စစ်ကောင်စီက ဘယ်သူတွေကို သူရဘွဲ့ပေးခဲ့သလဲ

စစ်ကောင်စီက ဒီနှစ်ထဲက တိုက်ပွဲတွေမှာ အသက်ပေးတိုက်ခဲ့သူတွေကို ''သူရ'' ဘွဲ့ပေးခဲ့ပြီး ခြောက်ယောက်အထိ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့လက တိုက်ပွဲတွေအတွင်း သေဆုံးခဲ့သူတွေအပါအဝင် ခုခံတိုက်ခိုက်ခဲ့သူ အယောက်တစ်ရာကျော်ကို စစ်ကောင်စီက စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ ၊တံဆိပ်တွေ ဒီဇင်ဘာ ၇ ရက်က ပေးခဲ့ပါတယ်။

ဗိုလ်မှူးကြီးကနေ ပြည်သူ့စစ်အဖွဲ့ဝင်အထိ စုစုပေါင်း (၁၄၇) ဦးကို ဂုဏ်ထူးဆောင်တံဆိပ်တွေ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအထဲမှာ သူရဘွဲ့ရသူ လေးဦး ပါဝင်ပြီး နှစ်ဦးက ရှမ်းပြည်နယ် နဲ့ မွန်ပြည်နယ်ထဲက တိုက်ပွဲတွေမှာ ကျဆုံးခဲ့သူတွေ ဖြစ်ပါတယ်။

စစ်ကောင်စီက သူရဘွဲ့ပေးအပ်ခဲ့တဲ့ ဗိုလ်မှူးကြီး အောင်ဇေယျာဝင်းဟာ မူဆယ်မြို့နယ်၊ ကျင်စန်းကျော့ဂိတ်အနီးက လုံထန်တိုက်ပွဲမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ကိုးကန့်တပ် MNDAA နဲ့ အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ်တို့ အပြင်းအထန်တိုက်ပွဲဖြစ်တဲ့ မုံးကိုးမြို့၊ ပန်လုံဗျူဟာကုန်း တိုက်ပွဲမှာ တပ်ရင်းမှူးဗိုလ်မှူးကြီး အောင်ဇေယျာဝင်း ရှိနေခဲ့ပါတယ်။

ပန်လုံဗျူဟာကုန်း တိုက်ပွဲမှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ အမှတ်(၉၉)ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် အောင်ကျော်လွင် သေဆုံးသွားတဲ့အတွက် ဒီတိုက်ပွဲကို လူသိများပါတယ်။

ဗိုလ်မှူးကြီး အောင်ဇေယျာဝင်းဟာ ဗိုလ်မှူးချုပ် အောင်ကျော်လွင် ရဲ့ အလောင်းကို ပြန်သယ်လာသူလို့ စစ်တပ်အသိုင်းအဝိုင်းက ပြောကြပါတယ်။

စစ်တက္ကသိုလ်အပတ်စဉ် (၄၅) ဆင်း ဗိုလ်မှူးကြီး အောင်ဇေယျာဝင်းဟာ စစ်မှုထမ်းမျိုးရိုးဖြစ်ပြီး သူ့ဖခင်က စစ်တက္ကသိုလ်အပတ်စဉ် (၁၄) ဆင်း ဖြစ်ပါတယ်။

စစ်ကောင်စီက သူရဘွဲ့ပေးခဲ့သူ နောက်တစ်ဦးကတော့ ဗိုလ်မှူးကြီး မျိုးကိုကိုဝင်း ဖြစ်ပြီး နိုဝင်ဘာလကုန်ပိုင်းမှာဖြစ်ခဲ့တဲ့ မွန်ပြည်နယ်၊ ကျိုက်မရော ချောင်းနှစ်ခွစခန်းတိုက်ပွဲမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒရုန်း တပ်ဖွဲ့ တစ်ခုဖြစ်တဲ့ Cloud Wings အဖွဲ့ က နိုဝင်ဘာ ၂၆ ရက် မနက်ပိုင်းမှာ ချောင်းနှစ်ခွစခန်းကို ဒရုန်း ဗုံး လေးလုံး ကြဲခဲ့ပြီး ဗိုလ်မှူးကြီး မျိုးကိုကိုဝင်း ထိမှန် သေဆုံးခဲ့တယ် လို့ ထုတ်ပြန်ထားပါတယ်။

တပ်တွင်းအရင်းအမြစ်တွေကတော့ ဗိုလ်မှူးကြီး မျိုးကိုကိုဝင်း ဟာ ဒဏ်ရာရခဲ့ပြီး ရက်ပိုင်းအကြာမှ သေဆုံးခဲ့တာ လို့ ဘီဘီစီကို ပြောပါတယ်။

ဗိုလ်မှူးကြီး မျိုးကိုကိုဝင်းဟာ အာဏာသိမ်းအစောပိုင်းကာလက နေပြည်တော်မှာ တာဝန်ကျပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လုံခြုံရေးလမ်းကြောင်းတွေကို တာဝန်ယူပေးခဲ့ရသူ ဖြစ်ပါတယ်။

ဒုတိယ ဗိုလ်မှူးကြီး စိုင်းကမ္ဘာစိုး နဲ့ ဒုတိယ ဗိုလ်မှူးကြီး သူရိန် တို့ကိုလည်း စစ်ကောင်စီက သူရဘွဲ့ပေးခဲ့ပါတယ်။

ဒီ ဒုတိယ ဗိုလ်မှူးကြီး နှစ်ဦးအကြောင်းကိုတော့ မူဆယ် နဲ့ ကျိုက်မရောမှာ သေဆုံးတဲ့ ဗိုလ်မှူးကြီး နှစ်ဦးလို အသေးစိတ်မသိရပါဘူး။

ဘီဘီစီရဲ့ စုံစမ်းမှုအရ ၂၀၂၃ ခုနှစ်ထဲမှာပဲ စစ်ကောင်စီက သူရဘွဲ့ ပေးသူ ၆ ဦး ရှိလာတာ ဖြစ်ပါတယ်။

ဒီ လေးဦး ကို မပေးခင် ဇူလိုင်လ တုန်းကလည်း လေတပ်က ဗိုလ်မှူး သော်ဇင် နဲ့ တပ်ကြပ်ကြီး ဝင်းမြင့်သူ ကိုလည်း သူရဘွဲ့ပေးထားပါတယ်။

ဗိုလ်မှူး သော်ဇင် ဟာ ကယား (ကရင်နီ) ပြည်နယ် ထဲမှာ ဇွန်လ ၃၀ က ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF – ကလလတ) က ပစ်ချခဲ့တဲ့ K-8 လေယာဉ်မှူး ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီက သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် (၃၅) ဦး ပေးခဲ့ပြီး ဒုတိယဗိုလ်မှူးကြီး ၄ ဦး နဲ့ ဗိုလ်မှူးအယောက် ၂၀ အထိ ပါဝင်ပါတယ်။

အဲဒီထဲမှာ ကျဆုံးသူ တွေလည်း ရှိတယ်လို့ တပ်နဲ့ နီးစပ်သူတွေကပြောပြီး အသေးစိတ်ကိုတော့ မသိရပါဘူး။

ရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်တွေလည်း ပေးခဲ့ပြီး ရဲ အယောက် ၆၀ ကိုပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီအထဲ ပဲခူးတိုင်း၊ မုန်းဒေသ က တပ်မိသားစုဝင်အမျိုးသမီး ၁၄ ဦးကို ရဲဗလ တံဆိပ် ပေးခဲ့တယ် လို့ တပ်တွင်းအရင်းအမြစ်တစ်ခုက ဘီဘီစီကို ပြောပါတယ်။

ဒီဇင်ဘာပထမပတ်က ပဲခူးတိုင်း၊ မုန်းမြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့လို့ တိုက်ပွဲပြင်းထန်ခဲ့တာလည်း ဖြစ်ပါတယ်။

ရှမ်းပြည်နယ်က ပြည်သူ့စစ်တွေကိုလည်း ရဲဗလတံဆိပ်ပေးခဲ့ပြီး ကိုးကန့်တိုက်ပွဲတွေမှာ သေဆုံးခဲ့တဲ့ ပြည်သူ့စစ်တွေလည်း ပါဝင်ပါတယ်။

ရဲတွေနဲ့အတူ အကျဉ်းဦးစီးဌာနက ဝန်ထမ်း ၁၂ ယောက်အထိကို ရဲဗလတံဆိပ်ပေးခဲ့ပါတယ်။

အဲဒီထဲမှာ ကယား (ကရင်နီ) ပြည်နယ် က လွိုင်ကော်အကျဉ်းထောင် ဝန်ထမ်းတွေက အများစုဖြစ်ပါတယ်။

‘’လွိုင်ကော်ထောင်ထဲမှာ အကျဉ်းကျနေတဲ့ စစ်သားတချို့ကို လက်နက်ပေးပြီး ပြန်တိုက်ခိုင်းခဲ့တယ်။ ဒါကြောင့် လွိုင်ကော်ထောင် မကျတာ’’ လို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

လွိုင်ကော်မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး လွိုင်ကော်အကျဉ်းထောင်က ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရပါတယ်။

စစ်ကောင်စီက ဂုဏ်ထူးဆောင်တံဆိပ်တွေ ပေးအပ်ခဲ့တဲ့ ၁၄၇ ဦးထဲမှာ သေဆုံးသူတွေ ပါဝင်ခဲ့ပေမဲ့ အတိအကျကိုတော့ စစ်ကောင်စီဘက်က ထုတ်မပြောခဲ့ပါဘူး။

စစ်ရေးအကဲခတ်တွေကတော့ အခုပေးတဲ့ စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ ၊တံဆိပ်တွေ က အရင်ကနဲ့ ကွာခြားမှုတွေ ရှိပြီး တပ်စခန်းနဲ့ နယ်မြေတွေဆုံးရှုံးသွားတဲ့အခြေအနေမှာ ပေးတာလို့ သုံးသပ်ကြပါတယ်။

သေပြီးမှ ဆုတွေ လိုက်ပေးတာထက် စခန်းတွေမကျအောင် တပ်ကူလွှတ်တာတွေ နဲ့ ကွပ်ကဲမှုပေးဖို့က ပိုအရေးကြီးတယ်လို့ စစ်မှုထမ်းဟောင်းတစ်ဦးက ပြောပါတယ်။

‘’ခုက ချွေးသိပ်သလို ဖြစ်နေတယ်’’ လို့ သူကပြောပါတယ်။

ဒီပုံအတိုင်းဆက်သွားနေရင် တိုက်ပွဲမှာသေဆုံးတဲ့ စစ်သည်တွေကို မှတ်တမ်းတင်ထားတဲ့ နေပြည်တော်သူရဲကောင်းဗိမာန်မှာ အမည်စာရင်းတွေ ထပ်တိုးလာဖို့ပဲ ရှိတယ်လို့ သူကဆက်ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တချို့ကတော့ ဒီဆုပေးတဲ့ လူစာရင်းမှာ သူတို့လက်ချက်ကြောင့် သေဆုံးတဲ့လူတွေပါတဲ့အကြောင်း ထုတ်ဖော်ပြောဆိုမှုတွေ ရှိကြပါတယ်။

တစ်ဖက်မှာလည်း ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် နိုဝင်ဘာလအထိ ဘီဘီစီကစုစည်းထားတဲ့ အချက်အလက်တွေအရ ရှမ်းမြောက်ဘက် အပါအဝင် ကရင်နီ၊ ကရင်နဲ့ မွန် စတဲ့ဒေသတွေထဲမှာ လက်နက်ချတာနဲ့ လက်နက်ကိုင်တွေဘက်ကို ဘက်ပြောင်းခိုလှုံကြတဲ့ စစ်သားနဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၃၀၀ ကျော်အထိရှိထားပါတယ်။