မအောင်မမြင်ဖြစ်ခဲ့တဲ့ တောင်ကိုရီးယားသမ္မတဖမ်းပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
သမ္မတလုံခြုံရေးအဖွဲ့နဲ့ ၆ နာရီကြာ ထိပ်တိုက်တွေ့ခဲ့ပြီးတဲ့နောက် ရာထူးကနေ ဆိုင်းငံ့ထားတဲ့ သမ္မတ ယွန်းဆွတ်ယိုကို ဖမ်းဆီးဖို့ကြိုးပမ်းမှုက မအောင်မမြင်ဖြစ်ခဲ့ပါတယ်။
သမ္မတယွန်းဟာ ဒီဇင်ဘာလအစောပိုင်းတုန်းက စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးနောက် အာဏာကိုအလွဲသုံးစားလုပ်ပြီး ဆူပူသောင်းကျန်းအောင် လှုံ့ဆော်မှုနဲ့ စုံစမ်းစစ်ဆေးခံနေရတာဖြစ်ပါတယ်။
အတိုက်အခံပါတီဦးဆောင်တဲ့ လွှတ်တော်က သမ္မတယွန်းကို စွပ်စွဲပြစ်တင်ပြီး ရာထူးကနေ ဆိုင်းငံ့ထားခဲ့ပါတယ်။
နိုင်ငံရေးအကျပ်အတည်းကို ယာယီရွှေ့ဆိုင်းခဲ့ပေမယ့် ဒီလုပ်ရပ်က နိုင်ငံရေးအကျပ်အတည်းကို ပိုပြီးတင်းမာစေခဲ့ပါတယ်။
စစ်ဆေးမေးမြန်းဖို့ ဆင့်ခေါ်စာ ၃ စောင်ကို သမ္မတယွန်းက လျစ်လျူရှုခဲ့တဲ့နောက် ဆိုးလ်တရားရုံးက ဇန်နဝါရီပထမပတ်မှာပဲ ယွန်းကိုဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။
ဇန်နဝါရီ ၃ ရက်၊ သောကြာနေ့ မနက်အစောပိုင်းကတည်းက ဆိုးလ်မြို့လယ်က သမ္မတယွန်းရဲ့ နေအိမ်အပြင်ဘက်မှာ ရဲကား ဒါဇင်နဲ့ချီ တန်းစီနေခဲ့ပါတယ်။
တောင်ကိုရီးယားစံတော်ချိန် မနက် ၈ နာရီခန့်မှာ ရဲအရာရှိတွေနဲ့ အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေး (CIO) အဖွဲ့ဝင်တွေက သမ္မတနေအိမ်ခြံဝင်းဆီကို ချီတက်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ဆင်ရေးအဖွဲ့ကို အင်အား ၂၀ နဲ့ စတင်ခဲ့ပေမယ့် လူ ၁၅၀ ခန့်အထိ ချက်ချင်းဆိုသလို များပြားလာခဲ့ပါတယ်။
အဲဒီအဖွဲ့ရဲ့ ထက်ဝက်ခန့်ဟာ ခြံဝင်းထဲကို ဝင်နိုင်ခဲ့ပေမယ့်လည်း အာဏာဖြုတ်ချခံထားရတဲ့ သမ္မတယွန်းကို ကာကွယ်ဖို့ လုံခြုံရေးတာဝန်ယူထားဆဲဖြစ်တဲ့ အရာရှိတွေ၊ ဆိုးလ်မြို့ကို ကာကွယ်တဲ့ စစ်တပ်နဲ့ ထိပ်တိုက်တွေ့မှုတွေမှာ နာရီပေါင်းများစွာ တားဆီးပိတ်ပင်ခံခဲ့ရပါတယ်။
စစ်တပ်နဲ့ လုံခြုံရေး အရာရှိတွေဟာ လူသားတံတိုင်းတစ်ခု ဖွဲ့စည်းခဲ့သလို ကားတွေကိုသုံးပြီး ဖမ်းဆီးရေးအဖွဲ့ရဲ့ လမ်းကြောင်းကို ပိတ်ဆို့ထားခဲ့တယ်လို့ တောင်ကိုရီးယားသတင်းဌာန ယွန်ဟတ်ကနေ ဖော်ပြခဲ့ပါတယ်။
အရင်ကလည်း လုံခြုံရေးတပ်ဖွဲ့ဟာ သမ္မတအိမ်တော်နဲ့ CIO တို့ရဲ့ ထိပ်တိုက်တွေ့မှုတွေမှာ ညှိနှိုင်းပေးခဲ့တယ်လို့ ဆိုးလ်မြို့ရဲ့ ပူးတွဲစစ်ဦးစီးချုပ်နဲ့ တာဝန်ရှိသူတစ်ဦးတို့က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။
"ဖမ်းဆီးဖို့ဆိုတာ လက်တွေ့မဖြစ်နိုင်ဘူးလို့ ကျွန်တော်တို့ မှန်းထားပြီးသားပါ"လို့ သမ္မတယွန်းရဲ့ စစ်အုပ်ချုပ်ရေးထုတ်ပြန်မှုအပေါ် စုံစမ်းစစ်ဆေးနေတဲ့ CIO ရုံးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
''သမ္မတယွန်းရဲ့ တရားရေးလုပ်ငန်းစဉ်ကို ငြင်းဆိုမှုကစိတ်မကောင်းစရာပဲ"လို့ CIO က ပြောခဲ့ပြီး နောက်ထပ်လုပ်ရမယ့်အဆင့်တွေကို ပြန်လည်သုံးသပ်၊ဆုံးဖြတ်သွားမယ်လို့ ထပ်လောင်းပြောခဲ့ပါတယ်။
သမ္မတအိမ်တော်ရှေ့မှာ ရက်အတော်ကြာ စောင့်ဆိုင်းနေကြတဲ့ ယွန်းရဲ့ ထောက်ခံသူတွေက ယွန်းကို ရာထူးကနေ မဖြုတ်ချဘဲ ဆိုင်းငံ့ထားတယ်လို့ ကြေညာချိန်မှာ သီချင်း၊ အကတွေနဲ့ သီဆိုပျော်မြူးပြီး "ငါတို့အနိုင်ရတယ်" လို့ ကြွေးကြော်ခဲ့ကြပါတယ်။
သမ္မတကို ဖမ်းဆီးဖို့ကြိုးပမ်းမှုကို ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်ရတဲ့အကြောင်းက မြေပြင်မှာရှိတဲ့ အဖွဲ့တွေရဲ့ လုံခြုံရေးကို စိုးရိမ်တာကြောင့်လည်းပါတယ်လို့ CIO ကပြောပါတယ်။
စုံစမ်းစစ်ဆေးတဲ့ လုပ်ငန်းစဉ်တလျှောက် သမ္မတယွန်းရဲ့ အံတုမှုကြောင့် အခြေအနေတွေက မျှော်လင့်ထားသလောက် မတိုးတက်လာခဲ့ပါဘူး။
အစိုးရရှေ့နေဟောင်းတစ်ဦးဖြစ်တဲ့ ယွန်းဟာ သူ့ရဲ့ ခုခံကာကွယ်ခွင့်အတွက် တရားဥပဒေဆိုင်ရာ ဟာကွက်တွေကို ကောင်းကောင်းသိထားတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
လက်ရှိဖမ်းဝရမ်းသက်တမ်းမကုန်မီ ဇန်နဝါရီ ၆ ရက်အထိ စုံစမ်းစစ်ဆေးရေးမှူးတွေက သမ္မတကိုဖမ်းဆီးဖို့ ကြိုးပမ်းခွင့်ရှိပါတယ်။
ဆိုလိုတာကတော့ ယွန်းကို သီတင်းပတ်အကုန်မှာ ပြန်ဖမ်းဖို့ကြိုးပမ်းနိုင်ပေမယ့် လူစုလူဝေးတွေလည်း ဖြစ်လာနိုင်တာကြောင့် ဖမ်းပြီးခေါ်ဆောင်တဲ့နေရာမှာ စိန်ခေါ်မှုတွေလည်း ရှိနိုင်ပါတယ်။
CIO အနေနဲ့ ဖမ်းဝရမ်းအသစ်လျှောက်ထားပြီး ထပ်မံဖမ်းဆီးဖို့အတွက်လည်း ကြိုးစားလို့ရပါတယ်။ ဖမ်းဆီးတာကို မရပ်တန့်ခင် သမ္မတယွန်းရဲ့ လုံခြုံရေးအဖွဲ့ဟာ သမ္မတနေအိမ်ထဲ ဝင်ရောက်ဖို့ကြိုးပမ်းတဲ့ စုံစမ်းစစ်ဆေးသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ သတင်းအေဂျင်စီတွေကိုပြောခဲ့ပါတယ်။ သမ္မတလုံခြုံရေးဌာန အကြီးအကဲနဲ့ သူ့ရဲ့လက်ထောက်တို့ကို ရဲတပ်ဖွဲ့က ရာဇဝတ်မှုနဲ့ အမှုဖွင့်ထားပြီး စစ်ဆေးမေးမြန်းဖို့ ဆင့်ခေါ်ခဲ့တဲ့အကြောင်း ယွန်ဟတ်သတင်းဌာနဲ့ ဖော်ပြချက်အရ သိရပါတယ်။
သမ္မတယွန်းရဲ့ တရားရေးအဖွဲ့ဟာ ဒေသစံတော်ချိန် မွန်းတည့်ချိန်လောက်မှာ နေအိမ်ထဲဝင်သွားတာကိုလည်း တွေ့ရပါတယ်။
သမ္မတရဲ့ရှေ့နေ ယွန်းဂတ်ဂွန်းက အစောပိုင်းမှာ စုံစမ်းစစ်ဆေးရေး အရာရှိတွေက သမ္မတကို ဖမ်းဆီးဖို့ အခွင့်အာဏာမရှိဘူးလို့ ငြင်းဆိုပြီး ဖမ်းဝရမ်းနဲ့ ပတ်သက်ပြီးတော့လည်း တရားဥပဒေအရ အရေးယူမယ်လို့လည်း ထုတ်ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တစ်ချိန်တည်းမှာပဲ အတိုက်အခံ ဒီမိုကရက်တစ်ပါတီရဲ့ အဓိကကျတဲ့ ခေါင်းဆောင် ပတ်ချန်းဒေးက သမ္မတယွန်းဟာ ကတိကဝတ်တွေကို ဥပဒေကြောင်းနဲ့ နိုင်ငံရေးအရ တာဝန်ယူရမယ့် ကတိကို မလိုက်နာခဲ့ဘူးလို့ ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
"ဒါက လုံးဝ လိမ်ညာမှုတစ်ခုပဲ" လို့ ပတ်က စွပ်စွဲပြီး သမ္မတယွန်းကို ထပ်မံဖမ်းဆီးပေးဖို့ CIO ကို တိုက်တွန်းလိုက်ပါတယ်။
ဖွဲ့စည်းလည်ပတ်နေတာ ၄ နှစ်သာရှိသေးတဲ့ CIO အဖွဲ့ ကို သမ္မတဟောင်း ပတ်ဂွန်ဟေးနဲ့ သူ့ရဲ့ကျူးလွန်မှုတွေအပေါ် လူအများက ဒေါသတကြီးတုံ့ပြန်ခဲ့ရာကနေ ဖွဲ့စည်းဖြစ်ခဲ့တာပါ။
ပတ်ဂွန်ဟေးဟာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှာ လွှတ်တော်ကစွပ်စွဲပြစ်တင်တာခံခဲ့ရပြီး သုံးလအကြာမှာ ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။
ဒါကြောင့် CIO ရဲ့ တရားစီရင်ပိုင်ခွင့် အတိုင်းအတာက တခြားအေဂျင်စီတွေအတွက် စိန်ခေါ်ချက်ဖြစ်ခဲ့ပေမယ့် သမ္မတယွန်းကို ကိုင်တွယ်ဖို့ ပျက်ကွက်တာ ရှက်စရာကောင်းတဲ့ ဆုံးရှုံးနစ်နာမှုဖြစ်တယ်လို့ မှတ်ချက်ပြုနေကြပါတယ်။
သမ္မတယွန်းရဲ့ စစ်အုပ်ချုပ်ရေးကြေညာလိုက်တဲ့ ဒီဇင်ဘာ ၃ ရက်ကစလို့ တောင်ကိုရီးယားမှာ နိုင်ငံရေးမငြိမ်မသက်မှုတွေဖြစ်နေတာပါ။
သမ္မတကို ဒုတိယအကြိမ် စွပ်စွဲပြစ်တင်ဖို့လုပ်ခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်ကလည်း အတိုက်အခံတွေကြီးစိုးတဲ့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ချိန်အထိ နေ့နေ့ညည ဆန္ဒပြသူတွေနဲ့ တင်းမာမှုအမြင့်ဆုံးဖြစ်ခဲ့ပါတယ်။
ဇန်နဝါရီ ၃ ရက် သောကြာနေ့မှာတော့ အစိုးရရှေ့နေတွေက စစ်တပ် အကြီးအကဲ ပတ်အန်းဆု နဲ့ အထူးတပ်ဖွဲ့မှူး ကွက်ဂျွန်ဂွန်းတို့ကို စစ်အုပ်ချုပ်ရေးကြေညာချိန် ပုန်ကန်ဆူပူသောင်းကျန်းမှုနဲ့ စွဲချက်တင်ခဲ့တယ်လို့ ယွန်ဟတ်သတင်းဌာနကနေ ဖော်ပြခဲ့ပါတယ်။
အဲဒီ ၂ ဦးစလုံးဟာ အချုပ်ထောင်ထဲကနေ တရားဆက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။









