လူသတ်မှုတွေ ကျူးလွန်ခဲ့တဲ့ မူးယစ်ခေါင်းဆောင်ကို နယ်သာလန်မှာ တစ်သက်တကျွန်းချမှတ် - ဖေဖော်ဝါရီလ ၂၇ ရက်ညပိုင်းသတင်းများ

နယ်သာလန်၊ မူးယစ်ဂိုဏ်း၊ တရားရုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images

နယ်သာလန်နိုင်ငံမှာ လူသတ်မှုတွေ၊ လူသတ်ဖို့ ကြံစည်ခဲ့မှုတွေ လုပ်ခဲ့တဲ့ မူးယစ်ဆေးဝါး မှောင်ခိုရာဇဝတ်ဂိုဏ်း ကွန်ရက်ကြီးတစ်ခုရဲ့ ခေါင်းဆောင် ဖြစ်သူကို ဒတ်ချ်တရားရုံးက ထောင်ဒဏ် တစ်သက် တကျွန်း ချမှတ်လိုက်ပါတယ်။

မော်ရိုကိုနိုင်ငံမှာ မွေးဖွားခဲ့သူ ရီဒူယန် တက်ဂီဟာ ပြစ်ဒဏ် ချမှတ်ခဲ့ချိန်မှာ တရားရုံးထဲမှာ ရှိမနေခဲ့ပါဘူး။ သူ့ရဲ့ အပေါင်းပါ နှစ်ဦးလည်း တစ်သက်တကျွန်း ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။

ဂိုဏ်းအဖွဲ့ဝင် တခြားလူ ၁၄ ဦးကတော့ ထောင်ဒဏ် ၂၉ နှစ်ကနေ တစ်နှစ်ခွဲကျော် အကြား အသီးသီး ချမှတ်ခံခဲ့ရပါတယ်။

ဒတ်ချ် ရာဇဝတ်မှု သမိုင်းကြောင်းမှာ အကြီးမားဆုံးအမှု တစ်ခုဖြစ်တဲ့ ဒီအမှုတွဲကို နယ်သာလန်တစ်နိုင်ငံလုံးက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။

ဒီရာဇဝတ်ဂိုဏ်းဟာ အထင်ကရ စုံစမ်းထောက်လှမ်းရေး သတင်းထောက် ပီတာ အာရ် ဒီဗရီးစ် အသတ်ခံရမှုမှာ နောက်ကွယ်ကနေ စီစဉ်ခဲ့တယ်လို့ ယူဆရပါတယ်။

ရုရှား အထင်ကရ လူ့အခွင့်အရေးလှုပ်ရှားသူ ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံရ

ရုရှား အတိုက်အခံ၊ အော်လော့ဗ်၊ ထောင်ဒဏ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ရုရှားနိုင်ငံမှာ လူသိအများဆုံး လူ့အခွင့်အရေး တောင်းဆိုလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ အိုလက်ဂ် အော်လော့ဗ်ကို မော်စကိုမြို့ တရားရုံးက ထောင်ဒဏ် နှစ်နှစ်ခွဲ ချမှတ်လိုက်ပါတယ်။

အသက် ၇၀ အရွယ် မစ္စတာ အော်လော့ဗ်ဟာ ရုရှားစစ်တပ်ကို အကြိမ်ကြိမ် သိက္ခာချ ပြောဆိုခဲ့မှုနဲ့ ပြစ်မှုထင်ရှားခဲ့တာပါ။

သူ့ကို မနှစ်တုန်းက ကြားနာစစ်ဆေးမှုအတွင်း ဒဏ်ကြေး မူလက ချမှတ်ခဲ့တာ ဖြစ်ပေမဲ့ ပိုပြင်းထန်တဲ့ ပြစ်ဒဏ် ချမှတ်ဖို့ အမှုလိုက်ရှေ့နေတွေက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ အော်လော့ဗ် ဟာ နိုဘဲလ်ဆု ဆွတ်ခူးခဲ့တဲ့ Memorial အဖွဲ့မှာ ခေါင်းဆောင်ပိုင်းကဏ္ဍမှာ တာဝန်ယူနေတာဖြစ်ပြီး ရုရှားအာဏာပိုင်တွေက ဒီအဖွဲ့ကို ပိတ်ပစ်ခဲ့ပါတယ်။

သမ္မတ ပူတင်ဟာ ရုရှားနိုင်ငံကို ဖက်ဆစ်ဝါဒထဲ ဆွဲသွင်းခဲ့တယ် ဆိုတဲ့ ဆောင်းပါးတစ်ခုကို မစ္စတာ အော်လော့ဗ်က လွန်ခဲ့တဲ့ နှစ်နှစ်က သတင်းစာတစ်စောင်မှာ ရေးသားခဲ့ပါတယ်။

ရုရှားရွေးကောက်ပွဲ နောက်ဆုံးနေ့မှာ ဆန္ဒပြကြဖို့ နာဗယ်လ်နီရဲ့ လုပ်ဖော်ကိုင်ဖက် တိုက်တွန်း

နာဗာလ်နီ၊ ပူတင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, The Hagueမြို့က ရုရှားသံရုံးအပြင်ဘက်မှာ မစ္စတာ နဗာလ်နီ အတွက် ဝမ်းနည်းကြောင်း ဂုဏ်ပြုပန်းစည်းတွေ ချခဲ့ကြ

ရုရှားနိုင်ငံမှာ မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲ နောက်ဆုံးနေ့မှာ ကန့်ကွက်ဆန္ဒပြမှု လုပ်ကြဖို့ ကွယ်လွန်သူ အတိုက်အခံခေါင်းဆောင် အလက်ဆီ နာဗယ်လ်နီနဲ့ ရင်းနှီးသူ လုပ်ဖော်ကိုင်ဖက် တစ်ဦးက တိုက်တွန်းလိုက်ပါတယ်။

မစ္စတာ နာဗယ်လ်နီအတွက် နည်းဗျူဟာအစီအစဉ် ရေးဆွဲပေးသူ မစ္စတာ လီယိုနစ်ဒ် ဗော်လ်ကော့ဗ် က ရွေးကောက်ပွဲ နောက်ဆုံးနေ့ဖြစ်တဲ့ မတ်လ ၁၇ ရက်နေ့ နေ့လယ်မှာ သမ္မတ ပူတင်ကို လူတွေအစုလိုက်အပြုံလိုက် ကန့်ကွက်မဲ သွားပေးကြဖို့ ရုရှားပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။

ဒီလိုလုပ်တာဟာ ကွယ်လွန်သူ မစ္စတာ နာဗာလ်နီအတွက် နောက်ဆုံး ထွက်ဆိုချက် ဖြစ်လိမ့်မယ်လို့ မစ္စတာ ဗော်လ်ကော့ဗ်က ပြောပါတယ်။

ဒီလိုလုပ်ဖို့ ဖေဖော်ဝါရီလ အစောပိုင်းတုန်းက မစ္စတာ နာဗယ်လ်နီ ကိုယ်တိုင် ဆိုရှယ်မီဒီယာပေါ်မှာ ပို့တစ်ခုတင်ပြီး တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် သီတင်းနှစ်ပတ်အကြာမှာ အာတိတ်ဒေသက တင်းကျပ်တဲ့ အကျဉ်းထောင်တစ်ခုမှာ မစ္စတာ နာဗယ်လ်နီ ထူးထူးဆန်းဆန်း ရုတ်တရက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ရုရှားကို မြောက်ကိုရီးယားက အမြောက်ကျည်တွေ ပို့ပေးနေတယ်လို့ တောင်ကိုရီးယားပြော

မြောက်ကိုရီးယား၊ ရုရှား၊ လက်နက်ခဲယမ်း ထောက်ပံ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၃ ခုနှစ် အောက်တိုဘာလက ပြုံယမ်းမြို့ကို ရုရှားနိုင်ငံခြားရေးဝန်ကြီး သွားရောက်ခဲ့စဉ်

မြောက်ကိုရီးယားဟာ ယူကရိန်းနဲ့ စစ်ပွဲ ဆင်နွှဲနေတဲ့ ရုရှားအစိုးရကို အကူအညီပေးဖို့အတွက် အမြောက်ကျည် သန်းပေါင်းများစွာကို ရုရှားနိုင်ငံဆီ သင်္ဘောနဲ့ တင်ပို့ခဲ့တယ်လို့ တောင်ကိုရီးယား အစိုးရက ပြောပါတယ်။

အပြန်အလှန်အားဖြင့် ရုရှားဘက်က မြောက်ကိုရီးယားနိုင်ငံကို စားနပ်ရိက္ခာတွေ ပြန်လည်ထောက်ပံ့ ပေးပို့နေတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ရှင်ဝမ်ဆစ်ခ် က ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှာ တခြားစက်ရုံတွေက ၃၀ ရာခိုင်နှုန်းလောက်ပဲ လည်ပတ်နေကြပြီး လက်နက်ခဲယမ်းစက်ရုံတွေကတော့ အစွမ်းကုန် လည်ပတ်ထုတ်လုပ်နေကြတယ်လို့ မစ္စတာ ရှင်ဝမ်ဆစ်ခ် က ပြောပါတယ်။

မြောက်ကိုရီးယားမှာ ကုန်ကြမ်းပစ္စည်းတွေနဲ့ လျှပ်စစ်ဓာတ်အား မလုံမလောက် ပြတ်တောက်နေပါတယ်။

ရုရှားကို မြောက်ကိုရီးယားက လက်နက်ခဲယမ်းတွေ ထောက်ပံ့ပေးနေတယ်ဆိုတဲ့ အကြောင်း သတင်းအချက်အလက်တွေကို တောင်ကိုရီးယားက ဘယ်ကနေ ရခဲ့သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်လို့ ရုရှားကရော၊ မြောက်ကိုရီးယားကပါ ငြင်းဆိုထားပါတယ်။