တောင်ကိုရီးယားမှာ အရေးပေါ်စစ်အုပ်ချုပ်ရေး ကြေညာ

ဓာတ်ပုံ ရင်းမြစ်, Reuters
တောင်ကိုရီးယားမှာ သမ္မတ ယွန်းဆွတ်ယိုးက အင်္ဂါနေ့ညနက်ပိုင်းက ရုပ်မြင်သံကြားမိန့်ခွန်းကနေ မထင်မှတ်ဘဲ အရေးပေါ်စစ်အုပ်ချုပ်ရေးကြေညာလိုက်ပါတယ်။
နိုင်ငံရဲ့ အဓိကအတိုက်အခံပါတီဟာ သူ့အစိုးရကို အုပ်ချုပ်လို့မရအောင် လုပ်နေသလို မြောက်ကိုရီးယားကိုလည်း အားပေးထောက်ခံနေတယ်လို့ သူက စွပ်စွဲပါတယ်။
အနည်းစုအစိုးရအဖွဲ့ကို ဦးဆောင်နေတဲ့ သမ္မတဟာ လွှတ်တော်ကနေ ဘတ်ဂျတ်အတည်ပြုမှုရရှိဖို့လည်း ခက်ခဲနေပါတယ်။
အတိုက်အခံအမတ်တွေဟာ ဥပဒေပြုရေးအာဏာကို ချုပ်ကိုင်ခြယ်လှယ်ထားပြီး နိုင်ငံရဲ့ လစ်ဘရယ်ဒီမိုကရေစီစနစ် ပျက်ယွင်းအောင် လုပ်ဆောင်နေတယ်လို့ သမ္မတက ရုပ်မြင်သံကြားမိန့်ခွန်းမှာ စွပ်စွဲလိုက်ပါတယ်။
မစ္စတာယိုးအနေနဲ့ ဘာဆက်လုပ်မယ်ဆိုတာ မပြောပေမဲ့ ပုံမှန်အခြေအနေရောက်အောင် သူ့စကားအတိုင်းဆိုရင် ‘နိုင်ငံတော်ကို ဆန့်ကျင်တဲ့အင်အားစုတွေ’ကို ရှင်းထုတ်ပစ်မယ်လို့ ကတိပေးခဲ့ပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာပြီး နာရီပိုင်းအတွင်းမှာပဲ စစ်တပ်က အမတ်တွေကို လွှတ်တော်တွင်း ဝင်ရောက်ခွင့် ကန့်သတ်လိုက်တယ်လို့ တောင်ကိုရီးယား မီဒီယာတွေမှာ ဖော်ပြကြပါတယ်။
တောင်ကိုရီးယားရဲ့ အဓိကအတိုက်အခံ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် အီဂျေမြောင်က အမတ်တွေ လွှတ်တော်မှာ စုဝေးကြဖို့ ဆော်သြအပြီးမှာပဲ စစ်တပ်က အဲဒီလို ပိတ်ဆို့လိုက်တာ ဖြစ်ပါတယ်။
ဒီလို စစ်အုပ်ချုပ်ရေးကြေညာတာက မှားယွင်းတဲ့ လုပ်ရပ်ဖြစ်ပြီး ဒီကြေညာချက်ကို ကန့်ကွက်သွားမယ်လို့ ပြည့်သူစွမ်းအားပါတီခေါင်းဆောင်က ပြောပါတယ်။
တောင်ကိုရီးယားဥပဒေအရ လွှတ်တော်တွင်းမှာ အမတ်အများစုက မဲခွဲတောင်းဆိုရင် စစ်အုပ်ချုပ်ရေးကို အစိုးရက ရုပ်သိမ်းပေးရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
စစ်အုပ်ချုပ်ရေးဆိုတာ ဘာလဲ။
စစ်အုပ်ချုပ်ရေးဆိုတာ အရပ်သားအုပ်ချုပ်ရေး မလုပ်နိုင်တော့တဲ့ နိုင်ငံရဲ့ အရေးပေါ်အခြေအနေတစ်ရပ်မှာ စစ်တပ်ကို ယာယီအုပ်ချုပ်ခွင့်ပေးလိုက်တာ ဖြစ်ပါတယ်။
စစ်အုပ်ချုပ်ရေးအောက်မှာ ပုံမှန်နိုင်ငံသားအခွင့်အရေးတွေ ကန့်သတ်ခံရနိုင်တဲ့အပြင် ဥပဒေတွေအပေါ်မှာလည်း သက်ရောက်မှုရှိနိုင်ပါတယ်။
စစ်အုပ်ချုပ်ရေးဟာ ယာယီဆိုပေမဲ့ အချိန်အကန့်အသတ်မထားဘဲ သက်တမ်းထပ်တိုးနိုင်တဲ့ အခွင့်အရေးလည်း ရှိနေပါတယ်။
ယခုဆောင်းပါးတွင် Facebook မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Facebook ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of Facebook post








