ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ဘေးရှောင်ရင်း ရေဘေးဒုက္ခဆင့်ကဲကြုံရသူတွေ
အသက် ငါးဆယ်ကျော် အမျိုးသမီးကြီး ဒေါ်သန်းသန်းကြွယ်ကတော့ အိမ်တွေမြုပ်တဲ့အထိ တက်လာတဲ့ ချင်းတွင်းမြစ်ရေလွတ်အောင်နွားစာတဲပေါ်မှာတက်နေရတာ ဇူလိုင် ၁၆ ရက်အထိဆို ၁၀ ရက်ရှိသွားပါပြီ။
“ဒီနေ့ ထမင်းထုတ်လာဝေတာ နှစ်ထုတ်ရတယ်။ အရင် ရက်တွေက အလှူရှင်တစ်ယောက်တည်းရှိလို့ မိသားစုသုံးယောက်ကိုမှ ၁ ထုတ်ရတယ်။ ဒီနေ့ အလှူရှင် နှစ်ယောက်ရှိလို့ ၂ ထုတ်ရ လိုက်တယ်”လို့ ရေပတ်လည်ဝိုင်းနေတဲ့ နေရာမှာ ဘာမှလုပ်ကိုင်လို့ မရတာကြောင့် အလှူရှင်ရှိမှ စားသောက်ရတဲ့ အခြေအနေတွေကို ပြောပြပါတယ်။
သူနေထိုင်တဲ့ ရွှေလှေကျေးရွာဟာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက ရွာတစ်ရွာဖြစ်ပြီး ချင်းတွင်းမြစ်နဲ့နီးပါတယ်။ သူတို့ ရွာလို ချင်းတွင်းမြစ်နဲ့နီးလို့ ရေနစ်မြုပ်တဲ့ကျေးရွာပေါင်း ၅၀ ကျော်ရှိပါတယ်။
သူတို့ ဒေသမှာ ချင်းတွင်းမြစ်ရေတက်ခဲ့တဲ့ ဇူလိုင်ဒုတိယရက်သတ္တပတ်အတွင်း တချို့ရွာတွေကရေပြန်ကျသွားပေမဲ့ လူတစ်ရပ်လောက်အထိ ရေတက်နေတဲ့ ရွာ ၃၀ နီးပါးကျန်နေပါသေးတယ်။
“ကျွန်မတို့မှာ သက်ကယ်အင်္ကျီ နှစ်ထည်ရှိတယ်။ ထမင်းထုတ်လာဝေလို့ ဆင်းယူရင် ရေက လည်ပင်းနား ရောက်နေတယ်” လို့ သူ့အရပ်နဲ့ မလွတ်တလွတ်ဖြစ်နေတဲ့ ချင်းတွင်းမြစ်ရေအခြေအနေကို ဒေါ်သန်းသန်းကြွယ်က ပြောပြပါတယ်။
တစ်နေ့ တစ်နေ့ ထမင်းစားရဖို့အတွက် အလှူရှင်ကိုမျှော်နေရတဲ့ အခြေအနေတွေကိုလည်း ဒေါ်သန်းသန်းကြွယ်က ရင်ဖွင့်ပါတယ်။
“ဒီနှစ်ထဲမှာတင် စစ်ကြောင်းထိုးလို့ ပြေးရတာ ခြောက်ခါ။ နောက်ဆုံးစစ်ကြောင်းထိုးတာက ပြီးခဲ့တဲ့ ၁၀ ရက်လောက်ကပေါ့။ စစ်ကြောင်းတွေ ရွာထဲရောက်တော့ အိမ်တွေထဲကို မွှေနှောက်သွားကြတယ်။ သူတို့ထွက်သွားပြီး ကျွန်မတို့ ရွာထဲပြန်ရောက်ပြီး သိပ်မကြာဘူး နောက်ရက်မှာ ရေကြီးတော့တာပဲ။ ဒီတော့ ကျွန်မတို့မှာ ဘာမှ ပြင်ဆင်ချိန် မရကြဘူး”လို့ ပြောပါတယ်။
လမ်းဘေးရောက် စစ်ဘေးရှောင်ကနေ ရေဘေးရှောင်ဖြစ်ရသူတွေ
ဒီနှစ်ထဲမှာ ဆားလင်းကြီးမြို့နယ်ထဲမှာဖြစ်ပွားတဲ့ တိုက်ပွဲတွေ၊ စစ်ကြောင်းထိုး မီးရှို့ခံရတာတွေကြောင့် စစ်ဘေးရှောင်တချို့က ရွှေလှေကျေးရွာမှာ လာရောက်တိမ်းရှောင်နေကြရပါတယ်။
ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းနားက မီးရှို့ခံရတဲ့ကျေးရွာအများစုဟာ သူတို့ ရွာတွေကို မပြန်နိုင်ကြတော့ပါဘူး။ အဲဒီထဲက ထန်းကုန်းကျေးရွာကလည်း ကျေးရွာအိမ်ခြေသုံးပုံနှစ်ပုံ မီးရှို့ခံထားရပါတယ်။
ရွှေလှေကျေးရွာက ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေကြတဲ့အထဲ ထန်းကုန်းကျေးရွာထဲက စစ်ဘေးရှောင်တွေလည်းပါ ပါတယ်။ ဒါပေမဲ့ စစ်ရှောင်ရတဲ့ ဘုန်းကြီးကျောင်းတဝိုက်လည်းရေကြီးလာလို့ စစ်ဘေးကနေ ရေဘေးထပ်ရှောင်ကြရပါတယ်။
“ဘုန်းကြီးကျောင်းပါ ရေမြုပ်လို့ လွတ်ရာ ထပ်ပြေးကြရတယ်”လို့ ဆားလင်းကြီးမြို့နယ်က ရေဘေးကြုံကြတဲ့စာရင်းအချက်လက်တွေ ကောက်ယူနေသူတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
စစ်ဘေးရှောင်တာကနေ ပြန်ရောက်လာပြီး ရေဘေးထပ်ရှောင်ကြရတဲ့ အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ ရွှေလှေကျေးရွာကဒေသခံတွေဟာ ရေဘေးလွတ်တဲ့ အမြင့်ပိုင်းညောင်ပင်ကြီး- ဆားလင်းကြီးကားလမ်းဘေးမှာ အဆင်ပြေသလို နေကြရပါတယ်။
“ကိုယ်ဝန်ဆောင်တွေရော၊ ကလေးမွေးထားတာ ရက်ပိုင်း၊ လပိုင်းပဲရှိတဲ့ သားသည်အမေတွေ၊ မွေးကာစ ကလေးတွေရော မိုးမကင်း၊ လေမကင်းနေကြရတာ” လို့ ဒေါ်သန်းသန်းကြွယ်က သူမြင်တွေ့ရတဲ့ သူတို့ရွာခံတချို့ ရဲ့ အခြေအနေတွေကိုလည်း ပြောပြပါတယ်။
ဘီဘီစီကို ရွှေလှေရွာဒေသအချို့ ပေးပို့လာတဲ့ ပုံတွေထဲမှာ ရေဘေးရှောင်နေရသူတွေဟာ ကားလမ်းဘေးမှာ ဆိုင်ကယ်နဲ့ လှည်းတွေပေါ် အမိုးလုပ်ပြီး နေနေကြရတာကို တွေ့ရပါတယ်။
“မိုးကာတွေပဲ ရှိတယ်လေ၊ ထန်းလက်တွေမိုးဖို့ကလည်း အခုချိန်မှာ ခုတ်ဖို့ အဆင်မပြေဘူး” လို့ ဆားလင်းကြီးမြို့ခံတစ်ယောက်က ပြောပါတယ်။
ကျွဲ၊ နွား၊ ခွေး၊ ဝက်၊ သိုး၊ ဆိတ်စတဲ့ အိမ်မွေးတိရစ္ဆာန်တွေကလည်း ရေဘေးရှောင်တွေနဲ့အတူ လမ်းမပေါ်မှာ ရှိနေကြပါတယ်။
ဒါ့အပြင် ရေမြုပ်နေတဲ့ရွာထဲက မသန်စွမ်းကလေးရှိတဲ့ မိသားစုတွေဆိုလည်း ရေလွတ်ရာကို မပြေးနိုင်လို့ အိမ်မှာပဲ ရေလွတ်အောင် ဝါးထိုး ဆင့်ခံပြီး ဆက်နေကြရတယ်လို့ ဆိုပါတယ်။
“ကလေးတွေအဖေနဲ့အမေက ထန်းလျှော်တွေရှာပြီး တောင်းတွေရက်တယ်လေ။ တစ်နေ့လုပ် တစ်နေ့စားတွေပေါ့။ အခုလို ရေတွေထဲရောက်နေတော့ ဘယ်လိုမှ အလုပ်လုပ်လို့မရကြဘူး။ ပိုလီယိုဖြစ်နေတဲ့ ကလေးတွေကိုလည်း ရေလွတ်တဲ့နေရာကို မသယ်နိုင်ကြဘူး။ သူတို့ကလည်း တော်တော်ဒုက္ခရောက်ပါတယ်” ဆိုပြီး ဒေါ်သန်းသန်းကြွယ်က သူ့ထက်အခြေအနေဆိုးတဲ့ မသန်စွမ်းမိသားစုတွေအကြောင်းပြောပြပါတယ်။
ဒီလိုရေကြီးတာတွေက NLD အစိုးရလက်ထက်တုန်းကလည်း ရင်ဆိုင်ခဲ့ရဖူးတယ်လို့ ဒေါ်သန်းသန်းကြွယ်က ပြောပါတယ်။
“အဲဒီတုန်းက လှူတဲ့သူတွေက တဖွဲ့ပြီးတဖွဲ့၊ ထမင်းထုတ်ဆို တစ်ရက်ကို လေး/ငါးထုတ်ရတယ်၊ သောက်ရေ၊ မုန့်၊ ခေါက်ဆွဲခြောက် အစုံပဲ။ အခုတော့ လူတွေလည်းကျပ်တည်းကျတော့ထမင်းတောင် လူစေ့ မလှူနိုင်ကြတော့ဘူး။ လှူပေးနိုင်တဲ့သူတွေလည်း တော်တော်ရှားသွားတယ်” လို့ အခုကာလမှာ အကျပ်အတည်းတွေနဲ့ ပိုရင်ဆိုင်ရတဲ့အခြေအနေကို ပြောပြပါတယ်။
ဒါတွေက ဘီဘီစီက အဆက်သွယ်ရတဲ့ စစ်ဘေးရှောင်ထားရတဲ့ ကျေးရွာရဲ့ အခြေအနေဖြစ်ပြီး ဒီလိုရေနစ်မြုပ်ဒဏ် ခံနေရတဲ့ ကျေးရွာပေါင်း ၅၀ ကျော်မှာ စစ်ဘေးရှောင်ကျေးရွာ ၁၀ ရွာ ဝန်းကျင်လောက်ရှိနေတယ်လို့ စာရင်းကောက်ယူသူတွေ ဆီကနေ သိရပါတယ်။
ဧရာဝတီမြစ်ရေဟာ ဇူလိုင် ၁ ရက်ကစပြီး မြစ်ကြီးနားမြို့ကစလို့ ဗန်းမော်၊ ဝိုင်းမော်၊ ချီဖွေတို့ ရေကြီးပြီးနောက် မြစ်ရိုးတလျှောက် မြို့နယ်တွေမှာ ဆက်တိုက်ရေကြီးတာပါ။
ဇူလိုင် ၁၆ ရက်အထိ မြစ်ရေတက်ပြီး ရေကြီးရေလျှံဖြစ်လို့ နိုင်ငံတဝန်း စာသင်ကျောင်းတစ်ရာ နီးပါး ယာယီပိတ်ထားရပါတယ်။
ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်နဲ့ ဒုဌဝတီမြစ်တွေမှာ မြစ်ရေမြင့်တက်နေလို့ မြစ်ကမ်းဘေးရှိ မြို့ပေါင်း ၂၂ မြို့က စိုးရိမ်ရေမှတ်ကို ကျော်လွန်နေပါတယ်။
ဇူလိုင် တတိယပတ်မှာ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေတွေဟာ မြစ်ကြောင်းအောက်ကို စုန်ဆင်းလာနိုင်ပြီး မြို့အများစုမှာ မိုးကြီးနိုင်တာကြောင့် မြစ်ကြောင်းတလျှောက်က မြို့နယ်တွေမှာ စိုးရိမ်ရေမှတ်အထက်ကို တက်နိုင်တယ်လို့မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားပါတယ်။
ဧရာဝတီ၊ ချင်းတွင်းမြစ်ဆုံတဲ့ ရေလယ်ကျွန်းက ရေမြုပ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေ
“အရင်နှစ်တွေက ရွာတွေထဲကို ရေဝင်ပေမဲ့ ဒူးလောက်ထိပဲ။ အခုက လူတစ်ရပ်လောက်ဖြစ်အောင် ရေက တဖြည်းဖြည်း တိုးလာတာ။ ဒီနှစ်က ရေအတက်ဆုံးပဲ”လို့ ရေလယ်ကျွန်းဒေသမှာ ရေဘေးကူညီရေးလုပ်နေသူတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ဆုံတဲ့နေရာမှာရှိတဲ့ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသထဲမှာ ရေတက်နေတဲ့ ကျေးရွာပေါင်း ၅၀ ကျော်၊ ရေစကြိုမြို့ တောင်ဘက်ခြမ်းမှာ ရွာပေါင်း ၄၀ ကျော် စုစုပေါင်း ရွာ ၉၀ ကျော် ရေကြီးနစ်မြုပ်နေတယ်လို့ ရေဘေးအကူညီပေးရေးလုပ်ပေးနေသူက ပြောပါတယ်။
အခုနှစ်ရေဘေးကြောင့် လူပေါင်းထောင်ချီရေဘေးကြုံနေရပါတယ်။
အထူးသဖြင့် ရေတက်နေတဲ့ ရေလယ်ကျွန်းမှာဆိုရင် စစ်ကြောင်းထိုးခံရတဲ့ ကာလအတွင်း ကျေးရွာမီးရှို့ခံထားရလို့ အိုးအိမ်မဲ့နေသူတွေ၊ စစ်ကောင်စီတပ်စွဲနေတဲ့ ပြည်သူ့စစ်(အရပ်အခေါ် ပျူစောထီး) ရွာတွေဘက်က အန္တရာယ်တွေကြောင့် ရွာမပြန်နိုင်ဘဲ စစ်ရှောင်နေရတဲ့ ရွာပေါင်း ၂၀ ကျော်ရှိနေပါတယ်။
“နှစ်နှစ်အတွင်းမှာ ရွာကို ပြန်မရဘဲ အမြဲတမ်းစစ်ရှောင်လို ဖြစ်နေတာပေါ့၊ အခု ရေကြီးတော့ သူတို့ စစ်ရှောင်စခန်းက အဆောက်အဦ တစ်ရာလောက်နဲ့ ပစ္စည်းတွေ အကုန်ပါသွားတယ်”လို့ ရေဘေးအကူညီပေးရေးလုပ်နေသူက ဆက်ပြောပါတယ်။
လက်ရှိမှာလည်း ရေတက်နေတုန်း ဖြစ်တာကြောင့် စားသောက်ရေးအတွက်ကို ဦးစားပေး ကူညီနေရပြီး ပြန်လည်ထူထောင်ရေးအတွက်လည်း အကူညီတွေ အများကြီးလိုအပ်နေကြပါတယ်။
စိုက်ခင်းဧကပေါင်း သောင်းချီပျက်စီး
ဧရာဝတီ၊ ချင်းတွင်းအပါအဝင် မြစ်ရေတွေ ကြီးတာကြောင့် စစ်ဘေးသင့် ဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေး အပါအဝင် မြစ်၊ ချောင်းတစ်လျှောက် ကျေးရွာတွေ ရေကြီးနစ်မြုပ်သလို စိုက်ခင်းတွေလည်း ရေဝင်ပြီး ပျက်စီးပါတယ်။
မြေပဲ၊ ပဲတီစိမ်း၊ နှမ်း အပါအဝင်စိုက်ခင်းတွေ သောင်းချီပြီး ရေနစ်မြုပ်နိုင်တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနမှာတော့ ရေကြီးနစ်မြုပ်လို့ စိုက်ခင်းတွေ ပျက်စီးတာနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတာ မတွေ့ရပါဘူး။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က စစ်ဘေးသင့်ကျေးရွာတွေဖြစ်တဲ့ ကင်း၊ အထက်ကင်း၊ မိချောင်းတွင်း စတဲ့ကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၆၀ ကျော် ရေနစ်မြုပ်နေပါတယ်။
“အဓိက က ချင်းတွင်းမြစ်ကမ်းဘေးက မြေပဲ၊ ပဲစဉ်းငုံ၊ စိုက်ခင်းတွေ အကုန်ပျက်တယ်။ ပဲနုတ်ချိန်မဟုတ်သေးတော့ မနုတ်နိုင်ကြဘူးလေ။ ဒီလို ရေမြုပ်ပြီးရင် မြေပဲဆို မအောင်တော့ဘူး။ နွားစာပဲ ဖြစ်သွားမှာ”လို့ ကနီမြို့က ရေဘေးရှောင်၊ စစ်ဘေးရှောင်တွေအတွက် ကူညီပေးနေတဲ့ ကိုပြည့်အောင်နိုင်က ပြောပါတယ်။
ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာလည်း စိုက်ပျိုးထားတဲ့ ပဲဧကပေါင်း ၅ ထောင်ကျော်လောက် ရေနစ်ပျက်စီးသွားတယ်လို့ သိရပါတယ်။
“ရေတက်နိုင်တယ်ဆိုတဲ့ သတင်းတွေကြားတော့ ပဲခင်းတွေကို အချိန်မီ ရိတ်နိုင်တဲ့သူတွေရှိတယ်။ ရိတ်နေတာ အချိန်မီပေမဲ့ ပဲခင်းတွေထဲကနေ ပြန်ပြီး မသယ်နိုင်ကြသေးချိန်မှာ ရေဝင်လာတာ။ ရေတက်တာ အရမ်းမြန်တယ်။ ဒီတော့ ရိတ်ချိန်မီတဲ့သူတွေက အလုပ်သမားခပါ ရှုံးတာပေါ့”လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာ ကွမ်းခြံစိုက်ပျိုးသူတွေများသလို စိုက်ဧက တော်တော် များများလည်းရှိပါတယ်။ အခုနှစ်ရေတက်ချိန် ရေနစ်မြုပ်သွားတဲ့ ကွမ်းခြံပေါင်း ဧက တစ်ထောင်ကျော်လောက်ရှိတယ်လို့ ဆားလင်းဒေသခံ မြေပြင်စာရင်းကောက်ယူသူတွေရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။
“ကွမ်းတွေက ရေကြာကြာထိရင် နူးအိပြီး သုံးမရတော့ဘူးလေ။ ရိရွဲသွားတာ။ အခု ရေဝင်တာ ရက်ကြာတော့ ပျက်စီးသွားပြီ။ ကွမ်းစိုက်တောင်သူတွေထဲမှာ ရွာမီးရှို့ခံရလို့ စစ်ဘေးရှောင်ရင်း ကွမ်းစိုက်နေရတဲ့ တောင်သူတွေလည်း ပါတယ်။ အကုန်ဆုံးရှုံးကြပြီ”လို့ စာရင်းကောက်ယူပေးနေသူက ပြောပြပါတယ်။
ဆားလင်းကြီး၊ ရွှေလှေရွာသူ ဒေါ်သန်းသန်းကြွယ်လည်း တစ်နှစ်အတွင်း စစ်ဘေး ၆ ခါရှောင်ရင်း စားဝတ်နေရေးအတွက် စိုက်ပျိုးထားတဲ့ သူ့ရဲ့ နှမ်းနဲ့ ငရုတ်ခင်းတွေလည်း ရေနစ်မြုပ်သွားပါတယ်။
ဒါတွေအတွက် အရင်းအနှီးဘယ်လိုပြန်ရှာမလဲဆိုတဲ့ မေးခွန်းကိုတော့ “ဒီလိုပဲပေါ့ကွယ်”ဆိုပြီး ရယ်သံသဲ့သဲ့နဲ့ ပြန်ဖြေရင်း ဒေါ်သန်းသန်းကြွယ်တစ်ယောက် သက်ပြင်းချလိုက်ပါတယ်။