ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်အသုံးစရိတ် အမြင့်ဆုံးရောက်ရှိ
လက်ရှိဘတ်ဂျတ်နှစ်မှာ စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းဟာ ကျပ်ဘီလီယံ တစ်သောင်းသုံးထောင်ကျော် ပဲရမယ်လို့ မျှော်မှန်းထားပေမယ့် အသုံးစရိတ်ကိုတော့ ကျပ်ဘီလီယံ နှစ်သောင်းနီးပါးအထိ သုံးဖို့လျာထားပါတယ်။
ဘတ်ဂျတ်လိုငွေ ကျပ်ဘီလီယံ ၇၀၀၀ နီးပါးပြနေတဲ့ ကြားကပဲ ကာကွယ်ရေးအသုံးစရိတ်ကို ကျပ်ဘီလီယံ ၅၆၀၀ ကျော်အထိ သုံးစွဲဖို့ စစ်ကောင်စီက ခွင့်ပြုပေးလိုက်ပါတယ်။
ဒီပမာဏ ဟာ မနှစ်က ကာကွယ်ရေးအသုံးစရိတ်ထက် ကျပ်ဘီလီယံ ၂၀၀၀ နီးပါး တိုးမြှင့်ချပေးခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း အများဆုံးစံချိန်တင်တဲ့ ကာကွယ်ရေးအသုံးစရိတ်လည်းဖြစ်လာပါတယ်။
အာဏာသိမ်းပြီးချိန်ကစလို့ ပြည်တွင်းမှာ စစ်မျက်နှာပြင်တွေ ပိုများလာနေသလို ပြည်ပကဝယ်ယူထားတဲ့ တိုက်လေယာဥ်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေအတွက် ငွေပေးချေရမှုတွေကြောင့် စစ်ရေးအသုံးစရိတ်က တက်လာနေတယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်နေကြပါတယ်။
တစ်ရိပ်ရိပ်တက်နေတဲ့စစ်အသုံးစရိတ်
ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်း ဦးသိန်းစိန်အစိုးရ၊NLD အစိုးရ နဲ့ အာဏာသိမ်းစစ်ကောင်စီ ၃ ဆက်ပြောင်းခဲ့ပေမယ့် ကာကွယ်ရေးအသုံးစရိတ်က တစ်နှစ်ထက်တစ်နှစ် ပိုတိုးလာတာတွေ့ရပါတယ်။
ဦးသိန်းစိန်အစိုးရနဲ့ NLD အစိုးရလက်ထက်မှာ လွှတ်တော်တွေရှိလို့ ကာကွယ်ရေးအသုံးစရိတ်ကို စိစစ်ဖြတ်တောက်တာတွေရှိခဲ့ပေမယ့် စစ်ကောင်စီလက်ထက်မှာတော့ လွှတ်တော်တွေမရှိတော့လို့ ကာကွယ်ရေးဘတ်ဂျတ်ကို စိစစ်ဖြတ်တောက်မှုပိုင်းမှာအားနည်းသွားပါတယ်။
၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်က ကာကွယ်ရေးအသုံးစရိတ်ဟာ ကျပ်ဘီလီယံ ၂၀၀၀ ကျော်သာ ရှိခဲ့ပြီး
၂၀၁၈-၂၀၁၉ ဘတ်ဂျတ်မှာ ကျပ်ဘီလီယံ ၃၀၀၀ ကျော်ကို ပထမဆုံးရောက်ရှိခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီကရေးဆွဲတဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာတော့ ကျပ်ဘီလီယံ ၃၇၀၀ ကျော်အထိ ရောက်ရှိခဲ့တာဖြစ်ပြီး ဒီနှစ်ဘတ်ဂျတ်အတွက်တော့ ကျပ်ဘီလီယံ ၅၆၀၀ ကျော်အထိ စံချိန်တင်ရောက်ရှိလာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လေးနှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ်ထက်ပိုသုံးတဲ့ ဝန်ကြီးဋ္ဌာနဟာ နိုင်ငံ့ဝန်ထမ်းတွေကို လစာပေးချေရတဲ့ ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနတစ်ခု ပဲ ရှိနေခဲ့တာပါ။
လက်ရှိဘတ်ဂျတ်နှစ်မှာတော့ ကာကွယ်ရေးအသုံးစရိတ်ဟာ ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနရဲ့ အသုံးစရိတ်ထက် ကျပ် ဘီလီယံ ၁၃၀၀ ကျော်ပိုသုံးထားပါတယ်။
စစ်ဗိုလ်ချုပ်တွေနှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ကာကွယ်ရေးအသုံးစရိတ်ကို နှစ်စဥ်အများဆုံးသုံးစွဲခဲ့ပေမယ့် ၂၀၂၁ အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း PDF တွေနဲ့ဖြစ်တဲ့တိုက်ပွဲတွေက စစ်အသုံးစရိတ်ပိုများလာရခြင်းရဲ့ အကြောင်းအရင်းတစ်ခုလို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
‘’လေကြောင်းတိုက်ခိုက်မှုတွေပဲ စစ်တပ်က အဓိကအားထားနေတော့ လေယာဥ်ဆီဖိုးတွေကလည်း အဓိကကုန်ကျစရိတ်ဖြစ်မယ်’’ လို့ အကဲခတ်တစ်ဦးကပြောပါတယ်။
ဒါပေမဲ့ စစ်တပ်ကအငြိမ်းစားအရာရှိတွေဖွဲ့စည်းထားတဲ့ သေနင်္ဂအင်စတီကျုကတော့ ကာကွယ်ရေးအသုံးစရိတ်ကို ပြည်တွင်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေထက် ပြည်ပရန်ကာကွယ်ရေးအတွက် ပိုသုံးစွဲနေတယ်လို့ သုံးသပ်ပါတယ်။
‘’အခုက တိုက်ပွဲတွေအတွက်သာမကဘဲ နည်းပညာပိုင်းမှာပါ ကာကွယ်ရေးအသုံးစရိတ်ကို အရင်ကထက်ပိုသုံးလာတာတွေ့ရတယ်’’ လို့ သေနင်္ဂအင်စတီကျုက အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ်ဟာ ဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဥ်ရင် အောက်ဆုံးနားမှာရှိနေသေးပြီး နိုင်ငံအတွက်တကယ်လိုအပ်သလောက်သာ သုံးစွဲမယ်ဆိုရင် လက်ရှိကာကွယ်ရေးအသုံးစရိတ်ထက် သုံးဆ လောက် ပိုသုံးရလိမ့်မယ်လို့ ဦးသိန်းထွန်းဦးက ပြောပါတယ်။
လွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်တဲ့ ဦးဖေသန်းကတော့ လက်ရှိမြန်မာနိုင်ငံဟာ ပြည်ပခြိမ်းခြောက်မှုအန္တရာယ်ကြုံနေရတာမတွေ့ရဘဲ ပြည်တွင်းစစ်နဲ့ပဲ လုံးပန်းနေရတယ်လို့ ပြောပါတယ်။
‘’စစ်စရိတ်များလေလေ တိုင်းပြည်ဆင်းရဲလေလေ၊ စည်းလုံးညီညွတ်မှုပြိုကွဲလေလေပဲ’’ လို့ သူကပြောပါတယ်။
ရုရှားကဝယ်ထားတဲ့ Su-30 တိုက်လေယာဥ်တွေနဲ့ ရေငုပ်သင်္ဘောနှစ်စီးအတွက်ထိန်းသိမ်းစရိတ်တွေကလည်း ကာကွယ်ရေးဘတ်ဂျတ် ပိုမိုကုန်ကျလာတဲ့အကြောင်းအရင်းတွေဖြစ်တယ်လို့ စစ်ရေးအကဲခတ်တွေကပြောပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ ပြည်တွင်းမှာ စစ်လက်နက်ထုတ်လုပ်မှုတွေလည်း ရှိနေပြီး တပ်မတော်နေ့နဲ့ တပ်တော်ဝင်အခမ်းအနားတွေမှာ ပြည်ပကဝယ်ယူထားတဲ့ လက်နက်တွေနဲ့အတူ ပြသလေ့ရှိပါတယ်။
အငြိမ်းစားတပ်မတော်အရာရှိတစ်ဦးကတော့ ကာကွယ်ရေးအသုံးစရိတ်ဟာ ဘတ်ဂျတ်မှာခွင့်ပြုထားတာထက် မြေပြင်မှာ အမြဲပိုမိုအသုံးပြုရလေ့ရှိပြီး တခြားဝန်ကြီးဋ္ဌာနတွေရဲ့ငွေစာရင်းအောက်ကနေ ကာကွယ်ရေးအသုံးစရိတ်အတွက် ကျခံပေးနေရတာတွေရှိတယ်လို့ ပြောပါတယ်။
‘’ဥပမာ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံတွေအတွက် လမ်းနဲ့ လျှပ်စစ်မီး လို အခြေခံအဆောက်အအုံတွေကို တခြားဝန်ကြီးဋ္ဌာနတွေက လုပ်ပေးရတာမျိုးပေါ့’’လို့ သူကပြောပါတယ်။
ဒါ့အပြင် နောက်ထပ်ဘဏ္ဍာငွေခွဲဝေပေးရေးဥပဒေအရ စစ်တပ်ဟာ ကာကွယ်ရေးဘတ်ဂျတ်ကို လိုအပ်ရင်ထပ်တိုးတောင်းခံခွင့်ရှိနေသေးတာဖြစ်ပြီး မနှစ်က ဒီဇင်ဘာမှာ ကာကွယ်ရေးအသုံးစရိတ် ကျပ်ဘီလီယံ သုံးရာကျော်ထပ်ချပေးခဲ့ပါတယ်။
ပညာရေးနဲ့ ကျန်းမာရေးအသုံးစရိတ်
ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ပညာရေးအသုံးစရိတ်ဟာ ကျပ်ဘီလီယံ ၂ ထောင် အထက်မှာပဲ ရှိခဲ့ပါတယ်။
လက်ရှိဘတ်ဂျတ်နှစ်အတွက်လည်း ပညာရေးအသုံးစရိတ်ကို ကျပ် ဘီလီယံ ၂၁၀၀ ကျော် သုံးဖို့ စစ်ကောင်စီက ခွင့်ပြုထားပါတယ်။
ကျန်းမာရေးအသုံးစရိတ်ကတော့ ဒီနှစ်အတွက် ကျပ် ဘီလီယံ ၈၆၁ ကျော် သုံးစွဲဖို့ ခွင့်ပြုထားပါတယ်။
ကိုဗစ်ကပ်ရောဂါကာလတွေမှာ ကျန်းမာရေးအသုံးစရိတ်ကို ကျပ်ဘီလီယံ ၁၀၀၀ ကျော်အထိသုံးစွဲခဲ့ပေမယ့် အခုတော့ ကျပ်ဘီလီယံ ၁၀၀၀ အောက်ကို ရောက်ရှိသွားတာဖြစ်ပါတယ်။
စစ်ကောင်စီလက်ထက်မှာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေအမြောက်အများ ချီးမြှင့်ခဲ့ပြီး ပင်စင်လစာငွေ၊ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ဆုငွေတွေ နဲ့ တစ်လုံးတည်းပင်စင်ငွေတွေအတွက် စုစုပေါင်း ကျပ် ဘီလီယံ ၉၅၀ အထိ သုံးစွဲဖို့ ခွင့်ပြုထားလို့ ကျန်းမာရေးအသုံးစရိတ်ထက် များပြားနေတာပါ။
လျှပ်စစ်အတွက် ဘယ်လောက်သုံးမလဲ
လျှပ်စစ်မီးတွေ နာရီနဲ့ချီ ပြတ်တောက်ပြီး အလှည့်ကျစနစ်နဲ့ ဓာတ်အားပေးနေရတဲ့အခြေအနေမှာ လျှပ်စစ်ကဏ္ဍအတွက် အသုံးစရိတ်က ကျပ် ဘီလီယံထောင်ကျော် ရှိနေပါတယ်။
လျှပ်စစ်စွမ်းအား ဝန်ကြီးဋ္ဌာနအောက်က နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေအတွက် ကျပ်ဘီလီယံ ၄၀၀၀ ကျော် သုံးစွဲမှာလည်းဖြစ်ပါတယ်။
လျှပ်စစ်စွမ်းအား ဝန်ကြီးဋ္ဌာနအောက်က နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေဟာ ပြီးခဲ့တဲ့ နှစ်ကထက် ဝင်ငွေရောသုံးငွေပါ ဘီလီယံ ထောင်ဂဏန်းထိ လျှော့နည်းသွားတာတွေ့ရပါတယ်။
မနှစ်က ကျပ်ဘီလီယံ ၆၀၀၀ ကျော် ဝင်ပြီး ကျပ်ဘီလီယံ ၇၀၀၀ ကျော် သုံးစွဲခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဒီဘတ်ဂျတ်နှစ်မှာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းကနေ ကျပ်ဘီလီယံ ၁၀၀၀ ကျော် နဲ့ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းကနေ ကျပ်ဘီလီယံ ၅၀၀ ကျော် သုံးစွဲမှာဖြစ်ပါတယ်။
လျှပ်စစ်စွမ်းအားဝန်ကြီးဋ္ဌာနအတွက်တော့ ကျပ်ဘီလီယံ ၆၈၀ ကျော်သုံးဖို့ ခွင့်ပြုထားပါတယ်။
အာဏာမသိမ်းခင်က နောက်ဆုံးဘတ်ဂျတ်နှစ်ထက် လျှပ်စစ်ကရတဲ့ဝင်ငွေလျှော့နည်းခဲ့သလို သုံးငွေတွေလည်းလျှော့နည်းလာတာတွေ့ရပါတယ်။
အခွန်အကောက်ကအဓိကငွေဝင်နေ
စစ်ကောင်စီဟာ မနှစ်က ကျပ်ဘီလီယံ တစ်သောင်းတစ်ထောင်ကျော် ဝင်ငွေရခဲ့ပြီး အခွန်အကောက်ကနေ အများဆုံးစီးဝင်ခဲ့တာဖြစ်ပါတယ်။
လက်ရှိဘတ်ဂျတ်နှစ်မှာလည်း ရငွေကို ကျပ်ဘီလီယံ တစ်သောင်းသုံးထောင်ကျော်အထိ မှန်းထားပြီး မနှစ်ကထက် ငွေပိုဝင်ဖို့လျာထားတာဖြစ်ပါတယ်။
NLD အစိုးရရဲ့ နောက်ဆုံးဘတ်ဂျတ်နှစ်မှာ ရငွေက ကျပ်ဘီလီယံ တစ်သောင်းခွဲနီးပါး ရခဲ့တာဖြစ်လို့ စစ်ကောင်စီရဲ့ဝင်ငွေက NLD ကိုမမီသေးပေမယ့် ကျပ်ဘီလီယံထောင်ဂဏန်းလောက်ပဲလျော့နေသေးတာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက် ဘတ်ဂျတ်လိုငွေပြခဲ့ပြီး NLD ရဲ့နောက်ဆုံးဘတ်ဂျတ်ရော မနှစ်က စစ်ကောင်စီဘတ်ဂျတ်မှာပါ ကျပ်ဘီလီယံ ၆၀၀၀ ဝန်းကျင် ဘတ်ဂျတ်လိုငွေပြခဲ့တာပါ။
ဒါပေမဲ့ စစ်ကောင်စီရေးဆွဲထားတဲ့ လက်ရှိဘတ်ဂျတ်မှာတော့ ဘတ်ဂျတ်လိုငွေက ကျပ်ဘီလီယံ ၇၀၀၀ ဝန်းကျင်အထိ လိုငွေပြနေတာဖြစ်ပါတယ်။