စစ်ကောင်စီဘက်က နှုတ်ဆိတ်နေတဲ့ အိန္ဒိယကာကွယ်ရေး အတွင်းဝန်ရဲ့ နေပြည်တော် ခရီး

အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ မူဝါဒပိုင်းနဲ့ စီမံအုပ်ချုပ်ရေးပိုင်းမှာ အဓိက တာဝန်ရှိသူ ဖြစ်တဲ့ ကာကွယ်ရေး အတွင်းဝန် သျှရီ ဂီရီဒါဟ်ရ် အရာမာနီ မြန်မာနိုင်ငံကို ၂ ရက် ခရီးစဥ် ပြုလုပ်ခဲ့ကြောင်း အိန္ဒိယ အစိုးရဘက်က ထုတ်ပြန်ပါတယ်။

ဇွန်လ ၃၀ နဲ့ ဇူလိုင် ၁ ရက်နေ့တွေမှာ မစ္စတာ အရာမာနီ နေပြည်တော်မှာ ရှိနေခဲ့ပြီး မြန်မာစစ်တပ်ခေါင်းဆောင် အပါအဝင် ထိပ်တန်း စစ်ဗိုလ်ချုပ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယ ကာကွယ်ရေး အတွင်းဝန် တွေ့ဆုံခဲ့သူတွေထဲမှာ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်တို့ပါဝင်တာ တွေ့ရပါတယ်။

အိန္ဒိယဘက်က ဆိုရင်လည်း ကာကွယ်ရေး အတွင်းဝန်ဦးဆောင်တဲ့ အဲဒီ ကိုယ်စားလှယ် အဖွဲ့ထဲ ကာကွယ်ရေးဝန်ကြီးဌာနက အရာရှိတွေ၊ စစ်ဘက် အရာရှိတွေနဲ့ နိုင်ငံခြားရေး ဌာနက သူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

နယ်စပ်ဒေသလုံခြုံရေး အိန္ဒိယထံမှာ စိုးရိမ်စိတ် ရှိနေ

ကာကွယ်ရေး အတွင်းဝန် မြန်မာ ခရီးစဥ် ပြုလုပ်ရတာနဲ့ ပတ်သက်ပြီး အိန္ဒိယ အစိုးရရဲ့ ထုတ်ပြန်ချက်ထဲ မီးမောင်းထိုး ဖော်ပြထားတာကတော့ အိန္ဒိယနိုင်ငံရဲ့ လုံခြုံရေးနဲ့ ပတ်သက်တဲ့ အကြောင်းချင်းရာ ကိစ္စတွေ၊ ပြဿနာတွေကို မြန်မာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း သိရှိအောင် ပြောပြဖို့၊ ဆွေးနွေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်းနဲ့ ဆွေးနွေးပွဲတွေမှာ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ် အေးဆေးရေးကို ထိန်းသိမ်းထားဖို့နဲ့၊ မူးယစ်ဆေးနဲ့ ကုန်ပစ္စည်း အမျိုးမျိုး မှောင်ခို သယ်ယူမှုတွေ အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ၊ လှုပ်ရှားမှုတွေကို ကိုင်တွယ်ကြဖို့ ဆွေးနွေးခဲ့ကြတယ် ဆိုပြီး အိန္ဒိယ အစိုးရရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် ကာကွယ်ရေး အတွင်းဝန် မစ္စတာ အရာမာနီရဲ့ ခရီးစဥ်ဟာ အဓိကအားဖြင့် နယ်စပ်ဒေသအရေး ဖြစ်ပြီး၊ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်ဒေသတွေမှာ ပေါ်ပေါက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အိန္ဒိယ အစိုးရထံမှာ စိုးရိမ်မှုတွေ ရှိနေတယ်လို့ နားလည်ရပါတယ်။

အိန္ဒိယ မီဒီယာတွေကတော့ ကာကွယ်ရေး အတွင်းဝန်ရဲ့ အခုခရီးစဥ်ဟာ အိန္ဒိယရဲ့ အနောက်မြောက်ပိုင်းပြည်နယ် ဖြစ်ပြီး မြန်မာနဲ့ ထိစပ်နေတဲ့ မဏိပူရပြည်နယ်ထဲ အခြေအနေတွေ ဆက်လက် တင်းမာနေချိန်မှာ ပြုလုပ်ခဲ့တာ ဖြစ်တယ် ဆိုတဲ့ အချက်ကို ထောက်ပြကြပါတယ်။

ကသည်းနဲ့ ကူကီး မျိုးနွယ်စုတွေကြား ပဋိပက္ခတွေ၊ တိုက်ခိုက်မှုတွေ ပေါ်ပေါက်နေတာ နှစ်လ ရှိပြီ

မဏိပူရမှာ မတူတဲ့ မျိုးနွယ်စုတွေကြား အကြမ်းဖက်တိုက်ခိုက်တာတွေ၊ သတ်ဖြတ်တာတွေ ပေါ်ပေါက်နေတာ နှစ်လနီးပါး ကြာနေပြီ ဖြစ်ပါတယ်။ လူများစု ဖြစ်တဲ့ မြန်မာ အခေါ် ကသည်းလို့ ရည်ညွှန်းလေ့ရှိကြတဲ့ မဲ့တေး Meitei တွေ နဲ့ ကူကီး Kuki တွေကြား တင်းမာနေကြတာ ဖြစ်ပြီး၊ သေဆုံးသူလည်း အယောက် ၁၀၀ ကျော် ရှိသွားပြီ ဖြစ်ပါတယ်။

အရင်ကတည်းက မဏိပူရမှာ ခွဲထွက်ရေး လက်နက်ကိုင် လှုပ်ရှားမှုလည်း ရှိနေပြီး အိန္ဒိယ ဗဟို အစိုးရရဲ့ စစ်တပ် အနေနဲ့ အဲဒီ ခွဲထွက်ရေး သူပုန်တွေ အရေးကိုလည်း ကိုင်တွယ် နေရတာ ဖြစ်ပါတယ်။ အခု လူမျိုးစု ပဋိပက္ခတွေ ပေါ်ပေါက်လာတဲ့ အခါ မဏိပူရမှာ တပ်ဖွဲ့ဝင် အင်အား ထောင်ဂဏန်းတချို့ထိအောင် တိုးမြှင့် နေရာ ချထားရပါတယ်။

လူမျိုးစု ပဋိပက္ခတွေ ပေါ်ပေါက်လာတဲ့ အရှုပ်အထွေးတွေ ရှိနေချိန် ပြီးခဲ့တဲ့ မေလကစပြီး မြန်မာနဲ့ နယ်စပ်ကနေ ဝင်လာတဲ့ မူးယစ်ဆေးကုန်သွယ်မှု ပြဿနာဟာလည်း ပိုဆိုးရွားလာတယ် ဆိုပြီး အိန္ဒိယ ပြည်တွင်း အကဲခတ်တွေက ဆိုပါတယ်။

နယ်စပ်ဒေသ အခြေပြု ခွဲထွက်ရေး လက်နက်ကိုင် လှုပ်ရှားမှုကို ကိုင်တွယ်ရေး မှာရော၊ အခု ပေါ်ပေါက် နေပြန်တဲ့ အဓိကရုဏ်း ကိစ္စတွေမှာရော မြန်မာဘက်ကနေ လက်နက်တွေ စီးဝင်နေသ၍တော့ ဘယ်လိုမှ ဖြေရှင်းနိုင်မှာ မဟုတ်တဲ့ အကြောင်း အိန္ဒိယ အစိုးရဘက်က မျက်မှောက်ပြု နားလည်ထားတယ်လို့လည်း အကဲခတ်တွေက ပြောပါတယ်။

ဒါ့ကြောင့် မြန်မာ စစ်တပ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အာမခံချက် ပေးမှုတွေကို အိန္ဒိယ အနေနဲ့ လိုအပ်နေတယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း အစဥ်အဆက် ရှိနေ ခဲ့ပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေထံက ဘယ်လို ကတိစကား ရခဲ့လဲ

အိန္ဒိယ အစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ တစ်ဘက်နိုင်ငံရဲ့ အကျိုးစီးပွား ပျက်စီးရာ ပျက်စီးကြောင်းကို ကိုယ့်နိုင်ငံထဲ ခြေကုပ်ယူ ပြုလုပ်ခွင့် မပေးဖို့ ဆိုတဲ့ ကတိကဝတ်နဲ့ အာမခံချက်တွေကို ကာကွယ်ရေး အတွင်းဝန်ရဲ့ ခရီးစဥ် အတွင်းမှာ မြန်မာ စစ်တပ် အကြီးအကဲတွေနဲ့ကြား အပြန်အလှန် ထပ်လောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယနဲ့ မြန်မာဟာ ကီလိုမီတာ ၁၇၀၀ ၊ မိုင်နဲ့ဆိုရင် တစ်ထောင်ကျော် နယ်စပ်ချင်း ထိနေတာကြောင့် မြန်မာပြည်ဘက်ခြမ်းမှာ တစုံတရာ ဖြစ်ပျက်ပြီဆိုရင်လည်း အိန္ဒိယရဲ့ နယ်စပ်ဒေသတွေ အပေါ် တိုက်ရိုက် ရိုက်ခတ် သက်ရောက်မှာ ဖြစ်တယ်လို့လည်း အိန္ဒိယ အစိုးရရဲ့ ထုတ်ပြန်ချက်ထဲ ပြောထဲပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး၊ မြန်မာပြည်သူတွေ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ရေးဟာလည်း အိန္ဒိယ အတွက် အရေးကြီးလှတယ်လို့ ထုတ်ပြန်ချက်ထဲ ထည့်သွင်း ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က တကျော့ပြန် အာဏာသိမ်းပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် အိန္ဒိယ ဘက်ခြမ်းကို ထွက်ပြေးကြရသူတွေ သောင်းပေါင်းများစွာ ရှိနေတယ်လို့ ကုလသမဂ္ဂရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။

အများစုက မီဇိုရမ် ပြည်နယ်ထဲမှာ ခိုလှုံ နေကြရတာ ဖြစ်ပြီး၊ မဏိပူရထဲမှာလည်း ထောင်ဂဏန်းပေါင်းများစွာ ရှိနေပါတယ်။ မဏိပူရထဲမှာ မျိုးနွယ်စုတွေကြား တိုက်ခိုက်မှုတွေ၊ သတ်ဖြတ်မှုတွေနဲ့ အခြေအနေတွေ ဆိုးရွားနေချိန် ပြီးခဲ့တဲ့ ဇွန်လ လလယ်ပိုင်းက အမျိုးသား ညီညွတ်ရေး အစိုးရ NUG က အိန္ဒိယထဲ ခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသားတွေကို ဦးတည်လို့ အသိပေး မေတ္တာရပ်ခံချက် ဆိုပြီး ထုတ်ပြန် ခဲ့ပါတယ်။

အဲဒီထဲမှာ လူမျိုးရေး အခြေပြု အချေအတင်ဖြစ်မှုတွေမှာ ဝင်ပါတာမျိုး မလုပ်ကြဖို့၊ မူးယစ်ဆေးနဲ့ တောရိုင်းတိရိစ္ဆာန် ကုန်သွယ်တာလိုမျိုး တရားမဝင် ရာဇဝတ်မှုတွေထဲ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ ဆိုတာတွေကို ထည့်သွင်းထားပါတယ်။

အိန္ဒိယ ကာကွယ်ရေး အတွင်းဝန်နဲ့ ကိုယ်စားလှယ် အဖွဲ့ နေပြည်တော်ထိ ရောက်လာပြီး နယ်စပ်ဒေသ အခြေအနေတွေ အကြောင်း စိုးရိမ်ချက်တွေ လာပြောခဲ့တာကို နေပြည်တော် စစ်ကောင်စီဘက်ကတော့ မီးမောင်းထိုး ဖော်ပြတာမျိုး၊ ထုတ်ပြန်တာမျိုး မလုပ်ပဲ ခပ်ဆိတ်ဆိတ် ရှိနေပါတယ်။