တောင်ကိုရီးယား သမ္မတရွေးကောက်ပွဲအကြောင်း သိထားသင့်တဲ့ အချက်တွေ

ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်တွေရဲ့ ပိုစတာတွေကို အမျိုးသမီးတယောက် စိတ်ဝင်တစား ကြည့်ရှုနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၀ဲမှယာ - သမ္မတဖြစ်လာဖို့ ရှေ့ပြေးနေတဲ့ အတိုက်အခံ ဒီမိုကရက်တစ်ပါတီက အီဂျေမြောင်နဲ့ လက်ရှိအာဏာရပါတီက ကင်မ်မွန်ဆူး
    • ရေးသားသူ, ဂျိုဝဲလ် ဂင်တို
    • ရာထူးတာဝန်, BBC News

ဇွန်လ ၃ ရက်နေ့ကျရင် တောင်ကိုရီးယားမှာ သမ္မတသစ်ကို မဲပေး ရွေးချယ် တင်မြှောက်ကြတော့မှာ ဖြစ်ပါတယ်။

သမ္မတဟောင်း ယွန်းဆွတ်ယိုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက သူအာဏာရှိစဥ် တိုင်းပြည်မှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးနောက် ၆ နာရီ အကြာမှာ ပြန်ရုပ်သိမ်းခဲ့တဲ့ဖြစ်စဥ်ကြောင့် သူ့နေရာကို အစားထိုးဖို့ သမ္မတသစ် ရွေးကြမှာပါ။

အနိုင်ရသူဟာ မစ္စတာယွန်းရဲ့ ဆောင်ရွက်ချက်တွေကြောင့် နိုင်ငံရေး၊ စီးပွားရေး မတည်မငြိမ် ဖြစ်နေတဲ့ တောင်ကိုရီးယားကို ပြန်လည်တည်ဆောက်ရမှာ ဖြစ်ပါတယ်။

တိုင်းပြည်ဟာ နိုင်ငံရေးကမောက်ကမဖြစ်ခဲ့ပြီး လူမှုအသိုက်အဝန်းအတွင်းမှာလည်း နက်နက်ရှိုင်းရှိုင်း စိတ်ဝမ်းကွဲပြားမှုတွေ ပေါ်ပေါက်နေပါတယ်။

တစ်ချိန်တည်းမှာ ကာလရှည်ကြာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေထဲက အိမ်နီးချင်း မြောက်ကိုရီးယား ရဲ့ ခြိမ်းခြောက်မှုအပြင် တောင်ကိုရီးယားဟာ ကမ္ဘာပေါ်မှာ ကလေးမွေးဖွားမှု အနိမ့်ဆုံး အခြေအနေကိုလည်း ကြုံတွေ့နေပါတယ်။

အခုတော့ လူဦးရေ ၅၂ သန်း ရှိတဲ့ အရှေ့ အာရှက တောင်ကိုရီးယားမှာ လာမယ့် ၅ နှစ်အတွက် နိုင်ငံကို ခေါင်းဆောင်မယ့်သူအဖြစ် ဘယ်လိုရွေးမလဲ ဆိုတာကို ကြည့်ကြရအောင်ပါ။

တောင်ကိုရီးယားမှာ ဘာကြောင့် သမ္မတရွေးကောက်ပွဲ စောကျင်းပတာလဲ

ရာထူးက ဖယ်ရှားခံရတဲ့ သမ္မတဟောင်း ယွန်းဆွတ်ယို ဟာ ၂၀၂၇ အထိ အုပ်ချုပ်ရမယ့်သူ ဖြစ်ပေမဲ့ အာဏာရပြီး နှစ်အနည်းငယ်အတွင်းမှာ ဂုဏ်သိက္ခာကျဆင်းမှုနဲ့အတူ သူ့သမ္မတသက်တမ်း အဆုံးသတ်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့က နိုင်ငံမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာကြောင့် တစ်တိုင်းပြည်လုံး တုန်လှုပ် အံ့သြခဲ့ကြရပါတယ်။ သူကြေညာတာကတော့ နိုင်ငံတော်ကို ဆန့်ကျင်ပုန်ကန်တဲ့ အင်အားစုတွေနဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကြောင့်လို့ အကြောင်းပြခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလို ကြေညာခဲ့အပြီး မကြာခင် သူဖန်တီးတဲ့ နိုင်ငံရေး ပြဿနာတွေကြောင့် ပေါ်ပေါက်လာတဲ့ အခြေအနေကို သူရင်ဆိုင်ခဲ့ရပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဲဒီလို နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်ခဲ့ပြီးနောက် သီတင်းတစ်ပတ်အကြာမှာ ပါလီမန်ကနေ သူ့အပေါ် စွတ်စွဲပြစ်တင်ခဲ့ပါတယ်။ ဧပြီလ ၄ ရက်နေ့မှာတော့ ဖွဲ့စည်းပုံ ခုံရုံးက သူ့အပေါ် စွတ်စွဲပြစ်တင်မှုကို ဆက်လက် အတည်ပြုခဲ့ပြီး ရာထူးကနေလည်း အပြီးတိုင် ဖယ်ရှားခဲ့ပါတယ်။ ဥပဒေအရ ရက်ပေါင်း ၆၀ အတွင်း ပုံမှန်ထက်စောကျင်းပတဲ့ သမ္မတရွေးကောက်ပွဲတစ်ရပ် ကျင်းပရမှာ ဖြစ်ပါတယ်။

မစ္စတာယွန်း တိုင်းပြည်မှာ စစ်အုပ်ချုပ်ရေး ကြေညာကာ ပြန်ရုပ်သိမ်းမှု ဖြစ်ခဲ့တဲ့ ၅ လတာ ကာလအတွင်း တောင်ကိုရီးယားမှာ နိုင်ငံရေး မတည်မငြိမ် ဖြစ်ကာ ယာယီသမ္မတ ၃ ယောက်ပြောင်း အုပ်ချုပ်ခဲ့ပြီး လတ်တလော သမ္မတ တာဝန်ယူထားသူကတော့ အလုပ်သမား ဝန်ကြီး အီဂျူဟိုး ဖြစ်ပါတယ်။ သူဟာ ရွေးကောက်ပွဲ မကျင်းပခင် တစ်လအလိုကျမှ ယာယီသမ္မတ ရာထူး ရယူထားသူ ဖြစ်ပါတယ်။

သူ့မတိုင်ခင် ယာယီသမ္မတ တာဝန် ယူခဲ့သူက ဝန်ကြီးချုပ် ဟန်ဒေါက်ဆူး ဖြစ်ပြီး သူလည်းပဲ မစ္စတာယွန်းဆီက ရာထူးလွှဲယူခဲ့ပြီး သီတင်းပတ်အနည်းငယ်အတွင်း စွတ်စွဲပြစ်တင်ခံခဲ့ရပါတယ်။ ဟန်ဒေါက်ဆူးပြုတ်ပြီးနောက် သူ နောက်တစ်ကြိမ် ယာယီသမ္မတတာဝန်မယူခင် ကြားထဲမှာတော့ ဘဏ္ဏာရေး ဝန်ကြီး ချွိုင်ဆောင်မွတ်ခ်က ယာယီသမ္မတ ဖြစ်ခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် လူတွေ လမ်းပေါ်ထွက်ပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် လူတွေ လမ်းပေါ်ထွက်ပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြ

တောင်ကိုရီးယား ရွေးကောက်ပွဲမှာ အဓိကအကြောင်းအရာတွေက ဘာလဲ

မစ္စတာယွန်း အနေနဲ့ နိုင်ငံမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့မှုဟာ သူ့ကို ထောက်ခံသူတွေနဲ့ သူ့ရဲ့ ရှေးရိုးစွဲကွန်ဆာဗေးတစ်ဝါဒကိုင်စွဲတဲ့ ပြည်သူ့အင်အားပါတီ (People Power Party - PPP) က တစ်ဖက်၊ အတိုက်အခံ ခေါင်းဆောင် အီဂျေမြောင်နဲ့ သူ့ရဲ့ အလယ်အလတ် လစ်ဘရယ်ဝါဒကိုင်စွဲတဲ့ ဒီမိုကရက်တစ်ပါတီတို့က တစ်ဖက်၊ ဒီဘက် နှစ်ဖက်ကြား အကြီးအကျယ် နိုင်ငံရေး စိတ်ဝမ်းကွဲမှု ဖြစ်စေခဲ့ပါတယ်။

ဒါ့အပြင် သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန် နဲ့ ကုန်သွယ်ဖက် နိုင်ငံတွေအပေါ် သွင်းကုန်ခွန် တိုးမြှင့်ကောက်ခံခဲ့ပြီး တောင်ကိုရီးယား ကုန်ပစ္စည်းတွေ အပေါ် ၂၅ ရာခိုင်နှုန်း ထပ်ဆောင်းခွန် ပေးဆောင်ရမယ့် အရေးကြီးအခြေအနေ ဖြစ်လာချိန်မှာ စီးပွားရေးအပေါ် လူထုယုံကြည်မှု ကျဆင်းခဲ့ပါတယ်။

တောင်ကိုရီးယား သမ္မတသစ်အနေနဲ့ ရာထူးတာဝန် လက်ခံယူပြီးတာနဲ့ တစ်ပြိုင်နက် ဒီပြဿနာတွေကို ဖြေရှင်းရတော့မှာပါ။

ဒါ့အပြင် နဂိုရှိရင်းစွဲ စိန်ခေါ်မှုတွေ ဖြစ်တဲ့ မြောက်ကိုရီးယား နဲ့ ဆက်ဆံရေးကိုလည်း ကိုင်တွယ်ရဖို့ ရှိပါတယ်။ တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံဟာ ၂၀၂၅ အစပိုင်းမှာ ပြဿနာတက်တဲ့ ဖြစ်စဥ်တွေ သိပ်မရှိပေမဲ့ အဲဒီမတိုင်ခင်နှစ်ကတော့ နှစ်ဖက် အပြန်အလှန် မိုးပျံပူဖောင်းတွေ၊ ဒရုန်းတွေနဲ့ ဝါဒဖြန့် စာတွေ နှစ်နိုင်ငံ နယ်စပ်မှာ ဖြန့်ဝေခဲ့ကြတဲ့အတွက် တင်းမာမှု အရှိန်အဟုန် ကြီးမားခဲ့ပါတယ်။

နိုင်ငံတကာမှာလည်း တောင်ကိုရီးယား သမ္မတသစ်ဟာ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်တဲ့ တရုတ်နဲ့ ဆက်ဆံရေး သာမက သူ့အတွက် အရေးအကြီးဆုံး လုံခြုံရေး ဆိုင်ရာ မဟာမိတ် ဖြစ်တဲ့ အမေရိကန်နဲ့ ဆက်ဆံရေး တည်ဆောက်ကာ ဒီအင်အားကြီး နှစ်နိုင်ငံကြား မျှတတဲ့ ဆက်ဆံရေး ဖော်ဆောင်ရဖို့ ရှိနေပါတယ်။

ဒါတင်မက သမ္မတသစ်ဟာ ကမ္ဘာမှာ ကလေးမွေးဖွားမှုနှုန်း အနိမ့်ဆုံးဖြစ်နေတဲ့ အခြေအနေကိုလည်း ကိုင်တွယ် ဖြေရှင်းပေးရမှာ ဖြစ်ပါတယ်။

၂၀၂၄ မှာ တောင်ကိုရီးယား အမျိုးသမီးတွေရဲ့ ပျမ်းမျှ ကလေးမွေးနှုန်းဟာ ၀.၇၅ % ဖြစ်ပါတယ်။ ဒီနှုန်းဟာ ဒီမတိုင်ခင် နှစ်ကထက် အနည်းငယ် တိုးတက်လာတာ ဖြစ်ပေမဲ့ တိုင်းပြည်မှာ လူဦးရေ ၅၁ သန်း ဆိုတဲ့ အရေအတွက်ကို ထိန်းထားနိုင်ဖို့ တကယ် ရှိသင့်တဲ့ မွေးဖွားနှုန်း ၂.၁ % ထက် နည်းနေသေးတာကို တွေ့ရပါတယ်။

နောက်တက်မယ့် သမ္မတ ဘယ်သူဖြစ်လာနိုင်လဲ

မဲမပေးခင် သဘောထား စစ်တမ်းကောက်ယူမှုတွေအရ ဒီမိုကရက်တစ်ပါတီက အီဂျေမြောင်ဟာ သမ္မတ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ကိုယ်စားလှယ် ၆ ယောက်ထဲမှာ ရှေ့ဆုံးက ပြေးနေပြီး သူ့နောက်မှာ ကွန်ဆာဗေးတစ် PPP က ကင်မ်မွန်ဆူး လိုက်နေပါတယ်။

၂၀၂၂ ခုနှစ် သမ္မတ ရွေးကောက်ပွဲတုန်းက ယွန်းဆွတ်ယိုကို ပွတ်ကာသီကာ ရှုံးနိမ့်ခဲ့တဲ့ အီဂျေမြောင် ကို သူ့ထောက်ခံသူတွေက အခြေခံလူတန်းစားတွေရဲ့ သူရဲကောင်းဆိုပြီး အားပေးနေကြပါတယ်။

အလုပ်သမား ဝန်ကြီးဟောင်း ကင်မ် ကတော့ သူ့ကိုယ်သူ စီးပွားရေး ပြဿနာတွေကို ကိုင်တွယ်မယ့် သမ္မတ၊ အလုပ်အကိုင်သစ်တွေ ဖန်တီးပေးနိုင်ပြီး စီးပွားရေး လုပ်ငန်းတွေ ဖန်တီးပေးမယ်လို့ ကတိပေးနေပါတယ်။

တခြားကိုယ်စားလှယ်တွေကတော့ New Reform ပါတီက အီဂျွန်ဆတ်ခ် ၊ ဒီမိုကရက်တစ် လေဘာ ပါတီက ကွမ်ယုံဂွက်ခ် ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေ ဖြစ်တဲ့ ဟွမ်ကျိုအန်း နဲ့ ဆောင်ဂျင်ဟို တို့ ဖြစ်ကြပါတယ်။

တောင်ကိုရီးယားမှာ ပြီးခဲ့တဲ့ ၁၈ နှစ်အတွင်း ကျင်းပခဲ့တဲ့အထဲ ရွေးကောက်ပွဲတွေထဲမှာ အခု ရွေးကောက်ပွဲမှာတော့ ပထမဆုံးအကြိမ် အမျိုးသမီး တစ်ယောက်မှ ဝင်ပြိုင်မှု မရှိတာ ထူးခြားပါတယ်။ ပထမဆုံး အမျိုးသမီး သမ္မတလောင်းက ၁၉၈၇ ခုနှစ်တုန်းက ပြိုင်ခဲ့တဲ့ ဟော်ဆွတ်ဂျား ဖြစ်ပေမဲ့ မဲပေးပွဲ မကျင်းပခင် ပြန်ရုတ်သိမ်းသွားခဲ့ပါတယ်။ ၂၀၁၂ ရွေးကောက်ပွဲ တုန်းက အမျိုးသမီး ကိုယ်စားလှယ်လောင်း ၄ ယောက် ဝင်ပြိုင်ခဲ့ပါတယ်။

ရွေးကောက်ပွဲ ဘယ်နေ့ ကျင်းပပြီး ရလဒ်ကို ဘယ်တော့ ကြေညာမလဲ

တောင်ကိုရီးယားမှာ သမ္မတ ရွေးကောက်ပွဲကို လာမယ့် ဇွန်လ ၃ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပြီး မဲရုံတွေကတော့ ဒေသစံတော်ချိန် မနက် ၆ နာရီကနေ ည ၈ နာရီ အထိ ဖြစ်ပါတယ်။ အဝေးရောက် နိုင်ငံသားတွေကိုလည်း မေလ ၂၀ ကနေ ၂၅ ရက်နေ့အထိ ကြိုတင်မဲ ပေးခွင့် ပေးထားပါတယ်။

မဲရုံပိတ်ချိန်ကစပြီး ရွေးကောက်ပွဲ ရလဒ်တွေကို စတင်ကြေညာမှာ ဖြစ်ပြီး အနိုင်ရသူတွေကို နောက်နေ့ အစောပိုင်းမှာ ကြေညာမှာပါ။

၂၀၂၂ ရွေးကောက်ပွဲမှာ မစ္စတာ ယွန်း အနိုင်ရခဲ့တုန်းက မဲရုံပိတ်ပြီး ၉ နာရီ အကြာ၊ တနည်းပြောရရင် ရွေးကောက်ပွဲ ကျင်းပပြီး နောက်တနေ့ မနက် ၄ နာရီ ၄၀ မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ အဲဒီရွေးကောက်ပွဲဟာ နိုင်ငံ့သမိုင်းမှာ သမ္မတလောင်းတွေကြား အနီးကပ်ဆုံးရလဒ် ထွက်ခဲ့ပြီး မစ္စတာ ယွန်းက ၀.၇၃ ရာခိုင်နှုန်း အသာနဲ့ နိုင်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတ သစ်ဟာ ချက်ချင်း ရာထူး တာဝန်ရယူနိုင်ပြီး အရင်သမ္မတသစ်တွေလိုမျိုး သူတို့ရှေ့က သမ္မတ၊ အခုဖြစ်စဥ်မှာဆို မစ္စတာယွန်းဆီကနေ တရားဝင် ရာထူး ပြောင်းလဲ ရယူရမယ့် လုပ်ငန်းစဥ် မရှိတော့ပါဘူး။

ယွန်းဆွတ်ယို ၂၀၂၂ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့စဥ်က

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ယွန်းဆွတ်ယို ၂၀၂၂ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့စဥ်က

စွပ်စွဲပြစ်တင်ခံရတဲ့ သမ္မတဟောင်း ယွန်းဆွတ်ယို ဘာဆက်ဖြစ်မလဲ

မစ္စတာယွန်းဟာ ပုန်ကန်ထကြွမှုနဲ့ တရားရင်ဆိုင်နေရပြီး နိုင်ငံကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့မှုကြောင့် ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ တုန်းက အဖမ်းခံခဲ့ရပေမဲ့ သီတင်းပတ် အနည်းငယ် အကြာတော့ သူ့ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

သီးခြားအမှုအဖြစ် အာဏာအလွဲသုံးစားမှုနဲ့လည်း လတ်တလော တရားရင်ဆိုင်နေရပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင် မစ္စတာယွန်းဟာ သူ့ပါတီကနေ နုတ်ထွက်ခဲ့ပြီး နိုင်ငံရေး လေ့လာသုံးသပ်သူတွေကတော့ ဒါဟာ သူ့ရဲ့ ပြည်သူ့အင်အားပါတီ PPP က သမ္မတလောင်း ကင်မ်မွန်ဆူးအတွက် အခွင့်အလမ်းပိုရနိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။