''သတင်းတစ်ပုဒ်တောင် မလုပ်နိုင်ဘူး၊ မူးဝေနေတာပဲ'' - ဂါဇာက ဘီဘီစီအလွတ်တန်း သတင်းထောက်ပြောပြတဲ့ အစားအသောက် ပြတ်လပ်မှု

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့၊ ဂါဇာမြောက်ပိုင်း၊ ဂါဇာမြို့ရဲ့ အစားအသောက် လှူဒါန်းရာနေရာကနေ ပူလောင်နေတဲ့ အစားအစာတွေကို အိုးတွေနဲ့ ပါလက်စတိုင်းတွေ စုရုံးပြီးယူဆောင်စဥ်

ဓာတ်ပုံ ရင်းမြစ်, Anadolu via Getty Images

ဓာတ်ပုံ ပုံစာ, သတင်းသမားတွေလည်း သူတို့ရေးသားကြတဲ့သတင်းထဲက လူတွေလိုပဲ အစာရေစာ အရေးတကြီး လိုအပ်မှုကို ရင်ဆိုင်နေကြရ
    • ရေးသားသူ, ယိုလန်း နဲလ်
    • ရာထူးတာဝန်, အရှေ့အလယ်ပိုင်းဆိုင်ရာသတင်းထောက်
    • ရေးသားပေးပို့သည့်နေရာ, ဂျေရုဆလင်

ဂါဇာက အခြေအနေတွေကို သတင်းဖော်ပြနိုင်ဖို့ ဘီဘီစီက အားထားနေရတဲ့ ပါလက်စတိုင်း အလွတ်တန်းသတင်းထောက် ၃ ဦးက သူတို့ရဲ့မိသားစုတွေကို အစားအသောက်ကျွေးမွေးဖို့ ခက်ခက်ခဲခဲရုန်းကန်နေရပြီး မကြာခဏဆိုသလို နှစ်ရက်မှ တစ်ခါ ဒါမှမဟုတ် မစားရတဲ့နေ့တွေတောင် ရှိနေပြီလို့ အစားအသောက်ပြတ်လပ်မှုကို ရင်ဖွင့်လာကြပါတယ်။

ဒါပေမဲ့ ဒီအမျိုးသား ၃ ဦးစလုံးဟာ သူတို့ရဲ့ကင်မရာတွေကိုတော့ မပိတ်ထားဘဲ ကျွန်မတို့ဆီကို ရုပ်သံတွေ ဆက်ပို့နေဆဲပါ။ သူတို့ အိမ်ဆုံးရှုံးလိုက်ရတာ၊ မိသားစုသွေးသားရင်းချာတွေ သေဆုံးကြတာ၊ နောက် အစ္စရေးစစ်တပ် ရှေ့တိုးလာလို့ မိသားစုနဲ့အတူ ထွက်ပြေးကြတာတောင် သတင်းတွေ ဆက်ပို့နေခဲ့ကြတာပါ။

သူတို့ထဲက တစ်ဦးဆိုရင် သတင်းယူနေချိန် အစ္စရေး ကြဲတဲ့ဗုံးဆန်ထိမှန်လို့ ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာရခဲ့ဖူးပါတယ်။

ဒါပေမဲ့ သူကတော့ လက်ရှိကာလဟာ "ကျွန်တော်မွေးကတည်းကဖြတ်သန်းလာတဲ့ ကာလတစ်လျှောက်မှာ အခက်အခဲဆုံးအချိန်ပါ။ ကပ်ဘေးလို လူတွေ ငတ်ပြတ် ချို့တဲ့ကုန်တာ" လို့ သူကပြောပါတယ်။

ကမ္ဘာစားနပ်ရိက္ခာလုံခြုံရေးကျွမ်းကျင်သူတွေက ဂါဇာအတွင်းမှာ အငတ်ဘေးဆိုက်ပြီလို့ မသတ်မှတ်သေးပေမဲ့ ကုလသမဂ္ဂအေဂျင်စီတွေကတော့ လူကြောင့်ဖြစ်တဲ့ အစုလိုက်အပြုံလိုက် ငတ်ပြတ်မှု စနေပြီလို့ သတိပေးပါတယ်။

သူတို့ကတော့ ပါလက်စတိုင်း နယ်မြေထဲကို ထောက်ပံ့ရေးပစ္စည်းတွေ ပေးတာကို ထိန်းချုပ်တဲ့ အစ္စရေးကို အပြစ်ဖို့ပါတယ်။ ဒါပေမဲ့ အစ္စရေးကတော့ သူ့မှာတာဝန်ရှိတယ်ဆိုတာကို ငြင်းဆိုပါတယ်။

ဂါဇာဗဟိုချက် Deir al-Balah အတွင်း မြေပြင်စစ်ဆင်ရေးကြောင့် ရွှေ့ပြောင်းခဲ့ရတဲ့ ပါလက်စတိုင်းအမျိုးသားက သူ့ပိုင်ဆိုင်မှုတွေကို သယ်ဆောင်နေစဥ် (၂၀၂၅ ခုနှစ်၊ ဇူလိုင်လ)

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဂါဇာရဲ့မြေပြင်အခြေအနေတွေအတွက် နယ်ခံသတင်းထောက်တွေဟာ ကမ္ဘာကြီးရဲ့ နားနဲ့မျက်စိတွေဖြစ်နေတာ လနဲ့ချီကြာမြင့်နေပါပြီ

သူတို့လုံခြုံရေးကို ငဲ့ကွက်တဲ့အနေနဲ့ ကျွန်မတို့လုပ်ဖော်ကိုင်ဖက်တွေ ဘယ်သူဖြစ်တယ်ဆိုတာကို ဒီမှာ ပြောသွားမှာမဟုတ်ပါဘူး။

သူတို့ အချစ်ရဆုံး ကလေးတွေနဲ့ ချူချာတဲ့ မိသားစုဝင်တွေကို အစားအသောက် မပေးနိုင်တာဟာ သူတို့အတွက် အခက်အခဲဆုံးကိစ္စလို့ သူတို့ သုံးယောက်စလုံးက ပြောပါတယ်။

"ကျွန်တော့်သားက အော်တဇင်ဖြစ်နေပေမဲ့ သူ့ ဘေးနားမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို သူ မသိနိုင်ဘူး။ ကျွန်တော်တို့ စစ်ဖြစ်နေတာလားဆိုတာလည်း သူ မသိဘူး။ ပြောလည်း မပြောဘူး'' လို့ ဂါဇာမြို့က ကျွန်မတို့ရဲ့ ကင်မရာမန်းက ပြောပါတယ်။ သူက ကလေး ၄ ဦး ဖခင်ပါ။

"အခုရက်ပိုင်းတွေမှာဆိုရင် သူ သိပ်ကို ဆာလောင်နေတာ။ တစ်ခုခုစားလို့ရမလားဆိုပြီး သူ့လက်လေးနဲ့ သူ့ဗိုက်ကို ပုတ်ပုတ်ပြတာမျိုးအထိ ဆာလောင်မှုကို ထုတ်ပြောတဲ့အထိပါပဲ''

ဂါဇာတောင်ပိုင်းမှာနေတဲ့ ကျွန်မတို့ရဲ့အငယ်ဆုံး လုပ်ဖော်ကိုင်ဘက်ကတော့ သူ့မိသားစုနဲ့ ညီကိုမောင်နှမတွေကို အဓိက ရှာဖွေကျွေးမွေးနေရသူပါ။

"ကျွန်တော့်မိသားစုအတွက် စားစရာကို ဘယ်လို ရမလဲဆိုတာကိုပဲ အဆက်မပြတ် တွေးနေရတယ်" လို့ သူက ပြောပါတယ်။ "ညီမလေးဆို အသက် ၁၃ နှစ်၊ ထမင်းဆာတယ် ရေဆာတယ်ပဲ မပြတ်တောင်းနေတာ။ ဒါပေမဲ့ ရေရော ထမင်းကိုရော မပေးနိုင်သေးဘူး။ ရှိတဲ့ရေကလည်း မသန့်လို့ သောက်လို့ မရဘူး"

ဂါဇာအချက်အချာနေရာ Bureij ဒုက္ခသည်စခန်းအတွင်း ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ကျောင်းအဆောက်အဦးကို အစ္စရေး လေကြောင်းတိုက်ခိုက်မှုအပြီး မိန်းကလေး တစ်ဦးက ထွက်ပြေးခဲ့စဥ် (၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၊ ၁၇ ရက်)

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, သတင်းထောက်တွေကို ဂါဇာထဲ ဝင်ဖို့ ထွက်ဖို့ ဘီဘီစီသတင်း အပါဝင် အေအက်ဖ်ပီ၊ အေပီနဲ့ ရိုက်တာ သတင်းဌာနတွေက အစ္စရေး အာဏာပိုင်ကို တိုက်တွန်းနေပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဂါဇာမှာနေပြီး သတင်းလုပ်နေကြတဲ့ ဒေသခံအလွတ်တန်းသတင်းထောက်တွေရဲ့ ရှင်သန်ရပ်တည်ရေးကို "အရေးတကြီး စိုးရိမ်ပူပန်နေရတယ်"လို့ ဘီဘီစီနဲ့ တခြားမီဒီယာအဖွဲ့အစည်းတွေက ပူးတွဲထုတ်ပြန်ချက် ထုတ်ခဲ့ပါတယ်။

"ကာလကြာလာတာနဲ့အမျှ ဂါဇာရဲ့မြေပြင်အခြေအနေတွေအတွက် နယ်ခံသတင်းထောက်တွေဟာ ကမ္ဘာကြီးရဲ့နားနဲ့မျက်စိတွေ ဖြစ်လာပါတယ်။ သတင်းထောက်တွေဟာ သူတို့ ရေးသားကြတဲ့ သတင်းထဲကလိုပဲ ကြောက်မက်ဖွယ်အခြေအနေနဲ့ ကိုယ်တိုင် ရင်ဆိုင်နေကြရပါတယ်" လို့ ဘီဘီစီနဲ့ သတင်းအေဂျင်စီတွေ ပူးတွဲထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

လတ်တလောအခြေအနေတွေကို သတင်းထဲ ထည့်သွင်းဖော်ပြသတင်းလုပ်ဖို့တောင် ပိုပြီး စိန်ခေါ်ချက်ရှိနေပါတယ်။

"ပင်ပန်းပြီး နွမ်းလျနေတယ်လို့ တစ်ချိန်လုံး ခံစားရတယ်။ မူးဝေလွန်းလို့ မြေပြင်ပုံကျမလားလို့တောင် ထင်မိတယ်'' လို့ ဂါဇာမြို့ထဲမှာနေပြီး ကျွန်မတို့နဲ့အတူ အလုပ်လုပ်နေတဲ့ သတင်းထောက် တစ်ဦးက ပြောပါတယ်။ သူက မိခင်နဲ့ ညီမတွေအပြင် အသက် ၂ နှစ်ကနေ ၆ နှစ်ကြား ကလေး ၅ ဦးကိုပါ စောင့်ရှောက်နေရတဲ့ ထမင်းအိုးပါ။

ဂါဇာမှာ စစ်ဖြစ်တဲ့ ၂၁ လအတွင်း သူ့ ကိုယ်အလေးချိန် ပေါင် ၆၀ လောက် ကျသွားတယ်လို့ သူက ပြောပါတယ်။

"အရင်က သတင်းအများစုကို တကယ့်ကို မြန်မြန်နဲ့ ပြီးအောင် လုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ခန္ဓာကိုယ်ရဲ့အနေအထားနဲ့ စိတ်ပိုင်းဆိုင်ရာကြောင့် အခုတော့ ဖြည်းဖြည်းပဲ လုပ်နိုင်တော့တယ်" လို့ သူက ပြောပါတယ်။ "လူက ဂနာမငြိမ် ကယောင်ကတမ်းနဲ့ ပင်ပန်းနွမ်းလျနေတယ်''

"ခံစားနေရတာကို ပြောမပြတက်ဘူး" လို့ ဂါဇာတောင်ပိုင်းက ကျွန်မတို့ရဲ့ ကင်မရာသမားက ပြောပါတယ်။ "ဗိုက်ထဲမှာ တကျုတ်ကျုတ်မြည်နေတယ်။ ပြီးတော့ ခေါင်းကိုက်တယ်။ အဲဒါကနေ ပိုတိုးပြီး ပိန်ချုံးချည့်နဲ့ အားနည်းလာတယ်။ မနက် ၇ နာရီကနေ ည ၁၀ နာရီအထိကို အလုပ်လုပ်ခဲ့တဲ့သူ အခုတော့ သတင်းလေးတစ်ပုဒ်ကို လုပ်နိုင်ရုံလေးပဲရှိတယ်။ မူးဝေနေတယ်"

မကြာသေးခင်တုန်းကဆိုရင် ရိုက်ကူးရေးလုပ်နေတုန်း သူ မူးလဲကျခဲ့ပါသေးတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အလုပ်ပြန်လုပ်နိုင်ခဲ့ပါတယ်။

ဂါဇာမြို့၊ အဲလ်-ဆစ်ဖာ ဆေးရုံကို အစ္စရေးလေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးခဲ့တဲ့ ပါလက်စတိုင်းသတင်း ထောက်တစ်ဦးရဲ့ ဝမ်းနည်းဖွယ်အခမ်းအနားမှာ ဝမ်းနည်းပူဆွေးနေသူတွေ (၂၀၂၅ ခုနှစ်၊ ဇွန်လ၊ ၂၅ ရက်နေ့)

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, စစ်ပွဲအတွင်း အစ္စရေးတပ်ဖွဲ့တွေကြောင့် ပါလက်စတိုင်းသတင်းသမား ၂၀၀ နီးပါးလောက်သေဆုံးခဲ့ပြီးဖြစ်ပါတယ်

စစ်ဖြစ်နေတဲ့ကာလတစ်လျှောက်မှာ အရင်က အစားအသောက်ပြတ်လပ်တယ်ဆိုပေမဲ့ အပြင်ကနေ လစာရတဲ့သူတွေဟာ လိုတာတွေကို ဒေသန္တရစျေးတွေထဲမှာ မတန်တဆစျေးတွေနဲ့ ဝယ်လို့ ရခဲ့ပါသေးတယ်။ အခုတော့ အဲဒီစျေးတွေလည်း ဗလာကျင်းဖြစ်နေပါပြီ။

"လှူတဲ့သူရှိမှ စားရဲ့ဘဝကို ရောက်သွားတယ်။ လှူတဲ့သူတွေဆီကနေ အစားအသောက် တန်းစီ ရတာမျိုးတောင်ဖြစ်လာတယ်။ အခုရက်တွေမှာ ကျွန်တော့် ကလေးတွေဆိုရင် တစ်နေ့ကို ထမင်း တစ်နပ်ပဲ စားရတယ်'' လို့ ကလေး ၄ ဦး ဖခင် ဂါဇာ သတင်းထောက်က ပြောပါတယ်။

ကျွန်မတို့အတွက် သတင်းယူပေးနေတဲ့ သတင်းထောက် ၃ ဦးထဲက ၂ ဦးဆိုရင် ဆာလောင်တာကို ဖြေပျောက်နိုင်ဖို့ ရေထဲမှာ ဆားနည်းနည်းခပ်ပြီး သောက်ခဲ့တယ်လို့ ဆိုပါတယ်။ တစ်ယောက်ဆိုရင် တစ်နေ့လုံးမှာ ဘီစကစ် အထုပ်သေး တစ်ထုပ်ကိုသာ စားပြီး ဖြတ်ကျော်ရတယ်လို့ ဆိုပါတယ်။ အဲဒီဘီစကစ်ထုတ်ဟာ စျေးကြီးလွန်းလို့ မြန်မာငွေနဲ့တွက်ကြည့်ရင် တစ်ထုပ်ကို လေးသောင်းကျပ်နီးပါး ရှိနေပါတယ်။

ပိုက်ဆံ လက်ထဲ ထားတာတာကိုက မထားဝံ့တဲ့အထိ ဖြစ်နေပါတယ်။ ငွေသားရဖို့ ရာခိုင်နှုန်းနဲ့ ပေးရတဲ့နှုန်းက မိုးထိုးနေပါတယ်။

"ငွေသားလိုတယ်ဆိုရင် လိုချင်တဲ့နေရာတိုင်းမှာ မရနိုင်ဘူး။ ရပြန်တော့လည်း ထုတ်ခတင်ကို ၄၅ ရာခိုင်နှုန်းပေးရတယ်'' လို့ ဂါဇာမြို့ခံ ကင်မရာသမားကပြောပါတယ်။ " ဒေါ်လာ တစ်ထောင် ထုတ်ရင် ၅၅၀ ပဲ ရတော့တယ်။ ငွေထုတ်ပြီး ဝယ်ခြမ်းစားသောက်ရတာ ပင်လိုက်တာ။ စျေးသည်တွေ အားလုံးကလည်း ငွေသားပဲ တောင်းနေကြတယ်။

"ဘဏ်တွေပိတ်တာက အခက်အခဲဖြစ်နေတာ။ ငွေကြေးအရေး ဒီလို အခက်တွေ့နေတာကလည်း ဆာလောင်မှုပြီးရင် နောက်တစ်ဒုက္ခလို့ ပြောလို့ရတယ်" ဆိုပြီး ဂါဇာတောင်ပိုင်းက ကျွန်မတို့ လုပ်ဖော်ကိုင်ဘက်က ပြောပါတယ်။

အမေရိကန်ကျော ထောက်နောက်ခံပေးထားတဲ့ ဂါဇာလူသားချင်းစာနာထောက်ထားမှု ဖောင်ဒေရှင်းကတစ်ဆင့် အကူအညီအထောက်အပံ့တွေကို ပေးနိုင်ဖို့ တောင်ပိုင်းဂါဇာ အတွင်း ရာဖာအနီး တိရစ္ဆာန်ဆွဲတဲ့ယာဥ်တွေနဲ့ ခရီးသွားစဥ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဂါဇာက ပြည်သူတွေထံကို လုံလောက်တဲ့အစားအစာအထောက်အပံ့တွေ ရောက်ရှိဖို့က မရှိမဖြစ်လိုအပ်တယ်လို့ ဘီဘီစီ၊ အေအက်ဖ်ပီနဲ့ ရိုက်တာတို့က ပြောပါတယ်

အရင်အခြေအနေတုန်းကတော့ ကျွန်မလို ဘီဘီစီ သတင်းထောက်တွေကို အစ္စရေးက အသိအမှတ်ပြုပြီး ဂါဇာထဲ ပုံမှန်အတိုင်း ဝင်ရောက် သတင်းယူခွင့်ပြုခဲ့တာပါ။ စစ်ဖြစ်နေတဲ့ကာလတောင်မှ ခွင့်ပြုခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့စစ်ပွဲစတင်ပြီးကတည်းက အစ္စရေးဟာ အီဂျစ်နိုင်ငံနဲ့ဆက်တဲ့ ရာဖာ နယ်စပ်ဖြတ်ကျော် နေရာ ဖွင့်ထားတာတောင် နိုင်ငံခြားသတင်းထောက်တွေကို ဂါဇာထဲ ဝင်ရာက်ခွင့် တားမြစ်ခဲ့ပါတယ်။

"ဂါဇာထဲကို သတင်းထောက်တွေကို ဝင်ထွက်ဖို့ ခွင့်ပြုပေးဖို့အစ္စရေးအာဏာပိုင်တွေကို ထပ်မံ တောင်းဆိုပါတယ်" လို့ ဘီဘီစီနဲ့ တခြားသတင်းအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းတောင်းဆိုထားပါတယ်။

"ဂါဇာက စစ်ပွဲကို အခုရပ်တန့်သင့်ပါပြီ" လို့ ဗြိတိန်အပါအဝင် နိုင်ငံပေါင်း ၂၈ နိုင်ငံက ထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်။ အစ္စရေးအနေနဲ့ နိုင်ငံတကာဥပဒေအရ လိုက်နာရမယ့် သူ့ရဲ့ဝတ္တရားအရ အကူအညီတွေကို "အစက်ချ အစာကျွေး"နေတာမျိုးလုပ်နေတာကိုလည်း ရပ်တန့်ဖို့ တောင်း ဆိုခဲ့ပါတယ်။

"ထောက်ပံ့ကူညီမှုတွေ အခုဆို လုံးလုံးလျားလျား မရှိတော့တာကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေဟာ ဂါဇာက သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဖက်လုပ်ဖော်ကိုင်ဖက်တွေ လုံးပါးပါးတဲ့အခြေနေကို ဒီတိုင်းထိုင်ကြည့်နေရပါတယ်'' လို့ အကူအညီပေးရေးနဲ့ အခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့တွေ ၁၀၀ ကျော်က ပူးတွဲ ထုတ်ပြန်ပါတယ်။

သတင်းဌာနတွေကလည်း "သတင်းထောက်တွေဟာ စစ်ပွဲဇုန်တွေမှာ အခက်အခဲမျိုးစုံ၊ အကျပ်အတည်းမျိုးစုံကိုလည်း ရင်ဆိုင်ကြရပါတယ်။ အခုဆိုရင် ဒီအကျပ်အတည်းတွေထဲက တစ်ခုဖြစ်တဲ့ အငတ်ဘေးဖြစ်လာနိုင်တဲ့ခြိမ်းခြောက်မှု အခြေအနေကို စိုးရိမ်နေရပါတယ်'' လို့ စုပေါင်း စာထုတ်ပါတယ်။

"ဂါဇာက လူထုဆီကို လုံလောက်တဲ့အစားအစာအထောက်အပံ့တွေရောက်ရှိဖို့က မရှိမဖြစ်လိုအပ်တယ်လို့"ပြောကြပါတယ်။

အခုတော့ ကျွန်မတို့ လုပ်ဖော်ကိုင်ဘက်တွေဟာ နေ့တိုင်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး ပုံမှန်မဟုတ်တဲ့ အခက်အခဲတွေကို သူတို့ရဲ့လူထုက ခံစားအသက်ရှင် ကျော်ဖြတ်နေတာမျိုးကိုကမ္ဘာကြီးကိုပြောပြချင်တဲ့သူတို့ရဲ့ဆန္ဒနဲ့ မိသားစုကိုတာဝန်ယူ စောင့်ရှောက်ဖို့ ဆန္ဒတွေကြား လွန်ဆွဲ လုပ်ကိုင်နေရပါတယ်။

"လက်ရှိမှာ တကယ့် ကပ်ဘေးလိုပါပဲ။ ငတ်ပြတ်မှုကို အိမ်တိုင်းကြုံနေရပါတယ်။ သေဒဏ်ကို ဆိုင်းငံ့ထားတာနဲ့ တူနေပါတယ်'' သတင်းထောက်တစ်ယောက်က ပြောပါတယ်။