"နယ်စပ်ဒေသကျန်းမာရေးစနစ်တည်ဆောက်မယ်" - ဒေါက်တာစင်သီယာမောင်

တစ်နှစ်ကိုပျှမ်းမျှ ထိုင်းဘတ်ငွေ သန်း ၁၀၀ ကျော်အသုံးပြုရတဲ့ မယ်တော်ဆေးခန်းရဲ့ ကုန်ကျစရိတ် အတွက် အမေရိကန်ရဲ့ ရန်ပုံငွေဟာ အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်ပါတယ်။

အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကို ဇူလိုင် ၁ ရက်မှာ တရားဝင်ဖျက်သိမ်း လိုက်ပြီဖြစ်လို့ မယ်တော်ဆေးခန်းသာမက ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ မြန်မာအရပ်ဖက်အဖွဲ့အစည်းတွေအတွက် ရိုက်ခတ်မှုကြီးမားပါတယ်။

ထိုင်း - မြန်မာနယ်စပ်မှာ နှစ်ပေါင်း ၃၆ နှစ်ကြာအောင်ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ကျောင်းသားဆေးခန်းလို့လူသိများတဲ့ မယ်တော်ဆေးခန်းအနေနဲ့ ဒီအခက်အခဲတွေကျော်လွှားဖို့ အတွက် ဘာတွေဆောင်ရွက်နေလဲဆိုတာသိရှိနိုင်ဖို့အတွက် တည်ထောင်သူ ဒေါက်တာစင်သီယာမောင်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။

မယ်တော်ဆေးခန်းဆိုတာဘာလဲ

ဘီဘီစီ - ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်း - မြန်မာနယ်စပ်မှာရှိတဲ့ မယ်တော်ဆေးခန်းကို ဘယ်သူတွေအားထားနေရလဲ။ ၈ လေးလုံးအရေးအခင်းနောက်ပိုင်း ၁၉၈၉ ခုနှစ်စတည်ထောင်ချိန်က ကျန်းမာရေးစောင့်ရှောက်မှုပေးရတာနဲ့ အခုချိန်မှာဘယ်သူတွေအများဆုံးအားထားနေရလဲဆိုတာ အရင်ဆုံး သိချင်ပါတယ်။

ဒေါက်တာစင်သီယာမောင် - ၈၈ အရေးအခင်းတုန်းကတော့ နယ်စပ် ဒေသကရောက်ရှိလာတဲ့စစ်ဘေးရှောင် တွေရော နိုင်ငံရေးအကျပ်အတည်းကြောင့်နယ်စပ်ကိုရွှေ့ပြောင်းလာတဲ့လူထုတွေရော စီးပွားရေးအခက်အခဲ ကြောင့်ထိုင်းနိုင်ငံမှာလာပြီး အလုပ်လုပ်တဲ့လူတွေအတွက် ၈၉ ခုနှစ်မှာ အခြေခံကျန်းမာရေးစောင့်ရှောက်မှု တွေကို စလုပ်ခဲ့တယ်။ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်တွေလိုအပ်တဲ့လူသားအရင်းအမြစ်ဆိုင်ရာ အထူးသဖြင့်သားဖွားသူနာပြုတွေ၊ ဆေးမှူးတွေကိုလေ့ကျင့်သင်ကြားပေးတာတွေကို နယ်စပ်ရောက်လာတဲ့ ဆရာဝန်ဆရာမတွေနဲ့ တိုင်းရင်းသားဒေသတွေမှာရှိထားတဲ့ ကျန်းမာရေးအဖွဲ့အစည်းခေါင်းဆောင်တွေ ပူးပေါင်းဆောင်ရွက်ပါတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့တွေက ကျန်းမာရေးစောင့်ရှောက်မှုသာမက ပိုပြီးပြည့်စုံတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို လက်လှမ်းမီအောင်ကလေးအခွင့်အရေးပိုင်းဆိုင်ရာ ဖြစ်စေ၊ သင်တန်းပိုင်းဆိုင်ရာဖြစ်စေ ပိုပြီးတော့အားကောင်းလာအောင်ဆက်ဆောင်ရွက်နေပါတယ်။

ဘီဘီစီ - မြန်မာဒုက္ခသည်တွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် သိပ်အားထားရတဲ့ဆေးခန်းလည်း ဖြစ်တော့ အမေရိကန်ရဲ့ရန်ပုံငွေဖြတ်တောက်တာက ဘယ်လောက်အထိသက်ရောက်မှုကြီးလဲ။ ဆေးခန်း တစ်နှစ်တာဘတ်ဂျက်မှာလည်း အမေရိကန်ရဲ့ရန်ပုံငွေက အရေးကြီးတဲ့အစိတ်အပိုင်းမှာရှိနေတော့ ဖြတ်တောက်မှုက ဘယ်လောက်သက်ရောက်နေပါသလဲ။

ဒေါက်တာစင်သီယာမောင် - ကျွန်မဆေးခန်းတခုအနေနဲ့ပဲပြောတာမဟုတ်ဘဲ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ ပြည်တွင်းဒုက္ခသည်တွေ ရွှေ့ပြောင်းပြည်သူလူထုတွေ ထိုင်းကျန်းမာရေးစနစ်ကိုအားကိုးနေရတဲ့ မြန်မာပြည်သားတွေအတွက် ရန်ပုံငွေပြတ်တောက်မှုက အနည်းနဲ့အများပဲကွာခြားမှာပေါ့။ အနည်းဆုံးတော့ ရန်ပုံငွေတွေရဲ့ ၃၀ ရာခိုင်နှုန်းလောက်က လျှော့ကျသွားပါတယ်။ အဲဒီအပေါ်မှာဝန်ဆောင်မှုပေးရတဲ့ အခြေအနေတွေကိုပြန်လည်ပြီးကြည့်ရာမှာ ကျွန်မတို့ကအရေးပေါ်အခြေအနေကိုဦးစားပေးပြီး၊ တချို့ သင်တန်းပိုင်းဆိုင်ရာတွေ အချင်းချင်းတွေ့ဆုံညှိနှိုင်းတာမျိုးတွေမှာတော့ လုံခြုံရေးအရရော ရန်ပုံငွေအရပါ ပိုပြီးတော့အကန့်အသတ်တွေရှိလာပါတယ်။ ဝန်ဆောင်မှုတွေကိုတော့ မလျှော့ချပါဘူး၊ ရှိထားပြီးသား ဝန်ဆောင်မှုတွေကိုထိန်းသိမ်းထားတာဖြစ်သလို အရေးပေါ်အခြေအနေတွေကိုလည်း ကြိုးစားဆောင်ရွက်ရပါတယ်။

တချို့အဖွဲ့အစည်းတွေမှာတော့ ရန်ပုံငွေလျှော့ချတာကြောင့် ဆက်လက်ပြီးသင်တန်းမလုပ်နိုင်တာ အပြင် ဝန်ထမ်းတချို့လျှော့ချတာ၊ ဝန်ထမ်းခံစားခွင့်လျှော့ရသလို တဖက်ကလည်း ရန်ပုံငွေရနိုင်ဖို့အတွက် ပူးပေါင်းပြီး နိုင်ငံတကာအဖွဲ့အစည်းတွေ ထိုင်းအစိုးရအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ရမယ့်လုပ်ငန်းစဉ် တွေကိုချမှတ်ပြီးတော့ ကျစ်ကျစ်လစ်လစ်ခိုင်ခိုင်မာမာနဲ့ ရှေ့ဆက်ပြီးတော့ နယ်စပ်ဒေသရဲ့ ကျန်းမာရေး စနစ်တခုကို တည်ဆောက်နိုင်ဖို့အတွက်ကြိုးစားအားထုတ်နေကြပါတယ်။

အမေရိကန်ရန်ပုံငွေဖြတ်တောက်မှုနဲ့ နယ်စပ်ကျန်းမာရေး

ဘီဘီစီ - ရန်ပုံငွေ အကြောင်းဆက်မေးချင်ပါတယ်။ ဘီဘီစီနဲ့ မယ်တော်ဆေးခန်းတာဝန်ရှိသူတဦးတို့ ဖေဖော်ဝါရီလတုန်းကတွေ့ဆုံမေးမြန်းချိန်တုန်းက ရန်ပုံငွေအတွက် အမေရိကန်ဘက်ကိုပြန်တင်ပြထား တယ်လို့သိရပါတယ်။ ဒီလိုပြန်တင်ပြတဲ့အခြေအနေကဘယ်လိုရှိနေလဲ။ အမေရိကန်ဘက်က ကူညီမှုတွေ ဆက်ရနေသေးလား။

ဒေါက်တာစင်သီယာမောင် - အမေရိကန်နိုင်ငံကနေရောက်လာတဲ့လုပ်ငန်းပိုင်းမှာ ပရိုဂရမ်တွေ၊ ပရောဂျက် တွေမှာတချို့လုပ်ငန်းတွေကလုံးဝရပ်ဆိုင်းသွားပါတယ်။ တချို့သော အရေးပေါ်အခြေအနေအတွက် လိုအပ်တဲ့ကျန်းမာရေးဝန်ဆောင်မှုတွေ၊ အာဟာရပိုင်းဆိုင်ရာကိစ္စတွေကိုတော့ မယ်တော်ဆေးခန်းအနေနဲ့ စက်တင်ဘာလအထိ ကျွန်မတို့ဆက်လက်ရရှိနေပါတယ်။ ကျွန်မတို့နဲ့ပူးတွဲဆောင်ရွက်တဲ့အမေရိကန်နိုင်ငံ အခြေစိုက်အဖွဲ့အစည်းအနေနဲ့လည်း ဒီရန်ပုံငွေကိုဆက်ရနိုင်ဖို့အတွက် အတူကြိုးစားအားထုတ်နေတာ ရှိပါတယ်။ ပြီးခဲ့တဲ့လုပ်ငန်းစဉ်တွေကိုလည်း ပြန်လည်သုံးသပ်ပြီးတော့ ဆက်လက်ပြီးရှေ့သွားမယ့်ကိစ္စတွေ မှာ ရန်ပုံငွေရနိုင်ဖို့အတွက် ဆက်ပြီးဆောင်ရွက်တဲ့အခါမှာ အားလုံးကစုစုစည်းစည်းနဲ့ပေါင်းပြီး အရေးဆိုနိုင် ဖို့အတွက်လည်း ကျွန်မတို့ကြိုးစားနေပါတယ်။

ဘီဘီစီ - ဒါဆိုကြိုးစားနေဆဲအခြေအနေလို့ပြောရမယ်ထင်တယ်။ လုံလုံလောက်လောက်က စက်တင်ဘာ အထိပဲရမယ့်သဘောလား။

ဒေါက်တာစင်သီယာမောင် - စက်တင်ဘာအထိကို ကျွန်မတို့ဆက်ပြီးရဖို့အတွက် သေချာသွားပါတယ်၊ ဒီလကုန်အထိပေါ့။ နောက်ထပ်ရရှိနိုင်ဖို့အတွက် ရန်ပုံငွေအပိုင်းက ကျွန်မတို့ဆက်လက်ကြိုးစားရမယ့်အပိုင်း တွေဖြစ်ပါတယ်။

ဘီဘီစီ - မြန်မာဒုက္ခသည်တွေအတွက်အားကိုးရတဲ့ဒီဆေးခန်းသာ အရင်လိုအလုံးစုံယန္တရားပြည့် မလည်ပတ်နိုင်ဘူးဆိုရင် ဆေးခန်းကိုအားပြုနေတဲ့လူတွေကြုံရမယ့် ကျန်းမာရေးအခက်အခဲက ဘယ်လောက်အထိဆိုးရွားသွားနိုင်မလဲ။ အဓိကသက်ရောက်မှုအရှိဆုံးဖြစ်မယ့် အချက် ၃ ချက်ဆိုရင်ရော ဘာများဖြစ်မလဲ။

ဒေါက်တာစင်သီယာမောင် - လက်ရှိမှာတော့ ဒုက္ခသည်စခန်းရဲ့ကျန်းမာရေးစောင့်ရှောက်မှုကိစ္စကို ထိုင်းအစိုးရက ဦးဆောင်ပြီးတော့ ဆရာမတို့မယ်တော်ဆေးခန်းနဲ့အတူ တခြားသောဒေသဆိုင်ရာအဖွဲ့ အစည်းတွေက မိမိကျွမ်းကျင်ရာလိမ္မာရာအပိုင်းကနေဝိုင်းကူပါတယ်။ လက်ရှိမှာဒီအရေးပေါ် အခြေအနေ ကို ထိုင်းအစိုးရဆီလွှဲပြောင်းပို့ဆောင်ရတဲ့အခြေအနေမှာတော့ ထိုင်းကျန်းမာရေးတွေဘက်ကလည်း နိုင်ငံတကာအဖွဲ့အစည်းတွေကနေ ပံ့ပိုးတဲ့ရန်ပုံငွေနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ကျန်းမာရေးစနစ်၊ အရေးပေါ် အ‌ခြေအနေတွေကိုအရင်က ပံ့ပိုးပေးနိုင်ပေမဲ့ အခုအခြေအနေမှာတော့ ကုသပေးမှုရှိပါတယ်။ ဒါပေမဲ့ ထိုင်းအစိုးရမှာလည်းရန်ပုံငွေအကျပ်အတည်းတွေပိုရှိလာသလို များပြားလာတဲ့လူနာတွေအတွက်လည်း ဝန်ထမ်းအင်အားတွေမလုံလောက်မှုတွေရှိလာတဲ့အခါမှာတော့ ဒေသဆိုင်ရာကျန်းမာရေးစနစ်ထဲမှာ ကျွန်မတို့တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ မယ်တော်ဆေးခန်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ကျန်းမာရေး ဝန်ထမ်းတွေပူးပေါင်းဆောင်ရွက်ဖို့အတွက် လေ့ကျင်သင်ကြားမှုဆိုင်ရာတွေ၊ စနစ်တည်ဆောက်မှုဆိုင်ရာ တွေကိုလည်း ကြိုးစားဆောင်ရွက်နေကြပါတယ်။

မြန်မာအလယ်ပိုင်းကလူနာတွေပါကုသပေးနေ

ဘီဘီစီ - မယ်တော်ဆေးခန်းမှာဆေးကုသမှုခံယူနေသူတွေမှာအကြောင်းအမျိုးမျိုးရှိကြပါတယ်။ ဒုက္ခသည် အနေနဲ့ရောက်လာပြီး ဘာသာစကားအခက်အခဲဖြစ်ပြီးအဆင်မပြေတာတွေ၊ လုံခြုံရေးအခက်အခဲကြောင့် ကိုယ့်ရဲ့အချက်အလက်အမှန်အတိုင်းမဖော်ပြရတဲ့လူနာတွေအများကြီးရှိမှာပါ။ ဆရာမကြီးအနေနဲ့ ၁၉၈၉ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ နှစ်ပေါင်း ၃၀ ကျော်ကာလအတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ လူနာထောင်သောင်းချီထဲ မှတ်မှတ်ရရရှိတဲ့လူနာဆိုဘယ်သူများရှိနေမလဲ။ ဘာကြောင့်များဖြစ်မလဲ။

ဒေါက်တာစင်သီယာမောင် - ဒီနှစ်ထဲမှာထူးခြားမှုကတော့ ပြည်တွင်းအင်မတန်ဝေးတဲ့ဒေသ အထူးသဖြင့် စစ်ဘေးရှောင်ဒေသတွေဖြစ်တဲ့မြန်မာပြည်အလယ်ပိုင်းကလူနာတွေရှိလာတဲ့အခါမှာ တချို့သော ကလေးတွေကအစုလိုက်မိဘတွေကခေါ်လာပြီးတော့ ထိုင်းနိုင်ငံမှာရှိတဲ့ကျန်းမာရေးလုပ်ငန်းထဲမှာ အထူးသဖြင့် နှလုံးရောဂါခွဲစိတ်တာတွေ၊ နှုတ်ခမ်းကွဲခွဲစိတ်တာတွေကို သူတို့ငွေကြေးမရှိတော့ ငွေကြေး ကုန်ကျခံပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းကဖြစ်စေ ရန်ကုန်ကဖြစ်စေ ဆက်လာနေတဲ့လူနာတွေရှိပါတယ်။ အထူးသဖြင့်တော့ စစ်ဖြစ်ပွားတဲ့ဒေသကနေရောက်ရှိလာတဲ့လူနာတွေဆိုရင်သူတို့အကြာကြီးနေရတဲ့ အတွက် သူတို့ကလေးတွေကောင်းမွန်လာတဲ့အတွက် ဒီမှာလည်းရင်းနှီးမှုတွေအများကြီးရှိသွားပါတယ်။ ကလေးတွေကောင်းမွန်လာတဲ့အခါသူတို့ပျော်ရွှင်မှုရပေမဲ့ သူတို့လည်းနေ့စဉ်နဲ့အမျှ ဒီစစ်ဖြစ်တဲ့နေရာမှာ ကျန်ရှိနေတဲ့မိသားစုကိုပူပန်နေကြတယ်။ လက်ရှိမှာဘယ်မိသားစုမဆိုပေါ့၊ ကျန်းမာရေးဝန်ထမ်းတွေ ကိုယ်တိုင်လည်း လုံခြုံရေးစိုးရိမ်နေရတာတွေရှိတော့ ဒါကိုပိုပြီးတော့ထူးခြားတဲ့အခြေအနေဖြစ်ပါတယ်။

ဘီဘီစီ - မြန်မာပြည်အလယ်ပိုင်းကလူနာတွေလည်း ဆရာမကြီးတို့ဆီလာပြီးကုသနေရပြီဆိုတော့ ဒီ ၃၆ နှစ်ကာလအတွင်းမှာ ကုသပေးရတဲ့လူနာအရေအတွက်ဘယ်လောက်အထိရှိနေပြီလဲ။ တစ်နှစ်ပျှမ်းမျှကုသမှု မှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်မှာ ဘယ်လောက်အထိတိုးပြီးကုသရေးလုပ်နေရတာရှိမလဲ၊ ကိန်းဂဏန်း အချက်အလက်သိပါရစေ။

ဒေါက်တာစင်သီယာမောင် - ဒီအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ ကျွန်မတို့ ၂၀၂၁ ကစပြီးတော့ ၂၀၂၂၊ ၂၀၂၃၊ ၂၀၂၄ မှာ တစ်နှစ်ထက်တစ်နှစ်ကိုလူနာတိုးလာမှုက ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ ရှိနေပါ တယ်။ အထူးသဖြင့်အာဏာသိမ်းပြီးနောက်ပိုင်း ငှက်ဖျားရောဂါဖြစ်ပွားမှု သိသိသာသာမြင့်တက်ပါတယ်။ ငှက်ဖျားရောဂါဟာ ၈၈ ခုနှစ်မှာအသေအပျောက်အများဆုံးအခြေအနေ၊ ကူးစက်ပြန့်ပွားမှုအများဆုံး အခြေအနေရှိပေမဲ့လို့ တဖြည်းဖြည်းနဲ့ နှစ်ပေါင်း ၂၀ အတွင်း ငှက်ဖျားတိုက်ဖျက်ရေးစီမံချက်တွေ အောင်မြင်ခဲ့တဲ့အတွက်ကြောင့် ငှက်ဖျားဖြစ်ပွားမှုလျော့ချနိုင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာကတော့ မရှိသလောက် ဖြစ်ခဲ့တယ်။ အခုတော့ ငှက်ဖျားရောဂါဖြစ်ပွားမှုကပိုပြီးတော့ ဖြစ်လာတယ် ဆေးဝါးဆက်လက်မရရှိတဲ့ အခြေအနေကြောင့် ဒီမှာရှိတဲ့ TB၊ HIV လူနာတွေကို ကြည့်ရှုစောင့်ရှောက်ပေးနေရတာရှိပါတယ်။ ထိုင်း နိုင်ငံရဲ့ကျန်းမာရေးစနစ်မှာဖြစ်စေ မယ်တော်ဆေးခန်းမှာတိုက်ရိုက်ဖြစ်စေ ကုသပေးရတာတွေရှိပါတယ်။ တခြားသော NGO များနဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့ HIV ၊ TB လူနာတွေကို ကုသဖို့အတွက် ဆောင်ရွက် နေရတာတွေရှိပါတယ်။

ဘီဘီစီ - လက်ရှိဝန်ဆောင်မှုပေးတဲ့ TB၊ HIV နဲ့ ငှက်ဖျားရောဂါတွေအတွက် လူနာဘယ်လောက်လောက်ကို ကုသမှုပေးနေပြီလဲ။ ဒီအပိုင်းကိုဆက်ပြီးသိပါရစေ။

ဒေါက်တာစင်သီယာမောင် - ငှက်ဖျားရောဂါနဲ့ပတ်သက်ပြီးတော့ အာဏာမသိမ်းခင် ၂၀၀၀ ခုနှစ်လောက်က လူနာအရေအတွက် ၁၀ ဦးလောက်ပဲရှိပါတယ်။ အခုဆိုရင်တော့ ၂၀၀ နဲ့ ၃၀၀ ကြားမှာပေါ့နော်။ ၂၀၂၁ ခုနှစ် နောက်ပိုင်းမှာပါ။ ပြည်တွင်းမှာတော့ ငှက်ဖျားဖြစ်ပွားမှုနှုန်းက ပြန်ပြီးတော့မြင့်လာပါတယ် ဒေသတိုင်းမှာ တွေ့ရှိရပါတယ်။ ငှက်ဖျားရောဂါဖြစ်ပွားမှုမှာတော့ ပိုပြီးတော့ပြင်းထန်တာကို အနည်းအကျဉ်းတွေ့ရပေမဲ့ လို့ လက်ရှိမှာတော့ ကုသပေးမှုဆိုင်ရာမှာ ဆေးယဉ်ပါးမှုပြဿနာတွေမပေါ်ပေါက်လာဖို့အတွက်လည်း သုတေသနလုပ်ငန်းစဉ်တွေကို စဉ်ဆက်မပြတ်စောင့်ကြပ်နေတာရှိပါတယ်။ နောက် TB ရောဂါဆိုရင်တော့ မယ်တော်ဆေးခန်းမှာ TB ကိုကုသတဲ့သီးသန့်စင်တာမရှိပေမဲ့ လူနာတွေအနေနဲ့ ထိုင်းနိုင်ငံရောက်လာရင် ပထမဆုံးထိတွေ့မယ့် ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့နေရာဖြစ်တဲ့အတွက်ကြောင့် ဒီရောဂါလက္ခဏာ ရှိလို့ရှိရင် TB ရောဂါကုသတဲ့ဆေးရုံတွေကိုလွှဲပြောင်းပေးပါတယ်။ နောက် HIV လူနာနဲ့ပတ်သက်လို့က တော့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ထိုင်းနိုင်ငံအစိုးရကနေပြီး မြန်မာပြည်သားတွေဆေးဝါးရဖို့အတွက်ကို အစိုးရ ရန်ပုံငွေနဲ့မဟုတ်ပဲနဲ့ ထိုင်းမှာရှိတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဆောင်ရွက်နေတဲ့ ထိုင်းဆရာဝန် တွေက ရန်ပုံငွေတွေမြှင့်တင်ပြီးတော့ ကျွန်မတို့မှာရှိတဲ့ ရန်ပုံငွေနဲ့ သူတို့မှာရှိတဲ့ရန်ပုံငွေပေါင်းပြီးတော့ ဆေးဝါးရရှိဖို့အတွက် ကြိုးစားဆောင်ရွက်ခဲ့တာကတော့ ဒီ ၂၀၂၁ ခုနှစ်ပြီးထဲကပါ။ နောက်ပိုင်းမှာတော့ ထိုင်းအစိုးရကနေ ရန်ပုံငွေအတွက်စနစ်တခုချပေးတဲ့အပေါ်မှာ ကျွန်မတို့ လူနာအရေအတွက် ၃၀၀ လောက်ကိုထိုင်းရဲ့ ကျန်းမာရေးစနစ်ထဲမှာကုသပေးနိုင်တယ်။ ဒါပေမဲ့ တာ့ခ်ခရိုင်တခုလုံး အတိုင်းအတာနဲ့ ဆိုရင်တော့ လက်ရှိမှာ HIV လူနာကို ထိုင်းကျန်းမာရေးစနစ်ထဲမှာကုသပေးနေတာ ၆၀၀ လောက်ရှိပြီး တော့ မယ်‌တော်ဆေးခန်းမှာတော့ လက်ရှိ ၃၀၀ လောက်ကို ကုသပေးနေရပါတယ်။

ဘီဘီစီ - ဒီလိုမျိုးကျန်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်ဖို့အတွက် နိုင်ငံတကာရန်ပုံငွေတွေအပေါ် မှီခိုမှုကို လျော့ချနိုင်ဖို့ဆိုပြီးစဉ်းစားချက်ရှိပါသလား။ အဲဒီအပေါ်မှာ ဆရာမကြီးတို့အနေနဲ့ ဘာဆက်လုပ်မယ်ဆိုတာ မျိုး စိတ်ကူးထားတာများရှိမလဲ။

ဒေါက်တာစင်သီယာမောင် - မယ်တော်ဆေးခန်းအနေနဲ့တော့ နိုင်ငံတကာရန်ပုံငွေကိုပဲ၊ ရန်ပုံငွေဆိုရာမှာ အစိုးရတွေရဲ့ရန်ပုံငွေရှိသလို Private Foundations ဆိုတာလည်းရှိတယ်။ တဦးချင်းစီရဲ့ ပါဝင်ထည့်ဝင်မှု တွေလည်းရှိပါတယ်။ ဒါကတော့ ယာယီဖြေရှင်းချက်ဖြစ်ပါတယ်။ သို့သော်လည်း တဦးချင်းစီရဲ့ ပါဝင်ပြီး တော့ ကုသရေးစရိတ်ကို ထည့်ဝင်နိုင်သလောက်ပါဝင်မှုကတော့ တစုံတရာအားဖြစ်စေပါတယ်။ ပိုပြီးတော့ လည်း အကူအညီမျိုးလိုအပ်ပါတယ်။ အဓိကရန်ပုံငွေစနစ်ခိုင်မာဖို့ဆိုတာမှာတော့ ကျန်းမာရေးရန်ပုံငွေ တခုထဲနဲ့မပတ်သက်တဲ့ပဲနဲ့ သူတို့ရဲ့အလုပ်အကိုင်အခွင့်အရေး သူတို့ရဲ့ တရားမျှတမှုနဲ့ အုပ်ချုပ်ရေးစနစ်တွေ အားလုံးအားကောင်းဖို့လိုတာကြောင့် တိုင်းရင်းသားအဖွဲ့အစည်းတွေအနေနဲ့တော့ လက်ရှိမှာ ဖက်ဒရယ် ကျန်းမာရေးစနစ်တည်ဆောက်မှုမှာလိုအပ်တဲ့အရင်းအမြစ်စုဆောင်းမှုတွေ၊ မူဝါဒတွေကောင်းမွန်အောင် ဖြစ်စေ၊ မျှတတဲ့အားလုံးအတွက်အရည်အသွေးရှိတဲ့ကျန်းမာရေးဝန်ဆောင်မှုရရှိဖို့အတွက်ကို နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများ၊ နည်းပညာဆိုင်ရာအဖွဲ့အစည်းများနဲ့လည်း ဒါကိုတည်ဆောက်ဖို့ကြိုးစားနေပါ တယ်။

ကမ္ဘာ့သက်တမ်းအရှည်ဆုံးပြည်တွင်းစစ်ဖြစ်ပွားတဲ့နိုင်ငံဖြစ်တဲ့ မြန်မာရဲ့ ကျန်းမာရေးကဏ္ဍဟာ အရေးပေါ်အခြေအနေတစ်ခုကိုဆိုက်ရောက်နေပါပြီ။

မယ်တော်ဆေးခန်းအပါအဝင် အရပ်ဖက်အဖွဲ့အစည်း ၆ ခုထက်မနည်းပူးပေါင်းကောက်ယူထားတဲ့ ၂၀၂၄ ခုနှစ်ထုတ် တိုင်းရင်းသားဒေသကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာစစ်တမ်းအရဆိုရင်လည်း အရပ်ဖက် ဦးဆောင်တဲ့ကျန်းမာရေးစနစ်ကိုပိုပြီးပံ့ပိုးကူညီသင့်ပြီလို့ ထောက်ပြထားပါတယ်။