ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိန္ဒိယသမုဒ္ဒရာထဲက အက်ဂါလီဂါကျွန်း - အိန္ဒိယရဲ့ သူလျှိုစခန်းအသစ်လား
- ရေးသားသူ, ဂျေကိုဘ် အီဗန်စ်
- ရာထူးတာဝန်, ဘီဘီစီကမ္ဘာတလွှား
အိန္ဒိယသမုဒ္ဒရာထဲက ကျွန်းငယ်လေး အက်ဂါလီဂါကနေ ဘယ်တော့မှမစွန့်ခွာဖို့ အဟာနူ ပိုလေး တစ်ယောက်ရည်ရွယ်ထားပေမဲ့ အခုနှစ်မှာတော့ နေအိမ်ကိုတပ်ပိုင်မြေ အဖြစ်အသိမ်းခံရတဲ့ ကြေကွဲစိတ်နဲ့ အိတ်တစ်လုံးလွယ်ကာ ထွက်လာခဲ့ရပြီ။
မကြာသေးခင်ကအထိဆိုရင် အက်ဂါလီဂါကျွန်းပေါ်မှာ ငါးဖမ်းနဲ့ အုန်းသီးရင်းနေထိုင်သူဆိုလို့ အယောက် ၃၅၀ ပဲရှိပါတယ်။ အခြားလိုအပ်မယ့်အစားအသောက်တွေကို တော့ ကျွန်းတောင်ပိုင်းကနေ ကီလိုမီတာ ၁၁၀၀ (မိုင် ၆၈၀) အကွာမှာရှိတဲ့ မောရစ်ရှနိုင်ငံရဲ့ မြို့တော်ကနေ တစ်နှစ်ကိုလေးကြိမ် သင်္ဘောနဲ့ လာပို့လေ့ရှိပါတယ်။ ကျွန်းပေါ်က လေယာဉ်ကွင်းငယ်ကိုလည်း အရေးပေါ်ကျန်းမာရေးကိစ္စကလွဲလို့ အသုံးပြုခဲပါတယ်။
အက်ဂါလီဂါဟာ ကျွန်းတွေကို စုစည်းထားတဲ့ မောရစ်ရှနိုင်ငံထဲမှာပါဝင်ပါတယ်။ ဒါပေမဲ့ ၂၀၁၅ ခုနှစ်မှာတော့ မောရစ်ရှဟာ အိန္ဒိယ နဲ့ ပင်လယ် ရေကြောင်းလုံခြုံရေးပိုင်းမှာ ဆက်ဆံရေးနက်ရှိုင်းမှုကို ပြတဲ့အနေနဲ့ ဒီကျွန်းပေါ်မှာ မီတာ ၃၀၀၀ ရှည်လေယာဉ်ပြေးလမ်းနဲ့ ဆိပ်ခံတံတားအသစ်ကြီးတစ်ခုတည်ဆောက် နှစ်နိုင်ငံသဘောတူစာချုပ်ချုပ်လိုက်ပါတယ်။
ဒါပေမဲ့ အက်ဂါလီဂါကျွန်းသားအချို့ကတော့ ဒီသေဘာတူညီချက်ကြောင့် စစ်တပ်အခိုင်အမာခြေချလာနိုင်တဲ့ ဒီအခြေအနေကို စိုးရိမ်ကြပါတယ်။
လက်သမားတစ်ဦးလည်းဖြစ်သလို ရက်ဂေးအဆိုရှင်တစ်ဦးဖြစ်တဲ့ အသက် (၄၄) နှစ်အရွယ် မစ္စတာပိုလေးက ဒီစီမံကိန်းကိုဆန့်ကျင်တဲ့လှုပ်ရှားမှုကို စတင်ခဲ့ပါတော့တယ်။
“ကျွန်တော် ကျွန်းကို ချစ်သလို ကျွန်းကလည်း ကျွန်တော့်ကို ချစ်တယ်” လို့ သူက ပြောပါတယ်။
“ဒါပေမဲ့ အခြေစိုက်စခန်းအကြောင်း လုပ်မယ်လို့ဆိုလာတော့ ကျွန်တော် ထွက်မှဖြစ်တော့မယ် ဆိုတာကို သိလိုက်တယ်”
၂၅ စတုရန်းကီလိုမီတာသာကျယ်တဲ့ ကျွန်းငယ်လေးနှစ်ခုကို အက်ဂါလီဂါကျွန်းလို့ခေါ်ဝေါ်ပြီး အိန္ဒိယသမုဒ္ဒရာရဲ့ အနောက်တောင်ဘက်မှာရှိတာကြောင့် ရေကြောင်းသွားလာရေးစောင့်ကြည့်ဖို့ အိန္ဒိယရဲ့ မျက်စိကျစရာနေရာဖြစ်လာပါတယ်။
ဒါ့အပြင် ၂၀၁၉ ခုနှစ်တုန်းက ရိုက်ကူးခဲ့တဲ့ဂြိုဟ်တု ဓာတ်ပုံတွေနဲ့ အခုနှစ် ဇူလိုင်လတုန်းက ရိုက်ကူးခဲ့တဲ့ ဂြိုဟ်တု ဓာတ်ပုံတွေကိုကြည့်ရင် အတော်လေး ပြောင်းလဲသွားတာကိုလည်း မြင်ရမှာဖြစ်ပါတယ်။
လျှောက်လမ်းသဖွယ်ရှိနေတဲ့ အုန်းပင်တန်းလမ်းဟာ မြောက်ပိုင်းကျွန်းရဲ့ အဓိကရွာကြီးနှစ်ရွာဖြစ်တဲ့ မြောက်ဘက်က လဖို့ရှ်ရွာနဲ့ တောင်ဘက်က ဗင့်ဆန့်ရွာတို့ကို ပင်မကျောရိုးအလား သွယ်တန်းပေးထားပါတယ်။
လေဆိပ်ကလေယာဉ်ရပ်နားဇုန်မှာ ၆၀ မီတာကျယ်တဲ့ အဆောက်အအုံနှစ်လုံးကိုတွေ့နိုင်ပြီး တစ်ခုကတော့ အိန္ဒိယလေတပ်ရဲ့ P-81 လေယာဉ်ရပ်နားမယ့်အဆောက်အအုံလို့ သြစတြေးလျ အမျိုးသားတက္ကသိုလ်မှာ PhD ဘွဲ့အတွက် ပညာတော်သင်အဖြစ်တက်ရောက်နေတဲ့ စမြူရယ် ဘေ့စ်ဖီးလ် က ပြောပါတယ်။
P-81 လေယာဉ်ဆိုတာဟာ ဖြစ်လာနိုင်ခြေရှိတဲ့ရေငုပ်သင်္ဘောတွေရဲ့တိုက်ခိုက်မှုကို ခြေရာခံဖို့နဲ့ စောင့်ကြည့်ဖို့၊ နောက် ရေကြောင်းဆက်သွယ်ရေးတွေကို စောင့်ကြည့်ဖို့ အဆင့်မြှင့်ထားတဲ့ ဘိုးရင်း ၇၃၇ အမျိုးအစားဖြစ်ပါတယ်။ လေဆိပ်မှာရပ် နားထားတဲ့ ဒီလေယာဉ်ပုံကို ကျွန်းသားတွေက အစောပိုင်းကတည်းက ဓာတ်ပုံမှတ်တမ်းတင်ထားခဲ့ပါတယ်။
အနောက်မြောက်ဘက်မှာတော့ သမုဒ္ဒရာထဲကို ငေါထွက်နေတဲ့ ဆိပ်ခံတံတားအသစ်တစ်ခုရှိနေပြီး မစ္စတာ ဘေ့စ်ဖီးလ်ရဲ့အပြောအရဆိုရင်တော့ အိန္ဒိယရဲ့ ရေပြင်ကင်းလှည့်သင်္ဘောတွေနဲ့ အက်ဂါလီဂါကိုထောက်ပံ့ပစ္စည်းတွေသယ်လာမယ့် သင်္ဘောတွေအတွက် အဲဒီဆိပ်ခံတံတားကို အသုံးပြုနိုင်ခြေရှိတယ်လို့ပြောပါတယ်။
“ဂြိုလ်တုဓာတ်ပုံတွေပိုပြီးရလာရင်တော့ အိန္ဒိယသမုဒ္ဒရာဆက်သွယ်ရေးအတွက် အက်ဂါလီဂါရဲ့ အခန်းကဏ္ဍကို ကျွန်တော်တို့ပိုပြီးနားလည်လာနိုင်မှာပါ” လို့ သူက ဆက်ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာမဟာဗျူဟာလေ့လာရေးအဖွဲ့(IISS)ကတော့ ဒီနေရာကို “စောင့်ကြည့်ရေးစခန်း” လို့ သုံးနှုန်းပြီး မောရစ်ရှနိုင်ငံတွင်းက အိန္ဒိယတည်ဆောက်ခဲ့တဲ့ စနစ်တွေနဲ့ အလားတူ ကမ်းရိုးတန်းရေဒါစောင့်ကြည့်ရေးစနစ်ပါနိုင်တယ်လို့ ဆိုပါတယ်။
အက်ဂါလီဂါနဲ့ပတ်သက်တဲ့မေးခွန်းတွေကို ပြန်လည်ဖြေဆိုဖို့ကို အိန္ဒိယအစိုးရဘက်က ငြင်းဆန်ခဲ့ပြီး သူတို့ အင်တာနက်စာမျက်နှာမှာ ထုတ်ပြန်ထားတဲ့ အစောပိုင်း ကြေညာချက်တွေကိုပဲ ပြန်ညွှန်းပါတယ်။
အဲဒီထဲက ထုတ်ပြန်ချက်တစ်ခုမှာဆိုရင် အိန္ဒိယနဲ့ မောရစ်ရှတို့ဟာ ပင်လယ်ရေကြောင်းလုံခြုံရေးမှာ ''သဘာဝမိတ်ဖက်'' တွေဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာထဲမှာ ဖြစ်ရိုးဖြစ်စဥ်စိန်ခေါ် ချက်တွေရော၊ သမရိုးကျထက်ကျော်လွန်တဲ့စိန်ခေါ်ချက်တွေကိုပါ ကြုံရတာချင်းတူနေတယ်လို့ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက ပြောထားတာတွေ့ရပါတယ်။
အိန္ဒိယနဲ့ မောရစ်ရှတို့ဟာ ကာကွယ်ရေးပိုင်းဆက်ဆံရေးမှာ ၁၉၇၀ ပြည့်နှစ်တွေကတည်းက နီးစပ်တဲ့ဆက်ဆံရေးရှိထားပြီးဖြစ်ပါတယ်။
မောရစ်ရှနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအကြံပေး၊ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့အကြီးအကဲ၊ ရဲတပ်ဖွဲ့ ရဟတ်ယာဥ်တပ်စုအကြီးအကဲတို့ဟာ အိန္ဒိယနိုင်ငံသားတွေဖြစ်သလို အရာရှိတွေကလည်း အိန္ဒိယရဲ့ ပြည်ပထောက်လှမ်းရေးအေဂျင်စီ၊ ရေတပ်၊ လေတပ်အသီးသီးကနေ လာသူတွေပါ။
နှစ်ဖက်လုံးကတော့ ဒီနေရာကို “စစ်တပ်သီးသန့်အသုံးပြုတာထက် စွမ်းဆောင်ရည်အပိုင်းမြှင့်တင်ဖို့” အဖြစ် မြင်လိုကြတယ်လို့ လန်ဒန်မြို့၊ ကင်းစ်ကောလိပ်က အိန္ဒိယအင်စတီကျုရဲ့ ပါမောက္ခ ဟာရှ်ပန့်ခ် က ပြောပါတယ်။
အိန္ဒိယသမုဒ္ဒရာထဲ တရုတ်ရဲ့ခြေလက်ဆန့်လာမှုကို အိန္ဒိယနဲ့ သူ့ရဲ့အနောက် မဟာမိတ်တွေက စိုးရိမ်ကြတာကတော့ လျှို့ဝှက်ချက် တစ်ခုမဟုတ်ပါဘူး။
နိုင်ငံကြီးတစ်နိုင်ငံက မဟာမိတ်နိုင်ငံငယ်ရဲ့ ပိုင်နက်နယ်နိမိတ်ထဲမှာ စစ်တပ်အထိုင်စခန်း တည်ဆောက်တာက သိပ်ထူးဆန်းတဲ့ကိစ္စမဟုတ်ပေမဲ့ အက်ဂါလီဂါကျွန်းပေါ်က တည်ဆောက်ရေး လုပ်ငန်းတွေဟာ ကျွန်းသားတွေအပေါ် သက်ရောက်မှုရှိလာပါတယ်။
ကျွန်းရဲ့ အုန်းပင်တွေပေါက်ရောက်ရာ အဖြူရောင်သဲပြင်နဲ့ကမ်းခြေတွေအပါအဝင် နေရာတော်တော်များများကို သွားလာခွင့်ကန့်သတ်လိုက်ပြီလို့ ကျွန်းသားတွေက ပြောကြပါတယ်။ လဖို့ရှ်ရွာအနီးအနားမှာတိုးပွားလာမယ့် အိန္ဒိယအဆောက်အအုံတွေက ရွာကို ဝါးမြိုမှာဖြစ်သလို ရွာမှာနေထိုင်တဲ့ အိမ်ထောင်စု (၁၀) စုကိုလည်း ဖိအားပေးနှင်ထုတ်မယ်ဆိုတဲ့ ကောလဟလသတင်း တွေပါ ပြန့်နှံ့နေပါတယ်။
“အဲဒီနေရာဟာ အိန္ဒိယနိုင်ငံသားတွေအတွက် သီးသန့်ကန့်သတ်နယ်မြေတစ်ခု ဖြစ်လာနိုင်တယ်” လို့ the Association of Friends of Agalega (အက်ဂါလီဂါရဲ့မိတ်ဆွေများအဖွဲ့) ဥက္ကဋ္ဌ လာဗလ် ဆိုပရာမန်း က ပြောပါတယ်။
သူက “အက်ဂါလီဂါဆိုတာ ချားဂိုစ်ကျွန်းစုလိုမျိုး ပုံပြင်တစ်ပုဒ်ဖြစ်လာလိမ့်မယ်” ဆိုပြီး စိုး ထိတ်နေပါတယ်။ သူ့လိုပဲ တူညီတဲ့စိုးရိမ်ချက်ရှိနေသူကတော့ အက်ဂါလီဂါကျွန်းသား နဲ့ ချားဂိုစ်ကျွန်းစုက နှင်ထုတ်ခံအမျိုးသမီးတစ်ဦးတို့ရဲ့ သားဖြစ်သူ အသက် (၂၆) နှစ်အရွယ် လက်သမား ဘီလီ ဟီနရီ ပါ။
“ကျွန်တော့်အမေက သူ့ရဲ့ကျွန်းကို ဆုံးရှုံးခဲ့ရတယ်” လို့ မစ္စတာဟီနရီ က အခုလိုဆက်ပြောပါတယ်။ “နောက်အလှည့်ကတော့ အဖေပေါ့”
အက်ဂါလီဂါကျွန်းသားအများစုဟာ အရှေ့ဘက် ၂,၀၀၀ ကီလိုမီတာအကွာမှာ တည်ရှိတဲ့ ချားဂိုစ်ကျွန်းစုက နှင်ထုတ်ခံလိုက်ရသူတွေပါ။
ဒီကျွန်းစုကို ၁၉၆၅ ခုနှစ်တုန်းက ဗြိတိသျှနယ်နိမိတ်အဖြစ် ဗြိတိန်အစိုးရက ကြေညာခဲ့သလို ကျွန်းစုရဲ့ အကြီးဆုံးကျွန်း ဒိုင်ဂို ဂါစီယာမှာ အမေရိကန်ကို အကြီးဆုံးဆက်သွယ်ရေးစခန်းတစ်ခု တည်ဆောက်ခွင့်ပေးခဲ့ပြီးနောက်ပိုင်း နှင်ထုတ်ခံရသူတွေလည်းဖြစ်ပါတယ်။အဲဒီနေရာဟာ စစ်တပ်အခိုင်အမာအခြေချရာ အခြေစိုက်စခန်းဖြစ်လာပါတယ်။
အက်ဂါလီဂါကျွန်းတစ်ခုလုံးကို ပိုင်ဆိုင်သလို အလုပ်ရှင်လည်းဖြစ်တဲ့ အစိုးရက လူတိုင်းထွက်သွားရ နိုင်တဲ့ ဆိုးရွားတဲ့အခြေအနေရောက်အောင် ကြိုးစားနေတယ်လို့ ဘီလီ ဟီနရီ တစ်ယောက် ကြောက်လန့် နေပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေး၊ ဒေသတွင်းစီးပွားရေးမှာရင်းနှီးမြှုပ်နှံဖို့ကန့်သတ်ခံရတာ၊ အလုပ်အကိုင်အခွင့်အရေးရှားပါးတာ အပါအဝင် ဒေသခံတွေကိုယ်ပိုင်စီးပွားရေး လုပ်ငန်းဖွင့်လှစ်ဖို့ တားမြစ်ခံရတာ စတဲ့ပြဿနာတွေက သူက ထောက်ပြပါတယ်။
မောရစ်ရှအစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ဘယ်သူ့ကိုမှ ထွက်ခွာပေးဖို့ မေးမှာမျိုးရှိလာမှာမဟုတ်ဘဲ လေဆိပ်၊ ဆိပ်ကမ်းသစ်တွေကို ဒေသခံတွေ ဝင်ရောက်ခွင့်တားမြစ်ထားတာပဲရှိမယ်လို့ ဘီဘီစီကို ပြောပါတယ်။
နိုင်ငံက ထိန်းချုပ်ဖို့လိုအပ်နေတဲ့ ပင်လယ်ဓားပြတိုက်တာ၊ မူးယစ်မှောင်ခိုကူးတာတွေနဲ့ တရားမဝင်ငါးဖမ်းတာတွေအတွက် ဒါဟာ အကူအညီပေးနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
အက်ဂါလီဂါမှာ စစ်တပ်အထိုင်စခန်းတစ်ခုရှိတယ်ဆိုတာကို မောရစ်ရှက ငြင်းဆန်ခဲ့ပြီး နိုင်ငံရဲတပ်ဖွဲ့က အပြည့်အဝထိန်းချုပ်ထားဆဲလို့ဆိုပါတယ်။ ဒါပေမဲ့ အိန္ဒိယကအကုန်ကျခံ တည်ဆောက်မယ့် ဆိပ်ကမ်းအသစ်အတွက် “ထိန်းသိမ်းရေးနဲ့ လည်ပတ်ရေး” လုပ်ငန်းစဉ်တွေ မှာတော့ အိန္ဒိယက ဆောင်ရွက်လိမ့်မယ်လို့ အသိပေးပါတယ်။
ကျွန်းသားတွေ ကောင်းကျိုးအတွက်နဲ့ သူတို့ကိုဆင်းရဲတွင်းကနေကယ်ထုတ်ဖို့အတွက် ရည်ရွယ်ပြီး ရေကြောင်းရော လေကြောင်းကနေပါပို့ဆောင်ရေးတိုးတက်အောင်ပုံဖော်ဆောင်ရွက်တာလို့ မောရစ်ရှ ရော အိန္ဒိယ ပါ နှစ်ဖက်အစိုးရတွေက ပြောပါတယ်။
ဒါပေမဲ့ ဒေသခံတွေကတော့ ဒါမျိုးမဖြစ်လာသေးပဲ အခုအချိန်အထိ မောရစ်ရှကျွန်းမကြီးကို သွားနိုင်တဲ့ ကူးတို့သင်္ဘော ၄ စီးသာရှိသေးပြီး လေကြောင်းခရီးစဥ်ဆိုတာ ဝေလာဝေးနေသေးတယ်လို့ ပြောပါတယ်။
အက်ဂါလီဂါဒေသခံတွေရဲ့ အပြောအရ အိန္ဒိယကဆောက်လုပ်ပေးတဲ့ ဆေးရုံသစ်မှာ ခွဲခန်း၊ X ray စက်တွေနဲ့ သွားဘက်ဆိုင်ရာပစ္စည်းကိရိယာတွေ ဖြည့်တင်းထားကြောင်း သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောခဲ့ပေမဲ့ ဒေသခံတွေကုသခွင့်မရှိပါဘူး။
ချက်ပြုတ်ဆီပူလောင်ကျွမ်းဒဏ်ကြုံခဲ့ရပြီး အကူအညီလိုအပ်နေတဲ့ ကောင်လေးတစ်ယောက်ဟာ ကျွန်းမြောက်ပိုင်းမှာရှိတဲ့ ကျန်းမာရေးစင်တာကိုသွားရောက်လို့မရပဲ ဝင်ခွင့်မပေးခဲ့တဲ့ဖြစ်စဉ် အောက်တိုဘာလမှာဖြစ်ခဲ့တယ်လို့ ဘီလီ ဟီနရီ က ပြောပါတယ်။
“အဲဒါက အိန္ဒိယအတွက်သီးသန့်ပဲ” လို့ သူက ဆက်ပြောပါတယ်။
အဲဒီအစား မောရစ်ရှရဲ့ အဓိကကျွန်းပေါ်ကိုသာ ဒဏ်ရာရကလေးငယ်နဲ့ မိဘတွေကို ပို့ဆောင်ပေးခဲ့ကြပါတယ်။ ကျွန်းမှာရှိတဲ့ ဆေးရုံမှာကလေးငယ်ဆက်ရှိနေပြီး အက်ဂါလီဂါကိုထွက်ခွာမယ့် နောက်ထပ်လှေတစ်စင်းမထွက်ခင်အထိ အဲဒီကျွန်းမှာ မိဘတွေဆက်ရှိနေမယ်လို့ လာဗလ် ဆိုပရာမန်းက ပြောပါတယ်။
အခုလိုကြုံတွေ့ခဲ့ရတဲ့ မီးလောင်ဒဏ်ရာရကလေးငယ်ဖြစ်စဉ်နဲ့ပတ်သက်လို့ မှတ်ချက်ပေးတောင်းခံ တာကို မောရစ်ရှအစိုးရက မတုံ့ပြန်ပါဘူး။ အိန္ဒိယအစိုးရကလည်း မှတ်ချက်ပေးဖို့ ငြင်းဆန်ပါတယ်။
မကြာသေးခင်ကမှ မောရစ်ရှလွှတ်တော်မှာ ဝန်ကြီးချုပ် ပရာဗင် ဂျပ်နပ်ဟ် ပြောခဲ့တဲ့မိန့်ခွန်းအရ အက်ဂါလီဂါအတွက် လူမှုစီးပွားဖွံ့ဖြိုးရေးအစီအစဉ်ဟာ သူတို့အစိုးရအစီအစဉ်ထက် ပိုကောင်း တယ်လို့ ဆိုပါတယ်။
“မဟာစီမံကိန်း” မှာ ကျန်းမာရေးနဲ့ ပညာရေး၊ သွားလာဆက်သွယ်ရေး နဲ့ ကျွန်းသားတွေရဲ့ အခြေခံ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေးအပါအဝင် ငါးဖမ်းလုပ်ငန်း နဲ့ အုန်းသီးနဲ့ပြုလုပ်တဲ့ ထုတ်ကုန်တွေ တိုးတက်လာဖို့ပါ ထည့်သွင်းရေးဆွဲထားတယ်လို့ သူက ပြောပါတယ်။
၂၀၁၅ ခုနှစ်တုန်းက သဘောတူညီချက်နဲ့ပတ်သက်လို့ အိန္ဒိယရော မောရစ်ရှအစိုးရတွေက အသေးစိတ်ထုတ်ပြန်တာမရှိသလို သူတို့ရဲ့အနာဂတ်အစီအစဉ်တွေကို မသိရှိရတဲ့အချက်တွေက မယုံကြည်မှုတွေကို လောင်စာထိုး သလိုဖြစ်နေစေပါတယ်။