတွေ အပါအဝင် ကုလသမဂ္ဂ အဆောက်အဦတွေမှာ ခိုလှုံနေကြသူတွေ ပါဝင်ပါတယ်။
ဒီအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီကနေ့သောကြာနေ့မှာ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ ရုရှား နဲ့ ပြင်သစ် တို့ ပါတဲ့ အရေးပေါ်အစည်းအဝေးကို တံခါးပိတ်အစည်းအဝေး ကျင်းပမှာ ဖြစ်ပါတယ်။
ကုလရဲ့ တားမြစ်ထားမှုကို အစ္စရေးပြင်းထန်စွာတုံ့ပြန်
ကုလသမဂ္ဂရဲ့ အစ္စရေးသံအမတ်ကတော့ ကုလသမဂ္ဂရဲ့ ရွှေ့ပြောင်းမိန့်အပေါ် တုံ့ပြန်ချက်ဟာ “အဓိပ္ပာယ်မရှိ” ဘူးလို့ ပြောပါတယ်။
အစ္စရေး ရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်က အစ္စရေးအနေနဲ့ ဂါဇာမှာ နေထိုင်သူတွေကို ကြိုတင် သတိပေးနေတာဖြစ်ပြီး “ဟားမတ်စ်တိုက်ခိုက်မှုမှာ မပါဝင်သူတွေ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ကြိုးစားစီစဥ်နေတယ်” လို့ ဆိုပါတယ်။
“ကုလသမဂ္ဂဟာ ဟားမတ်စ်တွေ ရဲ့ လုပ်ရပ်နဲ့ ဂါဇာမှာ အရပ်သားတွေကို အကာအကွယ်ယူ၊ ခိုအောင်းနေထိုင်ပြီး အရပ်သားတွေကို လက်နက်ကိုင်ပြီးသတ်ဖြတ်ခဲ့တာကို နှစ်ပေါင်းများစွာ မျက်ကွယ်ပြုခဲ့တယ် ” လို့ သူကပြောပါတယ်။
“ ကုလသမဂ္ဂအနေနဲ့ ဟားမတ်စ်တွေရဲ့ သတ်ဖြတ်မှုခံရတဲ့ အစ္စရေးနိုင်ငံသားတွေ ဘက်ကရပ်တည်ရမယ့်အစား အစ္စရေးကို ရွှေပြည်အေး တရားဟောနေတယ် ”လို့ အစ္စရေး ရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်က တုံ့ပြန်ပါတယ်။
“အဲဒီအစား ဓားစာခံတွေ ပြန်ရရေး နဲ့ ဟားမတ်စ်တွေရဲ့ လုပ်ရပ်ကို ရှုတ်ချပြီး အစ္စရေးရဲ့ ခုခံကာကွယ်ပိုင်ခွင့်ကို ထောက်ခံအားပေးဖို့ အာရုံစိုက်တာက ကုလသမဂ္ဂအတွက် ပိုကောင်းပါတယ်” လို့လည်း ပြောပါတယ်။
အစ္စရေးစစ်တပ်ကတော့ ဂါဇာ ဒေသခံတွေကို သူတို့ရဲ့ လုံခြုံရေးနဲ့ အကာအကွယ်ရဖို့ အမြန်ဆုံးဘေးကင်းရာကိုထွက်ခွာကြဖို့ တိုက်ရိုက် အသိပေးနေပါတယ်။
ဟားမတ်စ်အဖွဲ့ကို အမြစ်ပြတ် ချေမှုန်းဖို့ အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို မြေပြင်ထိုးစစ်ဆင်နေချိန်မှာပဲ ဒေသခံတွေ ထွက်ခွာကြဖို့ သတိပေးချက်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဟားမတ်စ်အဖွဲ့ကတော့ ဂါဇာဒေသခံတွေ အနေနဲ့ အစ္စရေးရဲ့ ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ သတိပေးချက်ကို နားမထောင်ဖို့ ပြောထားပါတယ်။
ဟားမတ်စ်အရာရှိတစ်ဦးက ဂါဇာကမ်းမြောင် မြောက်ပိုင်းက ဒေသခံတွေ တောင်ဘက်ကို ရွှေ့ပြောင်းဖို့ ဆိုတဲ့ အစ္စရေးရဲ့ အမိန့်ကို “အတုအယောင်ဝါဒဖြန့်မှု” အဖြစ် ဖော်ပြခဲ့ပြီး လျစ်လျူရှုဖို့ တိုက်တွန်းထားပါတယ်။
ဟားမတ်စ်အဖွဲ့ ဟာ အရပ်သားတွေကို လူသားဒိုင်းအဖြစ် အကာအကွယ်ယူပြီး သူတို့တပ်ဖွဲ့ဝင်တွေ အန္တရာယ်ကိုကာကွယ်တာမျိုးလုပ်တာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ကာလကြာ ဝေဖန်မှုကို ခံနေရတာ ဖြစ်ပါတယ်။
ဟားမတ်စ်ဟာ ၂၀၀၆ ခုနှစ် ပါလီမန်ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် သမ္မတ မာမွတ်အဘတ်စ်ရဲ့ ပြိုင်ဘက် ဖာတာပါတီကို ဖယ်ရှားပြီး ဂါဇာကမ်းမြောင်ဒေသမှာ အာဏာ ရယူခဲ့တာပါ။
ဟားမတ်စ်လက်နက်ကိုင်အဖွဲ့က ပါလက်စတိုင်းအာဏာပိုင်တွေအပေါ် သစ္စာစောင့်သိတဲ့ တပ်ဖွဲ့တွေကို ဖယ်ရှားခဲ့တဲ့ ၂၀၀၇ ခုနှစ်ကတည်းက ဂါဇာဒေသဟာ ဟားမတ်စ် လက်နက်ကိုင်အဖွဲ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်နေခဲ့တာပါ။ ဒီကနေ့မှာပဲ အစ္စရေး ရဲ့ သတိပေးချက်နောက်မှာ ဂါဇာမြောက်ပိုင်းမှာ ပြောင်းရွှေ့တဲ့ အရပ်သားတွေရှိလာပြီဖြစ်ပါတယ်။








