နိုင်ငံရေးခေါင်းဆောင်အဖြစ် ကမ္ဘာကလက်ခံလိုက်တဲ့ တိုက်ခိုက်ရေးသမားတွေ

အကြမ်းဖက်သမားလို့ တံဆိပ်ကပ်ခံထားရသော်လည်း တရားဝင်နိုင်ငံရေးခေါင်းဆောင်အဖြစ် ခံယူထားသူများထဲမှ တစ်ဦးဖြစ်တဲ့ အာမတ်အယ်ရှာယာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အကြမ်းဖက်သမားလို့ တံဆိပ်ကပ်ခံထားရသော်လည်း တရားဝင်နိုင်ငံရေးခေါင်းဆောင်အဖြစ် ခံယူထားသူများထဲမှ တစ်ဦးဖြစ်တဲ့ အာမက် အယ်လ်ရှာရာ
    • ရေးသားသူ, ဂျယ်ရမီ ဟောင်းဝဲ
    • ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတလွှား

အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ တူရကီတို့အပါအဝင် နိုင်ငံအများအပြားက ဆီရီးယားရဲ့ လက်ရှိနိုင်ငံရေးခေါင်းဆောင်ဖြစ်သူ အာမက် အယ်လ်ရှာရာနဲ့ သံခင်းတမန်ခင်း ဆက်ဆံ ဆောင်ရွက်နေပြီဖြစ်ပါတယ်။

အာမက် အယ်လ်ရှာရာ ဦးဆောင်တဲ့ အစ္စလာမ္မစ် Hayat Tahrir al-Shams (HTS) လက်နက်ကိုင်အဖွဲ့ ဟာ အရင်အချိန်တွေတုန်းက အယ်လ်ကိုင်းဒါးနဲ့ ပတ်သက်ဆက်နွယ်မှုရှိတယ်ဆိုကာ အကြမ်းဖက်အဖွဲ့ အဖြစ် နိုင်ငံအတော်အများအပြားက သတ်မှတ်ထားခဲ့တာပါ။

အာမက် အယ်လ်ရှာရာ(အရင်နာမည် အဘူမိုဟာမတ်အယ်ဂျိုလနီ)ကို ဖမ်းနိုင်တဲ့သူကို အမေရိကန် ဒေါ်လာ ၁၀ သန်းဆုချမယ်လို့တောင် ဆုကြေး ထုတ်ခဲ့တာပါ။

အမေရိကန်က သူကိုယ်တိုင်ထုတ်ပြန်ထားတဲ့ အဲဒီကြေညာချက်ကို မကြာခင်ကပဲ ပယ်ဖျက်လိုက်ပါတယ်။ သူဟာ အကြမ်းဖက်သမားလို့ တံဆိပ်ကပ်ခံထားရပေမဲ့ တရားဝင်နိုင်ငံရေး ခေါင်းဆောင်တွေထဲက တစ်ဦးအဖြစ်ခံယူထားတဲ့သူ ဖြစ်လာပါတယ်။

ကမ္ဘာအနှံ့က သူ့လို လူ ၄ ဦးအကြောင်းကိုလည်း စေ့ငုထားပါတယ်။

မနာဟင် ဘီဂင်း - အမျိုးသားစစ်တပ်ခေါင်းဆောင်မှ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်

အီဂျစ်နိုင်ငံရောက် မနာခမ် ဘီကင်း နှင့် အမေရိကန်သမ္မတ ဂျင်မီကာတာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မနာဟင် ဘီဂင်းနဲ့ အမေရိကန်သမ္မတ ဂျင်မီကာတာ

မနာဟင် ဘီဂင်းက အစ္စရေးဝန်ကြီးချုပ်ဟောင်းတစ်ဦးဖြစ်ပြီး အီဂျစ်နဲ့ အစ္စရေးအကြား နှစ်ပေါင်း ၃၀ ကြာ ပဋိပက္ခကို အဆုံးသတ်နိုင်ခဲ့တဲ့ငြိမ်းချမ်းရေးစာချုပ်ကို အီဂျစ် သမ္မတ အန်ဝါ ဆဒက်နဲ့ ၁၉၇၈ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့သူ ဖြစ်ပါတယ်။

အဲဒီစာချုပ်ကို ကမ့်ဒေးဗစ် (Camp David) သဘောတူညီချက်လို့ လူသိများကြပြီး ၂ ဦးစလုံးလည်း ငြိမ်းချမ်းရေးနိုဘယ်ဆုတွေရရှိခဲ့ကြပါတယ်။

ဒါပေမဲ့ သူဟာ ခေတ်သစ်အစ္စရေး နိုင်ငံတော် မထူထောင်ခင် အချိန်တုန်းက အာဂွန်း (Irgun) ဆိုတဲ့ ဂျူးလက်နက်ကိုင်အဖွဲ့ကို ဦးဆောင်ခဲ့သူဖြစ်ပြီး အဲဒီအဖွဲ့ဟာ ဗြိတိသျှအာဏာပိုင်တွေကိုရော၊ ပါလက်စတိုင်းမှာရှိတဲ့ အာရပ်တွေကိုပါ တိုက်ခိုက်ခဲ့ပါတယ်။

၁၉၁၃ ခုနှစ်၊ ရုရှားအင်ပါယာအတွင်း မွေးဖွားခဲ့ပြီး ဥပဒေပညာကို ပိုလန်မှာသင်ကြားခဲ့တဲ့သူဟာ ဂျူးလူငယ်လှုပ်ရှားမှုမှာပါဝင်ခဲ့ပါတယ်။

ဗြိတိသျှလက်အောက်ခံ ပါလက်စတိုင်းမှာ အစ္စရေး အမျိုးသားတပ်မတော် Zwai Leumi ရဲ့ ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗြိတိသျှလက်အောက်ခံ ပါလက်စတိုင်းမှာ အစ္စရေး အမျိုးသားတပ်မတော် Zwai Leumi ရဲ့ ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်

ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ ဆိုဗီယက်တပ်တွေရဲ့ ဖမ်းဆီးခြင်းကိုခံရပြီး ဂျာမန်တွေကို တိုက်ခိုက်ဖို့ ပိုလန်စစ်တပ်ထဲ အပို့ခံရပါတယ်။ အဲဒီနောက် တပ်က ထွက်ပြီး ဂျေရုစလင်ကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ အဲဒီနောက်တော့ ဗြိတိသျှလက်အောက်ခံ ပါလက်စတိုင်းမှာ အစ္စရေး အမျိုးသားတပ်မတော် Zwai Leumi ရဲ့ ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။

အာဂွန်း (Irgun) ဟာ ဂျေရုစလင်မှာ ရှိတဲ့ ကင်းဒေးဗစ် ဟိုတယ်ကို ဗုံးခွဲလို့ လူ ၉၁ ယောက်သေ ဆုံးခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်မှာတော့ ဂျေရုစလင်အနီး ဒယ်ယာယက်ဆင်မြို့ထဲ ကပါလက်စလိုင်းအများအပြားကို သတ်ဖြတ်မှုမှာလည်း သူတို့အဖွဲ့ ပါဝင်ခဲ့ပါတယ်။

ဒါဟာ အစ္စရေး နိုင်ငံမထူထောင်ခင် ပါလက်စတိုင်းကနေ အာရပ်များအစုလိုက်အပြုံလိုက် ထွက်ခွာဖို့အတွက် အရှိန် မြှင့်ပေးခဲ့မှုလည်း ဖြစ်လာပါတယ်။

နိုဗယ်ငြိမ်းချမ်းရေးဆုရှင်အဖြစ် ဆယ်စုနှစ် ၃ ခုအကြာရပ်တည်ခဲ့ပြီးနောက်တော့ ဗြိတိသျှ အာဏာပိုင်တွေက အကြမ်းဖက်သမားအဖြစ်သတ်မှတ်ပြီး သူ့ကိုဖမ်းနိုင်ဖို့ ဒေါ်လာ ၅၀,၀၀၀ ဆုငွေထုတ်ခဲ့ပါသေးတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗြိတိသျှ အာဏာပိုင်တွေက သူ့ကို အကြမ်းဖက်သမားအဖြစ်သတ်မှတ်ပြီး သူ့ကို ဖမ်းပေးရင် ဆုကြေး ဒေါ်လာ ၅၀,၀၀၀ ပေးမယ်လို့ဆိုပြီး ဆုကြေးထုတ်ခဲ့

အစ္စရေးနိုင်ငံပေါ်ပေါက်လာပြီးနောက် ၁၉၄၈ ခုနှစ်၊ မေလမှာတော့ ဘီဂင်းဟာ လက်ယာယိမ်း ဟီရွတ်ပါတီ ခေါင်းဆောင်ဖြစ်လာပါတယ်။ ၁၉၇၇ ခုနှစ်မှာတော့ အစ္စရေးရဲ့ပထမဆုံးဝန်ကြီးချုပ်လာသလို လီကွတ်မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်လည်း ဖြစ်လာပါတယ်။ အဲဒီနှစ်ထဲမှာပဲ အီဂျစ်သမ္မတ အန်ဝါ ဆာဒတ်နဲ့ ဘီဂင်းက ငြိမ်းချမ်းရေးစကား စပြောခဲ့တာပါ။

အဲဒီလိုနှစ်ဖက်ပြောဆိုပြီးနောက် ၁၉၇၈ ခုနှစ်မှာတော့ Camp David သဘောတူညီချက်ကို ရရှိလာသလို၊ အီဂျစ်ဟာလည်း အာရပ်နိုင်ငံတွေထဲ အစ္စရေးကို ပထမဆုံးအသိအမှတ်ပြုတဲ့ နိုင်ငံဖြစ်လာပါတယ်။

ဘီဂင်း(ဝဲဘက်)၁၉၇၈ ခုနှစ် ဆုလက်ခံရယူစဥ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နိုဘယ်ငြိမ်းချမ်းရေးဆုယူဖို့ နော်ဝေးနိုင်ငံမြို့တော် အော်စလိုကို ဘီဂင်း သွားရောက်တဲ့အခါမှာတော့ သူရဲ့ အကြမ်းဖက်မှုတွေအပေါ် ဆန့်ကျင်ဆန္ဒပြတာတွေ ထွက်ပေါ်ခဲ့

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက် အကောင်အထည်ဖော်နိုင်ခဲ့တဲ့ ဘီဂင်းနဲ့ ဆဒတ်တို့ နှစ်ယောက်က ငြိမ်းချမ်းရေးနိုဘယ်ဆုကို ၁၉၇၈ ခုနှစ်မှာ ပူးတွဲပြီး ရရှိခဲ့ပါတယ်။

နိုဘယ်ငြိမ်းချမ်းရေးဆုယူဖို့ နော်ဝေးနိုင်ငံမြို့တော် အော်စလိုကို ဘီဂင်းသွားရောက်တဲ့အခါမှာ သူရဲ့ အကြမ်းဖက်မှုတွေအပေါ် ဆန့်ကျင်ဆန္ဒပြမှုတွေ ကြုံရလို့ ဆုပေးပွဲကို လုံလုံခြုံခြုံ ကျင်းပနိုင်မယ့် အက်ကာရှုခံတပ်မြို့ကို ပြောင်းရွှေ့ပြီး ကျင်းပခဲ့ရပါတယ်။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင်မဖြစ်ခင် အနှစ် ၃၀ ခန့်တုန်းကတော့ သူ့ကို ပါလက်စတိုင်းမှာ ရှိတဲ့ ဗြိတိသျှအာဏာပိုင်တွေဟာ သူ့ကို အကြမ်းဖက်သမားလို့ ကြေညာခဲ့ပြီး သူ့သတင်းပေးနိုင်သူကို ဒေါ်လာ ငါးဆောင်းဆုတော်ငွေ ပေးမယ်လို့တောင် ကြေညာခဲ့ပါတယ်။

ရာဆာ အာရာဖတ် - လွတ်မြောက်ရေးတပ်သား မှ အစ္စရေးနဲ့အတူ ငြိမ်းချမ်းရေးဖော်ဆောင်သူ

လွတ်မြောက်ရေးတပ်သား မှ အစ္စရေးနဲ့အတူ ငြိမ်းချမ်းရေးဖော်ဆောင်သူ

ဓာတ်ပုံ ရင်းမြစ်, Getty Images

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပါလက်စတိုင်းခေါင်းဆောင်ဟောင်း ရာဇာအာယာဖတ်ဟာ ၁၉၉၃ ခုနှစ်မှာ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကြား အော်စလို သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့သူပါ။

အဲဒီသဘောတူညီချက်ကြောင့်ပဲ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ ဆိုတာ ပေါ်လာသလို ပါလက်စတိုင်းတို့ဟာ ဂါဇာကမ်းမြောင်နဲ့ အနောက်ဘက်ကမ်း(West Bank) နေရာအချို့ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရပါတယ်။

၁၉၉၄ ခုနှစ်မှာတော့ ရာဆာ အာရာဖတ် ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ရဲ့ ပထမဆုံးသမ္မတဖြစ်ခဲ့သလို အဲဒီရာထူးကို ၂၀၀၄ ခုနှစ်မှာ သူ မကွယ်လွန်ခင်အထိ ယူခဲ့ပါတယ်။ သူလည်း ငြိမ်းချမ်းရေးနိုဗယ်ဆုကို ရခဲ့သူဖြစ်ပါတယ်။

ပါလက်စတိုင်းကုန်သည်ဖခင်ရဲ့ သား အာရာဖတ်ကို ၁၉၂၉ ခုနှစ်၊ အီဂျစ်မြို့တော် ကိုင်ရိုမှာ မွေးဖွားခဲ့တာပါ။

အီဂျစ်မှာကျောင်းတက်ခဲ့ပြီး ၁၉၄၈ ခုနှစ်မှာတော့ အစ္စရေးအပေါ် လက်နက်ကိုင် ဆန့်ကျင်တိုက် ခိုက်ဖို့ ပါလက်စတိုင်းလူမျိုးတွေခေါ်ဝေါ်ကြတဲ့ အယ်-နက်ဘာ လို့ ခေါ်တဲ့ ဖြစ်ရပ်ဆိုးကြီး ကို ပြောင်းပြန်လှန်ပစ်ဖို့ အစ္စရေးကို လက်နက်ကိုင် တိုက်ခိုက်မယ်လို့ သူ ဆုံးဖြတ်ခဲ့ပါတယ််။

ဒီဖြစ်ရပ်ဟာ ၁၉၄၈ ခုနှစ်မှာ အစ္စရေးနိုင်ငံထူထောင်တော့ ပါလက်စတိုင်း ခုနစ်သိန်းခွဲနီးပါးလောက် ပါလက်စတိုင်းနယ်မြေထဲက အိုးအိမ်စွန့်ခွာ ထွက်ခဲ့ရတဲ့ဖြစ်ရပ်ကို ဆိုလိုတာဖြစ်ပါတယ်။

အာရာဖတ်ဟာ ပြည်ပရောက်တွေနဲ့ စုပေါင်းပြီး ပါလက်စတိုင်းလွတ်‌ မြောက်ရေးလှုပ်ရှားမှုကို လုပ်ဆောင်တဲ့ Fatah ကို ၁၉၅၀ နှောင်းပိုင်းမှာ ပူးတွဲတည် ထောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီအဖွဲ့မှာ သူ စစ်ဘက်ရေးရာ ခေါင်းဆောင်ဖြစ်လာပါတယ်။

၁၉၆၄ ခုနှစ်က စလို့ အဲဒီအဖွဲ့ဟာ အိမ်နီးချင်း နယ်မြေတွေကနေတဆင့် အစ္စရေးကို ပြောက်ကျား တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

၁၉၇၀ ခုနှစ် ဂျော်ဒန် သဲကန္တရပေါ်က လေယာဥ်ပြန်ပေးဆွဲခံထားရသူများ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အဲဒီအဖွဲ့ထဲက အဖွဲ့ငယ်တွေဟာ လုပ်ကြံသတ်ဖြတ်မှုတွေ၊ ဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ လေယာဥ်ပြန်ပေးဆွဲမှုတွေကို လုပ်ခဲ့ကြပါတယ်

အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကက အာရပ်နိုင်ငံတွေ နဲ့ ဖွဲ့စည်းထားတဲ့ အာရပ်အဖွဲ့ချုပ်ဟာ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် အာရာဖတ်ကို ၁၉၆၉ ခုနှစ်မှာ မဲပေးရွေးချယ်ဆုံးဖြတ်ခဲ့ကြပါတယ်။

၁၉၇၀ နဲ့ ၁၉၈၀ ခုနှစ်အတောအတွင်းထဲမှာတော အဲဒီအဖွဲ့ထဲက အဖွဲ့ငယ်တွေဟာ လုပ်ကြံသတ် ဖြတ်မှုတွေ၊ ဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ လေယာဥ်ပြန်ပေးဆွဲမှုတွေကို လုပ်ခဲ့ကြပါတယ်။

အဲဒီလိုအရာတွေကို အာရာဖတ်က ဘယ်တော့မှလက်ခံပြောဆိုတာမရှိဘဲ အကြမ်းဖက်မှုကို မလိုလားဘူးလို့သာ ပြောဆိုခဲ့တာပါ။ သူ့ကိုယ်တိုင်ကိုလည်း လွတ်လပ်ရေးတိုက်ပွဲဝင်သူလို့ ဂုဏ်ဖော်ပါတယ်။

"သံလွင်ခက်နဲ့ လွတ်လပ်ရေးတိုက်ပွဲဝင်နေတဲ့သေနတ် နှစ်ခုကို ကိုင်ထားရမယ်ဆိုရင် သံလွင်ခက်ကို ပြုတ်မကျအောင်ပဲ ကြိုးစားခဲ့ပါတယ် " လို သူက ၁၉၇၄ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်ပြောဆိုခဲ့ပါတယ်။

၁၉၈၇ ခုနှစ်မှာတော့ အာရာဖတ်ဦးဆောင်တဲ့ PLO အဖွဲ့ဟာ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တယ်လို့ အမေရိကန်က သတ်မှတ်ခဲ့ပြီး သူ့ကိုလည်း ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ်မှာတော့ အာရာဖတ်ရဲ့ PLO ဟာ အကြမ်းဖက်ဝါဒကိုလူသိရှင်ကြားစွန့်လွှတ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အစ္စရေးဝန်ကြီးချုပ်နဲ့ အာရာဖတ်တို့ လက်ဆွဲနုတ်ဆက်ကြ

၁၉၈၈ ခုနှစ်မှာတော့ အကြမ်းဖက်ဝါဒကို ရှုတ်ချတယ်လို့ အာရာဖတ်က PNO ကိုယ်စား ကြေညာပါတယ်။ အဲဒီနောက် အော်စလိုသဘောတူညီချက်အတိုင်း ပြန်လည်ရပ်တည်ဖို့အတွက် အစ္စရေးနဲ့ ငြိမ်းချမ်းရေးကို ၁၉၉၃ ခုနှစ်မှာ ပြန်လည် အကောင်အထည်ဖော်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ပါလက်စတိုင်းတွေဟာ ဂါဇာကမ်းမြောင်နဲ့ အနောက်ဘက်ကမ်းက တစ်စိတ်တစ်ဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပါတယ်။

အဲဒီအတွက် ၁၉၉၄ ခုနှစ်မှာ နိုဘယ်ငြိမ်းချမ်းရေးဆုကို အာရာဖတ်ရရှိခဲ့ပါတယ်။ အာရာဖတ် သေဆုံးတဲ့အခါ ကိုင်ရိုမှာကျင်းပတဲ့ သူရဲ့ နာရေးအခမ်းအနားကို အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

မာတင် မက်ဂီနက် - ဘုရင်မကြီးနဲ့ လက်ဆွဲ နှုတ်ဆက်ခဲ့သူ အိုင်းရစ်ပြည်သူ့တပ်မတော် တပ်မှူး

မာတင်မက်ဂီနက် - ဘုရင်မနဲ့ လက်ဆွဲနုတ်ဆက်ခဲ့ရသူ အိုင်းရစ်ပြည်သူ့တပ်မတော်တပ်မှူး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မာတင်မက်ဂီနက် - ဘုရင်မနဲ့ လက်ဆွဲနုတ်ဆက်

မာတင်မက်ဂီနက်ဟာ အိုင်းရစ် ရီပတ်ဘလီကန်တပ်ရဲ့ ဝါရင့်တပ်မှူးအဆင့်ရှိသူဖြစ်ပါတယ်။

ညီညွတ်တဲ့ အိုင်ယာလန်အဖြစ်ဖော်ဆောင်ဖို့ မြောက်ပိုင်းအိုင်ယာလန်က ဗြိတိသျှအုပ်စိုးမှုကို အဆုံးသတ်နိုင်ရေး ၁၉၆၀ နှောင်းပိုင်းကနေ ၁၉၉၀ ခုနှစ်အထိ အကြမ်းဖက်မှုတွေကို လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဒါပေမဲ့ Good Friday သဘောတူညီချက်လို့ လူသိများကြတဲ့ နှစ်ပေါင်း ၃၀ ကြာခဲ့တဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်နိုင်ခဲ့တဲ့အဲဒီသဘောတူညီမှု ရယူနိုင်ရေး သူပါဝင်ခဲ့သလို၊ အဲဒီနောက် မြောက်အိုင်ယာလန် ဒုဝန်ကြီး ၁ ဖြစ်ခဲ့ပါတယ်။

မက်ဂီနက် (ညာ) ကို သတင်းစာရှင်းလင်းပွဲမှာတွေ့ရစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကျည်တွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေပါတဲ့ကားအနီးမှာ တွေ့ခဲ့ရလို့ဆိုပြီး ၁၉၇၃ ခုနှစ်မှာ မက်ဂီနက် ထောင်ကျခဲ့ပါတယ်

မာတင်မက်ဂီနက် ကို မြောက်အိုင်ယာလန်၊ လန်ဒန်ဒါရီမြို့ရဲ့ ချို့တဲ့တဲ့ ဘော့ဆိုက်အရပ်မှာ ၁၉၅၀ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၁၉၆၀ ခုနှစ်နှောင်းပိုင်းမှာတော့ အိုင်းရစ် ရီပတ်ဘလီကန်တပ်ထဲ ဝင်ပါတယ်။

၁၉၇၂ ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ လန်ဒန်ဒါရီမြို့တွင်း ဗြိတိသျှလေထီးစစ်သားတွေက လူ ၁၃ ဦးကို သတ်ခဲ့တဲ့ "သွေးစွန်းတဲ့ တနင်္ဂနွေ" သတ်ဖြတ်မှုဖြစ်ချိန်တုန်းက သူဟာ မြို့မှာရှိတဲ့ IRA တပ် ရဲ့ ဒုတိယ တပ်မှူးဖြစ်ပါတယ်။

နောက်ပိုင်း စုံစမ်းစစ်ဆေးမှုမှာတော့ အသတ်ခံခဲ့ရတဲ့ဘယ်သူကမှ စစ်သားတွေကို အန္တရာယ်ပေးကြမယ့်သူတွေ မဟုတ်ဘူးဆိုတာ ထွက်ပေါ်ခဲ့ပါတယ်။

အင်နစ်စကီလန်က အောက်မေ့ဖွယ်နေ့အခမ်းအနားမှာ ဗုံးခွဲတို က်ခိုက်မှု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သတင်းပေးနဲ့ ဓားစာခံအမြောက်အများကို သတ်ဖြတ်မှု နောက်ကွယ်က ကြိုးကိုင်သူ၊ ၁၉၈၇ ခုနစ်တုန်းက မြောက်အိုင်ယာလန်၊ အင်နစ်စကီလန်က အောက်မေ့ဖွယ်နေ့အခမ်းအနားမှာ ဗုံးခွဲတိုက်ခိုက်မှုရဲ့အဓိကကျသူအဖြစ် သူ စွပ်စွဲခံရပါတယ်

ကျည်ဆန် အတောင့် ၅ ထောင်နဲ့ ဖောက်ခွဲရေးပစ္စည်းတွေပါတဲ့ ကားအနီးမှာ အဖမ်းခံရပြီးတဲ့နောက် ၁၉၇၃ ခုနှစ်မှာ သူ အကျဥ်းကျပါတယ်။

သတင်းပေးနဲ့ ဓားစာခံအမြောက်အများကို သတ်ဖြတ်မှုရဲ့ နောက်ကွယ်က ကြိုးကိုင်သူ၊ နောက်ပြီး ၁၉၈၇ ခုနစ်တုန်းက မြောက်အိုင်ယာလန်၊ အင်နစ်စကီလန်က အောက်မေ့ဖွယ်နေ့အခမ်းအနားမှာ ဗုံးခွဲတို က်ခိုက်မှုရဲ့ အဓိကကျသူအဖြစ် သူ စွပ်စွဲ ခံရပါတယ်။ အဲဒီဖြစ်ရပ်မှာ လူ ၁၁ ဦးသေဆုံးပြီး နောက်ထပ် လူ ၆၀ ကျော် ဒဏ်ရာရပါတယ်။

အဲဒီစွပ်စွဲမှုတွေကိုတော့ မက်ဂီနက်က ငြင်းဆိုထားပါတယ်။

ဗြိတိသျှအေးဂျင့်တွေနဲ့ ဆက်သွယ်ပြီး အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးရဖို့ Good Friday သဘောတူညီချက်တွေရဖို့အထိ သူလုပ်ဆောင်ခဲ့ပါတယ်။

အိုင်ယာလန်ရဲ ဒုဝန်ကြီး ၁ နေရာကို ရခဲ့ပြီးတဲ့နောက် အကြမ်းဖက်မှုတွေ ဆက်လုပ်နေကြတဲ့ ရီပတ်ဘလင်ကန်တွေဟာ အိုင်ယာလန်အပေါ် သစ္စာမဲ့သူတွေလို့ သူက ရှုတ်ချ ပြောဆိုပါတယ်။

ဗြိတိန် ဘုရင်မကြီး အဲလစ်ဇဘက် ၂ နဲ့ တစ်ကြိမ်မက တွေ့ဆုံခဲ့ပြီး လက်ဆွဲနှုတ်ဆက်ခဲ့ပါသေးတယ်။

ဒါဟာ ခေတ်ပြောင်းပြီဆိုတဲ့ သင်္ကေတလည်း ဖြစ်ခဲ့ပါတယ်။

၁၉၇၉ ခုနှစ်မှာတော့ ဘုရင်မရဲ့ ဆွေမျိုးဖြစ်တဲ့ လော့လူဝီမောက်ဘတ်တန် အိုင်ရစ်ကမ်းရိုးတန်းမှာ ရွက်လွှင့်နေတုန်း IRA အဖွဲ့ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။

ဂူစတာဗို ပက်ထရို - ပြောက်ကျားတပ်ဖွဲ့ဝင်ကနေ ကိုလံဘီယာသမ္မတဖြစ်လာသူ

ဂူစတာဗို ပက်ထရို-ပြောက်ကျားတပ်ဖွဲ့ဝင်မှ ကိုလံဘီယာသမ္မတဖြစ်လာသူ

ဓာတ်ပုံ ရင်းမြစ်, Getty Images

၂၀၂၂ ခုနှစ်တုန်းက အသက် ၆၂ နှစ်အရွယ် ဂူစတာဗို ပက်ထရိုဟာ ကိုလံဘီယာနိုင်ငံသမ္မတအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ပထမဆုံး လယ်ယာယိမ်းသမ္မတ နိုင်ငံအကြီးအကဲလည်းဖြစ်ပါတယ်။

လက်နက်အများအပြားပိုင်ဆိုင်ထားရှိမှု၊ နိုင်ငံအတွင်း ကြမ်းရမ်းမှုဖြစ်ဆုံးအစုအဖွဲ့လို့ သိကြတဲ့ ဧပြီ ၁၈ လှုပ်ရှားမှု M-19 မှာ ပါ၀င်ခဲ့ဖူးသူဖြစ်သလို လက်နက်ကိုင်ဆောင်မှုနဲ့ ထောင်လည်း ကျဖူးသူပါ။

ကိုလံဘီယာနိုင်ငံမြို့တော် ဘိုကိုတာမြို့အနီးက ဆားထုတ်တဲ့ လုပ်ငန်းတွေရှိရာ ဆင်းရဲသားအများစု နေထိုင်တဲ့ ဇစ်ပါကွာရာမှာ ဂူစတာဗို ပက်ထရို ကြီးပြင်းခဲ့တာပါ။ အသက် ၁၇ နှစ်မှာတော့ စီးပွားရေးပညာကို ဘိုကိုတာ တက္ကသိုလ်မှာ ဆည်းပူးခဲ့ပြီး M-19 မှာ ပါဝင်ခဲ့ပါတယ်။

ဒီအဖွဲ့နာမည်ဟာ ၁၉၇၀ ခုနှစ် ကိုလံဘီယာသမ္မတရွေးကောက်ပွဲကြောင့် ထွက်လာတဲ့ ပြောက်ကျားအဖွဲ့ နာမည်ဖြစ်ပါတယ်။ အဲဒီရွေးကောက်ပွဲဟာ မဲမသမာမှုတွေရှိခဲ့တယ်လို့ လက်ဝဲယိမ်းအများစုက မှတ်ယူထားတာပါ။

၁၉၇၉ ခုနှစ်မှာတော့ M-19 အဖွဲ့ဝင်တွေဟာ ဘိုကိုတာက စစ်တပ်အခြေစိုက်စခန်းထဲကို မြေအောက် လိုဏ်ခေါင်းတွေ တူးဝင်ရောက်ပြီး လက်နက်အမြောက်အများကို ခိုးယူခဲ့ပါတယ်။

၁၉၈၀ ခုနှစ်မှာတော့ ဒိုမီနီကန် သံရုံးကို ဝင်စီးနင်းပြီး အဲဒီမှာပြုလုပ်တဲ့ ကော့တေးပါတီတက် လူပေါင်း ၅၀ ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပါတယ်။ အဲဒီလိုအလားတူ အကြမ်းဖက်မှုတွေကို သူအနေနဲ့ ပါဝင်ခဲ့တာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ဒါပေမဲ့ ၁၉၈၅ ခုနှစ်မှာတော့ ပေါက်ကွဲပျက်စီးစေတဲ့ပစ္စည်းတွေ လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ ဖမ်းဆီးခံရစဥ်အတွင်း ညှင်းပန်း နှိပ်စက်ခံခဲ့ရသလို ကြိုတင်ကြံစည်ခံရတာလို့ သူက ပြစ်တင်ဝေဖန်ပါတယ်။ စစ်တပ်ရဲ့စစ်ကြောရေးနဲ့ ထောင်အတွင်းမှာ ၁၈ လကြာ နေထိုင်ခဲ့ရပါတယ်။

၇ နာရီကြာအောင် ကိုလံဘီယာစစ်တပ်က တိုက်ခိုက်ခဲ့ပြီး အဆောင်အဦးကို ပြန်လည် ရယူခဲ့ရပါတယ်။ အဲဒီဖြစ်စဥ်အတွင်း လူ ၁၀၀ နီးပါးသေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘိုဂိုတာက တရားရေးဌာနကို ဝင်ရောက်စီးနင်းခဲ့ပြီး ဓါးစာခံ ရာချီကို ဖမ်းဆီးခဲ့ပါတယ်။

ပက်ထရိုထောင်တွင်းရှိနေချိန်မှာဘဲ M-19 အဖွဲ့က သွေးထွက်သံယိုဖြစ်စေတဲ့ အမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ဘိုဂိုတာက တရားရေးဌာနကို ဝင်ရောက်စီးနင်းခဲ့ပြီး ဓားစာခံ ရာချီကို ဖမ်းဆီးခဲ့ပါတယ်။

နာရီပေါင်း ၂၇ နာရီကြာအောင် ကိုလံဘီယာစစ်တပ်က တိုက်ခိုက်ခဲ့ပြီး အဆောင်အဦကို ပြန်လည် ရယူခဲ့ရပါတယ်။ အဲဒီဖြစ်စဥ်အတွင်း လူ ၁၀၀ နီးပါးသေဆုံးခဲ့ပါတယ်။

၁၉၉၀ ခုနှစ်မှာတော့ M-19 အဖွဲ့ကို ဖျက်သိမ်းခဲ့ပြီး ဒီမိုကရက်တစ်မဟာမိတ် M-19 ပါတီအဖြစ် တည်ထောင်ခဲ့ပါတယ်။

ပက်ထရို ကတော့ ကွန်ကရက်လွှတ်တော်အမတ်၊ စီနိတ်တာနဲ့ ဘိုဂိုတာမြို့တော်ဝန်စတဲ့တာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ သမ္မတ ရွေးကောက်ပွဲမှာ သူ အနိုင်ရခဲ့ပါတယ်။