ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကမ္ဘာ့ကလပ်အသင်းများဖလားကို အသင်း ၃၂ သင်းနဲ့ တိုးချဲ့ကျင်းပမယ်လို့ဆို
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီးနိုးက လာမယ့် ၂၀၂၅ နွေရာသီက စပြီး ကမ္ဘာ့ကလပ်အသင်းများ ဖလား ပြိုင်ပွဲကို အသင်းပေါင်း ၃၂ သင်းနဲ့ တိုးချဲ့ကျင်းပသွားမယ်လို့ ပြောလိုက်ပါတယ်။ အဲဒီ ပြိုင်ပွဲကို ၄ နှစ် တကြိမ် ကျင်းပသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီပြိုင်ပွဲမှာ ကမ္ဘာပေါ်မှာ အကောင်းဆုံး အသင်းတွေကိုသာ ဖိတ်ခေါ်ပြီး ယှဉ်ပြိုင်စေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဖီဖာရဲ့ လာမယ့် ၄ နှစ်မှာ သုံးစွဲဖို့ လျာထားတဲ့ ဒေါ်လာ ၁၁ ဘီလျံ ဘတ်ဂျက်ထဲမှာတော့ ဒီပြိုင်ပွဲ အတွက် သုံးစွဲဖို့ လျာထားတာမျိုး မပါဝင်ပါဘူး။
ပရီးမီးယားလိဂ်ကတော့ ဂျီယန်နီ အင်ဖန်တီးနိုးရဲ့ အစီအစဉ်တွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ၂၀၂၁ နိုဝင်ဘာလက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ကိုပဲ ပြန်လည် ကိုးကားတုံ့ပြန်ခဲ့ပါတယ်။
အဲဒီအချိန်က ဖီဖာက အမျိုးသား ကမ္ဘာ့ဖလား ပြိုင်ပွဲတွေကို ၂ နှစ် တကြိမ် ကျင်းပမယ့် အစီအစဉ် အပါအဝင် နိုင်ငံတကာ ပွဲစဉ်တွေ တိုးချဲ့ ကျင်းပမယ့် အစီအစဉ်တွေကို ဆန့်ကျင်တဲ့ အကြောင်း ပြောထားပါတယ်။
ဖီဖာရဲ့ အဆိုပြုချက်တွေကြောင့် ဘောလုံးသမားတွေရဲ့ ကျန်းမာရေး၊ ပရိတ်သတ်တွေရဲ့ အတွေ့အကြုံ၊ ရာသီကြို ပြင်ဆင်မှုတွေနဲ့ ပြိုင်ပွဲတွေရဲ့ အရည်အသွေးတွေကို ထိခိုက်လာမှာကို ကလပ်အသင်းတွေက စိုးရိမ်တဲ့ အကြောင်းနဲ့ ပရီးမီးယားလိဂ်အနေနဲ့ ကြီးမားတဲ့ အပြောင်းအလဲတွေ လုပ်မလာစေဖို့ ဟန့်တားသွားမယ့် အကြောင်း ဖော်ပြထားပါတယ်။