မိုခါကြောင့် ပျက်စီးသွားတဲ့ ထောင်နဲ့ချီတဲ့ စစ်ကိုင်းက ပဲခင်းတွေ

ပြီးခဲ့တဲ့ ရက်က ပြင်းထန်ခဲ့တဲ့ မိုခါမုန်တိုင်း ရဲ့ နောက်ဆက်တွဲ ဆုံးရှုံးမှုတွေကို စစ်ကိုင်းက ‌ပဲစိုက်တောင်သူတွေ ကြုံနေကြရပါပြီ။

မေလ ၁၂၊ ၁၃၊ ၁၄ ရက်နေ့ တွေမှာ သုံးရက်ဆက်တိုက် မပြတ်ရွာသွန်းခဲ့တဲ့ မိုးကြောင့် ဒီပဲယင်း၊ ယင်းမာပင် နဲ့ ခင်ဦးနယ်ထဲက ဒေသခံတောင်သူတွေရဲ့ စိုက်ခင်းတွေ ဧက ထောင်နဲ့ချီ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်တောင်ဘက်အခြမ်းက ကျေးရွာ ၁၆ ရွာက တောင်သူ ၉၀၀ ကျော်ရဲ့ စိုက်ခင်း ဧက ၃၀၀၀ နီးပါး ရေနစ်မြုပ် ပျက်စီးခဲ့တယ်လို့ တောင်သူတွေက ပြောပါတယ်။

အဲဒီဒေသမှာ တောင်သူတွေဟာ ပဲအပြင် နွေနှမ်းတွေ အများဆုံးစိုက်ပျိုးထားကြတာဖြစ်ပြီး ပဲတီစိမ်း နဲ့ နွေစပါးလည်း အနည်းငယ်စိုက်ပျိုးကြတယ်လို့ ဆိုပါတယ်။

“ ဒီပဲယင်း တောင်ဘက်အခြမ်း ၁၆ ရွာက နွေနှမ်းခင်း ၂၉၅၅ ဧက၊ ပဲက ၄၂ ဧက ပျက်စီးသွားတယ်။ ဒါက တောင်သူ ၉၀၀ ကျော် ရဲ့ ဆုံးရှုံးမှုပေါင်းပေါ့။ ပျက်စီးသွားတာတွေက ပဲတီစိမ်း၊ နှမ်း အများဆုံးပေါ့။ နွေစပါး လည်း ပါပေမဲ့ နည်းတယ်။ ၉၅ ရာခိုင်နှုန်း ပျက်စီးဆုံးရှုံးသွားတယ်။"လို့ ဒီပဲယင်းက ပဲစိုက် တောင်သူတစ်ဦးက ပြောပါတယ်။

ခင်ဦး မြို့နယ်ထဲမှာရှိတဲ့ ကျေးရွာပေါင်း ၅၀ ကျော်မှာလည်း ပဲတီစိမ်း ဧက ၈၀၀၀ နဲ့ ၁၀၀၀၀ ကြား ပျက်စီးခဲ့သလို လုံးဝ ပျက်စီးသွားတဲ့ ဧကက နှစ်ထောင်ကျော် သုံးထောင် နီးပါးရှိတယ်လို့သိရပါတယ်။ ကျေးရွာ တစ်ရွာတည်း နဲ့ ဧက ၁၀၀ ကျော် လောက် ပျက်စီးသွားတဲ့ကျေးရွာတွေလည်း ရှိတယ်လို့ တောင်သူတွေဆီက သိရပါတယ်။

“ ပဲတီစိမ်းက အသက်နုတယ်။ ရေတွေမြုပ်တော့ စိုက်ခင်းတွေ ပျက်စီးကုန်ကြတယ်။ လုံးဝယူလို့မရဘဲ ပျက်စီးသွားတာက တစ်မြို့နယ်လုံးအတိုင်းအတာနဲ့ဆို စိုက်ခင်း ၃၀၀၀ လောက်ရှိတယ်။ အခုပဲ ရေစုပ်စက်တွေနဲ့ ရေတွေ ပြန်စုပ်ထုတ် နေရတာ။ ပဲတီစိမ်းရာသီဆိုတော့ အားလုံးစိုက်ထားကြတာ။ အကုန်ထိတာပဲ။ ကူညီမယ့်သူတော့ မလာပါဘူး၊ မရှိသေးဘူး ” လို့ ခင်ဦးမြို့နယ်ထဲက ပဲတီစိမ်းစိုက်ထားတဲ့တောင်သူတစ်ဦးက ပြောပါတယ်။

ပဲတီစိမ်းဟာ လက်ရှိပေါက်စျေး တစ်တင်းကို ငွေကျပ် ၇၀,၀၀၀ စျေး ရှိပြီး တစ်ဧကကို တင်း ၂၀ အနည်းဆုံးထွက်တဲ့အတွက် တစ်ဧကကို ငွေကျပ် ၁၄ သိန်း ရရှိနိုင်တယ်လို့လည်း တောင်သူတွေက တွက်ပြကြပါတယ်။

ပုံမှန်ဆို နောက် ရက် ၂၀ လောက်အတွင်းမှာ ရိတ်သိမ်းပြီး ရောင်းချတာတွေ ခူးဆွတ်တာတွေ ပြုလုပ်နိုင်ပြီဖြစ်တဲ့အတွက် မုန်တိုင်းသာ ရက် ၂၀ လောက် နောက်ကျ ရင် တောင်သူတွေလည်း အားလုံးခူးဆွတ်ပြီးဖြစ်လို့ အဆုံးရှုံးလည်း နည်းပါးနိုင်တယ်လို့ တောင်သူတွေက ပြောပြကြပါတယ်။

နောက်ထပ် တောင်သူတစ်ဦးကလည်း “ ပဲတီစိမ်းကျွန်တော်ဆို ၁၁ ဧက ရှိတာ။ ၃ ဧကက လုံးဝပျက်စီးသွားတယ်။ ကောက်လို့ကို မရတော့ ဘူး ။ ၆ ဧကက သိပ်မပျက်စီးဘူး။ ၂ ဧကကတော့ တချို့တဝက်ပျက်စီးတယ်။ အဲဒီတော့ ၃ ဧက လုံးဝပျက်သွားတဲ့အတွက် သိန်း၅၀ လောက် ဆုံးရှုံးတယ်” လို့ ဆိုပါတယ်။

အလားတူပဲ ယင်းမာပင် မြို့နယ်ထဲမှာလည်း သီးနှံစုံ တွေ စိုက်ပျိုးထားကြတဲ့ ငရုတ် ခရမ်းချဉ် ၊ ခရမ်းသီး၊ ပဲတီစိမ်း၊ နှမ်း ၊ကွမ်းခြံ၊ သီးနှံ ပေါင်းစုံ ဧက ပေါင်း၇၀,၀၀၀ ဆုံးရှုံးခဲ့တယ်လို့ တောင်သူတွေရဲ့ ကောက်ယူထားတဲ့စာရင်းတွေအရ သိရပါတယ်။

ယင်းမာပင် တစ်မြို့နယ်လုံး အတိုင်းအတာနဲ့ ဆိုရင် ကျေးရွာပေါင်း ၃၀ နီးပါးက သီးနှံစုံ စိုက်ဧကပေါင်း ရဲ့ ရာခိုင်နှုန်း ၇၅ ရာခိုင်နှုန်း ပျက်စီး ခဲ့တာလို့ တောင်သူတွေက ဆိုကြပါတယ်။ ဒီလို ပျက်စီးသွားတဲ့အထဲမှာ တောင်သူတွေရဲ့ မျိုးချန်ထားတဲ့ သီးနှံမျိုးတွေပါ ပါသွားတဲ့အတွက် ထပ်မံ စိုက်ပျိုးဖို့လည်း အခက်ကြုံနေကြရတာဖြစ်ပါတယ်။

ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတစ်ရွာက တောင်သူတစ်ဦးကတော့ “ ကုန်းတွင်းပိုင်းတွေ ရေ မတင်ဖူးတာကို အခု အကုန် ရေဝင်တာ။ ၁၀ စုနှစ်တစ်စုလောက် မကြားဖူးဘူး။ ခုမှ ကြုံဖူးတာ။ ချောင်းဘေးက လယ်ယာ စိုက်ပျိုးကွက်တွေလည်း အကုန်မြုပ်တာပဲ။ နှမ်းတွေ ရိတ်ခါနီး အသီးတွေသီးပြီ? အပွင့်တွေလည်းပွင့်နေပြီ။ အခု အကုန် ပျက်သွားပြီ။”

“ပြန်စိုက်ဖို့က တောင်သူတွေမှာ မြေရှိရင် ပြန်စိုက်လို့ရပေမဲ့ မြေသြဇာတွေက စျေးကြီးလာတယ်။ အရင် တစ်အိတ် သုံးလေးသောင်းက တစ်သိန်းကျော်သွားပြီ။ စိုက်စရိတ်ကြီး တော့ ပြန်စိုက်ဖို့ ခက်ကြတယ်။ တောင်သူတွေ နောက်နှစ်စိုက်ဖို့ မျိုးယူထားတာတွေပါ ပျက်စီးကုန်တော့ ပိုဆိုးကုန်တာပေါ့” လို့ ပြောပါတယ်။

မြို့နယ်တစ်မြို့နယ်ကို စိုက်ခင်းတွေ ဧက ထောင်နဲ့ချီပျက်စီးတာတွေက တောင်သူတွေ နစ်နာရသလို စျေးကွက်ထဲက စားသုံးသူတွေအတွက်လည်း ပစ္စည်းရှားပါးတဲ့အတွက် စျေးတက်လာတာတွေနဲ့ ကြုံလာနိုင်တယ်လို့ သိရပါတယ်။

“ ပြန်စိုက်ဖို့ အကူအညီလေးရရင်တော့ အကောင်းဆုံးပေါ့။ စိုက်ဖို့ကို ဘာမှ မစနိုင်တော့တာ ဖြစ်နေတယ်။ အရင်ကတော့ ကိုယ်လည်းစား၊ ပွဲရုံလည်းသွင်းပေါ့။ အခုတော့ ပြန်ထူထောင်ဖို့တောင် မလွယ်တော့ဘူး” လို့ တောင်သူတစ်ဦးက ပြောပါတယ်။

ယင်းမာပင်မြို့နယ်ထဲမှာ တောင်ကျချောင်းရေ မြောက်ယမားချောင်းရေတွေ လျှံလာသလို မြောက်ယမား ဆည် ‌ဘောင်မြောင်း ကျိုးတာကနေလည်း ရေတွေစီးကျပြီး ဆည်အောက်က ကျေးရွာတွေကို ရေမြုပ်ပျက်စီးတာတွေ ပိုပြီး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မုန်တိုင်းဝင်ရောက်ပြီးတဲ့နောက်မှာ စစ်ကိုင်းတိုင်းအတွင်းက မြောက်ယမားချောင်းရဲ့ တောင်ဘက်နဲ့ မြောက်ဘက်က ရွာတွေမှာ အပျက်အစီးများပြားခဲ့သလို ကျွဲ၊နွား၊ ဆိတ် စတာတွေ သေဆုံးတာတွေ၊ သိုလှောင်ထားတဲ့ ပစ္စည်းတွေ ပျက်စီးတာတွေလည်း ရှိခဲ့ပြီး နေအိမ်တွေ အလုံးလိုက် ရေထဲမျောပါသွားတာတွေ ရှိသလို လူသေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတချို့က ပြောကြပါတယ်။

မိုခါ မုန်တိုင်းကြောင့် နေအိမ် ရေထဲပါသွားတဲ့ ဆားလင်းကြီး ဒေသခံတစ်ဦးကတော့ “ ကျွန်တော့် အိမ် ပါသွားတယ်။ အိမ်ပါကြသူတွေ တော်တော် များပါတယ်။ တချို့ ကျွဲ၊နွား၊ဆိတ် အကောင် ဆယ်ချီသေကြတဲ့သူတွေရှိတယ်။ အသက် ၆၀ အရွယ် တစ်ဦးဆိုရေထဲ မျောပြီး သေသွားတယ်။ ခုထိ ဘယ်သူမှလည်း အိမ်မပြန်ရဲကြသေးဘူး။ မြွေပါးကင်းပါးကြောက်ရသလို မိုင်းလည်း ကြောက်ရတယ်။ ပြီးတော့ အိမ်တွေမှာ ရွှံ့တွေ ၊ နုံးတွေ တင်နေတာကလည်း ပြန်မရှင်းနိုင်သေးတော့ မပျက်စီးသွားတဲ့နေအိမ်တွေမှာပဲ လတ်တလော နေနေရတာ။ လာကူမယ့်သူလည်း မလာပါဘူး ။ ခုထိတော့ သောက်ရေက အစ ဒုက္ခရောက်နေတုန်းပါပဲ" လို့ ပြောပါတယ်။

မုန်တိုင်းပြီးတဲ့နောက် တောင်သူတွေကိုယ်တိုင်စားသုံးဖို့နဲ့ ရောင်းချဖို့ စိုက်ပျိုးထားတဲ့ သီးနှံတွေ ပျက်စီးသွားတဲ့အပြင် သောက်သုံးရေ အခက်အခဲနဲ့ စားနပ်ရိက္ခာ အခက်အခဲကိုပါ တပါတည်း ခံစားနေကြရပြီး မုန်တိုင်းရဲ့ နောက်ဆက်တွဲ အနေနဲ့ ရေကြီးတာ ရေတိုက်စားတာ၊ မြေပြိုတာတွေကြောင့်လည်း မြေမြှုပ်မိုင်းတွေ၊ စစ်လက်ကျန် ပစ္စည်းတွေ နေရာရွေ့လျားနိုင်တဲ့အတွက် ပြည်သူတွေမှာ အပူတွေကြားထဲကမှ သတိပြု နေထိုင်နေကြရတာလည်း ဖြစ်ပါတယ်။