ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
“ဘာအကူအညီမှ ရောက်မလာသေးဘူး”
မိုခါမုန်တိုင်း သူတို့နေရာကို ဝင်ပြီးတိုက်ခတ်ဖျက်ဆီးသွားတာ ဒီကနေ့ မေလ ၁၇ ရက်ဆိုရင် နာရီပေါင်း ၇၂ နာရီကျော်သွားပါပြီ။
အခုထိ ဘာအကူအညီမှ ရောက်မလာသေးဘူးလို့ ကိုမြင့်ထွန်းက ပြောပါတယ်။
“စစ်ကောင်စီရော၊ ယူအန်ရော၊ ပုဂ္ဂလိကဘက်ကရော ဘာမှ ရောက်မလာသေးဘူး” လို့ သူကပြောပါတယ်။
“ဒီမှာ အကုန်လုံး စုတ်ပြတ်သတ်သွားတယ် ဘာမှရစရာမရှိတော့ဘူး” လို့ ရသေ့တောင်မြို့ခံတစ်ဦးကပြောပါတယ်။
စစ်တွေနဲ့ မိုင် ၂၀ လောက်ဝေးပြီး ရေလမ်းက သွားရင်တစ်နာရီကျော် မော်တော်စီးရတဲ့ ရသေ့တောင်မြို့နယ်ဟာ မေလ ၁၄ ရက်နေ့က ဝင်ရောက်ခဲ့တဲ့ မိုခါမုန်တိုင်း တိုက်ရိုက်ဖြတ်သန်းတဲ့လမ်းကြောင်းမှာပါဝင်ပါတယ်။
ရသေ့တောင်မြို့ပေါ်မှာ လူ ၃ ဦး သေဆုံးခဲ့ပြီး ရသေ့တောင်မြို့နယ်ထဲက ဒုံးပိုက်ကျေးရွာမှာ လူ ၁၃ ဦးခန့်သေဆုံးခဲ့ပါတယ်။ လက်ရှိ ဘီဘီစီက အတည်ပြုထားနိုင်တဲ့ မိုခါမုန်တိုင်းကြောင့်သေဆုံးတဲ့သူ အရေတွက် ၄၁ ဦးထိရှိလာပြီး ရသေ့တောင်မြို့နယ်တစ်ခုတည်းမှာ ၁၆ ဦးခန့်ရှိလာပြီ ဖြစ်ပါတယ်။
“မနေ့က မေလ ၁၆ ရက်နေ့ နေ့လယ်က တယ်လီနောလိုင်း ပြန်ပွင့်တယ်၊ ရွာတွေဘက်မှာ အသေအပျောက်များနိုင်တယ်”လို့ ကိုမြင့်ထွန်းက ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ရသေ့တောင်မြို့နယ်ဟာ စစ်တွေမြို့နယ်ပြီးရင် ထိခိုက်မှု အများဆုံးဖြစ်တယ်လို့ မုန်တိုင်းတိုက်ခိုက်အပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
မေလ ၁၆ ရက်နေ့အထိ မိုခါ မုန်တိုင်း အပျက်အစီး အသေအပျောက်စာရင်းတွေနဲ့ပတ်သက်လို့ စစ်ကောင်စီက မေလ ၁၆ ရက်နေ့ ညပိုင်းမှာ တိုင်းဒေသကြီး ပြည်နယ် ကျေးရွာ ၇၆၉ ရွာက လူနေအိမ် ၁၁၅၂၃ လုံး ၊ သာသနိက အဆောက်အဦ ၇၃ လုံး၊ ဘုန်းတော်ကြီးကျောင်း ၄၇ ကျောင်း၊ စာသင်ကျောင်း ၁၆၃ ကျောင်း၊ ဆေးရုံ ဆေးခန်း ၂၉ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ ဓာတ်မီးတိုင် ၁၁၉ တိုင်၊အပါအဝင် ဌာနဆိုင်ရာ အဆောက်အဦ ၁၁၂ လုံးပျက်စီးခဲ့ပြီး လူ ၂၁ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ရသေ့တောင်မြို့က အိမ်တွေအားလုံးနီးပါး ပျက်စီးသွားပြီး အမိုးလည်းမရှိ၊ အကာတွေလည်းမရှိတော့သလို လူတွေလည်းနေစရာမရှိ ဖြစ်နေတယ်လို့ ကိုမြင့်ထွန်းက ပြောပြပါတယ်။
“မုန်တိုင်း အပြီး ညဘက်တွေမှာ မိုးရွာတော့ အင်မတန် ဒုက္ခရောက်တယ်၊ငွေရှိလို့ အထုပ်လိုက်ကိုင်ပြီး အိမ်ပြင်ဖို့ လိုက်ဝယ်တာတောင် သွပ်လည်းဝယ်မရ၊ သံလည်းဝယ်မရ၊ တာလပတ်လည်း ဝယ်မရဖြစ်နေတယ်”လို့ သူက ပြောပါတယ်။
စစ်တွေနဲ့ ရသေ့တောင်ကြား ကားလမ်းရှိပေမဲ့ မုန်တိုင်းကြောင့် အဆက်အသွယ်တွေ ပြတ်တောက်နေပါတယ် ။ ဒါပေမဲ့ အကူအညီပေးတဲ့ အဖွဲ့တွေ ရေလမ်းကလာရင် အလွယ်တကူ ရောက်နိုင်တယ်လို့ ရသေ့တောင်မြို့ခံတစ်ဦးက ပြောပါတယ်။
"ရသေ့တောင်က ပစ္စည်းတွေအားလုံးက စစ်တွေကနေပို့တာ စစ်တွေမှာတောင် ပစ္စည်းတွေ အလုံအလောက်မရသေးရင် ရသေ့တောင်ကို ရောက်လာဖို့က ဘယ်လောက်ကြာမယ်မသိဘူး"လို့ ကိုမြင့်ထွန်းက ပြောပါတယ်။
ညဘက်မိုးရွာတာကြောင့် အမိုးအကာလုံခြုံတဲ့ ဆွေနီးမျိုးစပ် အိမ်တွေမှာ သွားပြီး ညဘက်အိပ်ရတယ်လို့ သူက ပြောပြပါတယ်။
အိမ်လုံဖို့ တာလပတ် သုံးသိန်းဖိုးလောက်သုံးရင်တော့ အတော်အသင့်အိမ်က အိပ်လို့နေလို့ ရမယ်လို့ ရသေ့တောင်မြို့ခံတစ်ဦးက ပြောပါတယ်။
ကုလသမဂ္ဂရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းတွေက စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်တို့မှာ ပျက်စီးဆုံးရှုံးမှုတွေနဲ့ အရေးပေါ်လိုအပ်ချက်တွေကို ဦးစားပေးအနေနဲ့ စစ်တမ်းစတင်ကောက်ယူဖို့ဆောင်ရွက်နေပါတယ်လို့ မေလ ၁၆ ရက်နေ့က ထုတ်ပြန်ပါတယ်။
ဒါ့အပြင်ရခိုင်ပြည်နယ်က ရုံးပိုင်ပစ္စည်းအများစုမှာ အထိအခိုက်မရှိကြောင်းနဲ့ ရခိုင်ပြည်နယ်က ဂိုဒေါင်တွေက ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ အမိုးအကာပစ္စည်းတွေကို ရေဘေးသင့်ရပ်ရွာများကို ဖြန့်ဖြူးဖို့ ပြင်ဆင်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
မေလ ၁၆ ရက်နေ့က စတင်ပြီးနေပြည်တော်လေဆိပ်ကနေ စစ်တွေလေဆိပ်ကို ဆန်အိတ် ၁၀၀၊ ရေသန့်ဘူး စည်သွပ်ဘူးနဲ့ အစားအသောက်ဆေးဝါးတွေကို တပ်မတော်လေယာဥ် ရဟတ်ယာဥ်တွေနဲ့ ပို့ပေးနေတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။
“ရသေ့တောင်မြို့ပေါ်မှာတောင် ဒီလောက်ဖြစ်နေတာ ရွာတွေဘက်မှာ ပိုဆိုးမယ်”လို့ ရသေ့တောင်မြို့ခံတစ်ဦးက သူ့အမြင်ကိုပြောပါတယ်။
"ရသေ့တောင်မှာတော့ နေလို့ရတဲ့အိမ်က အာစီ ကွန်ကရစ်လောင်းထားတဲ့အိမ်ပဲ ကျန်တယ် ကျန်တာအကုန်ပျက်တယ်၊ ဒီကနေ့တော့ ကျွန်တော် သောက်ရေ ကုန်ပြီ သွားရှာရဦးမယ်”လို့ ကိုမြင့်ထွန်းကပြောပါတယ်။
ပြီးခဲ့တဲ့ရက်က မုန်တိုင်းသင့်ဒေသတစ်ခုဖြစ်တဲ့ ကျောက်တော်မြို့နယ်မှာ သောက်ရေသန့် ၂၀ လီတာ တစ်ဘူးကို ကျပ်တစ်သောင်းအထိ စျေးပေါက်နေတယ်လို့ ကျောက်တော် ဒေသခံတစ်ဦးကပြောပါတယ်။
ရသေ့တောင်အပါဝင် မိုခါမုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်အများစုမှာ သောက်သုံးရေ ပြတ်လပ်မှုတွေနဲ့ ကြုံနေကြရတာဖြစ်ပါတယ်။
မေလ ၁၆ ရက်နေ့မှာတော့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ သောက်သုံးရေ အခက်အခဲရှိလာလို့ မြို့ပေါ်နေရာတချို့နဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ ရွေ့လျား ရေသန့်ထုတ်စက်တွေနဲ့ သောက်ရေရရှိရေးအတွက် တာဝန်ရှိသူတွေက ဆောင်ရွက်ပေးနေ ရပါတယ်။
ရိက္ခာထောက်ပံ့မှုအနေနဲ့တော့ စစ်တွေမြို့ အာကျိတ်တော်ကုန်းမှာ ရှိတဲ့ အဓိဋ္ဌာန်ကျောင်းက မုန်တိုင်းရှောင် ပြည်သူတွေ အတွက် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP ကနေ ပေးပို့တဲ့ ရိက္ခာတွေ မေလ ၁၇ ရက်မှာ စတင်ရောက်ရှိလာပါတယ်။
အခုလို ရိက္ခာထောက်ပံ့မှုကို စစ်တွေကနေရာစုံမှာရရှိကြတာမျိုးတော့မရှိသေးပါဘူး။ ဒါ့အပြင်
ပြည်နယ်ရဲ့ အခြား မြို့နယ်အများအပြားမှာလလည်း အလားတူ ထောက်ပံ့မှုရရှိတာမျိုးတွေမရှိသေးပါဘူး။
အဲဒီလို ရိက္ခာထောက်ပံ့မှုနဲ့ အကူအညီပေးရေးအဖွဲ့တွေမရောက်နိုင်သေးတဲ့ နေရာတွေမှာ စစ်တွေနည်းတူ မုန်တိုင်းဒဏ်ကိုခံခဲ့ရတဲ့ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တို့လည်း ပါဝင်ပါတယ်။
ရခိုင်ပြည်နယ်က မြို့နယ် ၁၇ မြို့နယ်ကို စစ်ကောင်စီက သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ဒေသတွေအဖြစ် ပြီးခဲ့တဲ့ရက်ပိုင်းက သတ်မှတ်ထားခဲ့ပါတယ်။
ကြက်ဥ တစ်လုံးကို ရခိုင်မှာ ကျပ် ၇၀၀ အထိ စျေးပေါက်နေတယ်လို့ ရခိုင်ဒေသခံတစ်ဦးက ပြောပါတယ်။
မုန်တိုင်းအလွန်၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ထိခိုက်သေဆုံးမှုအခြေအနေကို တိတိကျကျ မသိရသေးသလို ဘူးသီးတောင်၊ ရသေ့တောင်နဲ့ မုန်တိုင်းဒဏ်သင့်ဒေသတွေကို ကူညီရေးအသင်းတွေသွား ရောက်ဖို့ ခက်ခဲနေတယ်လို့လည်း သိရပါတယ်။
မေလ ၁၄ ရက်နေ့ ရသေ့တောင်ကို မိုခါမုန်တိုင်းစဝင်တုန်းက နေ့လယ် ၁၂ နာရီကနေ ၄ နာရီ အထိ အပြင်းအထန် အခံရဆုံးလို့ ကိုမြင့်ထွန်းက ပြောပြပါတယ်။
"ကျွန်တော်တို့က အစ်မအိမ်က ပိုပြီးတောင့်တော့ အစ်မအိမ်မှာ သွားရှောင်နေကြတာ မုန်တိုင်းစဲ သွားတော့ညနေ ၅ နာရီမှာ ကျွန်တော်အိမ်ပြန်ကြည့်တော့ အိမ်ကရေ ၅ ပေလောက်မြုပ်နေပြီး အမိုး အကာ တစ်ခုမှ မရှိတော့ဘူး"လို့ သူကပြောပါတယ်။
ရသေ့တောင်မြို့ပေါ်က အသိမိတ်ဆွေ ၃ ဦးလည်း သေဆုံးခဲ့တာ သိရတယ်လို့ သူကပြောပြပါတယ်။
လောလောဆယ်တော့ မိုးရွာတော့ ရေလည်းရတာနဲ့ အိမ်ကိုဆေးနေတယ် ရွံတွေက တစ်အိမ်လုံးပေနေတာ လို့ ကိုမြင့်ထွန်းကပြောပြပါတယ်။
"သွပ်၊ သံဝယ်လို့ရမှ အိမ်ပြန်ပြင်ရမယ် အခုလောလောဆယ် ဘာမှ ဝယ်လို့မရဘူး၊ဘယ်လောက်လောက်စောင့်ပြီး ဒီအတိုင်းနေရမယ်ဆိုတာ မသိဘူး”လို့ ကိုမြင့်ထွန်းက ပြောပါတယ်။