မြန်မာငလျင် - ငလျင်သင့်တဲ့ အိမ်တွေမှာပဲ လူလေးသိန်းကျော် ပြန်နေ

မတ်လ ၂၈ ရက်နေ့မှာ လှုပ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြီးကြောင့် လူဦးရေ ခြောက်သိန်းကျော် (၆၂၉၂၀၆ ဦး) ငလျင်ဘေးကြုံတွေ့ခဲ့ရတယ် လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန(DMC) က ထုတ်ပြန်ပါတယ်။

ငလျင်ဘေးသင့်ခဲ့ပေမဲ့ နေလို့ရတယ်ဆိုပြီး ကိုယ့်အိမ်မှာ ဆက်နေထိုင်သူ လေးသိန်းကျော် ၄၂၁၃၁၁ ရှိတယ်လို့ ဗဟိုဌာနက ထုတ်ပြန်ပါတယ်။

DMC ရဲ့ ဧပြီလ ၂၃ ရက် စာရင်းအရ ကယ်ဆယ်ရေးစခန်း ၁၃၅ ခုကို ပြောင်းရွှေ့နေထိုင်သူက ငါးသောင်းနီးပါးပဲ ရှိခဲ့တာပါ။

ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြောင်းရွှေ့နေထိုင်သူက တစ်သိန်းခွဲကျော်ရှိခဲ့ပါတယ်။

ငလျင်ပြန်လည်ထူထောင်ရေး အချိန်ဘယ်လောက်ကြာနိုင်လဲ

မြန်မာမှာ ငလျင်ပြန်လည်ထူထောင်ရေးအတွက် နှစ်တချို့အထိ ကြာနိုင်တယ်လို့ ကုလအဖွဲ့အစည်းတွေထဲမှာ လူမှုအသိုင်းအဝိုင်း ပြန်လည် ထူထောင်နိုင်ရေးကို အာရုံစိုက်လုပ်‌ဆောင်တဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဥ် UNDP ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေ ကိုယ်စားလှယ် တီတွန် မီထြာက ခန့်မှန်းပါတယ်။

UNDP က မြန်မာ့သမိုင်းမှာ အကြီးမားဆုံး လို့တောင် ပြောနိုင်မယ့် အိုးအိမ် အသစ် ဖန်တီးပေးရေး အစီအစဥ်ကို ရည်မှန်းတယ်လို့ သူကပြောပါတယ်။

''ကျွန်တော်တို့ လုပ်ဆောင်ခဲ့တဲ့ ပုံစံ တစ်ခုကတော့ သဘာဝ ကပ်ဘေးကြောင့် အိုးအိမ် ဆုံးရှုံးသွားသူတွေကို ဆောက်လုပ်ရေးပိုင်း ဆိုင်ရာ သင်တန်းတွေ ပေးပါတယ်။ ပြီးတော့ လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေ ပေးပြီး ကိုယ့်အိုးအိမ်တွေကို ကိုယ်တိုင် ဆောက်လုပ်ကြတဲ့ နည်းနာပါ'' လို့ တီတွန် မီထြာက ပြောပါတယ်။

ဒီအစီအစဉ်အတွက် လူအင်အား ရှိပေမဲ့ ငွေကြေးအပါအဝင် အရင်းအမြစ်လိုအပ်ချက်တွေရှိနေတာကြောင့် အချိန်ကြာနိုင်တာလို့ သူကဆိုပါတယ်။

အရင်းအမြစ်တွေသာရှိရင် ၆ လကနေ ၁ နှစ်အတွင်း အိုးအိမ်တွေ ပြန်ရနိုင်တယ်လို့ သူခန့်မှန်းတာပါ။

ဒါအပြင် လုပ်ငန်းတွေလည်ပတ်လာနိုင်ဖို့ ချေးငွေအစီအစဉ်တွေ ရှိလာဖို့၊ အလုပ်အကိုင်တွေပြန်ရလာဖို့ နဲ့ ငလျင်ဒဏ်သင့် ဒေသတွေဆီကို အလွယ်တကူသွားနိုင်အောင် ပျက်စီးသွားတဲ့ လမ်းတံတားအ ခြေခံအဆောက်အအုံတွေ ပြန်လည်ပြင်ဆင်ဖို့ လည်းလိုအပ်နေပါသေးတယ်။

အခြေခံ အဆောက်အအုံပိုင်း ပျက်စီးသွားမှုရဲ့ အတိုင်းအတာ ပမာဏဟာ ဒေါ်လာ သန်းပေါင်း ၅ ထောင် လောက်ထိ မြင့်မား နိုင်တာကြောင့် အဲဒီလောက် အတိုင်းအတာ ပမာဏမျိုး ပြည့်မှီဖို့ အထိ နိုင်ငံတကာ အသိုင်းအဝိုင်းထံကနေ ရဖို့ မဖြစ်နိုင်ပါဘူးလို့ သူက ပြောပါတယ်။

"စစ်အာဏာပိုင်တွေ အနေနဲ့ ငလျင်ဘေး ပြန်လည် ထူထောင်ရေးနဲ့ ပြန်လည် တည်ဆောက်ရေးတို့ကို အကျိုးရှိရှိ ထိထိရောက်ရောက် လုပ်နိုင်လောက်အောင်အထိ ဘတ်ဂျက်ငွေ သုံးစွဲမလား၊ ချပေးမလား ဆိုတာလဲ ကျွန်တော်တို့ မသိပါဘူး" လို့ သူက ပြောပါတယ်။

ဧပြီ ၂၅ ရက်ကလုပ်တဲ့ စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်တဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးမှာလည်း ဒီအကြောင်းဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာမှာ ကာလတိုပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ၆ လက ၁၂ လအထိ၊ ကာလလတ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ၁ နှစ်က ၂ နှစ်အထိ၊ ကာလရှည်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ၂ နှစ်က ၅ နှစ်အထိ လိုအပ်ပါက ၁၀ နှစ်အထိ ဆောင်ရွက်ကြတယ် လို့ ဆွေးနွေးကြပါတယ်။

မြန်မာနိုင်ငံရဲ့ အရင်းအမြစ်ပေါ် မူတည်ပြီး ကဏ္ဍခွဲခြားဆောင်ရွက်သွားဖို့ တင်ပြဆွေးနွေးကြဖို့ လိုတယ် လို့ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း က ပြောပါတယ်။

DMC စာရင်းတွေအရ ငလျင်ကြောင့် အဆောက်အဦ စုစုပေါင်း ၈ သောင်းကျော်အထိ ပျက်စီးခဲ့တာဖြစ်ပါတယ်။

လူနေအိမ် ၆၃၈၅၄ လုံး၊ စာသင်ကျောင်း ၆၇၅၂ ကျောင်း၊ ဘုန်းကြီးကျောင်းနှင့်သီလရှင်ကျောင်း ၅၄၇၄ ကျောင်း၊ စေတီပုထိုး ၅၃၄၂ ဆူ၊ အခြားဘာသာရေးအဆောက်အဦ ၆၁၃ လုံး ၊ ဆေးရုံ/ဆေးခန်း ၅၇၆ လုံး အထိ ပျက်စီးခဲ့တာ ဖြစ်ပါတယ်။

ပြည်သူတွေ ဘာလိုအပ်နေကြလဲ

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး UNOCHA ကတော့ ငလျင်ဒဏ်သင့်ဒေသက ပြည်သူတွေ အရေးပေါ်လိုအပ်နေတဲ့ အစိတ်အပိုင်း ၆ ခုရှိတယ်လို့ ပြောထားပါတယ်။

အရေးပေါ် ခိုလှုံရာနေရာ ၊အစားအစာ၊ငွေသား၊စိတ်ချရတဲ့ သောက်ရေနဲ့အိမ်တွင်းရေအရင်းအမြစ်၊ ကျန်းမာရေးစောင့်ရှောက်မှု နဲ့ သန့်ရှင်းရေးအထောက်အပံ့တွေလိုအပ်နေတာပါ။

မန္တလေးမြို့တစ်ခုတည်းမှာပဲ လူ ၆ သောင်းခွဲလောက်က ဟာလာဟင်းလင်း နေကြရဆဲပဲလို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဥ် UNDP က ခန့်မှန်းပါတယ်။

ဆုံးရှုံးသွားတဲ့ အိုးအိမ်ကလည်း ၁ သောင်းအထက်မှာ ရှိလိမ့်မယ်လို့ တွက်ချက်ထားတာပါ။

မြို့နယ် ၅ မြို့နယ်မှာ မြို့တွင်း ၃ မြို့နယ်က အိုးအိမ်ပျက်စီးတာ၊လူသေဆုံးထိခိုက်တာ များတယ်လို့ လူမှုကူညီ ရေးလုပ်နေသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

မြို့တွင်း အောင်မြေသာစံ၊ချမ်းအေးသာစံ နဲ့မဟာအောင်မြေ မြို့နယ်တွေပါ။

"မြို့ပြင်ဆိုမသိသာသေးဘူး။မြို့ထဲစဝင်တာနဲ့ ဇာတ်လမ်းကစတာပဲ။ ရုပ်ပျက်ဆင်းပျက်ကို အပျက်အစီးတွေ များတာ" လို့ သူကပြောပါတယ်။

နေစရာတွေကို ပြန်လည်ပြုပြင်နိုင်ဖို့လည်း မစွမ်းသာကြပါဘူး။

"အိမ်ပြိုသွားတဲ့သူ အများစုက လူလတ်တန်းစားများတယ်။ ပြင်ဖို့ကော နေဖို့စားဖို့ကော အနိုင်နိုင်ဖြစ် နေကြတာ"လို့ မန္တ‌လေးမြို့ခံ တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ငလျင်ကြောင့် ပြိုကျတာမဟုတ်ဘဲ ယိုင်နဲ့ကုန်တာ၊ အက်ကြောင်းတွေပေါ်လာတာနဲ့ ထိခိုက်မှုရှိခဲ့တဲ့ အိမ်တွေ ကိုလည်း လူပြန်ဝင်နေလို့ရနိုင်မလားဆိုတာ စစ်ဆေးပေးမယ့် အင်ဂျင်နီယာပညာရှင်တွေလိုအပ်တယ်လို့ မန္တလေး အခြေစိုက် လူမှုကူညီရေးအသင်းတာဝန်ခံတစ်ဦးကလည်း ဆိုပါတယ်။

ပထမ ငလျင်ကြီးနဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေဟာ လှုပ်ခတ်မှုအင်အား ၅ ရစ်ခ်တာစကေးဝန်းကျင်အထိ လှုပ်နေသေးတာကြောင့် မန္တလေးမှာ တိုက်တချို့လည်းဆက်ပြိုကျကုန်ပါတယ်။

ဧပြီ ၁၂ ရက် ညမှာ ပြည်ကြီးတံခွန်မြို့နယ်ထဲ တိုက်တစ်လုံးပြိုကျခဲ့သလို ဧပြီ ၁၃ ရက် နောက်ဆက်တွဲ ငလျင် ကြောင့် အောင်မြေသာစံမြို့နယ်ထဲက ၃ ထပ်ခွဲတိုက် ပြိုကျခဲ့ကာ နာရီပိုင်းအကြာမှာ လေးထပ်တိုက်တစ်လုံး ရဲ့ မြေညီထပ် တစ်ထပ်လုံး မြေကျွံကျခဲ့ပါတယ်။

ဒီတိုက်တွေမှာ လူပြန်နေထိုင်ခြင်းမရှိသေးလို့ အထိအခိုက်တွေတော့ မရှိခဲ့ပါဘူး။

မန္တလေးလူမှုကူညီရေးအသင်းတချို့ကတော့ အတူပူးပေါင်းပြီး ပျက်စီးအဆောက်အဦအရေအတွက် နဲ့ ပျက်စီး တဲ့အနေအထားကို အိမ်ရှင်တွေဆီကနေ ကောက်ခံနေတာ ရှိပါတယ်။

"လုံးဝနေမရတာ၊ ပြင်ဆင်ဖို့လိုတာ နဲ့ အသေးစားပျက်စီးတာတွေခွဲကောက်တာပေါ့။ ဒါမှ လိုအပ်ရင် ဒီအချက်အလက်နဲ့ လုပ်ကိုင်လို့ရမှာ" လို့ စာရင်းကောက်နေတဲ့ မန္တလေးအဖွဲ့ကပြောပါတယ်။

မန္တလေးက ရပ်ကွက်တစ်ခုရဲ့အုပ်ချုပ်ရေးမှူးကတော့ ပြိုကျအဆောက်အဦတွေရှင်းထုတ်ပြီး ၆လလောက်နေလို့ရမယ့် ယာယီနေစရာတွေဆောက်ပေးဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အနည်းဆုံး ၈လလောက်ကြာနိုင်တယ်လို့ သူကခန့်မှန်းပါတယ်။

လတ်တလောမှာတော့ ရပ်ကွက်က နေအိမ်ဆုံးရှုံးသွားတဲ့ လူဦးရေထောင်ကျော်ဟာ ကျစ်ကျစ်တောက်ပူတဲ့ နေ့အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်အောက်မှာ အမိုးအကာမလုံ့တလုံနဲ့ နေနေကြရတုန်းပါပဲ။

"သတင်းမှာတွေ့တဲ့အကူအညီတွေ တကယ်လက်ထဲမြန်မြန်ရောက်လာရင်တော့ ကောင်းတာပေါ့" လို့ အုပ်ချုပ်ရေးမှူးကပြောပါတယ်။

သူ့ရပ်ကွက်မှာတော့ စစ်ကောင်စီကပေးတဲ့ အခင်းအကာ နဲ့ စားစရာအထောက်အပံ့ ရဖူးတယ်လို့ဆိုပါတယ်။

ဒါပေမဲ့ လူထောင်ကျော်အတွက် အိမ်သာ ၁၅ လုံးဝန်းကျင်နဲ့ နေနေရတဲ့ အခြေအနေမှာ ကူးစက်ရောဂါပြဿနာတွေရှိလာမှာ သူစိုးရိမ်နေပါတယ်။

"အိမ်ပြိုတဲ့လူတွေကတော့ ဆွေမျိုးနီးစပ်ဆီမှာနေကြတယ်။ အားကစားကွင်းထဲက ကယ်ဆယ်ရေးစခန်းတော့ သိပ်မနေကြဘူး။ ပြိုတဲ့အိမ်တွေ ဖြိုပြီး ပြန်နေနိုင်အောင် အကူအညီတွေလိုနေကြတာပေါ့" လို့ လယ်ဝေး လူမှုကူညီရေးအသင်းက အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ငလျင်ဒဏ်သင့်ဒေသက အိမ်တွေ ဖြိုချဖို့ကိုလည်း အိမ်ရှင်ကိုယ်တိုင် ဒါမှမဟုတ် အလှူရှင်အကူအညီနဲ့သာ ဖြိုချနေကြရတာ ဖြစ်ပါတယ်။

အင်း‌လေးမှာလည်း လူမှုကူညီရေးအသင်းတစ်ခုရဲ့ကောက်ယူထားတဲ့စာရင်းအရ ရွာ ၈ ရွာက အိမ်အလုံး ၂၀၀၀ အလုံးစုံပျက်စီးသွားခဲ့ပါတယ်။

အိမ်ပျက်စီးသူတွေအတွက် ဝါးအိမ်တစ်လုံးကို သိန်း ၃၀ ဝန်းကျင်နဲ့ ရရှိတဲ့ အလှူငွေကနေ ပြန်ဆောက်လုပ်ပေးနေပေမဲ့ ၁၀ လုံးသာ ပြန်ဆောက်ပေးနိုင်သေးတာပါ။

ယိုင်နဲ့သွားတာ နဲ့ ပြင်ဆင်ဖို့လိုတာက အိမ်အလုံး ၃၀၀၀ ဝန်းကျင်ရှိပါတယ်။

"နိုင်ငံတော်အဆင့် ကရိန်းတွေ၊စက်ကြီးတွေနဲ့ လာပြီး ယိုင်တဲ့အိမ် ဆွဲတဲ့ပေး၊ အိမ်အကြီးဖြိုလိုတာယူပြီး အသေးပြန်ဆောက်တာမျိုးလုပ်ပေးစေချင်တာပေါ့။ အခုလိုတိုင်းသာ ဘာအကူအညီမှမလာရင် ပြန်လည်ထူ ထောင်တာ ဖြစ်လာမှာမဟုတ်ဘူး" လို့ အင်းလေးလူမှုကူညီ‌ရေးသမားက ပြောပါတယ်။

စစ်ကောင်စီကတော့ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်(၁၀) ခုမှာ ထိခိုက်ပျက်စီးခဲ့ရပြီး အိမ်ထောင်စု ၁၂၈၉၆၅ စု ငလျင်သင့်တယ်လို့ ထုတ်ပြန်ထားပါတယ်။

နောက်ဆက်တွဲကျန်းမာရေးပြဿနာ

ငလျင်နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာ ကပ်ရောဂါကူးစက်မှုပြဿနာတွေဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါအပါအဝင် နောက်ဆက်တွဲရောဂါများဖြစ်ပွားမှုနဲ့ ပြန့်ပွားမှုမရှိစေဖို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ နိုင်ငံတကာမှ ကျန်းမာရေးအဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကူးစက်ရောဂါများဖြစ်ပွားခြင်းမရှိဘူးလို့ ပြောပါတယ်။

ဒါပေမဲ့ မြေပြင်မှာတော့ ဒီလိုအခြေအနေမဟုတ်ဘဲ ငလျင်နောက်ဆက်တွဲ ကျန်းမာရေးကို စိုးရိမ်မှုရှိကြပါတယ်။

မန္တလေး၊စစ်ကိုင်း၊လယ်ဝေး နဲ့ အင်းလေးဒေသက ဘီဘီစီမေးမြန်းခဲ့တဲ့ ဒေသခံနဲ့လူမှုကူညီရေးအသင်းတွေ က တော့ ကျန်းမာရေးစောင့်ရှောက်မှုလည်း လိုအပ်တယ်လို့ပြောလာကြပါတယ်။

"ကူးစက်ရောဂါတွေ ရကြတာရှိတယ်။ အပြင်မှာတွေနေကြရတာ အပူမိချောင်းဆိုးတာလည်းများတယ်။ ကျန်းမာရေးကူညီစောင့်ရှောက်မှု လိုနေတာပေ့ါ" လို့ မန္တ‌လေးမြို့ခံကပြောပါတယ်။

စစ်ကိုင်းမှာ ဆေးကုသမှုပေးနေတဲ့ ဆေးအဖွဲ့တစ်ခုကလည်း ဝမ်းရောဂါနဲ့အရေပြားရောဂါတချို့ တွေ့လာရတယ် လို့ဆိုပါတယ်။

ငလျင်ကြောင့် ဆေးရုံ ဆေးခန်း ၅၇၆ ခု ထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်‌ကောင်စီက ပြောထားတာပါ။

စစ်ကိုင်းနဲ့ မန္တလေး မြေပြင်အခြေအနေကို သွားရောက်ကြည့်ရှုခဲ့တဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဥ် UNDP ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေ ကိုယ်စားလှယ် တီတွန် မီထြာကတော့ ငလျင် မတိုင်ခင်ကတည်းက ကျန်းမာရေး စောင့်ရှောက်မှု စနစ် ယန္တရား တစ်ခုလုံးဟာ ခပ်ယဲ့ယဲ့ပဲ ရှိနေတာလို့ ဆိုပါတယ်။

"လုံလောက်တဲ့ ငွေကြေး ဘတ်ဂျက်လည်း မရှိသလို၊ CDM ဝင်သွားသူတွေလည်း ရှိတဲ့ အတွက် လူလည်း မလုံလောက်ပါဘူး။

"ကျွန်တော် စစ်ကိုင်း ဆေးရုံကို ရောက်ခဲ့ပါတယ်။ တွေ့ရတာ အင်မတန် ဝမ်းနည်းဖို့ ကောင်းပါတယ်။ လူနာတိုင်းကို ကားရပ်တဲ့ ကွင်းပြင်မှာ ထုတ်ပြီး နေရာချထားရပါတယ်။ ၄၀ ဒီဂရီ ဆဲလ်စီယပ်စ် အပူချိန် အောက်မှာ နေရတာဖြစ်ပါတယ်" လို့ တီတွန် မီထြာက မြေပြင်အခြေအနေကို ပြောပြပါတယ်။

နေပြည်တော်နဲ့ မလှမ်းမကမ်းလယ်ဝေးကုတင် ၁၀၀ ဆေးရုံမှာလည်း အခုလို ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတာရှိတယ်လို့ မြို့ခံတစ်ဦးကဘီဘီစီကိုပြောပါတယ်။

"ဆေးရုံမှာတော့ နဂိုတည်းက အတွင်းလူနာရှိပြီးသား။ ဒါကိုမှငလျင်ကြောင့်ထပ်တိုးလာတော့ ဝန်အား မမျှဘူးပေါ့။ လူနာကို ကွင်းပြင် နဲ့ ဆေးရုံစောင်းတန်းဖက်ထုတ်ထားရတာ" လို့ ဆိုပါတယ်။

နေပြည်တော်နဲ့အနီးဆုံးမှာရှိပေမဲ့ အကူအညီတွေက ထင်သလောက်မရနေဘူးလို့ သူကယူဆပါတယ်။

"နိုင်ငံတကာအကူအညီက သတင်းတွေမှာတော့ တွေ့တယ်လေ။ ဒီဘက်မှာလည်း သိပ်မတွေ့ရဘူး။ အထက်ကဘယ်လိုစီမံလည်းမသိပါဘူး" လို့ သူက ဆိုပါတယ်။

စစ်ကောင်စီဌာနဆိုင်ရာ ဝန်ထမ်းအိမ်ရာတွေဘက်က အကူအညီတောင်းရင် လယ်ဝေးဘက်ကတောင် ပြန်သွား လှူရတာရှိနေတယ်လို့ ဆိုပါတယ်။

ဘူးကွဲ နဲ့ တပ်ကုန်းဘက် ဝန်ထမ်းအိမ်ရာတွေက အပျက်အစီးများပြီး နေရပ်ပြန်သူတွေရှိသလို တချို့ကတော့ အဆောက်အဦပျက်တွေနားမှာ ယာယီနေစရာ ဖန်တီးပြီးနေကြတယ်လို့ နေပြည်တော်ဘက် အကူအညီပေးဖို့ သွားခဲ့တုန်းက အတွေ့အကြုံကို သူကပြောပြပါတယ်။

စစ်ကောင်စီကတော့ ဌာနဆိုင်ရာဝန်ထမ်းတွေ နေထိုင်ဖို့ ယာယီနေရာတွေ စီမံနေတယ်ဆိုတာနဲ့ အထောက်အပံ့ ပစ္စည်းပေးတာတွေကို စစ်ကောင်စီထိန်းချုပ်သတင်းစာတွေမှာ ဖော်ပြပါတယ်။

UNOCHA က နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ် ၇ ခုရဲ့ မြို့နယ် ၄၀ က လူဦးရေ ၈၅၇,၀၀၀ ကို စစ် တမ်းကောက်ယူခဲ့ရာမှာ ထက်ဝက်လောက် အကူအညီတွေ မရကြသေးဘူးဆိုတာ တွေ့ခဲ့ရပါတယ်။

"အလုပ်အကိုင်မရှိ၊အိမ်တွေလည်း ပျက်စီးကုန်တော့ စားစရာအကူညီတွေကအစ ဆက်လိုနေဦးမှာပဲ" လို့ မန္တလေးက အုပ်ချုပ်ရေးမှူးကပြောပါတယ်။

စစ်ကောင်စီကတော့ သေဆုံးသူ တစ်ဦးကို ငွေကျပ် ၁၀ သိန်း ပေးမယ်လို့ ပြောခဲ့တာက လွဲရင် ငလျင်အရေးပေါ် ကယ်ဆယ်ရေး နဲ့ ပြန်လည်ထူထောင်ရေးတွေမှာ နိုင်ငံဘဏ္ဍာ နဲ့ အလှူငွေတွေသုံးပြီး လုပ်ဆောင်မယ့်အစီအစဉ် တွေကို ရှင်းရှင်းလင်းလင်းချပြတာ မရှိပါသေးပါဘူး။

ဒီငွေတွေကလည်း မိသားစုဝင်တွေလက်ထဲ မရောက်လာသေးပါဘူး။

နိုင်ငံတကာ နဲ့ ပြည်တွင်းအကူအညီက စစ်ကောင်စီ ဘယ်လိုရနေလဲ

စစ်ခေါင်းဆောင်က ငလျင်ကြောင့်ထိခိုက်ပျက်စီးတာကို ဖယ်ရှားဖို့ နဲ့ ပြန်လည်ထူထောင်ရေးမှာ တစိတ်တပိုင်းသုံးဖို့ စစ်ကိုင်းကို ၅၀ ဘီလီယံ၊မန္တလေးကို ၆၀ ဘီလီယံ၊နေပြည်တော်ကို ၁၀ ဘီလံယံ နဲ့ ရှမ်းပြည်နယ်ကို ၅ ဘီလီယံ ပေးထားတယ်လို့ ဧပြီ ၁၉ ရက်မှာဆိုထားပါတယ်။

ဒီငွေတွေကို အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေကနေ ပေးတာလို့ပြောထား ပြီး ငွေတွေကို ကော်မတီကတဆင့် သက်ဆိုင်ရာတိုင်းဒေသကြီးကို ပေးပို့ထားတယ်လို့ပြောပါတယ်။

ပြည်တွင်းပြည်ပအလှူငွေစုစုပေါင်း ကျပ် ၁၁၅ ဘီလီယံကျော် နဲ့ ဗဟိုဘဏ်ငွေလဲနှုန်း နဲ့တွက်ရင် ကျပ် ၆ ဘီလီယံလောက်ရှိတဲ့ နိုင်ငံခြားငွေတွေလည်း လက်ခံရရှိထားတာဖြစ်ပါတယ်။

နိုင်ငံခြားအလှူငွေကို မြန်မာ့စီးပွားရေးဘဏ်ကတဆင့်လက်ခံနေတဲ့ စစ်ကောင်စီအတွက် ဗဟိုဘဏ်ပေါက်ဈေးနဲ့ တွက်ချက်လက်ခံနိုင်ချေများတာကြောင့် ဒီကနေအမြတ်အစွန်းထွက်နေနိုင်ပါသေးတယ်။

ပစ္စည်းအနေနဲ့တော့ နိုင်ငံပေါင်း ၂၆ နိုင်ငံက ထောက်ပံ့၊ကယ်ဆယ်ရေးပစ္စည်း တန်ချိန် စုစုပေါင်း ၄၀၀၀ နီးပါးရထားတယ်လို့ စစ်ကောင်စီက ဧပြီ ၂၆ ရက်မှာ ပြောပါတယ်။

ဒီထဲက တရုတ်ရဲ့လှူဒါန်းမှုက အများဆုံးဖြစ်ပြီး ကယ်ဆယ်ရေးအထောက်အပံ့ပစ္စည်းတွေ ကိုယ်တိုင်ပေးပို့နေတာဖြစ်ပါတယ်။

ကျန်အနောက်နိုင်ငံ နဲ့အလှူရှင်နိုင်ငံအများစုကတော့ ကုလအောက်က WFP၊UNICEF၊UNOCHA၊UNDP လို အဖွဲ့တွေ နဲ့ ICRC တို့ကတဆင့် ပေးအပ်ကြတာများပါတယ်။

ဒီအကူအညီတွေက ယာယီတဲ၊ရေသန့်စက်၊ခြုံစောင်၊မီးစက်၊တစ်ကိုယ်ရည်သန့်ရှင်‌ရေးပစ္စည်းလို ကူညီရေးပစ္စည်း တွေဖြစ်ပါတယ်။

အကူအညီတွေပေးနိုင်ဖို့ စစ်ကောင်စီ နဲ့ ညှိနှိုင်းဆောင်ရွက်ရတာတွေရှိတယ်လို့ UNDP ဌာနကိုယ်စားလှယ် တီတွန် မီထြာကပြောပါတယ်။

"ပုံမှန် မဟုတ်တဲ့ အနေအထားမှာ ဆိုရင်တော့ ညှိနှိုင်း လုပ်ဆောင်မှုတွေဟာ ကုလ ယန္တရားထဲမှာပဲ တည်ဆောက်လို့ မရတော့ပါဘူး။ ဥပမာ ကျွန်တော်တို့ အနေနဲ့ စစ်အာဏာပိုင်တွေထံကမှ သိရမယ့် ၊ သိနိုင်တဲ့ သတင်း အချက်အလက်မျိုးတွေ ရှိနေပြီ ဆိုရင် သူတို့ဆီက ရယူရပါတယ်" လို့ ပြောပါတယ်။

ဒါပေမဲ့ အထောက်အပံ့တွေ ပို့ဆောင်ရေးကအစ ကုလယန္တရားအတွင်းကပဲလုပ်ဆောင်တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ စစ်ကောင်စီဘက်က UNအဖွဲ့အစည်းတွေရဲ့ အကူအညီပေးရေးလုပ်ငန်းတွေကို သူတို့ထိန်းချုပ်ဒေသတွေထဲမှာသာ ပေးလုပ်ကိုင်ထားတာပါ။

ငလျင်ဒဏ်သင့်ဒေသ ၇၀ ရာခိုင်နှုန်းက စစ်ကောင်စီထိန်းချုပ်ဒေသဖြစ်ပြီး ဒီထက်ကျော်လွန်ပြီး ကူညီခွင့် ပြုမလားဆိုတာတော့ သေချာမပြောနိုင်ဘူးလို့ တီတွန်မီထြာက ပြောပါတယ်။

"လောလောဆယ်မှာတော့ စစ်ကောင်စီ ထိန်းချုပ် နယ်မြေတွေကနေ စစ်ကောင်စီ ထိန်းချုပ် နယ်မြေ မဟုတ်တဲ့ ဒေသတွေဘက်ကိုလည်း ဘယ်နိုင်ငံတကာ အဖွဲ့အစည်းကမှ မသွားပါဘူး။ တကယ်လို့ သွားမယ် ဆိုရင် တားဆီး ခံရမလား၊ စစ်ဆေးရေး ဂိတ်တွေမှာ ရပ်တန့်စေပြီး နောက်ကို ပြန်လှည့်ခိုင်းမလား ဆိုတာ မသိရသေးပါဘူး။ ကျွန်တော်တို့ ဆက် စောင့်ကြည့်ဖို့ လိုပါတယ်" လို့သူပြောပါတယ်။

ငလျင်ဒဏ်ခံရတဲ့ ဒေသအားလုံးကို အကူအညီပေးဖို့ ကြိုးစားပေမဲ့ မြေပြင်မှာ အဟန့် အတားတွေ ကြုံနေရတယ်လို့ နိုင်ငံတကာ ငလျင်အကူအညီဖြန့်ဖြူးရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။

စစ်ဆေးရေးဂိတ်များစွာကိုဖြတ်သန်းရပြီး ဂိတ်တစ်ခုကဖြတ်သန်းခွင့်ပြုဖို့ တစ်ရက်နီးပါးစောင့်ဆိုင်းရ တဲ့ အခြေအနေရှိတယ်လို့ ဒီအသိုင်းအဝိုင်းထဲကနေ သိရပါတယ်။

စစ်ကောင်စီရထားတဲ့ ငွေသားအကူအညီတွေဟာ စစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို အထောက်အပံ့ပြုနိုင်တယ်လို့ JFM က ထုတ်ပြန် ပြောဆိုထားတာပါ။

ပြည်တွင်းကုမ္ပဏီတွေဆီ ကနေ အမေရိကန်ဒေါ်လာ ၅၅.၈ သန်းရထားတယ်လို့ Justice For Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီထဲမှာ ဂျပန်နိုင်ငံရဲ့ နာမည်ကြီးကုန်စည်လက်လီဖြန့်ဖြူးရေးကုမ္ပဏီ AEON၊ တရုတ်စီးပွားရေးလုပ်ငန်းစု CITIC Group နဲ့ China National Petroleum Corporation (CNPC)တို့ လည်းပါတယ်လို့ ဆိုပါတယ်။

မြန်မာခရိုနီတွေ နဲ့ စီးပွားရေးမိတ်ဖက်တွေက ကျပ် ၁၀၄ ဘီလျံ (အမေရိကန်ဒေါ်လာ ၄၉.၇ သန်း) ငွေသားနဲ့ နောက်ထပ် ကျပ်သန်းပေါင်း ၁၂.၄ ဘီလျံ (အမေရိကန်ဒေါ်လာ ၅.၉ သန်း) တန်ဖိုးရှိ ထောက်ပံ့ရေးပစ္စည်းတွေကို ဧပြီ ၁ ရက်မှာ လှူခဲ့တယ်လို့ Justice For Myanmar ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

"စီးပွားရေးလုပ်ငန်းတွေရဲ့ ကူညီထည့်ဝင်မှုတွေက စစ်အုပ်စုရဲ့ ကမ်းကုန်အောင်ဆိုးဆိုးရွားရွားကျူးလွန်နေတဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို အထောက်အပံ့မဖြစ်ဖို့ ဥပဒေအရဖြစ်စေ၊ ကျင့်ဝတ်အရဖြစ်စေ တာဝန်ရှိပါတယ်" လို့ Justice For Myanmar က မရတနာမောင်ကပြောပါတယ်။