စစ်အုပ်ချုပ်ရေးအမိန့်ကြောင့် ဖရိုဖရဲဖြစ်ခဲ့တဲ့ တောင်ကိုရီးယားကို ရွေးကောက်ပွဲသစ်နဲ့ကုစားနိုင်မလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဂျင်း မက်ကန်ဇီ
- ရာထူးတာဝန်, ဆိုးလ်သတင်းထောက်
တောင်ကိုရီးယား ရွေးကောက်ပွဲရဲ့ မဲဆွယ်ပွဲတွေအတွင်း ထူးခြားချက်ကတော့ အတိုက်အခံ ကိုယ်စားလှယ်လောင်း အီဂျေမြောင်က ကျည်ကာအင်္ကျီ ၀တ်ပြီး မဲဆွယ်စည်းရုံးနေတဲ့ပုံရိပ်ဖြစ်ပါတယ်။
သိပ်မကြာသေးခင်က လုပ်ခဲ့တဲ့ လူထုစုဝေးပွဲမှာဆိုရင် သူဟာ အနီးကပ် ကိုယ်ရံတော်အရာရှိတွေရဲ့လုံခြုံရေးကို ယူပြီး မိန့်ခွန်းပြောမယ့်စင်မြင့်ပေါ် ကို တက်ရောက်ခဲ့ပါတယ်။ အဲဒီကိုယ်ရံတော်တွေရဲ့ လက်ထဲမှာလည်း အချိန်မရွေးရောက်လာနိုင်တဲ့ ကျည်နဲ့ အခြားသောပေါက်ကွဲစေတဲ့ပစ္စည်းတွေကို ကာကွယ်နိုင်ရေးပြင်ဆင်ထားတဲ့ ပစ္စည်းတွေပါတဲ့ လက်စွဲအိတ်တွေကို ကိုင်ဆောင်ထားပါတယ်။
အဲဒီနောက်မှာတော့ အီဂျေမြောင်က ကျည်ကာမှန်တွေနဲ့ အကာအကွယ်ပေးထားတဲ့ စင်မြင့်ပေါ်မှာ လူထုကိုမိန့်ခွန်းပြောပါတယ်။ သူ့မိန့်ခွန်းပြောတဲ့ စင်မြင့်ရဲ့ အပေါ်ဘက်မှာလည်း အထူးလုံခြုံရေးအဖွဲ့တွေက နေရာယူထားပြီး အကာအကွယ်ပေးထားပါတယ်။
တကယ်တော့ ဒီပုံစံဟာ တောင်ကိုရီးယားရဲ့ နိုင်ငံရေးမှာ မြင်ရိုးမြင်ကျတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း တောင်ကိုရီးယားကြုံခဲ့ရတဲ့ နိုင်ငံရေးဖရိုဖရဲအခင်းအကျင်းကလည်း သူကိုယ်တိုင်မကြုံတွေ့ခဲ့ဖူးတဲ့ အခြေအနေမျိုးပါ။
စစ်အာဏာသိမ်းမှုတစ်ခုအဖြစ် စည်းဝါးရိုက်လုပ်ဆောင်ဖို့ သမ္မတယွန်းဆွတ်ယို ကြိုးစားခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာက စစ်အုပ်ချုပ်ရေးအမိန့်ရဲ့ ကသောင်းကနင်းဖြစ်မှုကနေ ပြန်လည်နလန်ထူနိုင်ဖို့ တောင်ကိုရီးယား ကြိုးစားနေရဆဲပါ။
နိုင်ငံရေးသမားတွေနဲ့ ပြည်သူလူထုရဲ့ ခုခံမှုတွေကြောင့် သမ္မတ ယွန်းဆွတ်ယိုရဲ့ လုပ်ဆောင်မှု မအောင်မြင်ခဲ့ပါဘူး။ နောက်ပိုင်းမှာ သူ့ကို စွပ်စွဲပြစ်တင်ခဲ့သလို လျှပ်တပြက်ရွေးကောက်ပွဲကနေ သူ့နေရာကိုဆက်ခံမယ့်သူကို ရွေးချယ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ယွန်းရဲ့အဲဒီညက စစ်အုပ်ချုပ်ရေးကြေညာတဲ့လုပ်ရပ်ရဲ့ အရှိန်ကတော့ အတောမသတ်သေးပါဘူး။
သမ္မတမရှိတဲ့ တိုင်းပြည်မှာ အကွဲအပြဲတွေပိုများလာသလို နိုင်ငံရေးကလည်း လှိုင်းကြီးလေထန်လာပါတယ်။
အခုနှစ်အစောပိုင်းက လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေမှာဆိုရင် နိုင်ငံရေးခေါင်းဆောင်တွေကို ကွပ်မျက်ဖို့ဆိုတဲ့အထိ ကြွေးကြော်သံတွေ ညံခဲ့ပါတယ်။ ဒီမိုကရက်တစ်ပါတီက အီဂျေမြောင်ဟာ သမ္မတလောင်းအဖြစ်လုပ်မယ်လို့ ပြောတဲ့ အချိန်ကတည်းကစလို့ သတ်ဖြတ်ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကို ရရှိခဲ့ပါတယ်။ ယုတ္တိရှိရှိ အကွက်ချ လုပ်ကြံသတ်ဖြတ်ဖို့အထိ ထုတ်ဖော်ခြိမ်းခြောက်ပြောဆိုမှုတွေ ရှိခဲ့ကြတယ်လို့ အီရဲ့မဲဆွယ်အဖွဲ့က ပြောပါတယ်။
အခုရွေးကောက်ပွဲဟာ တောင်ကိုရီးယားကို ပိုမိုလုံခြုံအေးချမ်းစေတဲ့ အခင်းအကျင်းဆီကို ပြန်ပြီးခေါ်ဆောင်မယ့် အခွင့်အလမ်းတစ်ခုဖြစ်သလို ပရမ်းပတာဖြစ်ခဲ့တဲ့ နိုင်ငံရဲ့ အခြေအနေကို ကုစားဖို့ရာတစ်ခုတည်းသော ထွက်ပေါက်လည်းဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
သမ္မတယွန်းရဲ့အနိုင်ပိုင်းအာဏာသိမ်းဖို့ကြိုးစားတဲ့ဖြစ်စဥ်ကြောင့် အာဏာရပါတီဟာ အဆိုးမြင်ခံခဲ့ရပြီး အခက်အခဲတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ သမ္မတယွန်းရဲ့ ကွန်ဆာဗေးတစ်ပြည်သူ့စွမ်းအားပါတီ(PPP) ဟာ သမ္မတနဲ့ ဆက်ဆံရေးဖြတ်တောက်ရမယ့်အစား ယွန်းနဲ့ သူရဲ့ လုပ်ရပ်တွေကို ထပ်ခါတလဲလဲ ကာကွယ်ပေးမယ့် ကိုယ်စားလှယ်လောင်းကို ရွေးချယ်ခဲ့ပါတယ်။
သူက ယွန်းအစိုးရလက်ထက်က အလုပ်သမားဝန်ကြီးဖြစ်တဲ့ ကွန်ဆာဗေးတစ် PPP ပါတီက ကင်မ်မွန်ဆူးဖြစ်ပါတယ်။ သူဟာ ယွန်းရဲ့ စစ်အုပ်ချုပ်ရေးကြေညာခဲ့မှုနဲ့ ပတ်သက်လို့ လွှတ်တော်ထဲမှာကြားနာတဲ့အချိန်အတွင်း မတ်တပ်ရပ်တောင်းပြန်ဖို့ ငြင်းပယ်ခဲ့တဲ့ တစ်ဦးတည်းသော အစိုးရအဖွဲ့ဝင်ဖြစ်ပါတယ်။ ယွန်းရဲ့ လူထုထောက်ခံမှုမှာ သူအနိုင်ရရှိခဲ့ပြီးနောက် ဝမ်းနည်းပါတယ်ဆိုတဲ့စကားလုံးတစ်လုံးသာ သူ့ရဲ့ မဲဆွယ်စည်းရုံးရေးမှာပြောဆိုခဲ့ပါတယ်။
အခုရွေးကောက်ပွဲဟာ စစ်အုပ်ချုပ်ရေးကြေညာခဲ့မှုနဲ့ ပတ်သက်ပြီး လူထုရဲ့အမြင်ကောက်ခံမှု သက်သက်ဆိုတာထက် မပိုပါဘူး။ လူထုအများစုရဲ့ တခဲနက်ထောက်ခံအားပေးမှုကြောင့် စစ်အုပ်ချုပ်ရေးကြေညာတဲ့ညက ပါလီမန် တံတိုင်းပေါ်တက်ပြီး တိုက်ရိုက်ထုတ်လွှင့်ပြခဲ့သူအဖြစ် ထင်ရှားခဲ့တဲ့ အီဂျေမြောင်ရဲ့ နိုင်ငံရေးလမ်းကြောင်းကလည်း ပိုပြီး ခရီးပေါက်ခဲ့ပါတယ်။
အခုတော့ ဒီမိုကရက်တစ်ပါတီရဲ့ နိုင်ငံရေးသမား သူက အဲဒီလို စစ်အုပ်ချုပ်ရေး အမိန့် လွယ်လွယ် မလုပ်နိုင်အောင် သေချာစေမယ့် ကိုယ်စားလှယ်လောင်းလိုမျိုး သူကိုယ့်သူ ပုံဖော်ထားပါတယ်။ အနာဂတ်သမ္မတတွေအနေနဲ့ စစ်အုပ်ချုပ်ရေးကို လွယ်လွယ်ကြေညာလို့မရအောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲမယ်လို့ သူက မက်လုံးပေးပြောထားပါတယ်။
"ပုန်ကန်အင်အားစုတွေပြန်လာတာမျိုးကို ကျွန်တော်တို့ ကာကွယ်ရပါမယ်" လို့ လူထုစုဝေးပွဲအတွင်း ကျည်ကာမှန်နောက်ကနေ မဲဆန္ဒရှင်တွေကို တိုက်တွန်းဟောပြောပါတယ်။
အဲဒီကတိက နိုင်ငံရေးနယ်ပယ်တစ်ဝန်းက လူတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ " အီ ကို အရင်က မကြိုက်ခဲ့ဘူး။ ဒါပေမဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကိစ္စကတည်းက သူ့ကိုအခုယုံကြည်ခဲ့တယ် ပြီးတော့ သူ့အပေါ်မှီခိုလာတယ်" လို့ ပထမဆုံးအကြိမ်နိုင်ငံရေးနဲ့ ပတ်သက်တဲ့ပွဲမျိုးကို တက်ရောက်ခဲ့သူ အသက် ၅၉ နှစ်အရွယ် မစ္စပတ်ဆူဂျန်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC/ Hosu Lee
အသက် ၅၀ အရွယ် အခြားနိုင်ငံရေးပါတီငယ်တစ်ခုရဲ့ ပါတီဝင် အမျိုးသားတစ်ဦးကလည်း အခုရွေးကောက်ပွဲတစ်ကြိမ်မှာတော့ အီဂျေမြောင်ကို ထောက်ခံဖို့ ဆုံးဖြတ်ထားပါတယ်။
"သူက ယွန်းရဲ့ စစ်အုပ်ချုပ်ရေး အမိန့်ထုတ်သောင်းကျန်းမှုကို အဆုံးသတ်နိုင်တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ပါ။ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီကို ဖျက်ဆီးခဲ့တဲ့သူတွေကို ရပ်တန့်ဖို့ လိုပါတယ်။" လို့ သူက လပြောပါတယ်။
လတ်တလောစစ်တမ်းတွေအရ အီ ဟာ သူရဲ့ ပြိုင်ဘက် ကင်မ် ထက် ၁၀ မှတ် အသာနဲ့ ဦးဆောင်နေပေမဲ့ အမြဲတမ်း ဦးဆောင်နေရာမှာရှိနေခဲ့တာတော့ မဟုတ်ပါဘူး။ အခုအချိန်ဟာ သမ္မတရွေးကောက်ပွဲကို ဒုတိယအကြိမ် သူ ဝင်ပြိုင်တာဖြစ်ပြီး ယွန်းကို လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ရှုံးနိမ့်ခဲ့ပါတယ်။
အီဂျေမြောင်က သဘောထားကွဲလွဲမှုပြင်းထန်တဲ့ သဘောထားရှိသူတစ်ဦးဖြစ်ပြီး သူ့မှာ တရားရုံးအမှုပေါင်းများစွာအပြင် နိုင်ငံရေးမကောင်းသတင်းတွေနဲ့ ပတ်သက်နေသူဖြစ်ပါတယ်။ တကယ်တော့ သူ့ကိုမယုံကြည်သူတွေနဲ့ မနှစ်သက်သူတွေတောင် အများအပြားရှိနေပါတယ်။
ကင်မ် ကတော့ ဒါကို အသုံးချပြီး သူ့နာမည်ကို တည်ဆောက်ပါတယ်။ "တရားမျှတသော ကိုယ်စားလှယ်လောင်း" လို့ သူ့ကိုယ်သူ ပုံဖော်ညွှန်းပါတယ်။ သူ့ကို ထောက်ခံသူတွေကလည်း သူ့ရဲ့ မူဝါဒကို ကြိုက်နှစ်သက်လို့ဆိုတာထက် အီဂျေမြောင်ကို မထောက်ခံတာကြောင့်ဖြစ်ပါတယ်။
"ကင်မ်ကိုမကြိုက်ဘူး။ ဒါပေမဲ့ အခုအခါမှာတော့ တကယ့်စစ်မှန်တဲ့ရွေးစရာမရှိဘူး။ အခြား ကိုယ်စားလှယ်လောင်းတွေကလည်း ပြဿနာတွေအများကြီးနဲ့" လို့ သူ့ကို မဲပေးဖို့ပြင်ထားတဲ့ သက်ကြီးရွယ်အိုတစ်ဦးက ပြောပါတယ်။
ပုံမှန်မဟုတ်တဲ့ နိုင်ငံရေးလမ်းကြောင်းမျိုးကို ကင်မ် က ပုံဖော်ပြခဲ့ပါတယ်။ သူကျောင်းသားဘဝ တုန်းက အလုပ်သမားတွေရဲ့ အခွင့်အရေးအတွက် စည်းရုံးလှုံ့ဆော်ခဲ့ကာ အဲဒီအတွက် ညှင်းပန်း နှိပ်စက်ခံရပြီး တောင်ကိုရီးယားလက်ယာယိမ်း အာဏာရှင်လက်အောက်မှာ ၁၉၈၀ ခုနှစ်တွေ အတွင်း ထောင်ချခံရခဲ့ပေမယ့်လည်း သူကိုယ်တိုင်က လက်ယာကိုသိသိသာသာယိမ်းခဲ့သူ ဖြစ်ပါတယ်။
ပါတီရဲ့ အောက်ခြေအဆင့်ကနေ သူရွေးချယ်ခံခဲ့ရပြီး အဲဒီလိုအများစုသော သူတွေဟာ ယွန်းကိုဆက်လက် သစ္စာစောင့်သိ နေကြပါတယ်။ ပါတီဦးဆောင်သူတွေအနေနဲ့ သူဟာ ပါတီအတွက် တကယ့် အကောင်းဆုံးရွေးချယ်မှု မဟုတ်ဘူးဆိုတာကို သိခဲ့ပါတယ်။ ဒါကြောင့်လည်း နောက်ဆုံးအချိန်အထိ ယွန်းနေရာမှာ ပိုပြီးအစွန်းမရောက်သူ အတွေ့အကြုံရှိ နိုင်ငံရေးသမားနဲ့ ပြန်နေရာချဖို့ ကြိုးပမ်းခဲ့ပါတယ်။
ဒါပေမဲ့ ပြဿနာတွေက ပါတီပြိုကွဲတာနဲ့ အားနည်းတာမျိုးပဲ ကျန်ခဲ့ပါတယ်။ ပါတီတွင်းမဲပေးမှုတွေနဲ့ လူရွေးချယ်မှုတွေမှာလည်း ဂိုဏ်းဂဏကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးတော့ ကင်မ်ကိုပဲ ပါတီအတွက် ရွေးချယ်ခဲ့ရပါတယ်။
"ကျွန်တော်တို့က ပြဿနာတွေထဲကျွံဝင်နေပြီးသားပဲ " လို့ ပါတီတစ်ခုရဲ့ အတွင်းလူတစ်ဦးကပြောပါတယ်။ "တကယ့်ကို စိတ်မချမ်းမြေ့စရာပါပဲ"
"ကင်မ်ကို ရွေးတာက အခုရွေးကောက်ပွဲအတွင်း ကွန်ဆာဗေးတစ်ပါတီအတွက် အကြီးမားဆုံး အမှားကို လုပ်လိုက်တာပြီးတော့ အဲဒါကိုလည်း သူတို့သိတယ်။ သူတို့ရဲ့ဆုံးဖြတ်ချက်အတွက် တာဝန်ခံမှုကို ဆုပ်ကိုင်ထားရလိမ့်မယ်" လို့ ဆိုးလ်အခြေစိုက် သတင်းနဲ့သုတေသန ဝန်ဆောင်မှု ကိုရီးယားပရိုရဲ့ အမှုဆောင်ဒါရိုက်တာ ဂျောင်မင်း ကင်မ်ကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီဟာ အလယ်အလတ်နိုင်ငံရေး အတွေးအခေါ် ရှိသူတွေရဲ့ မဲအများအပြားသိမ်းယူနိုင်တဲ့ အခွင့်အရေးကို ရခဲ့ပါတယ်။ တကယ်ကို ကွန်ဆာဗေးတစ်ဖြစ်တဲ့ သူရဲ့ လက်ဝဲယိမ်းပါတီက ပြစ်တင်ဝေဖန်ရင် တောင်မှ သူက သူရဲ့ နိုင်ငံရေးအယူအဆကို လယ်ယာကို ယိမ်းခဲ့ပါတယ်။
သူ့ရဲ့ နိုင်ငံရေး ဂုဏ်သိက္ခာဟာ လက်ဝဲယိမ်းအဖြစ် အခိုင်အမာယုံကြည်ထားသူဖြစ်ပေမဲ့ ဆိုးလ်မြို့အပြင်ဘက် ကျူးကျော်ရပ်ကွက်မှာ ကြီးပြင်းလာပြီး ကျောင်းတက်ရမယ့်အစား စက်ရုံတွေမှာအလုပ်လုပ်ကိုင်ခဲ့တဲ့သူက အရင်ကဆိုရင် အမေရိကန်လွှတ်တော်အမတ် ဘာနေဆန်ဒါးကို ဥပမာထားပြောဆိုခဲ့သူဖြစ်ပါတယ်။
သူအရင်ထားခဲ့တဲ့ ကတိဖြစ်တဲ့ ကမ္ဘာလုံးဆိုင်ရာ အခြေခံဝင်ငွေလစာမိတ်ဆက်မှုလည်းမရှိတော့ပါဘူး။ အခုအချိန်မှာတော့ သူအနေနဲ့ တောင်ကိုရီးယားမှာ အားကောင်းတဲ့ပူးပေါင်းဆောင်ရွက်မှု ကော်ပိုရိတ် စီးပွားရေးလုပ်ငန်းဖြစ်အောင် ကြိုးစားနေပါတယ်။
သူ့အနေနဲ့တော့ ကွန်ဆာဗေးတစ်အရောင် အနီရောင်ကို သူ့ကိုယ်ပိုင်အရောင်အပြာ အမှတ်တံဆိပ်ထဲမှာ တရားဝင်ပေါင်းစည်းထားပြီး သူရဲ့ တရားဝင်မဲဆွယ်စည်းရုံးရေးလမ်းကြောင်းမှာ အနီရောင်ကိုဝတ်ဆင်ပြီး အပြာရောင်ကိုတော့ ကူညီလုပ်ဆောင်ပေးသူတွေကို ဝတ်ဆင်ကာ လုပ်ဆောင်ပါတယ်။
သူရဲ့ နိုင်ငံခြားရေးမူဝါဒကိုလည်း ပြန်လည်ပြောင်းလဲခဲ့ပါတယ်။ ထုံးစံအတိုင်း သူရဲ့ ဒီမိုကရက်တစ်ပါတီကတော့ အမေရိကန်နဲ့အတူ ကိုရီးယားရဲ့ လုံခြုံရေး၊ တရုတ်၊ မြောက်ကိုရီးယား တို့နဲ့လည်း အလေးပေးဆက်ဆံရေးကို သတိရှိစေလိုတာပါ။
ဒါပေမယ့်လည်း အီက လုံခြုံတဲ့ပတ်ဝန်းကျင်ကိုပြောင်းလဲခြင်းတစ်ခုနဲ့ လိုက်လျောညီထွေအောင်လုပ်နိုင်သူအဖြစ်နဲ့ "လက်တွေ့ကျသူ"လိုမျိုး သရုပ်ဖော်နေတာမျိုးပါ။
"ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးရဲ့ အဓိကကျောရိုးက အမေရိကန်-ကိုရီးယား မဟာမိတ်ပဲ ဖြစ်ပါတယ်။ အဲဒီဆက်ဆံရေးကို ပိုမိုနက်ရှိုင်းအောင်နဲ့အားကောင်းအောင်လုပ်သင့်တာပါ" လို့ လတ်တလော တီဗီအင်တာဗျူးတခုမှာ သူကပြောထားပါတယ်။
အဲဒီလိုပြောဆိုချက်တွေကပဲ သူ့ဆီကနေ မဲဆန္ဒရှင်တွေ ယုံကြည်ထောက်ခံမှုလျော့ပါးသွားစေပါတယ်။ သူရွေးချယ်ခံခဲ့ရရင် ဘာလုပ်မယ်ဆိုတာမျိုး မဲဆန္ဒရှင်တွေနဲ့ သံတမန်တွေကို မရေမရာ ဝေဝါးမှု ဖြစ်စေခဲ့ပါတယ်။
Korea Pro ရဲ့ လေ့လာဆန်းစစ်သူ မစ္စကင်မ် ကတော့ အီရဲ့လုပ်ရည်ကိုင်ရည်နဲ့ ပြောဆိုချက်က ထင်ထားတာထက် ပိုပြီးမှန်ကန်တယ်လို့ ယုံကြည်နေပါတယ်။ "သူက ရွေးကောက်ပွဲမှာ အထက်တန်းတက်နေပြီမို့ မဲရဖို့ ခက်ခက်ခဲခဲ ကြိုးစားနေစရာ မလိုဘူး" မစ္စကင်မ်က ဆိုပါတယ်။
"သူက ကစားပွဲကို ပိုကြာကြာကစားနေတယ်လို့ ကျွန်မထင်ပါတယ်။ လူကြိုက်များတဲ့ ခေါင်းဆောင်ဖြစ်ချင်တယ်။ နိုင်ငံတဝက်ကျော်က ယုံကြည်နိုင်တဲ့သူဖြစ်ချင်တယ်''
တောင်ကိုရီးယားရွေးကောက်ပွဲမှာ ဘယ်သူပဲနိုင်သည်ဖြစ်စေ၊ တိုင်းပြည်အတွက် ကြီးမားတဲ့စိန်ခေါ်မှုတွေကို အတူတကွရင်ဆိုင်ဖို့ ယူဆောင်လာရမှာပါ။
ဝရုန်းသုန်းကားအခြေအနေတွေဖြစ်နေတာ လနဲ့ချီကြာပြီးတဲ့နောက်မှာတော့ တောင်ကိုရီးယားဟာ နိုင်ငံရေးပြဿနာတွေအပြင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ သွင်းကုန်စည်းကြပ်မှု အပါအဝင် နိုင်ငံတွင်းမှာ ဖြေရှင်းဖို့လိုအပ််တဲ့ ပြဿနာတွေကို ဦးစားပေးဖို့ လုပ်နိုင်မှာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဆိုးဆိုးရွားရွားထိခိုက်ခဲ့တဲ့ သူတို့ရဲ့ ဒီမိုကရေစီကို ပြန်လည်ထိန်းသိမ်းနိုင်ဖို့ အတွက် အခုရွေးကောက်ပွဲကနေ မျှော်လင့်နေကြပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က မြို့တော်ဆိုးလ်က ဘေ့စ်ဘောပွဲတစ်ခု ကျင်းပခဲ့တဲ့နေရာလိုပါပဲ။ အဲဒီနေရာဟာ ကိုရီးယားနိုင်ငံရေးအသိုင်းအဝိုင်းအားလုံး အငြင်းမပွားကြဘဲ စုရုံးတဲ့နေရာလို့ပြောနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီနေရာမှာ ဘက်အသီးသီးက ညီညွတ်ကြပါတယ်။ အဲဒီလိုပါပဲ ရွေးကောက်ပွဲရဲ့ တကယ့်အရေးကြီးမှုကိုလည်း အဲဒီနေရာလိုပဲ တောင်ကိုရီးယားက သဘောပေါက်နားလည်ကြမှာပါ။
"ကျွန်တော်တို့ ဒီမိုကရေစီအရေးအတွက်အရမ်းကိုစိုးရိမ်ပါတယ်" လို့ ဒေတာအင်ဂျင်နီယာ တစ်ဦးဖြစ်တဲ့ ဒိုင်လန်က ပြောပါတယ်။ "ကျွန်တော့် မဲကလည်း အာဏာရဲ့တစ်စိတ်တပိုင်းပါပဲ"
"နောက်လာမယ့် သမ္မတအနေနဲ့ သူဘာလုပ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းနဲ့ ပွင့်လင်းစွာပြသဖို့လိုပါတယ်" လို့ အသက် ၂၀ ကျော် တောင်ကိုရီးယား အမျိုးသားတစ်ဦးကလည်း ပြောပါတယ်။ "သူ့ကိုလည်း ကျွန်တော်တို့ ဂရုတစိုက် စောင့်ကြည်ဖို့ လိုပါမယ်"
တကယ်လို့ အီဂျေမြောင်အနေနဲ့ အနိုင်ရခဲ့ပြီး အပြတ်အသတ်အနေအထားမျိုးရှိခဲ့ရင် သူ့မှာခိုင်မာတဲ့လုပ်ပိုင်ခွင့် တစ်ခုရှိလာပြီး အဲဒီဟာက လွှတ်တော်ကို ထိန်းချုပ်နိုင်သလို သုံးနှစ်အတွင်းအဓိကနိုင်ငံရေးဆိုင်ရာ ပြောင်းလဲပြင်ဆင်မှုတွေအတွက် လုပ်နိုင်ခွင့်ရပါလိမ့်မယ်။
အဲဒီဟာကတောင်ကိုရီးယားရဲ့ တည်ငြိမ်ရေးကို ပြန်လည်တည်ဆောင်ဖို့ ကောင်းတာဖြစ်နိုင်ပေမဲ့လည်း အဲဒီရဲ့ စိန်ခေါ်မှုတွေကလည်း ရှိလာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ မစ္စကင်မ်က ပြောပါတယ်။
"တကယ်လို့ အီဂျေမြောင်နိုင်ခဲ့ရင် သူမှာ အာဏာအများအပြားရှိလာလိမ့်မယ်။ (သူ့ ရှေ့က ယွန်းဖြစ်ခဲ့တာကိုကြည့်ရင်) အဲဒီ အာဏာကို သူ သတိကပ်ပြီး သုံးဖို့တော့ လိုမှာပေါ့လေ''














