အမေရိကန်နဲ့ တောင်ကိုရီးယားတို့ နျူကလီးယား လက်နက်အရေး သဘောတူကြပြီ

ဂျင်းန် မက်ကင်ဇီး (ဆိုးလ်) နဲ့ ဘာဘရာ ပလက် အာရှာ (ဝါရှင်တန်)

ဘီဘီစီ သတင်း

US Korea

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အမေရိကန်သမ္မတ နဲ့ တောင်ကိုရီးယားသမ္မတတို့ ဝါရှင်တန်မှာ အရေးကိစ္စ များစွာ ဆွေးနွေးခဲ့ကြ

မြောက်ကိုရီးယားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုကို တုံ့ပြန်ဖို့အတွက် အမေရိကန်နဲ့ တောင်ကိုရီးယားကြား သမိုင်းမှတ်တမ်းဝင် သဘောတူညီချက်တခုကို ချမှတ်လိုက်ကြပါတယ်။

အမေရိကန်က သူတို့ရဲ့ နျူကလီးယားလက်နက်တင် ရေငုပ်သင်္ဘောတွေကို အချိန်ပိုင်းအလိုက် တောင်ကိုရီးယားမှာ နေရာယူပေးထားဖို့ သဘောတူလိုက်သလို၊ တောင်ကိုရီးယားက နျူကလီးယားဆိုင်ရာ စီမံကိန်းတွေမှာလည်း ပါဝင်ကူညီ မှာပါ။

အပြန်အလှန်အားဖြင့် ‌တောင်ကိုရီးယားအနေနဲ့ သူတို့ ကိုယ်တိုင် နျူကလီးယား လက်နက် မထုတ်လုပ်ဘူးလို့ သဘောတူလိုက်ပါတယ်။

ဒီ ဝါရှင်တန် ကြေညာချက် (Washington Declaration) ဟာ မဟာမိတ်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အားမြှင့်လိုက်တာဖြစ်ပြီး ‌မြောက်ကိုရီးယားရဲ့ တိုက်ခိုက်မှုကို ကာကွယ်လိုက်တာလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။

‌မြောက်ကိုရီးယားက နျူကလီးယားလက်နက်နဲ့ ခြိမ်းခြောက်နေတာကို ၂ နိုင်ငံ စလုံးက ပိုပို စိုးရိမ်လာနေတာပါ။ ပြုံယမ်းက တောင်ကိုရီးယားကို နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေနဲ့ ပစ်မှတ်ထားသလို အမေရိကန်ရဲ့ အချက် အချာနေရာအထိ ရောက်မယ့် တာဝေးပစ် နျူကလီးယားလက်နက်တွေကိုလည်း ကြံရွယ်နေတာပါ။

တောင်ကိုရီးယားကို ကာကွယ်ဖို့ အမေရိကန်အနေနဲ့ အရင်ကတည်းက စာချုပ်ချုပ်ပြီး သဘောတူထား သလို၊ လိုအပ်ရင် နျူကလီးယားလက်နက် အသုံးပြုမယ်လို့လည်း ကတိပြုထားပြီးသားပါ။ ဒါပေမဲ့ တကယ်ကြုံလာရင် အဲဒီလို ဖြစ်လာပါ့မလားလို့ တောင်ကိုရီးယားဘက်က တချို့က စိုးရိမ်လာခဲ့ကြပြီး သူတို့ ကိုယ်ပိုင် နျူကလီးယား အစီအစဉ်တွေလုပ်ဖို့ သူတို့ နိုင်ငံအစိုးရကို တောင်းဆိုခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အိမ်ဖြူတော်ကို နိုင်ငံတော်ခရီးစဉ်အနေနဲ့ ရောက်နေတဲ့ တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ယိုးက ဝါရှင်တန် ကြေညာချက်ဟာ အမေရိကန်က နျူကလီးယား လက်နက်တွေကို အသုံးပြုပြီး သူ့မဟာမိတ်တွေကို အကာအကွယ်ပေးသွားမှာ ဖြစ်သလို လုံခြုံရေးကို တိုးမြှင့်ဖို့အတွက် အမေရိကန်က ပိုင်းဖြတ် ချမှတ်လိုက်တဲ့ “သိပ်ကိုထူးခြားတဲ့” တာဝန်ယူမှုဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်ရဲ့ ရပ်တည်ချက်ကို သဘောမတွေ့တဲ့ တရုတ်ကတော့ ဒါဟာ “တမင်သက်သက် တင်းမာမှုတွေကို တိုးလာစေတာ၊ ထိပ်တိုက်ရင်ဆိုင်မှုတွေကို ပိုဖြစ်စေတာ၊ ခြိမ်းခြောက်မှုလို့ ဆိုပြီး တကယ့်ပြဿနာကို ပုံကြီးချဲ့တာ” လို့ သတိပေးပါတယ်။

ဒီသဘောတူညီချက်ဟာ လပေါင်းများစွာ နှစ်ဖက် ညှိနှိုင်းဆွေးနွေးမှုတွေရဲ့ ရလဒ်ပဲလို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ထိပ်တန်း အရာရှိတယောက်က ပြောပါတယ်။

အခုသဘောတူညီချက်အရ အမေရိကန်အနေနဲ့ နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် နျူကလီးယားလက်နက် တင်ဆောင်ထားတဲ့ သူတို့ရဲ့ ရေငုပ် သင်္ဘော တစင်း၊ နျူကလီးယားလက်နက်တွေပါတဲ့ လေယာဉ်တွေ အပါအဝင် ဗျူဟာမြောက် ကာကွယ်ရေး ပစ္စည်းတွေကို တောင်ကိုရီးယားကို ပို့ပေးမှာ ဖြစ်ပြီး အကာအကွယ် ပေးမယ်ဆိုတဲ့ ကတိပြုချက်ကို ပိုပြီး မြင်သာအောင် လုပ်ပေးမှာပါ။

နျူကလီးယား အစီအစဉ်ပိုင်းဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးဖို့ နျူကလီးယား အတိုင်ပင်ခံအဖွဲ့ တဖွဲ့ ဖွဲ့စည်းဖို့ကိုလည်း နှစ်ဖက်ကြား သဘောတူခဲ့ကြပါတယ်။

‌‌မြောက်ကိုရီးယားအပေါ် နျူကလီးယားလက်နက်သုံးမယ်ဆိုရင် ဘယ်လိုနဲ့ ဘယ် အချိန်မှ သုံးမယ်ဆိုတာနဲ့ ပတ်သက်တဲ့ အစီအစဉ် ချမှတ်မှုတွေမှာ ပိုပြီး ပါဝင်ခွင့် ရဖို့အတွက် ဆိုးလ်က နိုင်ငံရေးသမားတွေ ဝါရှင်တန်ကို တွန်းတွန်း တိုက်တိုက် ‌ပြောလာနေတာ ကြာပါပြီ။

မြောက်ကိုရီးယားက နျူကလီးယားလက်နက်တွေကို ပို အရေအတွက် များများနဲ့ ပိုအဆင့် မြင့်မြင့် ထုတ်လာလေလေ၊ မစ္စတာ ဘိုင်ဒန်က ဘယ် အခြေ အနေ၊ ဘယ် အချိန်မှာမှ သူတို့အတွက် နျူကလီးယား ခလုပ် နှိပ်မှာလဲဆိုတာကို အသေအချာ မသိရတဲ့အပေါ် တောင်ကိုရီးယား နိုင်ငံသားတွေက စိုးရိမ်မှုတွေ ကြီးထွားလာနေခဲ့တာပါ။

ဝါရှင်တန်က သူတို့ကို စွန့်ခွာသွားမှာဆိုတဲ့ ထိတ်လန့်မှုကနေ တောင်ကိုရီးယားဟာ သူတို့ ဘာသာ နျူကလီးယားလက်နက် လုပ်တော့မယ်ဆိုတဲ့အထိ ဖြစ်လာတာပါ။

ဒီအကြံအစည်ကို ဆယ်စုနှစ်ပေါင်း များစွာအတွင်း ပထမဆုံး တောင်ကိုရီးယား သမ္မတ အနေနဲ့ ပြန်ပြီး စဉ်းစားနေပြီ ဆိုတာကို မစ္စတာ ယွန်းက ဝါရှင်တန်က ပေါ်လစီကိုင်တွယ်တဲ့သူတွေဆီ ဇန်နဝါရီလအတွင်းမှာ အသိပေးလိုက်ပါတယ်။

ဒါက အမေရိကန်ကို စကားလုံးတွေ၊ အရိပ်အယောင်လက္ခဏာပြမှုတွေက အလုပ်ဖြစ်တော့မှာ မဟုတ်ဘူး ဆိုတာကို ရှင်းရှင်းလင်းလင်း ဖြစ်စေခဲ့ကာ တကယ်လို့ တောင်ကိုရီးယားက နျူကလီးယား လက်နက်ထုတ်လုပ်တာကို အမေရိကန်အနေနဲ့ မလိုလားဘူးဆိုရင် တကယ့် ခိုင်ခိုင်မာမာ ဘာအကူအညီ ပေးမှာလဲ ဆိုတာကို မေးလိုက်တာပါပဲ။

ဒါ့အပြင် မစ္စတာ ယွန်းက သူ အိမ်အပြန်မှာ “လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့” တိုးတက်မှု တခုကို မျှော်လင့်ထားတယ်ဆိုတာလည်း ရှင်းရှင်းလင်းလင်း ပြထားတာပါ။

နျူကလီးယား စီမံကိန်းမှာ ပါဝင်ခွင့်ရတာဟာ တောင်ကိုရီးယားတို့အဖို့ “အကြီးအမား အကျိုးဖြစ်မှု” ပဲလို့ New American Security စင်တာက ဒူယွန် ကင်မ်က ပြော ပါတယ်။

“ဝါရှင်တန်က နျူကလီးယားလက်နက်သုံးဖို့ ဆုံးဖြတ်ချက်မချခင် ဘာလုပ်ရ မလဲဆိုတာကို စားပွဲ ပေါ်မှာပဲ အခုအချိန်အထိ လေ့ကျင့်နေရတဲ့ဘဝ အဆုံးသတ်လို့ ရသွားပါပြီ” လို့ မစ္စ ကင်မ်က ပြောပါတယ်။

“အမေရိကန်အနေနဲ့ လျှို့ဝှက်စရာ အသေးစိတ်တွေကို ထုတ်ဖော်ပြောမှာ မဟုတ် ပါဘူး၊ ဒါပေမဲ့ မြောက်ကိုရီးယားက ထုတ်လုပ်နေတဲ့ နျူကလီးယား အမျိုး အစားတွေပေါ် မူတည်ပြီး ဖြစ်လာနိုင်စွမ်းတွေ အပေါ် လေ့ကျင့်ထား၊ ပြင်ဆင်ထားကြဖို့က အရေးကြီးပါတယ်” လို့လည်း သူက ဆိုပါတယ်။

တောင်ကိုရီးယား အစိုးရက တောင်းဆိုနေတဲ့ ပိုပြီးပါဝင်ခွင့်အပေါ် ထောက်ခံပါတယ်ဆိုတာကို အသစ် ဖွဲ့လိုက်တဲ့ နျူကလီးယား အတိုင်ပင်ခံ အဖွဲ့ ဆိုတာက သက်သေပြနေပါတယ်။ ဒါပေမဲ့ ဒီတိုးတက်ဖြစ်ပေါ်မှုတွေက လူထုရဲ့ စိုးရိမ် ကြောက် လန့်မှုတွေကို ငြိမ်းအေးသွားစေမှာလား ဆိုတဲ့ အမေးက ကျန်နေပါသေးတယ်။

မြောက်ကိုရီးယားက တိုက်ခိုက်လာမယ်ဆိုရင် တောင်ကိုရီးယားကို ကာကွယ်ဖို့ အမေရိကန်က နျူကလီးယားလက်နက်ကို သုံးမယ်ဆိုတဲ့ ကတိပြုချက် လုံးလုံး လျားလျား ပေးထားတာမျိုး ဒီသဘောတူချက်မှာ မတွေ့ရပါဘူး။

ဒါပေမဲ့ သမ္မတ ဘိုင်ဒန်က “အမေရိကန် ဒါမှမဟုတ် မဟာမိတ်နဲ့ မိတ်ဖက်နိုင်ငံတွေ အပေါ် မြောက်ကိုရီးယားက နျူကလီးယားလက်နက်နဲ့ တိုက်ခိုက်မယ်ဆိုရင် ဒါဟာ လက်ခံ နိုင်ဖွယ်မရှိဘူး၊ တကယ်လို့ အဲဒီလို လုပ်လာရင် လုပ်လာတဲ့ အဲဒီ အုပ်ချုပ်သူအစိုးရ အဆုံးသတ် သွားစေရမယ်” လို့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

အပြန်အလှန်အားဖြင့် တောင်ကိုရီးယား အနေနဲ့ နျူကလီးယား လက်နက် မပိုင်ဆိုင် တဲ့ နိုင်ငံအဖြစ် ဆက်လက် ရှိနေပြီး နျူကလီးယား လက်နက် မပြန့်ပွားရေးအတွက် ခိုင်ခိုင် ကြည်ကြည် ဆက်လက်လုပ်ဆောင်ဖို့ အမေရိကန်က တောင်းဆိုထားပါတယ်။

တောင်ကိုရီးယားတို့ နျူကလီးယား လက်နက်ထုတ်ရေးကို အားမပေးဖို့က သိပ်ကို အရေးကြီးတယ်လို့ အမေရိကန်တို့က မြင်ထားပြီး တကယ်လို့ သူတို့ မတားနိုင်ဘူး ဆိုရင် တခြားနိုင်ငံတွေကလည်း တောင်ကိုရီးယား ခြေလှမ်းမျိုး လှမ်းလာကြမှာကို စိုးရိမ်ပါတယ်။

US Korea

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဒါပေမဲ့ အမေရိကန်ရဲ့ ကတိပြုချက်တွေဟာ တောင်ကိုရီးယားမှာ သြဇာကြီးတဲ့ ပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေ၊ အာဏာရ ပါတီက ပါတီဝင်တွေ အားလုံးကို အပြည့်အဝ ကျေနပ်သွားစေမှာတော့ မဟုတ်ပါဘူး။

ဒီကြေညာချက်က အပြုသဘောများစွာ ပါဝင်တယ်လို့ ဆိုပေမယ့် “နျူကလီးယား မပြန့်ပွားရေး စာချုပ်ကနေ ထွက်ခွာနိုင်တဲ့ ကိုယ့် ကိုယ်ပိုင် အခွင့်အရေးကို တောင်ကိုရီးယားက စွန့်လွှတ်လိုက်တာ သိပ်ကို နောင်တရစရာ ကောင်းတယ်” လို့ ‌တောင်ကိုရီးယား နျူကလီးယား လက်နက်ပိုင်ဆိုင်ဖို့ ‌ထောက်ခံသူ ထိပ်တန်း ပညာရှင် ဒေါက်တာ ချွမ်ဆောင်ချမ်းက ပြောပြီး ဒီ ကြေညာချက်ဟာ “ကျွန်ုပ်တို့ရဲ့ နျူကလီးယားရေး အချုပ်အနှောင်ကို ထပ်ပြီး အားဖြည့်လိုက်တာ” လို့ ဆိုပါတယ်။

အမေရိကန်အနေနဲ့ မြောက်ကိုရီးယားတို့ ဆွေးနွေးပွဲစားပွဲကို ပြန်လာစေဖို့ ဆက်ပြီး အားစိုက်နေဦးမယ်လို့ သမ္မတဘိုင်ဒန်က ပြောပါတယ်။ ကြိုတင် သတ်မှတ်ချက်တွေ ဘာမှ မထားဘဲ စကားပြောကြဖို့ အကြိမ်ပေါင်းများစွာ ပန်ကြားခဲ့တာကို ပြုံယမ်း က လစ်လျူရှု နေခဲ့တယ်လို့လည်း ဝါရှင်တန်က ပြောပါတယ်။

မြောက်ကိုရီးယားတို့ နျူကလီးယားလက်နက် စွန့်လွှတ်ဖို့ အရေး သူတို့ လုပ်နိုင်ဦး မှာ လို့ အမေရိကန်က မျှော်လင့်ထားတာပါ၊ ဒါပေမဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ် ဂျုံအွန်းက သူ့နိုင်ငံရဲ့ နျူကလီးယားအရေးကို “နောက်ပြန် လှည့်မှာ မဟုတ် ဘူး” လို့ မနှစ်က ပြောခဲ့ပါတယ်။

အခုတော့ နျူကလီးယား လက်နက်ဖျက်သိမ်းရေး အစား နျူကလီးယား လက်နက်ထိန်းချုပ်ရေး အတွက် ဆွေးနွေးကြတာက ပိုအဓိပ္ပာယ်ရှိလိမ့်မယ်လို့ ကျွမ်းကျင် ပညာရှင်တချို့က ပြောနေပါပြီ။