ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၂၀၂၁ မြန်မာစစ်အာဏာသိမ်း - တိမ်းရှောင်နေရတဲ့ CDM ဆရာဝန်တွေနဲ့ စစ်ကောင်စီအောက်က ကျန်းမာရေးစနစ်
အာဏာသိမ်း စစ်ကောင်စီပိုင် မီဒီယာတွေကနေ CDM ဆရာဝန် အယောက် ၂၀ လောက်ကို အမည်တွေ၊ ရာထူးတွေနဲ့ တကွ ပုဒ်မ ၅၀၅ (က) နဲ့ ဝရမ်းထုတ်ပြန်ထားကို ကြေညာလိုက်တဲ့နောက် တချို့ကို ဆက်သွယ် ကြည့်တဲ့အခါ သူတို့ တိမ်းရှောင်နေကြပြီ၊ ဒါမှမဟုတ် အဆက်အသွယ်တွေကို တမင်ဖြတ် ထားလိုက်ပြီ ဆိုတာကို သိလိုက် ရပါတယ်။
မဆက်သွယ်နိုင်ခဲ့တဲ့ ကျန်သူအားလုံးလည်း အလားတူ အခြေအနေကို ကြုံနေကြရပြီလို့ ယုံကြည်ရပါတယ်။
နေ့မှာဖြစ်ဖြစ်၊ ညမှာဖြစ်ဖြစ်၊ လမ်းပေါ်ကနေဖြစ်ဖြစ်၊ အိမ်ထဲကနေဖြစ်ဖြစ် စစ်ကောင်စီ တပ်ဖွဲ့တွေက လာဖမ်းခေါ်သွားပြီး နောက်နေ့မှာ အလောင်းလာယူလို့ သူတို့ကနေ သက်ဆိုင်ရာ မိသားစုကို ပြောတဲ့အဖြစ်တွေနဲ့ ဒီကာလဆိုးမှာ ဖမ်းဆီးမယ်ဆိုတဲ့ ခြိမ်းခြောက်မှုက သိပ်ကို ထိတ်လန့်စရာပါ။
CDM လုပ်နေတဲ့ ဆရာဝန်တွေ ဖမ်းဆီးခံရတဲ့ သတင်းတွေ၊ ဝရမ်းထုတ် ထားတယ်ဆိုတဲ့ သတင်းတွေ အရင်ကတည်းက ထွက်ခဲ့ပေမယ့် အခုလို ဆရာဝန် အများအပြားကို ဝရမ်းထုတ်ကြောင်း တစ်စုတည်းကြေညာတာကတော့ ဧပြီ ၁၃ ရက်မှာ ပထမဆုံး စကြေညာခဲ့တာပါ။
ကြေညာခံရတဲ့ ဆရာဝန်တွေကလည်း ပါမောက္ခ ဆရာဝန်တွေ၊ အထူးကု ဆရာဝန်တွေ၊ ဆေးရုံအုပ်တွေ စသဖြင့် ရာထူးမြင့်မြင့်မားမားနဲ့ ဆရာဝန်ကြီးအဆင့်တွေပါ။
CDM လုပ်နေတဲ့ အထူးကုဆရာဝန်တစ်ယောက်က ဒီလိုကြေညာချက်ဟာ "ကြောက်သွား အောင်ခြိမ်းခြောက်တာ၊ CDM မလုပ်အောင်လုပ်တာ" လို့ ဘီဘီစီကို ပြောပါတယ်။
CDM ဆရာဝန်တွေအပေါ် ဖိအားတွေက ဘယ်လောက်ရှိလဲ
ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ကောင်စီက အာဏာသိမ်းလိုက်ပြီး ရက်ပိုင်းအတွင်းမှာပဲ ဒီအာဏာသိမ်းတာကို လက်မခံတဲ့ အစိုးရဝန်ထမ်းတွေ သာမက ပုဂ္ဂလိက ကဏ္ဍက ဝန်ထမ်းတွေပါ လူထုအာခံမှု CDM လှုပ်ရှားမှုကို စတင်ခဲ့ကြတာပါ။
ဒီ CDM လှုပ်ရှားမှုမှာ ဆရာဝန်တွေ၊ သူနာပြုတွေ၊ အခြားကျန်းမာရေး ပညာရှင်တွေ၊ ဆေးရုံဝန်ထမ်းတွေရဲ့ ပါဝင်မှုကြောင့် မြန်မာနိုင်ငံ တလွှားကဆေးရုံတွေမှာ ဆေးရုံလုပ်ငန်း အသေအချာ လုပ်ကိုင်နိုင်လောက်တဲ့ ဆေးရုံက မရှိသလောက်အထိ ဖြစ်နေပါတယ်။
စစ်ကောင်စီက အစပိုင်းမှာ ဆေးတပ်ဖွဲ့က စစ်ဗိုလ်ဆရာဝန်တွေနဲ့ အစားထိုးပြီး ဆေးရုံတွေကို လုပ်ငန်းလည်ပတ်မယ်၊ လူထုအနေနဲ့လည်း စစ်ဆေးရုံတွေမှာ လာရောက်ကုသနိုင်တယ်လို့ ဆိုပေမယ့် လက်တွေ့မှာ အလုပ်မဖြစ်ခဲ့ပါဘူး။
CDM မှာပါဝင်နေတဲ့ အထူးကုဆရာဝန်က ရှေ့မှာတော့ "သူတို့ (စစ်ကောင်စီ) က အရေးယူလာတာတွေ၊ ဖမ်းတာတွေ၊ အိမ်တွေအထိ လိုက်ဖမ်း တာတွေ ဖြစ်လာလိမ့်မယ်"လို့ တွက်ဆထားပါတယ်။
"အများစုကတော့ အလုပ်ပြန်ဝင်ကြမယ် မထင်ဘူး"လို့လည်း သူက ပြောပါတယ်။
ပစ်ခတ်မှုတွေကြောင့် လူပေါင်း ၁၂ ယောက် သေဆုံးခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့က ဒေသခံတစ်ယောက်က "မြို့မှာ၊ မြို့ဆေးရုံက ဆရာဝန် အများစုက CDM၊ တိုက်နယ်ဆေးရုံ ၃ ရုံက ဆရာဝန်တွေကလည်း CDM အများစု လုပ်ကြတယ်၊ ရှောင်တဲ့သူက ရှောင်နေကြတယ်၊ ဒီမှာ အခုထိ ဘယ်ဆေးရုံမှ ဖွင့်မနေဘူး" လို့ ဆိုပါတယ်။
CDM ဆရာဝန်တွေက ဆေးရုံပိတ်ထားချိန်မှာ "ပရဟိတအဖွဲ့တွေနဲ့ ပေါင်းပြီး အလှူရှင်တွေ ရှာကြတယ်၊ စေတနာ့ဝန်ထမ်း ဆေးခန်းတွေဖွင့်ပြီး လူနာတွေကို အခမဲ့ကြည့်ပေးကြတယ်၊ ဒါပေမယ့် ပရဟိတအဖွဲ့ ခေါင်းဆောင်ကို ၅၀၅ (က) ဆိုပြီး ဝရမ်းကပ်တာ ခံရတယ်"လို့ ဒေသခံက ဆက်ပြောပြပါတယ်။
ဧပြီလ ၇ ရက်နေ့က ပစ်ခတ်မှုဖြစ်ပြီး ဒဏ်ရာရလူနာတွေကို လက်ခံကုသပေးနေတဲ့ ပင်စောက် ဘုန်းကြီး ကျောင်းဝင်းထဲက ဆေးခန်းဆိုရင် "ပစ်ခတ်မှုဖြစ်ပြီး နောက်တစ်နေ့မှာ စစ်ကောင်စီ တပ်ဖွဲ့တွေက ဝင်စီးတယ်၊ ဆရာဝန်တွေ၊ လူနာတွေတော့ ကြိုရှောင်နိုင်လို့ လွတ်သွားခဲ့တယ်" လို့လည်း သူက ပြောပါတယ်။
သူတို့အနေနဲ့ စေတနာနဲ့ အခမဲ့ကုသပေးတဲ့ ဆေးခန်းတွေမှာ ကုသပေးရင် အဲဒီဆေးခန်းကို နှောင့်ယှက်တာ၊ ဖမ်းဆီးတာတွေရှိနေတယ်လို့ CDM ဆရာဝန်တွေက ပြောသလို၊ သူတို့ အပြင်ဆေးခန်းထိုင်မယ်ဆိုရင်လည်း ဆေးခန်းပိုင်ရှင်ကို လိုင်စင်ပိတ်မယ်ဆိုတဲ့ ညွှန်ကြား ထားချက်တွေ စစ်ကောင်စီက ထုတ်ထားပြီးဖြစ်တယ်လို့ ပြောကြပါတယ်။
CDM ဆရာဝန်တွေ ဘာဆက်လုပ်ကြမှာလဲ
လူနာတွေရဲ့ ဝေဒနာကို ပျောက်ကင်းအောင်ကုသပေးဖို့၊ လူနာတွေရဲ့ အသက်ကို ကယ်တင်ဖို့ဆိုတဲ့ သူတို့အလုပ်တာဝန်နဲ့ စိတ်စေတနာက တဖက်မှာရှိနေပြီး၊ သူတို့ မလိုလားတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်က ဆေးရုံတွေမှာ အလုပ်လုပ်ရမှာကို မလိုလားတဲ့စိတ်က တဖက်မှာ ရှိနေပါတယ်။
ဒါ့အပြင် လူနာတွေကို သူတို့ ကုသပေးနိုင်တဲ့ နေရာတွေသာမက၊ ကုသပေးခွင့် ပိတ်ပင်ခံရတာကိုပါ CDM ဆရာဝန်တွေ ကြုံနေကြရပါပြီ။
"အခုက တို့တွေ လူနာကို ကုသပေးဖို့၊ တို့ကိုယ်တိုင်နဲ့ လူနာကိုယ်တိုင် လုံခြုံမယ့်နေရာက လိုအပ်လာနေပြီ" လို့ အထူးကု ဆရာဝန်က ပြောပါတယ်။
လောလောဆယ်မှာတော့ GP လို့ခေါ်တဲ့ အစိုးရ ဝန်ထမ်းမဟုတ်တဲ့ ပြင်ပအထွေထွေရောဂါကု ဆရာဝန်တွေရဲ့ ဆေးခန်းတွေ၊ ပုဂ္ဂလိကဆေးရုံတွေကိုပဲ ပြည်သူတွေက သူတို့ကျန်းမာရေး အတွက် အားကိုးနေရပါတယ်။
တန့်ဆည်မြို့ခံက "သားဖွားရာမှာ လိုအပ်တဲ့ ခွဲစိတ်မှုတွေ၊ နောက် တစ်ခြားခွဲစိတ်ကုသမှု လိုအပ်တဲ့သူတွေ အတွက်ကတော့ အခုလိုအခြေအနေမှာ အတော်ခက်နေတယ်" လို့ ပြောပါတယ်။
ကမ္ဘာနိုင်ငံတွေကို စီကြည့်လိုက်ရင် ကျန်းမာရေးစောင့်ရှောက်မှုစနစ် အောက်အကျဆုံး နိုင်ငံတွေထဲ မြန်မာနိုင်ငံက ပါဝင်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအစိုးရ ပထမသက်တမ်းအတွင်းမှာ ကျန်းမာရေးကဏ္ဍပိုင်း တိုးတက်မှုတစ်ချို့တွေ့လာရတယ်လို့ ဆရာဝန်အများအပြားက ယုံကြည်ကြသလို၊ ကိုရိုနာဗိုင်းရပ်စ် ကာကွယ် တိုက်ဖျက်ရေးမှာလည်း ပြည်သူအများက အားကိုး ယုံကြည်နိုင်တဲ့အထိ ကျန်းမာရေး စနစ်က စောင့်ရှောက်ပေးနိုင်ခဲ့ပါတယ်။
CDM ဆရာဝန်တွေအကြား စစ်ကောင်စီအာဏာသိမ်းမှုက ၂၀၂၀ ရွေးကောက်ပွဲမှာ သူတို့ထည့်လိုက်တဲ့ မဲကို လုယူလိုက်တာလို့ ခံစားကြရသလို၊ သူတို့မျှော်မှန်းထားတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် တိုးတက်ကောင်းမွန်လာမယ့် အခြေအနေကိုပါ ရိုက်ချိုးသလို ခံစားရတယ်လို့ ပြောနေကြတာပါ။
ရှေ့ကို CDM ဆရာဝန်တွေအနေနဲ့ ဘယ်လို ရပ်တည်လုပ်ကိုင်သွားကြမလဲ။
သူတို့အနေနဲ့ကတော့ သူတို့ရွေးချယ်တင်မြှောက်ထားတဲ့သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မီတီ (CRPH)ရဲ့ အစိုးရက ညွှန်ကြားတာကို စောင့်နေတယ်လို့ အထူးကု ဆရာဝန်က ဆိုပါတယ်။
"ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ဒီလကုန်လောက်ဆိုရင် CDM ကို ပြန်သုံးသပ် မယ်လို့လည်း ပြောထားတယ်၊ အဲဒါကို တို့စောင့်နေကြတာပဲ။"