ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်အာဏာသိမ်းရက် ၁၀၀၀ - စစ်မြေပြင်က အသက်ကယ်ဆေး
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်မှာ စစ်အာဏာသိမ်းတာ ရက် ၁၀၀၀ ပြည့်ပါပြီ။
ရက် ၁၀၀၀ ကာလအတွင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး အကြမ်းမဖက် ဆန္ဒဖော်ထုတ်ပွဲတွေကနေ ဆင့်ကဲပြောင်းလဲလာတဲ့ လက်နက်ကိုင်ခုခံတော်လှန်ရေးလှုပ်ရှားမှုတွေဟာ ဒီကနေ့ အချိန်အထိ ဒေသအများစုမှာ ဆက်လက်အားကောင်းနေဆဲပါ။
အထူးသဖြင့် ကယားပြည်နယ်လို့ အများသိကြတဲ့ ကရင်နီက မြို့နယ်အများစုဟာ စစ်အာဏာသိမ်းရက် ၁၀၀၀ အတွင်း စစ်တလင်းဖြစ်ခဲ့ရသလို စစ်ရှောင်အရေအတွက်ကလည်း ၂၇၀,၀၀၀ အထိ မြင့်တက်နေပါတယ်။
ဒီလို စစ်မြေပြင်မှာ ရှင်သန်နေရတဲ့ အရပ်သားပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့ ဖွင့်လှစ်ထားတဲ့ ဆေးခန်း၊ ဆေးရုံတွေ တိုက်ခိုက်ခံရတာကလည်း ကရင်နီပြည်နယ်မှာ ရင်းနှီးနေတဲ့ဖြစ်ရပ်တခုသဖွယ်ဖြစ်လာခဲ့ပါတယ်။
အဲဒီထဲ လက်နက်ကြီးဒဏ်ရော လေကြောင်းတိုက်ခိုက်မှုတွေပါ အလီလီကြုံတွေ့ခဲ့ရတဲ့ “နွေဦးကျန်းမာ” ဆေးရုံကတော့ ကရင်နီစစ်မြေပြင်မှာ ကြံ့ကြံ့ခံရပ်တည်နေဆဲပါ။
စစ်ရေးပစ်မှတ်ဖြစ်လာတဲ့ နွေဦးကျန်းမာဆေးရုံ
၂၀၂၁ ခုနှစ် နှောင်းပိုင်း ကရင်နီပြည်နယ်မှာ စစ်မီးစတင်တောက်လောင်လာချိန် ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့၊ လက်နက်ကိုင်ခုခံတော်လှန်နေတဲ့ ဒဏ်ရာရပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေကို ကုသမှုပေးဖို့က “နွေဦးကျန်းမာ” ဆေးရုံပေါ်ပေါက်လာဖို့ တွန်းအားတွေ ဖြစ်ပါတယ်။
အကြမ်းမဖက်အာဏာဖီဆန်ရေး CDM ပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးတက္ကသိုလ်ကျောင်းသား အများစု ဦးဆောင်ကြပြီး ရွေ့လျားကုသမှု - မိုဘိုင်းလ်ပုံစံလှည့်လည်ကျန်းမာရေး စောင့်ရှောက်ပေးတာကနေ တနိုင်တပိုင်ဆေးကုခန်း၊ အဲဒီကတဆင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလဆန်းမှာတော့ “နွေဦးကျန်းမာ” ဆေးရုံအဖြစ် ကရင်နီမြေမှာ ပေါ်ပေါက်လာခဲ့ပါတယ်။
“ခွဲစိတ်ခန်းဖွင့်ဖို့ရှိတယ်၊ ဆရာဝန်တွေ လိုအပ်နေတယ်တဲ့။ ဒါပေမဲ့ တာဝန်ထမ်းရမယ့်နေရာက စစ်ပွဲဖြစ်တဲ့နေရာ အချိန်မရွေးသေနိုင်တယ်။”
စစ်မြေပြင်အလယ်က ဆေးရုံမှာ မေ့ဆေးဆရာဝန်တာဝန် ထမ်းဆောင်ခဲ့တဲ့ မနိုနို (အမည်လွှဲ) က သူ့ရဲ့ ရွေးချယ်မှုအကြောင်း ဘီဘီစီကို ပြောပြပါတယ်။
CDM ပါဝင်တာ တစ်နှစ်ပြည့်တဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ မနိုနို ကရင်နီမြေကို စတင်ရောက်ရှိခဲ့ပြီး အရေးပေါ် အသက်ကယ်တင်တဲ့ကုသမှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ကြပါတယ်။
“နွေဦးကျန်းမာ” ဆေးရုံရဲ့ ခွဲစိတ်ခန်းထဲကို ရောက်ရှိလာတဲ့ လူနာအများစုဟာ မိုင်းထိ၊ လက်နက်ကြီးထိမှန်ထားတဲ့ သွေးသံတရဲရဲ လူနာတွေပါ။
“ဆေးရုံစဖွင့်ခါစ ခွဲခန်းတောင်မဖွင့်ရသေးခင် ရောက်လာတဲ့ လူနာက တိုက်ပွဲမှာ မိုင်းထိလာတဲ့ ရဲဘော်။ ခွဲခန်းလည်ပတ်နေတဲ့ ဆေးရုံတွေဆီ လွှဲပေးဖို့ကလည်း တိုက်ပွဲနေရာတွေ ဖြတ်ရမှာ၊ သေဆုံးနိုင်ခြေရှိတာနဲ့ ရအောင် ခွဲစိတ်ပေးခဲ့ရတယ်” လို့ ပထမဆုံးခွဲစိတ်လူနာအကြောင်း မနိုနို က ပြန်ပြောပြပါတယ်။
ကုန်စည်စီးဆင်းမှုတွေ ဖြတ်တောက်ခံထားရတဲ့ဒေသ၊ နေ့စဉ်တိုက်ပွဲရှိနေတဲ့ ကရင်နီမြေပြင်မှာတည်ရှိနေတဲ့ ဒီဆေးရုံရဲ့ ခွဲစိတ်ခန်းထဲမှာ အသက်ကယ်တင်နိုင်ဖို့ လိုအပ်တဲ့ဆေးဝါး၊ စက်ကိရိယာငယ်တွေ ရှိနေပေမဲ့ ပုံမှန်လည်ပတ်နေတဲ့ ခွဲစိတ်ခန်းတွေနဲ့တော့ ကွာဟချက် အများကြီးရှိနေတယ်လို့ သူ့အတွေ့အကြုံအရ ပြောပါတယ်။
ဒီလို အခက်အခဲတွေကြားက လည်ပတ်ခဲ့တာ ငါးလအကြာမှာတော့ စစ်ကောင်စီရဲ့ လက်နက်ကြီးတွေဟာ ဆေးရုံ ရဲ့ အနီးတဝိုက်ကို ဆိုက်ရောက်လာခဲ့ပါတယ်။
“ပထမဆုံးလက်နက်ကြီးကျတာ ၂၀၂၂ ခုနှစ်မေလမှာပဲ။ စစချင်းတစ်လုံးကျပြီး တစ်ပတ်ဆေးရုံပိတ်လိုက်တယ်။ ပြန်ဖွင့်လို့ နှစ်ရက်လောက်ပဲ ကြာသေးတယ်၊ နောက်တခါ လက်နက်ကြီး ညဘက်ကျတယ်၊ ခြောက်လုံးဆက်တိုက် ပစ်တာ” လို့ မေ့ဆေးဆရာဝန် မနိုနိုက ဆိုပါတယ်။
အဲဒီညမှာတော့ ဆေးရုံအနီး နေအိမ်က လသားကလေးတစ်ဦးရဲ့ ဖခင် နှလုံးသွေးကြောမကို လက်နက်ကြီးစထိပြီး သေဆုံးခဲ့ရပါတယ်။ အရပ်သားသေဆုံးမှုတွေပါရှိလာတာကြောင့် ၂၀၂၂ ခုနှစ် မေလ မှာ နေရာသစ်ကို ပြောင်းရွှေ့ခဲ့ပေမဲ့ နေရာသစ်မှာပါ အလားတူကြုံတွေ့ရပြီး အောက်တိုဘာလမှာ ဒုတိယအကြိမ် ထပ်ပြီးပြောင်းရွှေ့ ခဲ့ရပါတယ်။
“အခုပြောလိုက်လို့သာ လွယ်ပေမဲ့ ဆေးရုံ setting (နေရာချထားမှု) တစ်ခုလုံး ၊ ဆေးအဖွဲ့နေရေးစားရေးပစ္စည်းတွေ၊ ဆေးရုံအသုံးအဆောင်ပစ္စည်းတွေကို ရွှေ့ဖို့ အတွက်က လုံးဝအစကနေ ပြန်စဖို့ကြိုးစားရတာလေ” လို့ ဆေးရုံနေရာ အကြိမ်ကြိမ်ပြောင်းရွှေ့ရတဲ့ အတွေ့အကြုံကိုမြင်သာအောင် မနိုနိုကပြောပြပါတယ်။
ဝေဟင်ပေါ်ကဝဲပျံလာနိုင်မယ့် စစ်ကောင်စီရဲ့ လက်နက်ကြီးရန်တွေကြောင့်စိုးရိမ်စိတ်တွေနဲ့ ရှင်သန်ကြရပေမဲ့ကုသပေးခဲ့လို့ ပြန်လည်ကျန်းမာလာတဲ့လူနာတွေကြောင့် “နွေဦးကျန်းမာ” အဖွဲ့သားတွေအတွက်စိတ်ခွန်အားဖြစ်စေတယ်လို့ သူက ပြောပါတယ်။
“မှတ်မှတ်ရရအနေနဲ့က မိုင်းထိထားပြီး ခြေထောက်နှစ်ဖက်လုံးဖြတ်လိုက်ရပေမဲ့ သူ့ရဲ့ဝေဒနာတွေကို အပြုံးမပျက်ရင်ဆိုင်နေတဲ့ ရဲဘော်တစ်ဦးပေါ့” လို့ ခွဲစိတ်ခန်းထဲမှာ အကြိမ်ကြိမ်ခွဲစိတ်၊ အနာသန့်ရှင်းဆေးထည့်ပေးခဲ့ရတဲ့ လူနာတစ်ဦးအကြောင်း မနိုနိုက ဘီဘီစီကို ပြန်ပြောပြပါတယ်။
“လက်နက်ကြီးကျလာတဲ့နေ့ကဆို သူကကုတင်ပေါ်မှာ မထနိုင်ဘူး၊ ကျွန်မတို့က ခြေလက်အကောင်းတွေလေဗုံးခိုကျင်းထဲပြေးနိုင်သေးတယ်။ ဒီလိုအချိန်လည်းသူတောင့်ခံနိုင်တယ်”
အသက်အန္တရာယ်ချောက်ကမ်းပါးကနေ ပြန်လည်ရှင်သန်လာခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးဆီကနေ စိတ်ဓာတ်သန်မာမှုတွေ ပြန်လည်အတုယူခဲ့ရကြောင်း မနိုနိုက သူ့ခံစားချက်ကို ပြောပြခဲ့ပါတယ်။
“သူ့အနာတွေဆေးထည့်ချိန်လည်း အရမ်းနာမှာ ဒါပေမဲ့ မျက်နှာလေးမဲ့ရုံပဲ အော်ဟစ်မနေခဲ့ဘူး။ သူ့ရဲ့ မျက်နှာနဲ့ မျက်လုံးကနေ တည်ကြည်တဲ့စိတ်ခွန်အားကို မြင်ရတယ်။ လေးစားသဘောကျခဲ့ရတာပေါ့”
စစ်ရဲ့အကျိုးဆက် နာကြဉ်းဝမ်းနည်းဖွယ်ရာတွေကြားက လူသားဆန်မှု နွေးထွေးတဲ့မေတ္တာတွေရှိနေတယ်လို့ ဆိုပါတယ်။
အခုလို အပြန်အလှန်နွေးထွေးမှုတွေနဲ့ တည်ဆောက်ထားတဲ့ “နွေဦးကျန်းမာ”ဆေးရုံကိုဒီမောဆိုမြို့နယ်တနေရာဆီပြောင်းရွှေ့ပြီးနောက်မှာတော့ စစ်ကောင်စီ ရဲ့ လေယာဉ်ပထမဆုံးအကြိမ်အဖြစ်ရောက်ရှိလာခဲ့ပါတယ်။
အခု ၂၀၂၃ ခုနှစ်၊ မေလ ၂၀ ရက်နေ့ မနက် ၆ နာရီ မိနစ် ၂၀ မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့ပါတယ်။
“စစ်ဘက်ဆိုင်ရာ တိုက်ခိုက်ရေးအုပ်စုတွေကို ချေမှုန်းချင်လို့ဆိုပေမဲ့ အကုန်လုံးကို ပစ်မှတ်ထားတယ်။ ကျန်းမာရေးနဲ့ ပတ်သက်လို့ တိုက်ခိုက်တယ်၊ ဒါကလည်း ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေကို ကျန်းမာရေးစောင့်ရှောက်မှုမရရှိအောင် တိုက်ခိုက်တဲ့ သူတို့ရဲ့ နည်းနာတမျိုး ဖြစ်တယ်။”
“ဒါပေမဲ့ ဆေးဘက်ဆိုင်ရာကုသမှုခံယူနေတဲ့ အရပ်သားပြည်သူတွေအများကြီးရှိတယ်။ အရပ်သားနေရာကို ပစ်မှတ်ထားတာလေ” လို့ လေကြောင်းတိုက်ခိုက်ခံရချိန် မြေပြင်မှာရှိနေခဲ့တဲ့ မခင်စန္ဒာညွန့်က ပြောပါတယ်။
စစ်အာဏာမသိမ်းခင်က ယဉ်ကျေးမှုနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာလေ့လာတဲ့သုတေသီတစ်ဦးဖြစ်ခဲ့တဲ့ သူဟာ စစ်အာဏာသိမ်းမှုကြောင့်မွေးရပ်မြေမဟုတ်တဲ့ ကရင်နီပြည်နယ်ကိုတိမ်းရှောင်လာခဲ့တာ ၂ နှစ်ရှိပါပြီ။
မိနစ်ပိုင်းအတွင်းမှာတင် လေယာဉ်နဲ့ ခြောက်ကြိမ်တိတိ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံလူနာဆောင် နှစ်ဆောင် ပျက်စီးခဲ့တယ်လို့ အဲဒီနေ့ဖြစ်စဉ်ကို မှတ်တမ်းရယူခဲ့တဲ့ မခင်စန္ဒာညွန့်က ဘီဘီစီကို ပြောပြပါတယ်။
ဒါကြောင့် သုံးကြိမ်မြောက်အဖြစ် “နွေဦးကျန်းမာ” ဆေးရုံကို ထပ်မံနေရာရွှေ့ပြောင်းခဲ့ကြရပါတယ်။
စစ်ပွဲအလယ်က ဆေးရုံနဲ့ ယမ်းငွေ့ကြားက ဓာတ်ပုံမှတ်တမ်း
စစ်ရေးပြင်းထန်တဲ့ ကရင်နီမြေပြင်မှာ ဆေးကုသပေးနေတာကြောင့် သိုသိုသိပ်သိပ်လှုပ်ရှားခဲ့ကြပေမဲ့ အခုလို တိုက်ခိုက်မှုတွေဆက်တိုက်ကြုံလာရတဲ့အခါမှာတော့ “နွေဦးကျန်းမာ” ဆေးရုံအကြောင်း ကျယ်ကျယ်လောင်လောင် ထုတ်ပြောလာကြပါတယ်။
အခုလအစမှာပဲ ယမ်းငွေ့ကြားက ဆေးရုံအကြောင်းရိုက်ကူးထားတဲ့ ဓာတ်ပုံမှတ်တမ်းကို မခင်စန္ဒာညွန့်က ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့မှာ ထုတ်ဖော်ပြခဲ့ပါတယ်။
“အခုမှတ်တမ်းပုံတွေက နွေဦးကျန်းမာဆေးရုံမှ မဟုတ်ပါဘူး၊ ကရင်နီစစ်မြေပြင်ကြား ကျန်းမာရေးဝန်ဆောင်မှုပေး နေသူတွေရဲ့ အခက်အခဲတွေအကြောင်းပါ ကိုယ်စားပြုပြောပြပေးနိုင်မှာပါ” လို့ မခင်စန္ဒာညွန့်က ဘီဘီစီကို ပြောပြပါတယ်။
သူဟာ နွေဦးကျန်းမာဆေးရုံ အဖြစ် မစတင်ခင် ၂၀၂၁ ခုနှစ်နှောင်းပိုင်း အစပျိုးချိန်ကတည်းက အဖွဲ့သားတွေနဲ့ အတူရှိနေကာ မှတ်တမ်းတင်ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။
ဒါအပြင် နိုင်ငံတကာလေ့လာရေးအဖွဲ့တွေကလည်း စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းက တိုက်ပွဲတွေကြားမှာ ကျန်းမာရေးဆိုင်ရာ ဆေးရုံ၊ ဆေးခန်းတွေဟာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးပစ်မှတ်ဖြစ်လာနေပြီး ဒါတွေကို အမြန်ဆုံအရေးယူဆောင်ရွက်ပေးဖို့ အခုနှစ်လယ်ပိုင်းမှာပဲ ထောက်ပြလာကြပါတယ်။
ဒီလို လက်နက်ကြီးတွေ လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ရင်ဆိုင်နေရပေမဲ့ “နွေဦးကျန်းမာ” ဆေးရုံအပါအဝင် ကရင်နီစစ်မြေပြင်က ကျန်းမာရေးစောင့်ရှောက်တဲ့ဆေးရုံ၊ ဆေးခန်းတွေဟာ ဆက်လက်ရပ်တည်ဖို့ ကြိုးစားနေမယ့် အကြောင်း မြေပြင်မှာရှိနေသူတွေက အခိုင်အမာ ပြောပါတယ်။
“အကုန်လုံးက တိုက်ပွဲကြားမှာ ကြံ့ကြံ့ခံပြီး ကြိုးစားနေကြတယ်၊ ကျွန်မကလည်း ကရင်နီစစ်မြေပြင်မှာဖြစ်နေတဲ့ အဖြစ်အပျက်တွေကို ဓာတ်ပုံမှတ်တမ်းဆက်ယူနေဦးမယ်” လို့ မြေပြင်မှာရှိနေတဲ့ မခင်စန္ဒာညွန့်က ပြောပါတယ်။
တဖက်မှာလည်း ဆေးရုံလည်ပတ်နိုင်ဖို့ ဆေးဝါး၊ စားဝတ်နေရေး၊ ငွေကြေး စတဲ့လိုအပ်တွေ ဖြည့်ဆည်းဖို့အတွက် စိန်ခေါ်မှုတွေရှိနေသလိုစစ်ကောင်စီရဲ့ လက်နက်ကြီး၊ လေကြောင်းရန်တွေကိုပါ သတိထားပြီး “နွေဦးကျန်းမာ” ဆေးရုံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု၊ ကယ်ဆယ်မှုတွေကို ဆက်လက်လုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။