ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထိုင်းမူကြိုကျောင်း တိုက်ခိုက်ခံရမှုမှာ တစ်ဦးတည်းအသက်ရှင် ကျန်ရစ်သူ သုံးနှစ်သမီးလေး အမ်မီ
လော်ရာ ဘစ်ကာ၊ ဆူချာဒါ ပွိုင်ဆက်
ဘီဘီစီ သတင်း၊ နွန်ဘူရာလမ်ဖူ၊ ထိုင်း
ထိုင်းနိုင်ငံမြောက်ပိုင်းက မူကြိုကျောင်းကို လူသတ်သမား ဝင်ပစ်တဲ့အချိန်တုန်းက အသက် ၃ နှစ် သမီးလေး အမ်မီက သူ့အခင်ဆုံး သူငယ်ချင်းရဲ့ဘေးမှာ တမှေး အိပ်နေတာပါ။
ကျောင်းထဲကို သေနတ်သမား မဝင်လာခင် အစောပိုင်းကတင် သူတို့ အတန်းက အသက် ၃ နှစ် အရွယ် ဝန်းကျင်ရှိကြတဲ့ ကလေး ၁၁ ယောက်ဟာ ပုံဆွဲတာ၊ စာရေးတာတွေ လုပ်ခဲ့ကြပါသေးတယ်။
ပြီးတော့ ထိုင်းဒေသစံတော်ချိန် မနက် ၁၀ နာရီလောက်မှာ ကလေးတွေရဲ့ ပြုံးပျော်နေကြတဲ့ ဓာတ်ပုံတွေကို ဆရာမတွေက မိဘတွေဆီကိုတောင် ပို့ပေးခဲ့ကြပါတယ်။
ဓာတ်ပုံတွေပို့ အပြီး နှစ်နာရီအကြာ ကလေးတွေ တမှေးအိပ်နေတဲ့အချိန် ရဲအရာရှိဟောင်း ပန်ညာခါရပ်က မူကြိုကျောင်းထဲဝင်လာပြီး တွေ့တဲ့လူကို သေနတ်နဲ့ပစ်တာပါ။
မျက်မြင်သက်သေတွေအပြောအရဆိုရင် သူ ကျောင်းထဲဝင်လာတဲ့အချိန် ပထမဆုံးပစ်သတ်လိုက်တဲ့သူက ရှစ်လကိုယ်ဝန် လွယ်ထားတဲ့ ဆရာမတစ်ဦးဖြစ်ပါတယ်။ သူ့ကိုပစ်ပြီးနောက် မူကြိုကျောင်းထဲမှာ ရှိတဲ့ စာသင်ခန်းသုံးခန်းထဲကို တစ်ခန်းစီဝင်ပြီး ရက်ရက်စက်စက် ပစ်သတ်ခဲ့တာပါ။
သေနတ်သမား သူတို့အခန်းထဲ ဝင်ပစ်တဲ့အချိန်က အမ်မီလေးနဲ့ သူငယ်ချင်းတွေ အိပ်နေကြတုန်း အချိန်ပါ။
အမ်မီလေး ဘယ်လို အသက်ရှင် လွတ်မြောက်လာလဲဆိုတဲ့ အချက်ကိုတော့ သေသေချာချာမသိရပါဘူး။ သူ့ကိုတွေ့တဲ့အချိန်မှာ အတန်းဖော်သူငယ်ချင်းတွေရဲ့ ဘေးမှာ သူ နိုးနေတာ တွေ့ရပါတယ်။
“သူနိုးလာတော့ သူ့ဘေးပတ်ဝန်းကျင်မှာ ဘာတွေဖြစ်သွားလဲဆိုတာ သူမသိလိုက်ဘူး” လို့ အမ်မီရဲ့ အဘိုး အသက် ၅၉ နှစ် အရွယ် ဆွမ်ဆက်ခ် ဆီရီသွန်က သူတို့နေကြတဲ့ မိသားစုအိမ်ကနေ ပြောပြပါတယ်။
“သူ့ သူငယ်ချင်းတွေ အိပ်နေကြတုန်းပဲလို့တောင် သူက ထင်နေတာ”လို့ အမ်မီရဲ့ မျက်နှာကို အဝတ်နဲ့ အုပ်ပြီး အခင်းဖြစ်တဲ့နေရာကနေ ခေါ်ထုတ်သွားတဲ့ ရဲအရာရှိက သူကြုံခဲ့ရတာကို ပြန်ရှင်းပြပါတယ်။
ထိတ်လန့်ကြောက်ရွံ့စရာကောင်းတဲ့ နေရာကနေ လွတ်တဲ့နေရာ ဒုတိယထပ်ကို ကယ်ဆယ်ရေးသမားတွေက အမ်မီကို ခေါ်သွားပါတယ်။ ပြီးတော့ အခြားအတန်း နှစ်တန်းက ကလေးတွေထဲ ဘယ်သူ အသက်ရှင်နေဦးမလဲဆိုတာ အသည်းအသန် သွားရှာကြပါတယ်။
ကြာသပတေးနေ့ကဖြစ်ပွားခဲ့တဲ့ နွန်ဘူရာလမ်ဖူ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုမှာ အသက်ရှင်ကျန်ရစ်တဲ့ ကလေးက အမ်မီ တစ်ယောက်တည်းရှိပါတယ်။
အဲဒီဖြစ်စဥ်မှာ သေနတ်သမားရဲ့ မိန်းမ၊ သေနတ်သမားရဲ့ မိန်းမဘက်ကပါလာတဲ့သားနဲ့ ကလေးငယ်၂၄ ဦး အပါအဝင် စုစုပေါင်း ၃၇ ဦး သေဆုံးခဲ့ရပါတယ်။
“သူမသေဘဲ အသက်ရှင်ကျန်ခဲ့တဲ့အတွက် အရမ်းဝမ်းသာမိတယ်။ သူ့ကိုမြင်လိုက်တဲ့အချိန်မှာ အရမ်းဖက်ထားလိုက်မိတယ်” လို့ အမ်မီရဲ့ အဖိုး ဆွမ်ဆက်ခ်က ပြောပြပါတယ်။
အခင်းဖြစ်တဲ့ အချိန်က အသက် ၃၅ နှစ်အရွယ် အမ်မီရဲ့ အမေ ပနွမ်ပိုင်ဆရီသွန် အိမ်မှာ ရှိမနေပါဘူး။ ဘန်ကောက်မှာ အလုပ်သွားလုပ်နေတာပါ။
မူကြိုက ကလေးတွေအားလုံး သေကုန်ပြီလို့ သူကြားထားတဲ့အတွက် သူ့သမီး အသက်ရှင်နေသေးလား သေသွားပြီလားဆိုတာကို အပူတပြင်း လိုက်စုံစမ်းရပါတယ်။
“နောက်ဆုံးမှာ အမ်မီနဲ့ ဗီဒီယိုကော ပြောလိုက်ရတော့မှ ကျွန်မ စိတ်အေးသွားတယ်” လို့ သူကပြောပါတယ်။
အခင်းဖြစ်ပွားခဲ့တဲ့ မြို့ငယ်လေးမှာ အသတ်ခံရတဲ့ မိသားစုတွေနဲ့အတူ ပူဆွေးဝမ်းနည်းနေကြတဲ့ အတွက် အခင်းဖြစ်ပြီး ပထမပိုင်းရက်ပိုင်းအတွင်း ဘာဖြစ်သွားလဲဆိုတာ အမ်မီကို ပြောပြဖို့ သူ့ အဖိုးအဖွားတွေ အခက်တွေ့ခဲ့ကြရပါတယ်။
သူအကြိုက်ဆုံး Hello Kitty Wellington ဘွတ်ဖိနပ်လေးကို ပေးဝတ်ပြီး ဥယျာဉ်ထဲမှာ သူနဲ့ အတူ ကစားရင်း အဖြစ်အပျက်တွေကို တဖြည်းဖြည်းချင်း ပြောပြခဲ့ရပါတယ်။
အဲဒီမှာ အမ်မီ တောက်လျှောက်မေးတာက အသက်သုံးနှစ်အရွယ် သူ့ရဲ့ အခင်ဆုံးသူငယ်ချင်း ပါတာရာဝပ် အကြောင်းပါ။
သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အရမ်းခင်ကြပြီး အိပ်တဲ့အချိန်မှာတောင် ခြေထောက်ချင်းထိပြီး အိပ်ကြတာပါ။ အမ်မီက သူ့ရဲ့ မူကြိုကျောင်းကို သဘောကျတဲ့ သူဖြစ်ပြီး သူ့ဆရာ ဆရာမတွေလို ဖြစ်ချင်တဲ့ သူတစ်ယောက်ပါ။
“နောက်ဆုံးတော့ သူ့ကျောင်းက သူငယ်ချင်းတွေအကုန်လုံးကော သူ့ဆရာပါ သေသွားပြီလို့ သူ့အဖွားကပြောလိုက်ရပါတယ်။ ပြီးတော့ မူကြိုကျောင်းကိုလည်း ပိတ်ထားလိုက်ပြီ” လို့ သူ့အမေက ရှင်းပြရပါတယ်။
"သူက နေ့တိုင်း ကျောင်းသွားချင်နေတာ။ သွားလို့ မရဘူး။ ကျောင်းပိတ်သွားပြီလို့ ကျွန်တော်တို့က ပြောပြရတယ်။ သူ့အသက်အရွယ်က သေခြင်းတရားရဲ့ သဘောတရားကို နားမလည်နိုင်ဘူးလေ"
သေသွားတဲ့သူတွေအတွက် သုံးရက်တာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ဗုဒ္ဓဘာသာ ဈာပနအခမ်းအနားတွေ အဲဒီမြို့က ဘုန်းတော်ကြီးကျောင်းတွေမှာ ပြုလုပ်ကြပါတယ်။
မူကြိုကျောင်းကို တိုက်ခိုက်ရတဲ့ သေနတ်သမားရဲ့ ရည်ရွယ်ချက် အကြောင်းရင်းကို အခုထိ အသေအချာ မသိရသေးပေမဲ့ သေနတ်သမား ပန်ညာခါရပ်ဟာ မူးယစ်ဆေးသုံးစွဲမှုကြောင့် ဇွန်လက အလုပ်က ထုတ်ပယ်ခံထားရတဲ့ သူဖြစ်တယ်ဆိုတာ ရဲတွေ ပြောပြချက်အရ သိရပါတယ်။
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းက မူကြိုကျောင်းပစ်ခတ်မှုမှာ သူတို့မိသားစုဝင်တွေပါသွားတဲ့ အတွက် ဝမ်းနည်းပူဆွေးနေကြတဲ့ မိသားစုတွေကို ထောက်ပံ့ကူညီဖို့ အဲ့ဒီမြို့ကလူတွေ ကြိုးစားနေပါတယ်။
ဒါပေမဲ့ လူအများစုမေးနေကြတဲ့မေးခွန်းတွေက လူတွေသေစေလောက်တဲ့ လက်နက်တွေ ဘာလို့လွယ်လွယ်ကူကူ ရနေတာလဲဆိုတာနဲ့ နိုင်ငံအနှံ့အပြားဖြစ်ပွားနေတဲ့ မူးယစ်ဆေးဝါး ပြဿနာတွေကိုပါ။
ကလေးတွေအတွက် လုံခြုံမှုရှိတဲ့နေရာက ဘယ်နေရာလဲလို့ မိဘတွေက မေးခွန်းထုတ်နေကြပါပြီ။
“အရမ်းဝမ်းနည်းစရာကောင်းတယ်။ ကျွန်တော်တို့ရဲ့ လုံခြုံရေးကို ခိုင်မာအောင် လုပ်ပေးပါလို့ အာဏာပိုင်တွေကို တောင်းပန်ပါတယ်” လို့ အမ်မီရဲ့ ဦးလေး ဗီရာချိုက် ဆရီသွန်းကလည်း ပြောနေပါတယ်။