ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နယူးဇီလန် ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်
နယူးဇီလန် ဝန်ကြီးချုပ် ဂျက်ဆီကာ အာဒန်က ရာထူးနေရာဆက်ထမ်းဆောင်ဖို့ ခွန်အားမရှိတော့ဘူးလို့ ဆိုပြီး အခုနှစ် ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ရာထူးက နုတ်ထွက်မယ်လို့ ကြေညာခဲ့ပါတယ်။
စစ်တမ်းတွေအရ လာမယ့် အောက်တိုဘာ ၁၄ ရက် ရွေးကောက်ပွဲအတွက် သူ့ရဲ့ လေဘာပါတီက အနိုင်ရဖို့ ခက်ခဲမယ်ဆိုတဲ့ လက္ခဏာတွေ ပြသလာချိန်မှာ အခုလို ရုတ်တရက် ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
သူဟာ ရာထူးမှာ ၆ နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လေဘာပါတီ အမတ်တွေက သူ့နေရာကို အစားထိုးဖို့ လာမယ့် တနင်္ဂနွေနေ့မှာ မဲပေးကြမှာ ဖြစ်ပါတယ်။
အသက် ၄၂ နှစ် အရွယ် မစ္စအာဒန်ဟာ ပြီးခဲ့တဲ့ နွေရာသီ အနားယူချိန်မှာ အနာဂတ်ကို သေချာစဥ်းစားခဲ့ပြီး သူ့ရာထူးနေရာကို ထမ်းဆောင်ဖို့ ခွန်အားမရှိတော့ဘူးလို့ ဆိုပါတယ်။
မစ္စအာဒန်ဟာ ဖေဖော်ဝါရီ ၇ ရက်မှာ ရာထူးက ထွက်ခွာမှာ ဖြစ်ပါတယ်။
သူဟာ အသက်အငယ်ဆုံး အမျိုးသမီး နိုင်ငံခေါင်းဆောင် ဖြစ်ပြီး အသက် ၃၇ နှစ် အရွယ် ၂၀၁၇ ခုနှစ်မှာ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံခဲ့ရတာပါ။
နောက်တစ်နှစ် အကြာမှာတော့ နိုင်ငံအကြီးအကဲ တာဝန်ထမ်းဆောင်နေစဥ် မီးဖွားတဲ့ ဒုတိယမြောက် ရွေးကောက်ခံ နိုင်ငံခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ ပထမ တစ်ဦးကတော့ ပါကစ္စတန်နိုင်ငံက ဘန်နဇာ ဘူတို ဖြစ်ပြီး ၁၉၉၀ မှာ ရင်သွေး မွေးဖွားခဲ့တာ ဖြစ်ပါတယ်။
မစ္စအာဒန်ဟာ နယူးဇီလန် နိုင်ငံကို အုပ်ချုပ်စဥ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ စီးပွားရေးကျဆင်းမှု၊ ခရိုက်ချပ်ဗလီ ပစ်ခတ်မှုနဲ့ ဝိုက်ကျွန်းမီးတောင်ပေါက်ကွဲမှု ဖြစ်ရပ်တွေကို ကိုင်တွယ်ဖြေရှင်းခဲ့ပါတယ်။
သူဟာ လေဘာပါတီကို ၂၀၂၀ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရအောင် ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ အခုနောက်ဆုံး လူထုသဘောထား စစ်တမ်းတွေအရ သူ့ရဲ့ ပုဂ္ဂိလ်ရေး လူကြိုက်များမှုဟာ သူရွေးကောက်ခံရပြီးချိန်နောက်ပိုင်း အနိမ့်ဆုံးအဆင့်ကို ရောက်နေပြီး ပါတီရဲ့စွမ်းဆောင်ရည်လည်း အလားတူ ကျဆင်းနေပါတယ်။
သူကတော့ ဒါဟာ ကိုဗစ် အရေး လူတွေကို အန္တရာယ်ကင်းအောင် ဆောင်ရွက်ခဲ့တာအတွက် ပေးဆပ်ခဲ့ရတာလို့ ဆိုပါတယ်။
သူ့ရဲ့ နုတ်ထွက်မှုနဲ့ ပတ်သက်ပြီး သဘောထား အမျိုးမျိုး ကွဲလွဲ ဝေဖန်နေကြပါတယ်။
သူ့ကို ရာထူးက ဖယ်ရှားမခံရခင် ထွက်ပြေးတာလို့ ဝေဖန်တဲ့ ပြည်တွင်းက နိုင်ငံရေးသမားတွေ ရှိသလို နယူးဇီလန် သမိုင်းမှာ အကောင်းဆုံးဝန်ကြီးချုပ်တွေထဲက တစ်ယောက်ဖြစ်တယ်လို့ ပြောသူတွေလည်း ရှိပါတယ်။
ဒါပေမဲ့ သူကတော့ သူနဲ့ သူ့ပါတီ လူကြိုက်မများတော့လို့ ရာထူးက နုတ်ထွက်တာ မဟုတ်ဘူးလို့ အလေးအနက် ပြောပါတယ်။