အစ္စရေး-ဂါဇာစစ်ပွဲမှာ သတင်းထောက်တွေ ဘယ်လို သေဆုံးခဲ့ကြလဲ

ဓာတ်ပုံ ရင်းမြစ်, Bashar Taleb/AFP via Getty Images
- ရေးသားသူ, လေလာ ဘာရှာ အယ်လ်ကလော့
- ရာထူးတာဝန်, ဘီဘီစီ အာရေဗျဌာန
၂၀၂၃ အောက်တိုဘာ ၇ ရက်ကတည်းကစတဲ့ အစ္စရေး-ဂါဇာစစ်ပွဲအတွင်း သတင်းထောက် ၁၉၂ ဦးလောက် သေဆုံးခဲ့တယ်လို့ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ CPJ က ဖော်ပြပါတယ်။
အနည်းဆုံး ၁၇၈ ယောက်လောက်က ပါလက်စတိုင်းတွေဖြစ်ကာ အစ္စရေးလက်ချက်နဲ့ သေဆုံးခဲ့တယ်လို့ CPJ က ခန့်မှန်းပါတယ်။
အခု နောက်ဆုံးသေဆုံးသူတွေကတော့ လူသိများထင်ရှားတဲ့ အနတ်စ် အယ်လ်ရှာရစ်အပါအဝင် အယ်လ်ဂျာဇီးရားသတင်းထောက် ၅ ယောက်ဖြစ်ပြီး သြဂုတ်လ ၁၀ ရက်နေ့က ဂါဇာမြို့အနီးက အယ်လ်ရှီဖာဆေးရုံကို ပစ်မှတ်ထားတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တာပါ။
ရှရစ်နဲ့ နောက်ထပ်သတင်းထောက်ဖြစ်သူ မိုဟာမက် ခရိုင်ခီရာ၊ ကင်မရာသမားတွေ ဖြစ်တဲ့ အီဘရာ ဟင် ဇာဟာ၊ မိုဟာမတ် နူဖယ်နဲ့ မိုဟာမန် အလီဝါတို့ဟာ တိုက်ခိုက်ခံရတဲ့အချိန်တုန်းက ဆေးရုံရဲ့ အဓိကဝင်ပေါက်နားက တဲတစ်ခုထဲမှာရှိနေခဲ့တာလို့ အယ်လ်ဂျာဇီးရားက ပြောပါတယ်။ ဒီတဲက သတင်းထောက်တွေအသုံးပြုတဲ့ သီးသန့်တဲ ဖြစ်ပါတယ်။
၂ နှစ်နီးပါးရှိလာတဲ့ စစ်ပွဲအတွင်း သတင်းထောက်အချို့သတ်ဖြတ်ခံရမှုအကြောင်းတွေနဲ့ သူတို့ရဲ့ နာမည်တွေကို အခုဆောင်းပါးမှာ ဖော်ပြပေးမှာ ဖြစ်ပါတယ်။
အနတ်စ် အယ်လ်ရှာရစ် - ၂၀၂၅၊ သြဂုတ်လ ၁၀ ရက်မှာ သတ်ဖြတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, Reuters
အယ်လ်ဂျာဇီးရားသတင်းထောက် အနတ်စ် အယ်လ်ရှာရစ်နဲ့အတူ အယ်လ်ဂျာဇီးရားကပဲ နောက်ထပ်သတင်း ထောက် ၄ ဦးဟာ ဂါဇာမြို့၊ အယ်လ်ရှီဖာဆေးရုံအနီးမှာ အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာပါ။ နောက်ထပ် ၂ ဦးလည်း အဲဒီတိုက်ခိုက်မှုအတွင်းမှာပဲ သေဆုံးခဲ့ပါတယ်။
အသက် ၂၈ နှစ်အရွယ် အယ်လ်ရှာရစ်ဟာ ဗုံးကြဲခံရတဲ့နေရာတွေ ဒါမှမဟုတ် တိုက်ပွဲဖြစ်နေတဲ့နေရာတွေအနီးမှာ မြေပြင်ကနေ တိုက်ရိုက်သတင်းပေးပို့မှုတွေ မကြာခဏဆိုသလို လုပ်ဆောင်ခဲ့သူပါ။
သူဟာ ဂါဇာကမ်းမြောင်မြောက်ပိုင်းက ဂျဘာလီယာလို့ခေါ်တဲ့ လူဦးရေထူထပ်တဲ့အရပ်မှာ မွေးဖွားပြီး အယ်လ်ဂျာဇီးရားမှာ အလုပ်လုပ်တာ ၂ နှစ်ရှိပြီလို့ အယ်လ်ဂျာဇီးရားက ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရှရစ်က အိမ်ထောင်သည်ဖြစ်ပြီး အသက် ၄ နှစ်အရွယ် ရှမ်ဆိုတဲ့သမီးလေး တစ်ယောက်နဲ့ တစ်နှစ်အရွယ် ဆာလာဆိုတဲ့ သားတစ်ယောက်ရှိပါတယ်။ အစ္စရေး ထုတ်ပြန်တဲ့ ဘေးလွတ်ရာထွက်ခွာဖို့ အမိန့်ကို သူက ငြင်းဆန်ခဲ့ပြီး ဒီနယ်မြေရဲ့ မြောက်ဘက်ပိုင်းကနေ သတင်းတွေကို ဆက်လက် တင်ဆက်ခဲ့ပါတယ်။ စစ်ပွဲအတွင်း သူ့မိသားစုနဲ့ ကာလရှည်ကြာ ခွဲခွာနေရသူ ဖြစ်ပါတယ်။
၂၀၂၃ ဒီဇင်ဘာလမှာတော့ သူ့တို့မိသားစုအိမ်ကို ပစ်မှတ်ထားတဲ့ ဗုံးကြဲမှုအတွင်း သူ့ဖခင် ဂျမယ်လ် အယ်လ်ရှရစ်ကို ဆုံးရှုံးခဲ့ရပါတယ်။
X လူမှုကွန်ရက်မှာ တင်ခဲ့တဲ့ ပို့စ်တစ်ခုကတော့ သူ့မသေဆုံးခင်မှာ ရေးသားခဲ့ပုံရပြီး သူသေဆုံးတဲ့အခါမှာ သူ့ရဲ့သူငယ်ချင်းတစ်ဦးက တင်ပေးခဲ့ပုံရပါတယ်။
အဲဒီ ပို့စ်မှာ "အခုစာကိုဖတ်နေရပြီဆိုရင် အစ္စရေး ကျွန်တော့်ကိုအောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့ပြီး ကျွန်တော့်အသံကိုတိတ်ဆိတ်အောင်လုပ်ခဲ့ပြီဆိုတာ သိလိုက်ပါ" လို့ ရေးထားပါတယ်။
"အသေးစိတ်ကအစ နာကျင်ရတဲ့အခြေအနေမှာ နေထိုင်ခဲ့ရပြီး နာကျင်မှုနဲ့ ဆုံးရှုံးမှုကို ထပ်ခါထပ်ခါ မြည်းစမ်းခဲ့ရတယ်။ ဒါပေမဲ့ လိမ်လည်ပြုလုပ်ထားတာမျိုး၊ ပုံဖျက်ထားတာမျိုးတွေမပါဘဲ အမှန်တရားကို ဖော်ပြဖို့အတွက် ကျွန်တော် ဘယ်တော့မှ မတွန့်ဆုတ်ခဲ့ဘူး…။"
အစ္စရေးကာကွယ်ရေးတပ် (IDF) ကတော့ ရှရစ်ကို "ဟားမတ်စ် အကြမ်းဖက် ဆဲလ်တစ်ခုရဲ့ ခေါင်းဆောင်အဖြစ်တာဝန်ထမ်းဆောင်သူ" လို့ စွပ်စွဲပြီး ပစ်မှတ်ထားခဲ့တယ်လို့ အတည်ပြုပါတယ်။ ဒါပေမဲ့ စွပ်စွဲချက်အတွက်တော့ သက်သေအထောက်အထား အနည်းငယ်ကိုသာ ထုတ်ပြခဲ့ပါတယ်။
ရှရစ်က အဲဒီစွပ်စွဲချက်အပေါ် အရင်ကတည်းက ငြင်းဆိုထားပြီး အယ်လ်ဂျာဇီးရားနဲ့ မီဒီယာ အခွင့်အရေးအဖွဲ့တွေကလည်း အဲဒီစွပ်စွဲမှုကို ပယ်ချခဲ့ပါတယ်။
အခုပဋိပက္ခမဖြစ်ခင်တုန်းကတော့ ဂါဇာက ဟားမတ်စ်ရဲ့ မီဒီယာအဖွဲ့တစ်ခုမှာ ရှရစ်က အလုပ်လုပ်ခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ အဲဒါ မဟုတ်မှန်ကြောင်း အယ်လ်ဂျာဇီးရားက ထုတ်ပြန်ခဲ့ပါတယ်။
သူမသေဆုံးခင် တင်ခဲ့တဲ့ လူမှုကွန်ရက်က သူ့ပိုစ့်တချို့မှာဆိုရင် သူဟာ ဟားမတ်စ်ကို ဝေဖန်ပြစ်တင်တာတွေပါ ရှိခဲ့တာကို တွေ့ရပါတယ်။
မိုဟာမတ် ခရိုင်ခီရာ - ၂၀၂၅၊ သြဂုတ်လ ၁၀ ရက်

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
အယ်လ်ဂျာဇီးရားသတင်းထောက် မိုဟာမတ် ခရိုင်ခီရာဟာ သူ့ရဲ့လုပ်ဖော်ကိုက်ဖက် အနတ်စ် အယ်လ်ရှရစ်နဲ့အတူ သတ်ဖြတ်ခံခဲ့ရတာပါ။
ခရိုင်ခီရာကို ဂါဇာက ရှုဂျာရာအရပ်မှာ ၁၉၉၂ ခုနှစ်က မွေးဖွားခဲ့ပါတယ်။
ဂါဇာအစ္စလာမ္မစ်တက္ကသိုလ်ကနေ သတင်းစာနဲ့မီဒီယာပညာရပ်ဘွဲ့ကို ၂၀၁၅ ခုနှစ်က ရခဲ့သူ ဖြစ်ပါတယ်။
၂၀၂၄ ဧပြီလမှာ အယ်ရှီဖာဆေးရုံကို အစ္စရေးစစ်တပ်က မုန်တိုင်းဆင်ပြီးနောက်မှာ သူ့အမေရဲ့ ရုပ်အလောင်းကို ခရိုင်ခီရာ တွေ့ရှိခဲ့ရပါတယ်။
သူ့ရဲ့အစ်ကိုလည်း ရှုဂျာရာကို အခုနှစ်မတ်လမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက် ခံရပြီးနောက် ဆေးရုံမှာပဲ သေဆုံးခဲ့ပါတယ်။
ခရိုင်ခီရာမှာ သူ့ရဲ့ဇနီးနဲ့ ၅ နှစ်အရွယ်သမီး ဇိုင်နာတို့ ကျန်ရစ်ခဲ့ပါတယ်။
ဖာတီမာ ဟတ်ဆောင်န - ၂၀၂၅၊ ဧပြီ ၁၆ ရက်
ဓာတ်ပုံသတင်းထောက် ဖာတီမာ ဟတ်ဆောင်နဟာ ပါလက်စတိုင်းတွေရဲ့ နေ့စဥ်ဘဝ အခက်အခဲရုန်းကန်မှုတွေနဲ့ သူ့ရဲ့ဘဝအပေါ် အခြေခံရိုက်ကူးထားတဲ့ မှတ်တမ်းတင် ရုပ်ရှင်ကို ၂၀၂၅ ခုနှစ် ကန်းစ် ရုပ်ရှင်ပွဲတော်မှာ ပြသဖို့ အရွေးချယ်ခံရတယ်ဆိုတာ ကြေညာပြီး ၂၄ နာရီ အတွင်းမှာ သတ်ဖြတ်ခံခဲ့ရတာပါ။
ဟတ်ဆောင်နနဲ့အတူ မိသားစုဝင်အများအပြားဟာ ဂါဇာက သူ့ရဲ့အိမ်အပေါ်ကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတာဖြစ်ပါတယ်။
အစ္စရေးစစ်သားတွေနဲ့ အရပ်သားတွေကို တိုက်ခိုက်မှုအတွင်း ပါဝင်ခဲ့တဲ့ ဟားမတ်စ်အဖွဲ့ ဝင်တစ်ဦးအပေါ် ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တာလို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
၂၀၂၅ ကန်းစ်ရုပ်ရှင်ပွဲတော်အကဲဖြတ်ဒိုင်၊ ရုပ်ရှင်ပွဲတော်ဥက္ကဋ္ဌ ပြင်သစ်သရုပ်ဆောင် ဂျူလီယက် ဘနို့ချ်ကတော့ သူ့ကို အောက်မေ့ဂုဏ်ပြုခဲ့ပါတယ်။
"ဖာတီမာက ကျွန်မတို့နဲ့ ဒီညမှာ အတူရှိနေခဲ့သင့်တာ။ အနုပညာက ကြာရှည်ခံပါတယ်။ ဒါက ကျွန်မတို့ ဘဝတွေနဲ့ အိပ်မက်တွေရဲ့ အစွမ်းထက်တဲ့ သက်သေခံချက် တစ်ခုဖြစ်တယ်" လို့ သူက ပြောပါတယ်။
အာမက် မန်ဆာ - ၂၀၂၅ ဧပြီ ၇ ရက်
အာမက် မန်ဆာဟာ ဒေသခံသတင်းအေဂျင်စီဖြစ်တဲ့ Palestine Today က သတင်း ထောက်တစ်ဦးဖြစ်ပြီး မီဒီယာသမားတွေနဲ့အတူ အလုပ်လုပ်ကိုင်နေစဉ် အစ္စရေးရဲ့ လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပါတယ်။
တဲကို တိုက်ခိုက်မှုကြောင့် နောက်ထပ်သတင်းထောက်တွေဖြစ်တဲ့ ဟယ်လ်မီ အယ်လ်ဖကာဝီ နဲ့ ယူစဖ် အယ်လ်ကာဇင်ဒါတို့လည်း သေဆုံးခဲ့သလို အခြားသတင်း ထောက် ၉ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။
သတင်းထောက်တွေအပေါ် "ကြောက်မက် ဖွယ်နဲ့ အရုပ်ဆိုးအကျည်းတန်တဲ့ အစုလိုက်သတ်ဖြတ်မှု" လို့ ပါလက်စတိုင်းသတင်းထောက်များအဖွဲ့က ဖော်ပြကာ ပြစ်တင်ရှုတ်ချခဲ့ပါ တယ်။
အစ္စရေးကာကွယ်တပ်ကတော့ အလွတ်တန်းဓာတ်ပုံသတင်းထောက် ဟတ်စ်ဆန် အက်စ်လီဟာ "၂၀၂၃၊ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်နဲ့အတူ ရှိခဲ့"တဲ့အတွက် သူ့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
အက်စ်လီဟာ ဧပြီ ၇ ရက်နေ့ တိုက်ခိုက်မှုအတွင်းမှာ ဒဏ်ရာရခဲ့ပြီး အကြမ်းဖက်သမား တစ်ယောက်ဖြစ်ကာ "အစုလိုက်သတ်ဖြတ်မှုမှာ ပါဝင်ခဲ့သူ"လို့ IDF က ပြောပါတယ်။
ဟားမတ်စ် အုပ်ချုပ်တဲ့ အစိုးရမီဒီယာရုံးရဲ့ ဒါရိုက်တာ အစ္စမေးလ် အယ်လ်သဝက်ဘ်တာကတော့ အစ္စရေးရဲ့စွပ်စွဲချက်တွေဟာ 'မှားယွင်း'နေတယ်လို့ ပြောပြီး အက်စ်လီဟာ နိုင်ငံရေးနဲ့ နှီးနွှယ်မှုမရှိဘူးလို့ ပြောပါတယ်။
ဖိုင်ဆယ် အဘူ အယ်လ်ကွမ်ဆန်၊ အေမန် အယ်လ်ဂျဒီ၊ အီဘရာဟင် အယ်လ်ရှိုတ်ခါလီလ်၊ ဖဒီ ဟတ်ဆောင်နနဲ့ မိုဟာမက် အယ်လ်လာဒက် - ၂၀၂၄ ဒီဇင်ဘာ ၂၆
အယ်လ်ကွဒ်စ် အယ်လ်ယွမ် တီဗီလိုင်းက ပါလက်စတိုင်းသတင်းထောက် ၅ ဦးလည်း ဂါဇာကမ်းမြောင်အလယ်ပိုင်းက နူဆိုင်ရတ်ဒုက္ခသည်စခန်းအတွင်း သူတို့သတင်းဌာနရဲ့ ရုပ်သံလွှင့်ကားကို အစ္စရေးက ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တာပါ။
အဲဒီကားကို အစ္စရေးတိုက်လေယာဥ်က ပစ်ခတ်တဲ့ မစ်ဆိုင်းဒုံးကျည် တိုက်ရိုက်ထိမှန်ခဲ့တာလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ အဲဒီကားဟာ အယ်လ်အောဒါဆေးရုံမှာ ရပ်နားထားတာဖြစ်ပြီး ပစ်ခတ်မှုကြောင့် ကားပေါ်ကလူတွေ သေဆုံးပြီး ကားလည်း ပျက်စီးခဲ့ပါတယ်။
ပါလက်စတိုင်းမီဒီယာနဲ့ ပြည်တွင်းသတင်းထောက်တွေရဲ့အဆိုအရ အဲဒီယာဥ်မှာ သတင်းမီဒီယာယာဥ်ဆိုတာညွှန်ပြတဲ့ အမှတ်အသား ရှိသလို နူဆိုင်ရတ်ဒုက္ခသည်စခန်းနဲ့ ဆေးရုံရဲ့ အခြေအနေကို သတင်းယူနေတဲ့ သတင်းထောက်တွေအသုံးပြုတဲ့ကားဆိုတာ ဖော်ပြတဲ့ အမှတ်အသားရှိတယ်လို့ ပြောကြပါတယ်။
"အစ္စလာမ္မစ်ဂျီဟတ်လှုပ်ရှားမှု အဖွဲ့ဝင်တွေ ရှိနေတဲ့" ယာဥ်ကို "ပစ်မှတ်ထားတဲ့ ပုံစံနဲ့" လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
အီဗရာဟင် မူဟာရတ် - ၂၀၂၄ သြဂုတ်လ ၁၈
အလွတ်တန်းသတင်းထောက် အီဗရာဟင် မူဟာရတ်ဟာ ဒေသသတင်းစာဖြစ်တဲ့ အယ်လ်ဟဒတ် အပါအဝင် သတင်းအေဂျင်စီအများအပြားမှာ အလုပ်လုပ်ခဲ့သူဖြစ်တယ်လို့ CPJ က ပြောပါတယ်။
ခန်းယူနစ်မြောက်ပိုင်းမှာ အစ္စရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုခံရပြီး ဒဏ်ရာရခဲ့သူပါ။
သူဟာ အသက် ၂၆ နှစ်ပဲ ရှိပါသေးတယ်။ သူနဲ့ အဆက်အသွယ်ပြတ်တောက်ခဲ့ပြီး နောက်နေ့မနက်မှာ သူ့ရဲ့ရုပ်အလောင်းကို တွေ့ခဲ့ရပါတယ်။
အစ္စရေးကာကွယ်ရေးတပ်ရဲ့ သြဂုတ်လ ၂၈ ရက်နေ့ ရက်စွဲတပ်ထားတဲ့ စာထဲမှာတော့ "အဲဒီဖြစ်စဥ်ကို မသိရှိဘူး" လို့ CPJ ကို ပြောခဲ့ပါတယ်။
သေဆုံးမှုအတွက် "ပြည့်စုံပြီး ပွင့်လင်းတဲ့စုံစမ်းမှုလုပ်ဖို့" ကုလသမဂ္ဂ ယူနက်စကိုရဲ့ ညွှန်ကြားရေးမှူးချုပ် အော်ဒရီ အဇူလေးက တောင်းဆိုခဲ့သလို မူဟာရတ် အသတ်ခံရမှုအတွက် ရှုတ်ချခဲ့ပါတယ်။
"ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၂၂၂၂/၂၀၁၅ ကိုလေးစားလိုက်နာဖို့ ကျွန်တော် ထပ်လောင်းတောင်းဆိုပါတယ်။ အဲဒီမှာ သတင်းထောက်တွေ၊ ပဋိပက္ခကို သတင်းယူနေတဲ့ သတင်းမီဒီယာအလုပ်လုပ်ကိုင်နေသူတွေ၊ နောက်ပြီး အရပ်သားထဲက သူတို့နဲ့ဆက်စပ်သက်ဆိုင်တဲ့သူတွေကို အကာအကွယ်ပေးဖို့ ထပ်လောင်း တိုက်တွန်းပါတယ်။"
အစ္စမေးလ် အယ်လ်ဂျိုလ် နဲ့ ရာမီ အယ်လ်ရီဖီ - ၂၀၂၄ ဇူလိုင် ၃၁
ဂါဇာမြို့တွင်း သူ ကားထဲမှာ ရှိနေစဉ် ပစ်မှတ်ထားသတ်ဖြတ်ခံရပြီးနောက် အယ်လ်ဂျာဇီးရား သတင်းထောက် အစ္စမေး အယ်လ်ဂျိုလ်ရဲ့ ခေါင်းပြတ်နေတဲ့ အလောင်းကိုပြတဲ့ ဗီဒီယိုတစ်ခု ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။
သူ့ရဲ့ ကင်မရာသမား ရာမီ အယ်လ်ရီဖီ နဲ့ စက်ဘီးပေါ်က ကလေးတစ်ယောက်ဖြစ်တဲ့ ခါလီ အယ်လ်ရှာဝါလည်း သတ်ဖြတ်ခံခဲ့ရပါတယ်။
အစ္စမေးလ် အယ်လ်ဂျိုလ်ဟာ "ဟားမတ်စ်စစ်တပ်အတွက် အလုပ်လုပ်သူဖြစ်ပြီး နုကဘာ အကြမ်းဖက်သမား" တစ်ယောက်လို့ အစ္စရေးစစ်တပ်က ဖော်ညွှန်းခဲ့ပါတယ်။ နုကဘာဆိုတာ ဟားမတ်စ်လက်နက်ကိုင်တပ်ဖွဲ့အတွင်းက အထူးတပ်ဖွဲ့ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။
အစ္စရေးထုတ်ပြန်ချက်ထဲမှာ ရမီ အယ်လ်ရီဖီရဲ့နာမည်ကိုတော့ ထည့်သွင်းမထားပါဘူး။
အယ်လ်ဂျာဇီးရားကတော့ အယ်ဂျိုလ်အပေါ် စွပ်စွဲချက်တွေကို "အချက်အလက်မဲ့" ပြီး "အစ္စရေးရဲ့ ဟိုးအရင်ကတည်းကလုပ်ခဲ့တဲ့ သမိုင်းနဲ့ချီတဲ့ လုပ်ဇတ်ခင်းတာတွေအပြင် ရက်စက်တဲ့ပြစ်မှုတွေကို ဖုံးကွယ်ဖို့သုံးတဲ့ အချက်အလက်အမှားတွေ"လို့ ပြောခဲ့ပါတယ်။
ဟမ်ဇာ အယ်လ်ဒါဒိုစ့် -၂၀၂၄ ဇန်နဝါရီလ ၇

ဓာတ်ပုံ ရင်းမြစ်, @hamzadah1996 on X
အယ်လ်ဂျာဇီးရားသတင်းထောက် ဟမ်ဇာ အယ်လ်ဒါဒို့စ်နဲ့ ကင်မရာသမားတို့ဟာ အခြား သတင်းထောက်တွေနဲ့အတူ ခန်းယူနစ်ကနေ ရာဖာကို ခရီးသွားခဲ့တဲ့အချိန်မှာ အစ္စရေး ဘက်က ဒရုန်းတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။
အလွတ်တန်းသတင်းထောက် မူစတာဖာ သူရယလည်း အဲဒီတိုက်ခိုက်ခံရမှုအတွင်းမှာပဲ သေဆုံးခဲ့ပါတယ်။
"ဂါဇာအခြေစိုက် အကြမ်းဖက်အဖွဲ့တွေရဲ့ အဖွဲ့ဝင်" တွေဖြစ်တယ်လို့ အစ္စရေးစစ်တပ်က နောက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဟမ်ဇာဟာ ဂါဇာကမ်းမြောင်ဒေသက အယ်လ်ဂျာဇီးရား ရုံးခွဲ အကြီးအကဲ ဝါလ် အယ်လ်ဒါဒိုစ့်ရဲ့ အကြီးဆုံးသားဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာနှောင်းပိုင်းတုန်းက ဝါလ် အယ်လ်ဒါဒို့စ် သတင်းပို့နေတဲ့အချိန်မှာပဲ သူ့အမျိုးသမီး၊ သမီး၊ သားနဲ့ မြေးတို့ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တယ်ဆိုတဲ့ သတင်း တိုက်ရိုက်ထုတ်လွှင့်မှုကို သူကြားခဲ့တာပါ။
ဒီဇင်ဘာလမှာတော့ ဝါလ် အယ်လ်ဒါဒိုစ့်ဟာ တိုက်ခိုက်ခံရမှုတစ်ခုကြောင့် ထိခိုက်ဒဏ်ရာရခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်းမှာပဲ အယ်လ်ဂျာဇီးရား ကင်မရာသမား ဆမား အဘူ ဒစ်ကာ သေဆုံးခဲ့ပါတယ်။
ဆမား အဘူ ဒစ်ကာ - ၂၀၂၃ ဒီဇင်ဘာ ၁၅

ဓာတ်ပုံ ရင်းမြစ်, Al Jazeera
ဂါဇာတောင်ပိုင်း ခန်းယူနစ်က ကျောင်းတစ်ကျောင်းကို အစ္စရေးတို့က ဗုံးကြဲပြီးနောက် မြင်ရတဲ့အခြေအနေကို သတင်းယူနေတဲ့အချိန် အယ်လ်ဂျာဇီးရားရဲ့ ကင်မရာသမား ဆမား အဘူ ဒစ်ကာဟာ အစ္စရေး ဒရုန်းတိုက်ခိုက်မှုတစ်ခုအတွင်း ဒဏ်ရာရရှိပြီးနောက်မှာ သေဆုံးခဲ့တာပါ။
ကြီးမားတဲ့ဗုံးကြဲမှုတစ်ခုကြောင့် ဆေးဝန်ထမ်းတွေ သူ့ဆီ မရောက်နိုင်တော့ဘဲ ကင်မရာသမား ဆမား အဘူ ဒစ်ကာဟာ သွေးထွက်လွန်ပြီး သေဆုံးခဲ့တယ်လို့ အယ်လ်ဂျာဇီးရားက ပြောပါတယ်။
အဘူ ဒစ်ကာကို ကူညီဖို့ အရေးပေါ်လူနာတင်ကားစေလွှတ်ခဲ့ပေမဲ့ "လမ်းပျက်စီးတာတွေနဲ့ ကြုံခဲ့ရပြီး""အဲဒီဖြစ်တဲ့နေရာကို အချိန်မီ မရောက်နိုင်ခဲ့ဘူး" လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က CNN ကို ပြောတဲ့ ထုတ်ပြန်ချက်မှာ ပြောခဲ့ပါတယ်။
"မနေ့ကပဲ ကျွန်မဆီကိုလာပြီး နှုတ်ဆက်သွားသေးတယ်။ သူဆာဆာလောင်လောင်နဲ့ သေခဲ့ရတာ" လို့ သူ့သေဆုံးမှုနဲ့ ပတ်သက်ပြီး အဘူ ဒစ်ကာရဲ့အမေက သတင်းထောက် တွေကို ပြောပါတယ်။
သူ့ရဲ့သား ဇိုင်ယန်ကလည်း "ဘုရားသခင် သင့်အပေါ် ကောင်းချီးပေးပါစေ အဖေ။ အဖေဟာ ဘယ်သူ့ကိုမဆို ကြင်နာတဲ့စိတ် ထားရှိသူပါ။ ကိုယ့်သားသမီးတွေကို သူငယ်ချင်းလိုပဲ ဆက်ဆံတဲ့အဖေပါ။ လူတိုင်းက သူ့ကိုချစ်ပါတယ်။ အဖေ့ကို ဆုံးရှုံးရတာက ကျွန်တော်တို့ရဲ့ နှလုံးသား ကြေကွဲရပါတယ်" လို့ ရေးသားခဲ့ပါတယ်။
ရွိုင်အီဒန် - ၂၀၂၃ အောက်တိုဘာ ၇

ဓာတ်ပုံ ရင်းမြစ်, October 7 Memorial
အစ္စရေးသတင်းစာ ဝိုင်နက်ရဲ့ ဓာတ်ပုံဆရာ ရွိုင်အီဒန်ဟာ အောက်တိုဘာ ၇ ရက် ကတည်းက ပျောက်ဆုံးခဲ့တယ်လို့ အစီရင်ခံခဲ့ပါတယ်။ ဟားမတ်စ်က ကစ်ဘွတ်ဇ် ကဖာ အဇာကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ဖြစ်ပါတယ်။
၂၀၂၃ အောက်တိုဘာ ၂၀ ရက်မှာတော့ သူရဲ့ ရုပ်အလောင်းကို ပြန်ရှာတွေ့ခဲ့ပြီးနောက် သူ့သေဆုံးမှုကို အတည်ပြုနိုင်ခဲ့ပါတယ်။
သူ့ရဲ့သမီးတစ်ယောက်ဖြစ်တဲ့ အဗီဂဲလ် အီဒန်ကို ဟားမတ်စ်တွေက ပြန်ပေးဆွဲခဲ့ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ ပြန်လွတ်လာပါတယ်။
အဲဒီနေ့က အီဒန် အလုပ်လုပ်နေတဲ့ အချိန်မှာပဲ သူတို့မိသားစု အတိုက်ခိုက်ခံခဲ့ရတာလို့ CPJ က အတည်ပြုပါတယ်။
အီဒန်သေဆုံးမှုအပေါ် ယူနက်စကိုရဲ့ ညွှန်ကြားရေးမှူးချုပ် အူဒရိုင် အဇူလေးက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
"ဓာတ်ပုံသတင်းထောက်တွေရဲ့အလုပ်က ကပ်ဘေးတွေနဲ့ ပဋိပက္ခတွေကို မှတ်တမ်း တင်ပြီး လူမှုအသိုက်အဝန်းတွေကို အကူအညီပေးရာမှာ အရေးကြီးပါတယ်။ အဲဒါဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေအတွက် တာဝန်ရှိသူတွေ တာဝန်ခံစေဖို့ အဓိကအချက်လည်း ဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။
"လုံးဝပြီးပြည့်စုံတဲ့ စုံစမ်းစစ်ဆေးမှုကိုပြုလုပ်ပြီး ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ကာ တရားမျှတမှုကိုဖော်ဆောင်ဖို့ အာဏာပိုင်တွေကို ကျွန်မ တောင်းဆိုပါတယ်။''
ရနီဗ် ဇိုဟာ - ၂၀၂၃ အောက်တိုဘာ ၇
ရနီဗ် ဇိုဟာဟာ ဟီဘရူးသတင်းစာ ဟာရွမ်ရဲ့ ဓာတ်ပုံဆရာဖြစ်ပြီး သူ့အမျိုးသမီး၊ သူ့သမီး ၂ ယောက်နဲ့အတူ အစ္စရေးတောင်ပိုင်း ကစ်ဘွတ်ဇ် နဟယ် အောဇ့်ကို ဟားမတ်စ်တိုက်ခိုက်ခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့မှာ အသတ်ခံခဲ့ရတာပါ။
တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီးတော့ သတင်းယူဖို့ အိမ်ကနေထွက်သွားခဲ့တာ အဲဒီမှာသူ အသတ်ခံခဲ့ရတယ်လို့ ဟာရွမ်ရဲ့ အယ်ဒီတာချုပ် အိုမာ လက်ချ်မာနိုဗစ်ချ်က CPJ ကိုပြောပါတယ်။
ဇိုဟာက AP သတင်းဌာန အစ္စရေးဗျူရိုမှာ ၂၀၀၅ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ ၁၅ နှစ်ကြာလုပ်ခဲ့ပြီးနောက် ဟာရွမ်မှာ အလုပ်လုပ်ခဲ့တာပါ။ မျိုးစုံလှတဲ့ အကြောင်းအရာ တွေကို သတင်းရေးသားခဲ့သူပါ။ အစ္စရေးက ဂါဇာကနေ ဆုတ်ခွာခဲ့တဲ့ ၂၀၀၅ ခုနှစ်က အကြောင်း၊ နောက်နှစ်မှာပဲ အစ္စရေးစစ်သား ဂီလတ် ရှာလစ်ကို ပါလက်စတိုင်းလက်နက်ကိုင်တွေက ပြန်ပေးဆွဲတဲ့အမှု စတာတွေလည်း အပါအဝင်ပါ။
လူ ၁၂၀၀ သေဆုံးခဲ့ပြီး ၂၅၁ ယောက်ဟာ ဓားစာခံအဖြစ် ခေါ်ဆောင်ခံခဲ့ရတဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းကို ဟားမတ်စ်ဦးဆောင်တဲ့ တိုက်ခိုက်မှု အပေါ် တုံ့ပြန်တဲ့ ထိုးစစ်ကို အစ္စရေးက စတင်ခဲ့ပါတယ်။ အစ္စရေးစစ်တပ်ရဲ့ စစ်ဆင်ရေး စကတည်းက ဂါဇာအတွင်းက လူပေါင်း ၆၁,၀၀၀ သေဆုံးခဲ့တယ်လို့ ဟားမတ်စ် အုပ်ချုပ်တဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။












