စစ်အုပ်ချုပ်ရေး ကြေညာလို့ ထိန်းသိမ်းခံထားရတဲ့ တောင်ကိုရီးယား သမ္မတ ထောင်ကပြန်လွတ်လာ

ထောင်ကပြန်လွတ်လာပေမယ့် စွဲဆိုထားတဲ့ အမှုကို ဆက်လက် ရင်ဆိုင်ရမယ့် မစ္စတာ ယွန်းဆွတ်ယိုး

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ထောင်ကပြန်လွတ်လာပေမယ့် စွဲဆိုထားတဲ့ အမှုကို ဆက်လက် ရင်ဆိုင်ရမယ့် မစ္စတာ ယွန်းဆွတ်ယိုး

တောင်ကိုရီးယားမှာ စွပ်စွဲ ပြစ်တင်ခံထားရတဲ့ သမ္မတ ယွန်းဆွတ်ယိုး ထောင်က ပြန်လွတ်လာပါပြီ။

နိုင်ငံမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့အတွက် ဆူပူအုံကြွအောင်လုပ်မှုနဲ့ သူ ထိန်းသိမ်း ခံထားရတာပါ။

ထိန်းသိမ်းထားတဲ့ နေရာက အထွက်မှာ သူ့ထောက်ခံသူတွေကို မစ္စတာယွန်းက လက်ဝှေ့ယမ်း ၊ ခေါင်းညိတ်ပြပြီး နှုတ်ဆက်ခဲ့ပါတယ်။

ဥပဒေကြောင်းအရ သူ့ကို ပြန်လွှတ်ပေးရမယ် ဆိုတဲ့ တရားရုံးဆုံးဖြတ်ချက်အပေါ် ထပ်ပြီး အယူခံ မဝင်ဖို့ အစိုးရ ဥပဒေ အရာရှိတွေက ဆုံးဖြတ်ခဲ့ပြီးနောက်မှာ မစ္စတာယွန်း ပြန်လွတ်လာတာပါ။

ဒါပေမယ့် သူ့အပေါ် ရာဇဝတ်မှုနဲ့ စွဲချက်တွေကိုတော့ သူဆက်လက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

တောင်ကိုရီးယားမှာ အဲဒီအမှုကို ဖွဲ့စည်းပုံတရားရုံးက သီးသန့် ကိုင်တွယ်တာ ဖြစ်ပါတယ်။

လာမယ့် သီတင်းပတ်တွေ အတွင်း မစ္စတာယွန်းကို စွပ်စွဲပြစ်တင်ဖို့ အတည်ပြု မပြု ဆိုတာကို သက်ဆိုင်ရာ အရာရှိတွေ၊ အာဏာပိုင်တွေက ဆုံးဖြတ်သွားဖွယ် ရှိပါတယ်။

မစ္စတာယွန်းဟာ မနှစ် နှစ်ကုန်ပိုင်းလောက်တုန်းက တိုင်းပြည်မှာ စစ်အုပ်ချုပ်ရေး ကြေညာကာ တခဏအတွင်း ပြန်ရုပ်သိမ်းသွားခဲ့တဲ့အပေါ် နိုင်ငံကို ဆူပူအုံကြွအောင် လုပ်မှုနဲ့ ဖမ်းဆီး ထိန်းသိမ်း ခံထားရတာ ဖြစ်ပါတယ်။

ထိန်းသိမ်းခံ သမ္မတ ယွန်း ထောင်က ပြန်လွတ်လာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထောက်ခံသူတွေကို နှုတ်ဆက် ခဲ့တဲ့ တောင်ကိုရီးယား သမ္မတ ယွန်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သမ္မတယွန်း ပြန်လွတ်လာချိန် စနေနေ့တုန်းကတော့ မြို့တော်ဆိုးလ်မှာ သမ္မတကို ထောက်ခံတဲ့ လူစုစုဝေးပွဲတွေ ရှိခဲ့ပြီး လူပေါင်း ၅,၀၀၀ ကျော် ပါဝင်ခဲ့တယ်လို့ ယွန်ဟတ်သတင်းဌာနက သတင်းဖော်ပြပြီး တန်ပြန်ဆန္ဒပြမှုကတော့ လူအငယ်နည်းငယ် ပိုလျော့ခဲ့တယ်လို့ သတင်းက ဆိုပါတယ်။

သမ္မတ အခုလို ထိန်းသိမ်းခံထားရတာဟာ ဥပဒေနဲ့ မညီဘူးလို့ မစ္စတာယွန်းရဲ့ ရှေ့နေတွေဟာ ချေပနိုင်ခဲ့တာကြောင့် အခုလို ပြန်လွတ်လာတာဖြစ်ပါတယ်။

ဥပဒေကြောင်းအရ သတ်မှတ်ချက်အချို့ကို အခြေတည်ပြီး တရားရုံးကလည်း သဘောတူခဲ့တာဖြစ်ပေမဲ့ တရားလိုအစိုးရရှေ့နေတွေကတော့ တရားရုံးရဲ့အခုဆုံးဖြတ်ချက်ဟာ ''မမျှတ'' ဘူးလို့ ပုံဖော်ပါတယ်။

မစ္စတာ ယွန်းဟာ ဒီမိုကရေစီနိုင်ငံ တောင်ကိုရီးယားကို စစ်အုပ်ချုပ်ရေးအမိန့်ကြေညာဖို့ ကြိုးပမ်းမှုနဲ့ အခုနှစ်နှောင်းပိုင်းမှာ တရားရင်ဆိုင်ရဖို့ရှိပါတယ်။ သူ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခဲ့တာဟာ ၆ နာရီသာ ကြာမြင့်ခဲ့ပေမဲ့ နိုင်ငံထဲမှာတော့ အမြင်မတူမှုတွေဟာ ကြီးမားခဲ့ပါတယ်။

သူဟာ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရမယ်ဆိုရင် ထောင်တစ်သက် ဒါမှမဟုတ် သေဒဏ် ချမှတ်ခံရတာအထိ ကြုံရနိုင်ပါတယ်။

မစ္စတာယွန်းဟာ လက်ရှိမှာ သမ္မတရာထူးနဲ့ တာဝန်ဝတ္တရားတွေကနေ ဆိုင်းငံ့ခံထားရပေမဲ့ တောင်ကိုရီးယားသမ္မတအဖြစ် ဆက်ရှိနေပါသေးတယ်။

သူ့ကို သမ္မတအဖြစ်ကနေ စွပ်စွဲပြစ်တင်ပြီး ရာထူးကနေ တရားဝင် ဖယ်ရှားမှု လုပ်မလားဆိုတာ ဆုံးဖြတ်မယ့် ဖွဲ့စည်းပုံခုံရုံး ဆုံးဖြတ်ချက်ကိုလည်း မစ္စတာ ယွန်း တစ်ယောက် သီးခြား ရင်ဆိုင်နေရပါတယ်။ ဖွဲ့စည်းပုံ ခုံရုံးတရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကတော့ လာမယ့်ရက်ပိုင်းတွေအတွင်း ဖြစ်လာနိုင်ပါဝယ်။

အခုလို တရားရင်ဆိုင်ရာတာတွေရှိနေပေမဲ့ မစ္စတာ ယွန်းကို ထောက်ခံသူတွေကတော့ သူ ထိန်းသိမ်းခံရရာကနေ လွတ်လာချိန်မှာ သူ့ကို စုဝေး ဝန်းရံခဲ့ကြပြီး တဖက်မှာလည်း အာဏာပိုင်တွေဟာ ဆန္ဒပြ မတည်ငြိမ်မှုတွေဖြစ်လာမလားဆိုတာကို စောင့်ကြည့်နေပါတယ်။