စစ်အုပ်ချုပ်ရေးအမိန့် ကြေညာတဲ့တောင်ကိုရီးယားသမ္မတ လွှတ်တော်ရဲ့စွပ်စွဲပြစ်တင်မှုကြုံ

ဒီနေ့မနက်ပိုင်းမှာ တောင်ကိုရီးယားမြို့တော် ဆိုးလ်က အမျိုးသားလွှတ်တော် ရှေ့မှာ သမ္မတ နုတ်ထွက်ရေး တောင်းဆိုဆန္ဒပြနေကြ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဒီနေ့မနက်ပိုင်းမှာ တောင်ကိုရီးယားမြို့တော် ဆိုးလ်က အမျိုးသားလွှတ်တော် ရှေ့မှာ သမ္မတ နုတ်ထွက်ရေး တောင်းဆိုဆန္ဒပြနေကြ

တောင်ကိုရီးယားမှာ ဒီဇင်ဘာ ၃ ရက်ညပိုင်းတုန်းက မာရှယ်လော(စစ်အုပ်ချုပ်ရေး) ကျင့်သုံးပြီလို့ ကြေညာခဲ့တဲ့ သမ္မတ ယွန်းဆွတ်ယို ကို ရာထူးကနေ နုတ်ထွက်ဖို့ ဒီဇင်ဘာ ၄ ရက် မနက်ပိုင်းမှာ လူထုတွေက တောင်းဆိုနေကြပါတယ်။

သမ္မတဟာ မာရှယ်လော ကျင့်သုံးပြီဆိုတဲ့အကြောင်း ညနှောင်းပိုင်းမှာ ရုတ်တရက်ကြေညာခဲ့တာဖြစ်ပါတယ်။ ‘‘မြောက်ကိုရီးယား ကွန်မြူနစ်အင်အားစုတွေ’’နဲ့ ‘‘နိုင်ငံကို ဆန့်ကျင်ပြီး ဖျက်လိုဖျက်ဆီး လုပ်နေကြတဲ့ အင်အားစုတွေ’’ ရဲ့ ရန်ကနေ နိုင်ငံကို ကာကွယ်ဖို့ဆိုပြီး သူက စစ်အုပ်ချုပ်ရေးအမိန့်ကို ကြေညာခဲ့တာပါ။

ဒါပေမဲ့ ဒီလိုကြေညာပြီး ၂ နာရီတောင်မပြည့်ခင်မှာပဲ လွှတ်တော်အမတ်တွေက သမ္မတ အမိန့်ကို ဆန့်ကျင်တဲ့အနေနဲ့ လွှတ်တော်အဆောက်အဦမှာ စု‌ဝေးပြီး အဲဒီအမိန့်ကို တားမြစ်တဲ့ မဲပေးမှုပြုလုပ်ခဲ့ပါတယ်။ လွှတ်တော်အမတ်တွေရဲ့ မဲခွဲဆုံးဖြတ်မှုကြောင့်ပဲ သမ္မတရဲ့ စစ်အုပ်ချုပ်ရေးအမိန့် ပျက်ပြယ်ခဲ့ပါတယ်။

မြန်ဆန်လွန်းတဲ့အဖြစ်အပျက်တွေ ၂၄ နာရီမပြည့်ခင် ဒီဇင်ဘာ ၄ ရက် မနက်ပိုင်းမှာတော့ သမ္မတကို စွပ်စွဲပြစ်တင်ပြီး ရာထူးကနေ ဖယ်ရှားဖို့ ဆန္ဒပြသူတွေကရော၊ လွှတ်တော်အမတ်တွေဆီကပါ တောင်းဆိုသံတွေ ညံလာပါတယ်။

အစိုးရအဖွဲ့နဲ့ ကာကွယ်ရေးဝန်ကြီး နုတ်ထွက်ဖို့ အာဏာရပါတီ တောင်းဆို

နာရီပိုင်းသာကြာခဲ့တဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကြောင့် ဆန္ဒပြတာတွေ၊ ရုန်းရင်းဆန်ခတ် အခြေအနေတွေ ဖြစ်ခဲ့တဲ့ တောင်ကိုရီးယား မြို့တော် ဆိုးလ်မှာတော့ လက်ရှိ ယွန်းဆွတ်ယိုရဲ့ အစိုးရအဖွဲ့ဝင်တွေ နုတ်ထွက်ဖို့၊ ကာကွယ်ရေးဝန်ကြီး ကင်ယွန်ဟွန်းလည်း နုတ်ထွက်ဖို့နဲ့ သမ္မတအနေနဲ့လည်း ပါတီနဲ့ လတ်တလော ခပ်ကင်းကင်းနေဖို့ လက်ရှိ အာဏာရပါတီ ပြည်သူ့ အင်အား ပါတီ (People Power Party) က တောင်းဆိုလိုက်ပါတယ်၊

ပါတီ ခေါင်းဆောင် ဟန်ဒွန်ဟွန်းကတော့ ဒီအခြေအနေ ၃ ခုစလုံးကို တစ်နာရီကြာ လုပ်ခဲ့တဲ့ အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပြီးပြီလို့လည်း ပြောပါတယ်။

အစိုးရအဖွဲ့ဝင်တွေနဲ့ ကာကွယ်ရေးဝန်ကြီးကို ဖယ်ရှားဖို့ ပါတီအဖွဲ့ဝင် အများစုက သဘောတူခဲ့ကြပေမဲ့ သမ္မတယွန်းကို ပါတီကနေ ထုတ်ပယ်ကြမလားဆိုတဲ့ကိစ္စကိုတော့ သဘောတူနိုင်ခြင်း မရှိသေးဘူးလို့ သူက ပြောပါတယ်။

ကိုရီးယားဒေသစံတော်ချိန် ဒီဇင်ဘာ ၄ ရက် မွန်းလွဲပိုင်းမှာ နောက်ထပ် အစည်းအဝေးပွဲ တစ်ခု ထပ်မံ ပြုလုပ်ဖို့ ရှိနေသေးပြီး အတိုက်အခံ အမတ်တွေဘက်က တောင်းဆိုနေတဲ့ သမ္မတကို ပြစ်တင်စွပ်စွဲရေး တောင်းဆိုချက်တွေကိုလည်း နားစွင့်ထားတယ်လို့ ပါတီဘက်က ဆိုပါတယ်။

‘‘သူတို့ မာရှယ်လော ထပ်ကြေညာလာနိုင်တယ်’’ - အတိုက်အခံ ခေါင်းဆောင်

တောင်ကိုရီးယား အတိုက်အခံ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်က သမ္မတရဲ့ စစ်အုပ်ချုပ်ရေးအမိန့် ရုတ်တရက် ကြေညာချက်ကို ရှုတ်ချ ဖို့ တောင်ကိုရီးယား ပါလီမန်လွှတ်တော် အဆောက်အဦရှေ့မှာ လူထုနဲ့ အမတ်တွေကို မိန့်ခွန်းပြော

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, တောင်ကိုရီးယား အတိုက်အခံ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်က သမ္မတရဲ့ စစ်အုပ်ချုပ်ရေးအမိန့် ရုတ်တရက် ကြေညာချက်ကို ရှုတ်ချ ဖို့ တောင်ကိုရီးယား ပါလီမန်လွှတ်တော် အဆောက်အဦရှေ့မှာ လူထုနဲ့ အမတ်တွေကို မိန့်ခွန်းပြော

တောင်ကိုရီးယား အတိုက်အခံ ခေါင်းဆောင် လီဂျေးမြောင်ကတော့ လူထုအနေနဲ့ သတိရှိရှိထားပြီး အတူတကွ ရင်ဆိုင်ကြဖို့ လူထုကို တောင်းဆိုလိုက်ပါတယ်။

‘‘(အာဏာရပါတီဟာ) အခြေအနေတွေ ထိန်းသိမ်းနိုင်ပြီး တိုးတက်လာတဲ့အခါမှာ စစ်အုပ်ချုပ်ရေးအမိန့်ကို ပြန်ပြီး ကြေညာလာနိုင်တယ်’’ လို့ သူထင်တဲ့အကြောင်းလည်း ပြောပါတယ်။

မနေ့ညပိုင်းတုန်းက ဖြစ်ခဲ့တာဟာ ‘‘လူထုကို ဆန့်ကျင်တဲ့ အာဏာသိမ်းမှု’’ လို့ သူက ပါလီမန်လွှတ်တော် အဆောက်အဦရှေ့မှာ လူထုကို မိန့်ခွန်းပြောပါတယ်။ ‘‘ကိုရီးယား လူထုဟာ ဉာဏ်နဲ့ယှဥ်ပြီး ဒီစစ်အာဏာသိမ်းမှုကို ကျော်လွှား နိုင်ခဲ့ပြီ’’ လို့လည်း လီက ပြောပါတယ်။

သမ္မတရဲ့ ထိပ်တန်းအရာရှိတွေ အစုလိုက် နုတ်ထွက်စာတင်

ဒီဇင်ဘာလ ၄ ရက် မနက်အစောပိုင်းမှာပဲ သမ္မတ ယွန်းရဲ့ ထိပ်တန်း ဝန်ထမ်းတွေဟာ သူတို့ရဲ့ ရာထူးကနေ နုတ်ထွက်ခွင့်ပေးဖို့ သမ္မတထံ နုတ်ထွက်စာ တင်လိုက်ပြီလို့ သိရပါတယ်။

သမ္မတနဲ့ အနီးဆုံးက အတွင်းဝန်တွေ ရာထူးကနေ နုတ်ထွက်စာ တင်ကြတာလို့ သမ္မတ အိမ်တော်ကကြေညာလာတာဖြစ်ပါတယ်။ အဲဒီထဲမှာ အိမ်တော်အရာရှိချုပ်၊ အမျိုးသားလုံခြုံရေးအကြံပေး ၊ အမျိုးသားမူဝါဒညွှန်ကြားရေးမှူးတို့ ပါဝင်ပြီး သူတို့ အားလုံးဟာ ဒီနေ့မနက်ပိုင်းမှာပဲ နုတ်ထွက်စာ တင်ကြတာလို့ ဆိုပါတယ်။

အဲဒီနုတ်ထွက်စာတွေကို ယွန်းက လက်ခံလိုက်ပြီဆိုတာနဲ့ စတင်အသက်ဝင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ သမ္မတအနေနဲ့ ဒါကို လက်ခံ မခံဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မြောက်ကိုရီးယား အသံတိတ်နေဆဲ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တောင်ကိုရီးယားရဲ့ ဗရုတ်ဗယက်ဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေကို မြောက်ကိုရီးယားဘက်က အသံတိတ်နေဆဲလို့ ဆိုနိုင်ပါတယ်။

မနေ့ညတုန်းက သမ္မတ ယွန်း ပြောခဲ့တဲ့ မိန့်ခွန်းဟာ မြောက်ကိုရီးယားကို ရည်ရွယ်ခဲ့တာကတော့ ရှင်းနေပါတယ်။ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုဟာ ''မြောက်ကိုရီးယား ကွန်မြူနစ် အင်အားစုတွေရဲ့ ခြိမ်းခြောက်မှုကနေ ကိုရီးယားသမ္မတနိုင်ငံကို ကာကွယ်ဖို့'' ဖြစ်တယ်လို့ ပြောခဲ့တာကြောင့် ဖြစ်ပါတယ်။

''ကျွန်တော်တို့ လူထုရဲ့ ပျော်ရွှင်မှုနဲ့ လွတ်လပ်မှုကို လုယက်ယူငင်နေတဲ့ မြောက်ကိုရီးယားယိမ်း နိုင်ငံတော်ဆန့်ကျင်အင်အားစုတွေကို ချေမှုန်းဖို့လည်း ဖြစ်ပါတယ်'' လို့ သမ္မတက သူ့ မိန့်ခွန်းထဲ ထည့်ပြောခဲ့တာပါ။

ဒီလိုမှတ်ချက်စကားမျိုးဟာ မြောက်ကိုရီးယားဘက်ခြမ်းဆီကနေ မြန်မြန်တုံ့ပြန်မှုမျိုး ရတတ်ပေမဲ့ လက်ရှိ အချိန်အထိတော့ မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာကနေ တစုံတရာ ပြောတာမျိုး ရှိမနေသေးပါဘူး။

အကဲခတ်တွေကတော့ သမ္မတ ယွန်းဟာ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို ဘာကြောင့် ပြောခဲ့လဲ ရှင်းရှင်းလင်းလင်းမရှိပေမဲ့ အများစုကတော့ တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံကြားက ရှိရင်းစွဲ တင်းမာမှုတွေအပေါ် ကောင်းတဲ့သက်ရောက်မှုတော့ ရှိမှာမဟုတ်ဘူးလို့ မှတ်ယူထားကြပါတယ်။

‘‘ကျွန်မတို့နိုင်ငံရဲ့ ဒီမိုကရေစီဟာ ကြံ့ခိုင်ပြီး ဒူပေနာပေ ခံပါတယ်’’ - နိုင်ငံခြားရေးဝန်ကြီးဟောင်း

တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဟောင်း ကန်ကျွန်းဝှါကတော့ နိုင်ငံရဲ့ ဒီမိုကရေစီဟာ ကြံ့ခိုင်ပြီး ဒူပေနာပေ ခံနိုင်တယ်ဆိုတာကို မနေ့ညတုန်းက ကသောင်းကနင်း ဖြစ်မှုတွေက သက်သေပြနေတယ်လို့ ပြောနေပါတယ်။ သမ္မတရဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကို နိုင်ငံရေးသမားတွေနဲ့ နိုင်ငံသားတွေက မြန်မြန်ဆန်ဆန် တုံ့ပြန်ခဲ့ကြတာကို သူက ရည်ညွှန်းပြောခဲ့တာဖြစ်ပါတယ်။

ပြဿနာ ဖုန်မှုန့် အနည်ကျသွားတာကိုလည်း အတော်လေး စိတ်သက်သာရာရမိတယ်လို့ သူက တင်စားပြောဆိုပါတယ်။

‘‘ပထမဆုံး ကျွန်မ တွေးမိလိုက်တာက ကျွန်မတို့ နိုင်ငံဒီလိုဖြစ်စရာအကြောင်းမရှိပါဘူးပေါ့။ ကျွန်မတို့နိုင်ငံရဲ့ ဒီမိုကရေစီဟာ ရင့်သန်လာတာကိုလည်း တွေ့နေရတာပဲလေ’’ လို့ သူက ဘီဘီစီကို ပြောပါတယ်။

‘‘မနေ့ည တစ်ညလုံးမှာ ပါလီမန်လွှတ်တော်ကလည်း သူ့ အပိုင်းကို သူလုပ်တယ်။ နိုင်ငံသားတွေကလည်း ဒီအမိန့် ပြန်ရုပ်သိမ်းဖို့ လမ်းပေါ်တက် တောင်းဆိုတယ်။ ဒါကပဲ နိုင်ငံ့ ဒီမိုကရေစီ ကြံ့ခိုင်ပြီး ဒူပေနာပေ ရှိတာကို ပြပါတယ်’’

ခန်ဟာ သမ္မတ မွန်းဂျေအင် လက်ထက်မှာ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတာဝန်ယူခဲ့သူဖြစ်ပါတယ်။

စစ်သားသေနတ်ကို ဖမ်းဆုပ်ကိုင်ခဲ့သူ တောင်ကိုရီးယား အမျိုးသမီး

ဒီဇင်ဘာလ ၃ ရက်ညပိုင်းမှာ သမ္မတယွန်းဆွတ်ယို စစ်အုပ်ချုပ်ရေး ကျင့်သုံးပြီလို့ ကြေညာတဲ့အခါ လူအများပြောစမှတ်ဖြစ်ခဲ့တဲ့ ရုပ်သံတစ်ခု လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

အဲဒါကတော့ တောင်ကိုရီးယား ပါလီမန်အဆောက်အဦထဲကို ဝင်လာတဲ့ လက်နက်ကိုင်စစ်သားတွေကို အမျိုးသမီးတစ်ဦးက သေနတ်ပြောင်းရှေ့မှာ အံတုတဲ့ တဒင်္ဂအခိုက်အတန့် ဖြစ်ပါတယ်။

''ကျွန်မ တားမှဖြစ်မယ်ဆိုပြီးတော့ပဲ လုပ်ခဲ့တာ...'' လို့ စစ်သားသေနတ်ရှေ့ ရပ်ခဲ့သူ အမျိုးသမီး အန်းဂျီယောင်းက ဘီဘီစီကို ပြောပါတယ်။

ဒီဇင်ဘာ ၃ ရက်ည ၁၁ နာရီကျော်ကျော်မှာ ပါလီမန်လွှတ်တော် အဆောက်အအုံထဲမှာရှိနေခဲ့တဲ့ အတိုက်အခံ ဒီမိုကရက်တစ်ပါတီပြောခွင့်ရသူလည်းဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ် အန်းက ခေါင်းပေါ်မှာ စစ်ရဟတ်ယာဥ်တွေ ဝဲပျံနေတဲ့အချိန် လူရှိမှန်း မသိအောင် ရုံးခန်း မီးတွေကို မှိတ်ပြီးနေခဲ့ရတဲ့ အချိန်ကိုလည်း ပြန်ပြောပါတယ်။

စစ်တပ်က ရှေ့တိုးလာတဲ့အခါမှာ သူလည်း ရှေ့ထွက်ရင်ဆိုင်ခဲ့ရပါတယ်။

''အရိုးသားဆုံး ဝန်ခံရရင် ပထမတော့ ကျွန်မလည်း ကြောက်နေခဲ့တာ ... ဒါပေမဲ့ ဒီလို ထိပ်တိုက်ဖြစ်လာတာမှာမျိုးကို မြင်နေရတော့ ငြိမ်နေလို့ မရတော့ဘူးဆိုပြီးပဲ ယတိပြတ်ဆုံးဖြတ်ခဲ့တယ်'' လို့ သူက ပြောပါတယ်။

စိတ်ခံစားချက်ကို ကျော်လွှားရင်း သူက '' ၂၁ ရာစု ကိုရီးယားမှာ ဒီလိုဖြစ်ရပါလားဆိုပြီး ရင်လည်းကျိုး ဒေါသလည်းထွက်ရတယ်'' လို့ ပြောအပြီးမှာ မျက်ရည်တွေကျလာပါတယ်။

စွပ်စွဲပြစ်တင်ခံရတဲ့အခါ သမ္မတ မွန်း ဘာဖြစ်သွားနိုင်လဲ

တောင်ကိုရီးယား လွှတ်တော် အမတ်တွေကတော့ သမ္မတ မွန်းကို ရာထူးကနေ ဖယ်ရှားတဲ့အထိ ဦးတည်စေနိုင်တဲ့ စွပ်စွဲပြစ်တင်မှုလုပ်ဖို့ အဆိုကို လွှတ်တော်ကို တင်လိုက်ပြီဖြစ်ပါတယ်။ ပုံမှန် အားဖြင့်ဆိုရင်တော့ သမ္မတကို စွပ်စွဲပြစ်တင်ရေး လုပ်ငန်းစဥ်ဟာ ရက်နဲ့ချီကြာမြင့်နိုင်ပြီး လွှတ်တော် အမတ် သုံးပုံ နှစ်ပုံဖြစ်တဲ့ အမတ်ပေါင်း ၂၀၀ ဟာ အဲဒီအဆိုကို မဲပေးရမှာဖြစ်ပါတယ်။

လက်ရှိ တောင်ကိုရီးယားလွှတ်တော်မှာ အတိုက်အခံ အမတ်အရေအတွက်ဟာ သူတို့ချည်းပဲတင် အဲဒီ မဲ ၂၀၀ နီးပါးရဖို့ အမတ်နေရာရရှိထားတာဖြစ်ပါတယ်။ သမ္မတ ရဲ့ ပါတီကလည်း သမ္မတလုပ်ရပ်ကို ဆန့်ကျင်ကြောင်း ပြောပေမဲ့ ဒီအရေး ဘယ်လိုဆုံးဖြတ်ကြမယ်ဆိုတာကိုတော့ မဆုံးဖြတ်ကြရသေးပါဘူး။

အဆိုကို လွှတ်တော်က အတည်ပြုလိုက်ပြီဆိုတာနဲ့ ယွန်းရဲ့ သမ္မတလုပ်ပိုင်ခွင့်တွေနဲ့ တာဝန်တွေ ချက်ချင်း ဆိုင်းငံ့ခံရမှာဖြစ်ပြီး ဝန်ကြီးချုပ်က ယာယီ သမ္မတ ဖြစ်လာမှာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ တောင်ကိုရီးယား ဖွဲ့စည်းပုံခုံရုံးက နောက်ဆုံး အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။ စွစွပ်စွဲ ပြစ်တင်တာကို ခုံရုံးက အတည်ပြုပြီဆိုရင်တော့ သမ္မတဟာ ဖယ်ရှားခံရမှာဖြစ်ပြီး ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ပြန်ကျင်းပရမှာဖြစ်ပါတယ်။ ခုံရုံးက အတည်မပြုဘူးဆိုရင်တော့ သမ္မတဟာ သူ့သက်တမ်းကို ဆက်ပြီး တာဝန်ထမ်းဆောင်နိုင်မှာဖြစ်ပါတယ်။

တောင်ကိုရီးယား နိုင်ငံရေး နောက်ဆုံးရ အခြေအနေတွေကို ဒီစာမျက်နှာမှာ ဖြည့်စွက် ဖော်ပြပေးနေလို့ Refresh လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။