ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိန္ဒိယနဲ့တရုတ် ရန်မီးကြားညပ်သွားတဲ့ နီပေါလေဆိပ်
အန်ဘာရာဆန် အီသီရာဂျန်
ဘီဘီစီ သတင်းဌာန
လိမ္မော်ရောင်နဲ့ တောက်ပနေတဲ့ ဟိုတယ် တခုကို အများက အဝေးကပင် မြင်နိုင်ကြပါ တယ်၊ ဒါပေမဲ့ ဟိုတယ်ပိုင်ရှင် ဘစ်ရှနူး ရှာမား အဖို့ကတော့ ဒီဟိုတယ်ကို သတိထားမိတဲ့သူ သိပ်ရှားပါးတယ်လို့ ထင်မိမှာပါ။
ဗုဒ္ဓ ဖွားမြင်ရာ နီပေါနိုင်ငံ၊ လုမ္ဗနီမြို့မှာ ရှိတဲ့ ရင်သပ်ရှုမောဖွယ် တောင်တန်းတွေကို သူ့ ဟိုတယ်က လှမ်းမြင်နိုင်ပါတယ်။
ဒါပေမဲ့ ခရီးသွားတွေ ပုံအောတိုးပြီး လာကြလိမ့်မယ်ဆိုတဲ့ မှန်းဆချက် ရုပ်လုံး ပေါ်မလာသေးတာက နီပေါရဲ့ အိမ်နီးချင်း အင်အားကြီး ၂ နိုင်ငံဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်အကြား တင်းမာမှုတွေနဲ့ တစိတ်တပိုင်း သက်ဆိုင်နေပါတယ်။
လုမ္ဗနီ ဖွံ့ဖြိုးရေး ထရပ်စ် အဖွဲ့ ရဲ့ အဆိုအရ ၂၀၂၂ ခုနှစ်မှာ လုမ္ဗနီကို ခရီးသွား ၁ သန်းနီးပါး လာခဲ့ကြတယ်။ အဲဒီနှစ် မေလမှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ဂေါ်တမ် ဗုဒ္ဓ နိုင်ငံတကာ လေဆိပ်ကို အစိုးရက ဒေါ်လာ ၇၆ သန်း ရင်းနှီး မြှုပ်နှံခဲ့တယ်လို့ သိရပါတယ်။
ဧည့်သည်အများစုက ပြည်တွင်းကဖြစ်ပြီး ခရီးသည်စုစုပေါင်းရဲ့ ၃ ပုံ ၁ ပုံ နီးပါးက အိမ်နီးချင်းနိုင်ငံ အိန္ဒိယ ကပါ။
ဘဟာရာဟဝါ လေဆိပ်လို့လည်း ခေါ်ကြတဲ့ ဒီလေဆိပ်ကြောင့် ခရီးသွားတွေ အနေနဲ့ မြို့တော် ခတ္တမန္ဒူ ကနေ လုမ္ဗနီမြို့ရောက်အောင် ၁၅၅ မိုင်ရှည်တဲ့ ကားလမ်း ကို သုံးစရာ မလိုတော့ပဲ လေကြောင်းနဲ့ တိုက်ရိုက် လာလို့ ရသွားပါတယ်။
သို့သော်လည်း ခရီးသွား အရေအတွက် တိုးလာမယ် ဆိုတာက ဖြစ်မလာပါဘူး၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတွေက နိုင်ငံတကာ လေကြောင်းလိုင်းတွေကို စောစောစီးစီးကတည်းက မက်လုံးပေးတာတွေ၊ ရောင်းအားမြှင့်တင် ဖိတ်ခေါ် တာတွေ မလုပ်ခဲ့လို့ အခုလို ကြုံရတာလို့ ဆိုပါတယ်။
“နိုင်ငံတကာ လေကြောင်းလိုင်းတွေ ပိုပြီးလာ လိမ့်မယ်၊ ခရီးသွားလုပ်ငန်းဘက်မှာ ရင်းနှီးမြှုပ်နှံကြပါလို့ အစိုးရက ကျွန်တော်တို့ကို ပြောခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့ ဟိုတယ်ခန်း ၃ ပုံ ၂ ပုံက လူမရှိဘူးလေ။ ကျွန်တော့်အပေါ် တင်နေတဲ့ အကြွေးတွေကို ပြန်ဆပ်နိုင်အောင် မနည်းရုန်းကန်နေရတယ်” လို့ ပြောရင်း သူ့မှာ ရူပီး မီလျံပေါင်း များစွာ ကြွေးတင်နေတယ် လို့ မစ္စတာ ရှာမားက ဘီဘီစီကို ပြောပါတယ်။
ဘဟာရာဟဝါ လေဆိပ်မှာ နိုင်ငံတကာလေကြောင်းလိုင်းတွေ ပုံမှန်ရှိနေမယ်ဆိုရင် ခရီးသွားတွေ၊ အထူးသဖြင့် နိုင်ငံခြားကလာတဲ့ ခရီးသည်တွေ တိုးလာမယ်လို့ ခရီးသွားလုပ်ငန်း ကျွမ်းကျင်သူတွေက ပြောပါတယ်။
ဒါပေမဲ့ အိန္ဒိယ အစိုးရက သူ့နိုင်ငံရဲ့ အနောက်ဖက် လေပိုင်နက်ကနေ ခရီးသွား လေယာဉ်ကြီးတွေ ဖြတ်ပျံတာကို ခွင့်မပြုဘူးလို့ နီပေါ အစိုးရအရာရှိတွေက ပြောပါတယ်၊ သဘောကတော့ လေယာဉ်ကြီးတွေ အိန္ဒိယ အနောက်ပိုင်းကို ဖြတ် ကျော် ပျံသန်းပြီး ဂေါ်တမ် ဗုဒ္ဓ လေဆိပ်ကို မလာနိုင်တော့ပါဘူး။ အိန္ဒိယ လေပိုင်နက် ကို ဖြတ်နိုင်ဖို့က လေကြောင်းခရီးစဉ် တိုတို၊ ခရီးစားရိတ် နည်းနည်းနဲ့ လာတဲ့ လေယာဉ် တွေနဲ့သာ ရနိုင်တာပါ။
ဒေလီက စိုးရိမ်မှုဟာ ဒီ ဂေါ်တမ် ဗုဒ္ဓ လေဆိပ်ကို တရုတ်ရဲ့ အနောက်မြောက်ပိုင်း အရပ်ဘက် လေကြောင်း ကုမ္ပဏီက တည်ဆောက်ခဲ့တာ ဆိုတဲ့ အချက်နဲ့ ပတ်သက် နိုင်ကြောင်း နီပေါ နိုင်ငံသား တချို့က ယုံကြည်ကြပါတယ်။
ဒီလေဆိပ်ဟာ အိန္ဒိယနဲ့ ဆက်နေတဲ့ နီပေါ နယ်စပ်နဲ့လည်း နီးပါတယ်။ အိန္ဒိယနဲ့ တရုတ် တပ်ဖွဲ့တို့ အရွန်နာချာ ပရာဒေ့ရှ်ဒေသ ဘက်မှာ ဒီလေဆိပ် ဖွင့်ပွဲအပြီး ၇ လအကြာ ပြီးခဲ့တဲ့ ဒီဇင်ဘာက ရန်သတ်ပွဲ ဖြစ်ခဲ့ကြပြီး ဒီလေဆိပ်က အဲဒီဒေသရဲ့ အနောက်ဘက်မှာ ရှိတာပါ။
၂၀၂၀ တုန်းကလည်း အိန္ဒိယနဲ့ တရုတ်အကြား နယ်စပ်အရေး အချင်းများ ရန်သတ်ပွဲ ဖြစ်ခဲ့ပြီး အနည်းဆုံး တပ်ဖွဲ့ဝင် အယောက် ၂၀ လောက် သေဆုံးခဲ့ပါတယ်။ ၂ နိုင်ငံ ကြား နယ်စပ်မျဉ်းရယ်လို့ သတ်သတ်မှတ်မှတ် မလုပ်နိုင်သေးပဲ အမှန်တကယ် ထိန်းချုပ်ထားနိုင်တဲ့စည်း လို့ ခေါ်တဲ့ မတိမကျ စည်းက သူတို့ ရဲ့ မိုင် ၂,၁၀၀ အရှည် နယ်စပ် တကျောကို ပိုင်းခြားထားကာ အချင်းများတာတွေက အဲဒီဒေသတွေမှာ ဖြစ်နေ ပါတယ်။
မြစ်တွေ၊ ကန်တွေ၊ တောင်ထိပ်ပေါ်ဖုံးနေတဲ့ ရေခဲပြင်တွေက အဲဒီ စည်းကို နေရာ ရွေ့သွားစေပါတယ်။ အဲဒီစည်းရဲ့ တဖက်တချက်မှာ ကမ္ဘာ့ အကြီးဆုံး စစ်တပ် ၂ ခုက စစ်သားတွေရှိကြပြီး သူတို့ ထိပ်တိုက် ဆိုင်နေတဲ့ နေရာတွေက အများကြီးပါ။
နယ်စပ်ရဲ့ အခြေအနေက အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီနဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်တို့အကြား နိုင်ငံရေးတင်းမာမှုနဲ့ အတူဖြစ်နေတဲ့ ဆက်ဆံရေး အဆင် မပြေမှုတွေကို ရောင်ပြန်ဟပ်ပြနေတယ်။
ရှေ့ကိုရောက်နိုင်ဖို့က ဒီ နျူကလီးယားလက်နက် နိုင်ငံ ၂ နိုင်ငံ အကြား ဆွေးနွေးကြမှသာ ဖြစ်နိုင်မယ်လို့ စောင့်ကြည့်သူတွေက ဆိုပါတယ်။ ဒီ ၂ နိုင်ငံအကြား ၁၉၆၂ က ဖြစ်ခဲ့တဲ့ စစ်ပွဲ တခုသာ ဖြစ်ခဲ့ပြီး အဲဒီတုန်းက အိန္ဒိယဘက်က မရှုမလှ ရှုံးနိမ့်ခဲ့ပါ တယ်။
ဂေါ်တမ် ဗုဒ္ဓ လေဆိပ် ပေါ်ပေါက်လာရင် ခတ္တမန္ဒူ နိုင်ငံတကာ လေဆိပ်ဘက်မှာပဲ ခရီးသည်တွေ စုပုံကျနေတာကို လျော့ကျသွားစေလိမ့်မယ်လို့ နီပေါ အစိုးရက တွက်ချက်ခဲ့ပါတယ်။
နီပေါရဲ့ တတိယမြောက် နိုင်ငံတကာ လေဆိပ်က အနန်ပါနာ တောင်တန်းတွေနဲ့ နာမည်ကျော်ပြီး စွန့်စားခရီးသွားသူတွေ နှစ်သက်ကြတဲ့ ပိုခါရာ မြို့မှာ ရှိပါတယ်။ အဲဒီ လေဆိပ်လည်း ဘဟာရာဟဝါ လေဆိပ်လိုပဲ အလားတူ ပြဿနာတွေနဲ့ ကြုံနေ ရပါ တယ်။
တရုတ်ဆီက ဒေါ်လာ ၂၁၅ သန်း အကြွေးယူပြီးဆောက်ခဲ့တဲ့ ဒီလေဆိပ်ဟာ ဒီနှစ် ဇန်နဝါရီ လေဆိပ် စဖွင့်ကတည်းက အခုထိ နိုင်ငံတကာ လေကြောင်းလိုင်းတွေ မလာကြသေးပါဘူး။ ချန်ဒူးကနေ တရုတ် အစိုးရ အရာရှိတွေ၊ ခရီးသွားတွေကို သယ်လာတဲ့ ချာတာ လေကြောင်းခရီးစဉ်တွေပဲ လာပါတယ်။
လက်ရှိကာလမှာ ဂေါ်တမ် ဗုဒ္ဓ နဲ့ ပိုခါရာလေဆိပ် ၂ ခုပေါင်းမှာ တနေ့ကို ပြည်တွင်း လေကြောင်းခရီးစဉ် ၈၀ ကနေ ၈၅ အထိ ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ လေကြောင်း ခရီးစဉ်တွေ အသေအချာရှိမှ ဒီလေဆိပ်တွေရဲ့ အနာဂတ် ကောင်းမွန် မယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
“ပြည်တွင်းလေကြောင်းခရီးစဉ်တွေ သက်သက်နဲ့တော့ ဒီလေဆိပ်တွေ ရေရှည် အလုပ်ဖြစ်ဖို့က မလွယ်ပါဘူး။ နိုင်ငံတကာလေကြောင်းလိုင်းတွေ ပုံမှန် ဝင်မလာဘဲနဲ့ ယူထားတဲ့ အကြွေးတွေ ဆပ်နိုင်ဖို့က မဖြစ်နိုင်ပါဘူး” လို့ နီပေါနိုင်ငံ အရပ်ဘက် လေကြောင်းထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့မှာ ညွှန်ကြားရေးမှူးချုပ် တာဝန် ထမ်းဆောင်ဖူးခဲ့တဲ့ တရရီ ရက်နာ မဟိန်းဒါးက ပြောပါတယ်။
ပိုခါရာ နိုင်ငံတကာ လေဆိပ် အကြီးအကဲ ဘစ်ခရမ် ရာဂျေး ဂေါ်တမ်က ခရီးသွား လေယာဉ်တွေ အတွက် အိန္ဒိယလို နိုင်ငံတွေ သူတို့ လေပိုင်နက်ကို ဖွင့်ပေးအောင် ဆွဲဆောင်နိုင်ဖို့ “သံတမန်ရေးကို ကိုယ့်ဘက်က အစပြုပြီး တက်တက်ကြွကြွနဲ့ လုပ်ဖို့” လိုတယ်လို့ ပြောပါတယ်။
အနောက်ဘက်က လာတဲ့လေကြောင်းလိုင်းတွေကို ဒေလီက အကန့်အသတ် လုပ်ထားရင် အရှေ့ဘက်က ဥပမာ - ထိုင်း၊ ဂျပန်၊ ကမ္ဘောဒီးယား စတဲ့နိုင်ငံတွေကနေ ခရီးသွားတွေ လာအောင် နီပေါက ဆွဲဆောင်ဖို့ ကြိုးစားသင့်တယ်လို့ ကျွမ်းကျင်သူ တွေက ပြောပါတယ်။
မကြာခင်ကပဲ ဘဟာရာဟဝါ လေဆိပ်ကနေ ကွာလာလမ်ပူကို နီပေါ လေကြောင်း လိုင်းက တပတ် တခါ ခရီးစဉ် စတင်လိုက်ပြီး ဒါက တခြား လေကြောင်းလိုင်းတွေ အတွက် သတင်းကောင်းပါးတာလည်း ဖြစ်ပါတယ် လို့ ဂေါ်တမ် ဗုဒ္ဓ နိုင်ငံတကာ လေဆိပ်က ဒါရိုက်တာ ဒီပတ်ခ် ဘာဂျရာချာရာက ဘီဘီစီကို ပြောပါတယ်။
နီပေါ ခရီးသွားနဲ့ အရပ်ဘက်လေကြောင်းထိန်းသိမ်းရေးဆိုင်ရာ ဝန်ကြီး ဆူဒန် ကရန်တီက ဒေလီနဲ့ လည်း ဖြေရှင်းနေပြီး အဖြေရှာနိုင်ဖို့ နီးစပ်နေပါပြီလို့ ဆိုပါတယ်။
“အိန္ဒိယ အစိုးရအရာရှိတွေ၊ သံတမန်တွေနဲ့ ကျွန်တော်တို့ အမြဲတမ်း ဆက်သွယ် ဆွေးနွေးနေပါတယ်” ... “သူတို့က အပြုသဘော တုံ့ပြန်ကြပါတယ်” လို့ သူက ဘီဘီစီကို ပြောပါတယ်။
(ခတ္တမန္ဒူက ဆူရန်ဒရာ ပုရဲလ်က ပူးပေါင်း ရေးသားပါတယ်)