မြန်မာ-အိန္ဒိယနယ်စပ်မှာ PDF စခန်းတွေ စီးနင်းခံနေရ

မြန်မာ - အိန္ဒိယနယ်စပ်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ စခန်းတွေကို စစ်တပ်ကဝင်ရောက်စီးနင်းမယ့် အကြောင်း စက်တင်ဘာလဆန်းမှာသတင်းထွက်ပေါ်ခဲ့ပြီးနောက် စခန်းအသိမ်းခံရတာတွေ ဆက်တိုက်ဖြစ်လာတယ်လို့ တမူးတော်လှန်ရေးအင်အားစုဆီက သိရပါတယ်။

အခုလအစမှာ စစ်ကိုင်းတိုင်းထဲက တမူးပြည်သူ့လုံခြုံရေးအဖွဲ့ရဲ့ စခန်း တိုက်ခိုက်ခံရပြီး ရက်ပိုင်းအကြာ စက်တင်ဘာ ၁၆ ရက်မှာတော့ တမူးပြည်သူ့ကာကွယ်ရေးအဖွဲ့အပါအဝင် တော်လှန်ရေးအင်အားစုတွေရဲ့ စုပေါင်းစခန်း တိုက်ခိုက်ခံခဲ့ရပါတယ်။

“သူတို့လာတိုက်မယ်ဆိုတာသိလို့ ကြိုတင်ပြင်ဆင်တာကိုမှ သာလွန်အင်အားနဲ့လာတိုက်လို့ နောက်ဆုတ်လိုက်ရတာ” လို့ တမူး PDF တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

နယ်စပ်မြို့ဖြစ်တဲ့ တမူးရဲ့ မြို့ရှောင်လမ်းမှာရှိတဲ့ ဒီစခန်းတွေကို တိုက်ခိုက်ချိန်မှာ စစ်ကောင်စီက စစ်ကြောင်း လေးကြောင်းခွဲပြီး အင်အားရာချီနဲ့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မြို့ရှောင်လမ်းက တိုက်ပွဲ

“စခန်းရဲ့ အရှေ့၊ အနောက်၊ တောင်၊ မြောက် လေးမျက်နှာကနေ မနက် ၈ နာရီကျော်မှာ ဝင်စီးတာ”

တမူးမြို့ မြို့ရှောင်လမ်းရဲ့ အနောက်ဘက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ရှေ့တန်းစခန်း တိုက်ခိုက်ခံရတဲ့အခြေအနေကို တမူး PDF တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံက ပြန်ပြောပြပါတယ်။

ဒီလို စစ်ကောင်စီအင်အားရာချီနဲ့ စစ်ကြောင်းတွေခွဲပြီး တိုက်ခိုက်လာတာကြောင့် PDF တပ်ရင်း ၄ သာမက မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ စီဒီအမ် ရဲနဲ့ စစ်သားတွေပါဝင်တဲ့ Fighter Police CDM အဖွဲ့၊ ကူကီးအဖွဲ့ဖြစ်တဲ့ KNA (B) တို့က ပူးပေါင်းပြီး ခုခံခဲ့ကြတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေဆီက သိရပါတယ်။

တနေကုန်နီးပါး တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူတွေသာမက လူအင်အားပါ သာလွန်နေတာကြောင့် တော်လှန်ရေးအင်အားစုတွေ စခန်းကနေ ဆုတ်ခွာခဲ့ကြပါတယ်။

“သူတို့ဘက်က ဒရုန်းတွေနဲ့ပါ ဗုံးချတာ။ တိုက်ပွဲအတွင်း တစ်စင်း၊ နှစ်စင်း တက်လာတာကို တွေ့ရတယ်” လို့ တမူး PDF တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံက စက်တင်ဘာ ၁၆ ရက်တိုက်ပွဲအကြောင်း ပြောပြပါတယ်။

အခုတိုက်ပွဲအတွင်း ဒရုန်းသုံးပြီးတိုက်ခိုက်ခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ထုတ်မပြောထားသလို စစ်ကောင်စီနဲ့နီးစပ်တဲ့ တယ်လီဂရမ်ချန်နယ်တွေကလည်း ရေးသားတာ မတွေ့ရပါဘူး။

ဒါပေမဲ့ တမူးမြို့က တိုက်ပွဲတွေအကြောင်းသိရှိသူတွေကတော့ အခုနှစ် ဧပြီလကစလို့ စက်တင်ဘာလ အတွင်း စစ်ကောင်စီဘက်က ဒရုန်းနဲ့ ကင်းထောက်လှမ်းတာသာမက ဒရုန်းနဲ့ တိုက်ခိုက်တာတွေပါ လုပ်လာတယ်လို့ ဘီဘီစီကို ပြောကြပါတယ်။

“ကိုယ်တွေဘက်က ဒရုန်းစသုံးခဲ့တာဆိုပေမဲ့ သူတို့က Jammer (ဆက်သွယ်ရေးတားမြစ်ကိရိယာ) ပါတော့ မထိရောက်ဘူး။ သူတို့ဘက်က ဒရုန်းသုံးတာက မီတာ ၁၀၀၀ လောက်က ပစ်တော့ ထိခိုက်တာတွေရှိလာတယ်” လို့ တမူးက စစ်ရေးအကြောင်းသိရှိသူတစ်ဦးက ဆိုပါတယ်။

“အခုတိုက်ပွဲအပြင် ပြီးခဲ့တဲ့ ၆ လပိုင်းတုန်းကဖြစ်ခဲ့တဲ့ ပန်းသာရွာတိုက်ပွဲမှာဆိုရင်လည်း စစ်ကောင်စီက ဒရုန်းသုံးတိုက်ခိုက်တာ တွေ့ခဲ့ရတယ်” သူက ဆက်ပြောပါတယ်။

ပန်းသာရွာတိုက်ပွဲဆိုတာဟာ ဇွန်လ ၁၅ ရက်နေ့မှာဖြစ်ခဲ့တာဖြစ်ပြီး အဲဒီရွာမှာ စခန်းချနေတဲ့ စစ်ကောင်စီတပ်၊ အရပ်အခေါ် စစ်တပ်ထောက်ခံတဲ့ ပျူစောထီး (ပြည်သူ့စစ်) အဖွဲ့တွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီကတော့ PDF အဖွဲ့တွေဘက်ကသာ လေကြောင်းကနေ ဒရုန်းအသုံးပြု တိုက်ခိုက်နေတာလို့ မကြာခဏထုတ်ပြောနေပါတယ်။

တစ်ပတ်အတွင်း စခန်းနှစ်ခုအသိမ်းခံရ

စက်တင်ဘာ ၁၆ ရက်ကဖြစ်တဲ့ တမူးမြို့ရှောင်လမ်းက တိုက်ပွဲမှာတော့ တော်လှန်အင်အားစုတွေက စခန်းကနေ ဆုတ်ခွာပြီးတဲ့နောက်မှာတော့ စစ်ကောင်စီဘက်က စခန်းကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

“ကလေးမြို့ဘက်ကနေ တမူးဘက်ကို စစ်ကြောင်းထိုးလာခဲ့တာပါ။ ကျွန်တော်တို့ဘက်က ထိခိုက်ဒဏ်ရာရ တာတွေရှိခဲ့ပါတယ်၊ မပြင်းထန်ကြပါဘူး” လို့ တမူး PDF တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံ က ဆိုပါတယ်။

စစ်ကောင်စီနဲ့ နီးစပ်တဲ့ သတင်းမီဒီယာတွေကတော့ PDF တွေဆီကနေ အိန္ဒိယနိုင်ငံထုတ်သေနတ်အပါအဝင် လက်လုပ်မိုင်း၊ လက်လုပ်စိန်ပြောင်းဗုံးသီး၊ လက်လုပ်ရှေ့ထွက်မိုင်းနဲ့ ကျည်တွေကိုပါ သိမ်းဆည်းရမိတဲ့အကြောင်း ထုတ်ပြောပါတယ်။

လူနေဆောင်တွေသာမက ဆံသဆိုင်၊ အချုပ်ခန်းတို့ပါ ရရှိခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ရေးသားကြပြီး စခန်းကို မီးရှို့ထားတဲ့ ဓာတ်ပုံတွေနဲ့ပါ ဖော်ပြထားပါတယ်။

ဒါဟာ သတင်းထွက်ပေါ်နေသလို မြန်မာ - အိန္ဒိယနယ်စပ် စစ်ကိုင်းတိုင်းထဲက ကလေးနဲ့ တမူးမြို့တကြောမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ စခန်းတွေကို နယ်မြေရှင်းလင်းရေလုပ်ဆောင်နေတာလားဆိုတာကို တော့ စစ်ကောင်စီဘက်က စက်တင်ဘာ ၁၇ ရက်ညနေပိုင်းအထိ တုံ့ပြန်ပြောလာတာမရှိပါဘူး။

“သတင်းက အခုလအစမှာပဲ ထွက်တာ။ ထွက်တာနဲ့ တပ်ရင်း ၁ စခန်း အရင်အစီးခံရတယ်၊ အခုက တပ်ရင်း ၄ ဘက်ပေါ့” လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။

တမူးမြို့ရှောင်လမ်းက တပ်ရင်း ၄ စခန်းအသိမ်းမခံရမီ စက်တင်ဘာ ၆ ရက်နေ့တုန်းကလည်း တမူး PDF တပ်ရင်း ၁ နဲ့ တမူးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့တွေရဲ့ စခန်းကို စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။