တရားလိုပြသက်သေကနေ အလှူရှင်သူ‌ဌေးကြီး ဖြစ်လာတဲ့ ဦး‌မောင်ဝိတ်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ လက်ဆွဲနှုတ်ဆက်နေတဲ့ ဦးမောင်ဝိတ်

ဓာတ်ပုံ ရင်းမြစ်, MRTV

ဓာတ်ပုံ ပုံစာ, စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ လက်ဆွဲနှုတ်ဆက်နေတဲ့ ဦးမောင်ဝိတ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့ စွဲဆိုခံခဲ့ရတဲ့ အဂတိမှုတွေမှာ စစ်ကောင်စီဘက်က တရားလိုပြ သက်သေထွက်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ် ပြန်လည်လွတ်မြောက်လာပြီဆိုတဲ့အကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပါတယ်။

တပ်နဲ့ နီးစပ်တဲ့ လုပ်ငန်းရှင် သူ‌ဌေးကြီးဟာ သူအိမ်ပြန်ရောက်တဲ့ အကြောင်း ဇွန် ၂၉ ရက် ည ၈ နာရီ သတင်းထုတ်လွှင့်ချိန်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ရှည်လျားလှတဲ့ မုတ်ဆိတ်ကျင်စွယ်တွေ နဲ့ အတူ အဖြူရောင်တီရှပ် ဝတ်ထားတဲ့ ပုံကိုပါ သူထောင်ကျခဲ့တဲ့ ဘဝဇာတ်ကြောင်းနဲ့ အတူ စေပိုင် ဆိုတဲ့ သူ့ရဲ့ လူမှုကွန်ရက်မှာ ဇွန် ၂၉ ရက် ည ၈ နာရီ ၅ မိနစ်မှာ ဦးမောင်ဝိတ်က တင်ခဲ့တာပါ။

အဲဒီအချိန်မှာပဲ ထုတ်လွှင့်နေတဲ့ နိုင်ငံပိုင်ရုပ်သံ ည ၈ နာရီ သတင်းမှာတော့ မုတ်ဆိတ်ကျင်စွယ်တွေ ရိတ်ထားပြီး အဖြူရောင်တိုက်ပုံနဲ့ သားနားနေတဲ့ သူ‌ဌေးကြီး ဦးမောင်ဝိတ်အဖြစ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ လက်ဆွဲနှုတ်ဆက်နေတဲ့ ပုံကို တွေ့မြင်ခဲ့ရတာပါ။

အကျဉ်းသားသူ‌ဌေးကြီးမှ အလှူရှင်သူ‌ဌေးကြီးသို့

 မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရောက် စီးပွားရေးလုပ်ငန်းရှင်တွေ

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့ တည်ဆောက်ပြီးစီးမှု အခြေအနေတွေကို စီးပွားရေးလုပ်ငန်းရှင်တွေကို ခေါ်ယူ ရှင်းလင်း

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တည်ထားကိုးကွယ်တဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့ တည်ဆောက်ပြီးစီးမှု အခြေအနေတွေကို မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ဇွန် ၂၉ ရက်က ခေါ်ယူ ရှင်းလင်းခဲ့ပါတယ်။

နေပြည်တော်မှာ ဇွန်လ ၂၉ ရက် က ပြုလုပ်တဲ့ အခမ်းအနားမှာ တစ်မနက်တည်းမှာတင် လုပ်ငန်းရှင် ၁၀၁ ဦးက ကျပ် ၁၆ ဘီလီယံကျော် အထိ လှူဒါန်းခဲ့ပြီး ဦးမောင်ဝိတ်ဟာ အဒီလုပ်ငန်းရှင် ၁၀၁ ဦးထဲက တစ်ဦးဖြစ်ပါတယ်။

ထောင်ဒဏ် ၃၃ နှစ်အထိ ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမှုတွေထဲ ဦးမောင်ဝိတ် ဆီက အမေရိကန်ဒေါ်လာ ငါးသိန်းခွဲ လာဘ်ယူတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ချမှတ်ခဲ့တဲ့ အဂတိအမှုနှစ်မှု လည်း အပါအဝင် ဖြစ်ပါတယ်။

ဦးမောင်ဝိတ်ဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် အမေရိကန်ဒေါ်လာ ငါးသိန်းခွဲကို လေးကြိမ်ခွဲလှူခဲ့တဲ့အကြောင်း ထွက်ဆိုခဲ့တာဖြစ်ပြီး စစ်ကောင်စီကတော့ ဒီအလှူဟာ ဦးမောင်ဝိတ်ရဲ့ စီးပွားရေးလုပ်ငန်းတွေအဆင်ပြေဖို့ ဒေါ်အောင်ဆန်းစုကြည်က တံစိုးလက်ဆောင်အဖြစ် လက်ခံတယ်ဆိုပြီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် မေလ တုန်းက စစ်ကောင်စီထုတ်ပြန်ခဲ့တဲ့ ဦးမောင်ဝိတ် ထွက်ဆိုချက် ဗီဒီယို

ဓာတ်ပုံ ရင်းမြစ်, MRTV

ဓာတ်ပုံ ပုံစာ, ၂၀၂၁ ခုနှစ် မေလ တုန်းက စစ်ကောင်စီထုတ်ပြန်ခဲ့တဲ့ ဦးမောင်ဝိတ် ထွက်ဆိုချက် ဗီဒီယို

ဇွန် ၂၉ ရက်မှာ အိမ်ပြန်ရောက်ကြောင်းအသိပေးတဲ့ ဦးမောင်ဝိတ်ဟာ သူထွက်ဆိုခဲ့တဲ့ အဲဒီအမှုနှစ်မှု နဲ့ ပတ်သက်တဲ့အကြောင်းအရာတချို့ကို လူမှုကွန်ရက်မှာ ရေးသားဖော်ပြလာပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ရွှေမလှူခဲ့ဖူးဘဲ ငွေလှူခဲ့တဲ့အကြောင်း နဲ့ ဒေါက်တာဇော်မြင့်မောင် ဟာ သူ့ကို “ကျမ်းဆိုတာစူးတတ်တယ်ကွ” ဆိုတဲ့စကားကို တစ်ခါမှမပြောခဲ့ဖူးတဲ့ အကြောင်း ရေးတင်ခဲ့တာပါ။

ဦးမောင်ဝိတ်ဟာ ဒေါက်တာဇော်မြင့်မောင်ကို ရုံးချိန်းတစ်ခုမှာ သက်သေထွက်ပြီးတဲ့နောက် ရှိခိုးခဲ့ပြီး ဒေါက်တာဇော်မြင့်မောင်က ‘’ကျမ်းဆိုတာစူးတတ်တယ်’’ လို့ မီဒီယာတချို့က သတင်းဖော်ပြခဲ့ဖူးတာကို သူက ပြန် တုံ့ပြန်တာ ဖြစ်ပါတယ်။

ဒီထက်ပိုပြောရင် “အိမ်ထမင်းစားမကောင်းဘူး” ဆိုတာမျိုး ဖြစ်သွားလိမ့်မယ် လို့ သူပြန်အဖမ်းခံရနိုင်တဲ့အကြောင်း ဦးမောင်ဝိတ်က တင်စားပါတယ်။

အစိုးရအဆက်ဆက် နဲ့ နီးတဲ့ သူ‌ဌေး

ဒေါ်အောင်ဆန်းစုကြည် နဲ့ အတူ တွေ့ရတဲ့ ဦးမောင်ဝိတ်

ဓာတ်ပုံ ရင်းမြစ်, Sae Paing

ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည် နဲ့ အတူ တွေ့ရတဲ့ ဦးမောင်ဝိတ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဟာ နေပြည်တော်မှာ ဦးမောင်ဝိတ် ပထမဆုံးလှူခဲ့တဲ့ အလှူတော့ မဟုတ်ပါဘူး။

NLD အစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်မှာ တည်ထားကိုးကွယ်တဲ့ ထာဝရငြိမ်းချမ်းရေးစေတီ တည်ထားကိုးကွယ်ရေးမှာ သူ့ရဲ့ စေပိုင် ကုမ္ပဏီက ပါဝင်ခဲ့တာဖြစ်ပါတယ်။

ထာဝရငြိမ်းချမ်းရေးစေတီ ထီးတင်ပွဲမှာ သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့အတူ ဦးမောင်ဝိတ်ကိုလည်း တွေ့ခဲ့ကြရပါတယ်။

နေပြည်တော်ကလာတဲ့ သတင်းတွေအရ စစ်ကောင်စီဟာ ဦးမောင်ဝိတ်ကို ထိန်းသိမ်းထားခဲ့ပြီး တရားစွဲတာမျိုးမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဦးမောင်ဝိတ်ရဲ့ ရေးသားချက်အရ သူဟာ စစ်တပ်ကအာဏာသိမ်းတဲ့ ဖေဖော်ဝါရီ လဆန်းက စလို့ အခုနှစ်ဇွန်လကုန်ပိုင်းအထိ နှစ်နှစ်ခွဲနီးပါး ထိန်းသိမ်းခံခဲ့ရတယ် လို့ ဆိုပါတယ်။

ဒါပေမဲ့ သူနဲ့နီးစပ်သူအချို့ကတော့ ဦးမောင်ဝိတ် ပြန်လည်လွတ်မြောက်ပြီး အပြင် ကို ပြန်ရောက်နေတာကြာနေပြီဖြစ်ပေမဲ့ အခုမှပဲ လူလုံးထွက်ပြတာလို့ ပြောကြပါတယ်။

‘’ သူထိန်းသိမ်းခံနေရပေမဲ့ လုပ်ငန်းတွေကတော့ ပုံမှန်လည်ပတ်နေခဲ့တယ်။ တပ်က အငြိမ်းစားတချို့လည်း သူ့ကုမ္ပဏီနဲ့ တွဲလုပ်နေကြတယ်’’ လို့ လုပ်ငန်းရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဇွန် ၂၉ ရက် ည ၈ နာရီ ၅ မိနစ်မှာ တင်ခဲ့တဲ့ ဦးမောင်ဝိတ်ရဲ့ပုံ

ဓာတ်ပုံ ရင်းမြစ်, စေပိုင်

ဓာတ်ပုံ ပုံစာ, ဇွန် ၂၉ ရက် ည ၈ နာရီ ၅ မိနစ်မှာ တင်ခဲ့တဲ့ ဦးမောင်ဝိတ်ရဲ့ပုံ

တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင် ဦးမောင်ဝိတ်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စစ်အစိုးရခေတ် ၂၀၀၈ ခုနှစ်မှာ မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ချခံခဲ့ရ၊ ၅ နှစ်ကျော်လောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးတဲ့နောက် ၂၀၁၄ ခုနှစ်မှာ ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။

ဦးမောင်ဝိတ်နဲ့ အလားတူ စစ်ကောင်စီရဲ့ တရားလိုပြသက်သေ လုပ်ခဲ့သူ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း ကိုလည်း စစ်ကောင်စီက အမှုတပ်တရားစွဲတာမရှိဘဲ ပြန်လွှတ်ပေးခဲ့ဖူးပါတယ်။