ဆူမတ်ထြားကျွန်း မြေပြိုမှု သေဆုံးသူ ၁၉ ဦးထက်မနည်းရှိ- မတ်လ ၁၀ ရက်ညပိုင်းသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အင်ဒိုနီးရှားနိုင်ငံ ဆူမတ်ထြားကျွန်းမှာ မြေပြိုမှုတွေ ဆက်တိုက်ဖြစ်ခဲ့ရာမှာ သေဆုံးသူပေါင်း ၁၉ ဦးထက်မနည်း ရှိသွားပြီလို့ အခုအခါ သိထားရပါတယ်။
ရေကြီး ရေလျှံမှုတွေကြောင့် သောကြာနေ့တုန်းက လူ ၈ သောင်းလောက် နေအိမ်တွေကို စွန့်ခွာပြီး ယာယီနားခိုစခန်းတွေဆီ ပြောင်းရွှေ့ခဲ့ရပါတယ်။ အခုတော့ ရေတွေ ပြန်ကျလာနေပြီလို့ သိရပါတယ်။
ဒါပေမဲ့ ဆူမတ်ထြားကျွန်း အနောက်ပိုင်းမှာ သယ်ယူပို့ဆောင်ရေး အနှောင့်အတားတွေကြောင့် အသက်ရှင်ကျန်နေသူတွေကို ကယ်ဆယ်နိုင်ရေး ခရီးမတွင် ဖြစ်နေတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းတွေက ပြောပါတယ်။ အဲဒီမှာ မြေပြိုမှုတွေကြောင့် လမ်းတွေပိတ်နေပြီး တံတား ၂၆ ခု ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယရွေးကောက်ပွဲကော်မရှင် ဒုတိယအကြီးဆုံးပုဂ္ဂိုလ် ရာထူးကနေ ရုတ်တရက်နုတ်ထွက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယနိုင်ငံမှာ ရွေးကောက်ပွဲကော်မရှင်မှာ ဒုတိယအကြီးဆုံး ပုဂ္ဂိုလ် အာရွန် ဂိုအယ်လ် ရာထူးကနေ ရုတ်တရက် နုတ်ထွက်သွားခဲ့တာနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်မိကြောင်း အိန္ဒိယ အတိုက်အခံပါတီတွေက ထုတ်ဖော်ပြောခဲ့ကြပါတယ်။
ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲကြီးဖြစ်လာမယ့် အိန္ဒိယနိုင်ငံရဲ့ ရွေးကောက်ပွဲကြီး မကျင်းပခင် သီတင်းပတ်အနည်းငယ် အလိုမှာပဲ ရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်ရှိပုဂ္ဂိုလ် ၃ ဦးထဲက တစ်ဦးဖြစ်တဲ့ အာရွန် ဂိုအယ်လ် ရာထူးကနေ အခုလို ရုတ်တရက် နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ ဂိုအယ်လ် ရာထူးကနေ နုတ်ထွက်ခွင့်ကို သမ္မတက လက်ခံခဲ့ပြီး ဖြစ်တယ်လို့ တရားရေးဝန်ကြီးဌာနက ပြောပါတယ်။
သူနုတ်ထွက်ခဲ့ရတဲ့အကြောင်းရင်းကိုတော့ မစ္စတာ ဂိုအယ်လ် က ထုတ်ဖော်မပြောခဲ့ပါဘူး။
ရွေးကောက်ပွဲ ကော်မရှင် ဘယ်လို လည်ပတ်နေခဲ့သလဲ ဆိုတာနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ အတိုက်အခံ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
ရွေးကောက်ပွဲတွေကို ဧပြီလနဲ့ မေလတို့မှာ ကျင်းပဖို့ ရှိပြီး ဝန်ကြီးချုပ် နရန်ဒရာ မိုဒီက ရာထူးသက်တမ်း တတိယမြောက်အဖြစ် ဝင်အရွေးခံမှာ ဖြစ်ပါတယ်။
ရာမာဒန် ဥပုသ်လ ဝင်ခါနီး ဂျေရုဆလင်မြို့မှာ လုံခြုံရေး တင်းကျပ်

မွတ်ဆလင်တွေရဲ့ ဥပုသ်လ ရာမာဒန်အတွက် ပါလက်စတိုင်းလူမျိုးတွေ ပြင်ဆင်နေကြချိန်မှာပဲ အစ္စရေးအစိုးရက ဂျေရုဆလင်မြို့မှာ လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားလိုက်ပါတယ်။
နေ့စဉ် ဝတ်ပြုသူ သောင်းပေါင်းများစွာ လာရောက်ဖို့ ရှိတဲ့ အယ်လ် အက္ကဆာ ဗလီ ရှိရာ ဂျေရုဆလင်မြို့ဟောင်းမှာ အစ္စရေးရဲ ထောင်ပေါင်းများစွာ ချထားပြီး ဖြစ်ပါတယ်။
ဂါဇာမှာ စစ်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ပါလက်စတိုင်းတွေ အဲဒီဗလီကို သွားပြီး ဝတ်ပြုကြဖို့ ဟားမတ်စ်အဖွဲ့က အကြိမ်ကြိမ် တိုက်တွန်းထားပါတယ်။ အဲဒီဗလီဟာ မွတ်ဆလင်တွေနဲ့ ဂျူးတွေအကြား မကြာခဏ ထိပ်တိုက်တွေ့နေကျ နေရာတစ်ခုဖြစ်ပါတယ်။
ရာမာဒန် ဥပုသ်လအတွင်း အပစ်အခတ် ရပ်စဲထားနိုင်ရေး မျှော်လင့်ချက်ဟာ မဖြစ်နိုင်တော့တဲ့အခြေအနေမျိုး ဖြစ်သွားခဲ့ရပြီး ဆွေးနွေးပွဲတွေမှာ ဟားမတ်စ်ဘက်က သဘောထား တင်းမာနေခဲ့တာကြောင့် ဆိုပြီး အစ္စရေးတို့က စွပ်စွဲနေပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ကျောက်ကပ်ရောဂါ ခံစားရသူ ၃၈ သန်းအထိ တိုးလာနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျောက်ကပ်နဲ့ ဆက်နွှယ်တဲ့ ရောဂါ ခံစားနေရသူ အရေအတွက်ဟာ ၃၈ သန်းအထိ တိုးလာနေတယ်လို့ ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးပညာရှင်တွေက သတိပေး ပြောကြားလိုက်ပါတယ်။
သွေးတိုး၊ ဆီးချိုနဲ့ ဆေးလိပ်သောက်မှုအပါအဝင် ကျောက်ကပ်ရောဂါ ဖြစ်ပွားစေမှုတွေကို ထိန်းချုပ်နိုင်စေမယ့် လုပ်ဆောင်မှုတွေ လုပ်ကြဖို့ သူတို့က အကြံပေးထားပါတယ်။
အသံတိတ် လူသတ်သမားလို့ ဖော်ညွှန်းခေါ်ဝေါ်ကြတဲ့ ကျောက်ကပ်ရောဂါကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နှစ်စဉ် လူ ၅ သောင်းလောက် သေဆုံးလေ့ရှိပြီး အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံထက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျောက်ကပ်ရောဂါကြောင့် သေဆုံးသူ နှစ်ဆ ပိုများတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
အဲဒီမှာ လူအတော်များများအနေနဲ့ ထိရောက်တဲ့ ဆေးကုသမှုတွေ ခံယူဖို့ ငွေကြေး မတတ်နိုင်ကြဘူးလို့ ဆိုပါတယ်။








