G20 အိန္ဒိယ - ကွဲပြားမှုတွေကြားရလဒ်ထွက်အောင်လုပ်နိုင်မလား

ဂျီတွမ်တီး (G20) လို့ခေါ်ကြတဲ့ စက်မှုအင်အားကြီးတွေအပါအဝင် နိုင်ငံ ၁၉ နိုင်ငံနဲ့ ဥရောပသမဂ္ဂတို့ပါဝင်တဲ့ထိပ်သီးအစည်းအဝေးကို စက်တင်ဘာ ၉ ရက်ကစလို့ ၁၀ ရက်နေ့အထိအိန္ဒိယနိုင်ငံ ၊နယူးဒေလီမြို့မှာ ကျင်းပဖို့ရှိနေပါတယ်။

အိန္ဒိယနိုင်ငံက မြို့ပေါင်း ၆၀ မှာ တစ်နှစ်တာအတွင်း G20 အကြိုအစည်းအဝေးပေါင်း ၂၀၀ ကို အောင်မြင်စွာကျင်းပခဲ့ပြီးတဲ့နောက် အိန္ဒိယဟာ အခုတော့ G20 ထိပ်သီးဆွေးနွေးပွဲကို ဥက္ကဋ္ဌနိုင်ငံအနေနဲ့ လက်ခံကျင်းပဖို့ အသင့်ဖြစ်နေပါပြီ။ G20 ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်အပါအဝင် ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေလည်း တက်ရောက်ကြမှာပါ။

အိန္ဒိယရဲ့ မြို့တော် ဒေလီရဲ့ အစိုးရရုံးများစိုက်ရာတဝိုက်နဲ့ မြို့တွင်းမှာတော့ G20 အမှတ်အသားပါတဲ့ ကြီးမားတဲ့ကြော်ငြာဆိုင်းဘုတ်တွေ၊ ပိုစတာတွေ၊ မြေစိုက်အလံတွေနဲ့ ပြည့်နေပါတယ်။

၀န်ကြီးချုပ်နာရန်ဒြာမိုဒီက နိုင်ငံခေါင်းဆောင်တွေကိုကြိုဆိုတဲ့စာသားတွေနဲ့ ရုပ်ပုံတွေကလည်းကမ္ဘာကြီးကိုလက်ခံကြိုဆိုဖို့ အိန္ဒိယရဲ့ အသင့်ဖြစ်နေမှုကို ဖော်ပြနေပါတယ်။

ဒီပြင်ဆင်မှုတွေကနေတစ်ဆင့် ထိပ်သီးအစည်းအဝေးရောက်လာတဲ့အခါမှာတော့ ကမ္ဘာ့လုံးဆိုင်ရာစိုးရိမ်ပူပန်စရာကိစ္စရပ်တွေအပေါ် ကျယ်ပြန်တဲ့သဘောတူညီမှုကို ဖော်ပြတဲ့ ပူးတွဲကြေညာချက်တစ်စောင် ထွက်ပေါ်လာနိုင်မလားဆိုတာ ကြည့်ရမှာပါ။

အိန္ဒိယကတော့ ဒီဆွေးနွေးပွဲကနေ ထုတ်ပြန်ကြေညာချက်တစ်စောင်ထွက်လာဖို့ တွန်းအားပေးနေပါတယ်။ တကယ်လို့သာ ထုတ်ပြန်ချက်တစ်ခုမှမထုတ်နိုင်ခဲ့ရင် အိန္ဒိယဟာ G20 ကျင်းပခဲ့တဲ့နိုင်ငံတွေထဲ ထုတ်ပြန်ချက်မထုတ်နိုင်တဲ့ ပထမဆုံးနိုင်ငံဖြစ်လာမှာပါ။

ဒါပေမဲ့ ထုတ်ပြန်ချက်ထွက်လာဖို့ကလည်း မလွယ်ပါဘူး။ အဖွဲ့ဝင်နိုင်ငံတွေကြား ကိစ္စရပ်အများအပြားမှာ သဘောထားကွဲလွဲမှုတွေ ရှိနေပြီး ရုရှား-ယူကရိန်းစစ်ပွဲကတော့ အကြီးမားဆုံးဖြစ်ပါတယ်။​

မနှစ်က အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမှာကျင်းပခဲ့တဲ့ G20 ထိပ်သီးအစည်းအဝေးမှာလည်း ယူကရိန်းစစ်ပွဲအကြောင်း လွှမ်းမိုးနေခဲ့ပြီး ဘုံသဘောထားတစ်ခုကို အလောတကြီး ထုတ်ခဲ့ရပါတယ်။ဒါပေမဲ့ အဲဒီမှာကတည်းက G20 နိုင်ငံတွေကြား ကွဲပြားတဲ့အမြင်တွေရှိနေကြတာက ထင်ရှားခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ အခြေအနေက ပိုပြီးတောင် တင်းမာခဲ့ပါတယ်။ အဲဒီလိုထုတ်ပြန်ဖို့ ရုရှားနဲ့ တရုတ်က လိုက်လျောပေးနိုင်ချင်မှ ပေးနိုင်မှာပါ။​ ဒါ့အပြင် အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုကလည်း ပြတ်ပြတ်သားသားရှုတ်ချတာကလွဲရင် ဘာကိုမှလက်ခံမှာ မဟုတ်ပါဘူး။​

အခုထိပ်သီးဆွေးနွေးပွဲကိုရုရှားသမ္မတ ဗလာဒီမီယာပူတင် နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့တက်ရောက်မှာမဟုတ်တဲ့အတွက် ‌သဘောတူညီချက်နဲ့ကြေညာချက်တွေ ကို ဆုံးဖြတ်ချက်ချဖို့ရာမှာအခက်အခဲတွေရှိနိုင်ပါတယ်။

ဘာကြောင့်လဲဆိုရင် အခုနှစ် ထိပ်သီးဆွေးနွေးပွဲကို တရုတ်နိုင်ငံက ဝန်ကြီးချုပ်လီကျန်း နဲ့ ရုရှားနိုင်ငံကတော့ နိုင်ငံခြားရေးဝန်ကြီးဆာဂေးလက်ဗရော့ဗ်တို့ပဲတက်ရောက်ဖို့ ရှိနေတာပါ။

လီကျန်း နဲ့ လက်ဗရော့ဗ်ဟာ သူတို့ရဲ့ ခေါင်းဆောင်တွေကိုမတိုင်ပင်ဘဲ နောက်ဆုံးမိနစ်အတွင်း လိုက်လျောမှုတွေလုပ်နိုင်တဲ့ နိုင်ငံရေးအရဆုံးဖြတ်နိုင်စွမ်းရှိသူတွေ မဟုတ်တာက အဓိက ပြဿနာဖြစ်ပါတယ်။

ဒီထိပ်သီးဆွေးနွေးပွဲမတိုင်ခင် အခုနှစ်အစောပိုင်းက ကျင်းပခဲ့တဲ့ G20 နိုင်ငံတွေကနိုင်ငံခြားရေးဝန်ကြီးနဲ့ ဘဏ္ဍာရေးဝန်ကြီးတွေရဲ့ အစည်းအဝေးတွေမှာ ပူးတွဲကြေငြာချက်မရှိဘဲ ပြီးဆုံးခဲ့တာပါ။

ဒါပေမဲ့ အိန္ဒိယက ဆွေးနွေးချင်နေတဲ့ ကမ္ဘာ့တောင်ဘက်ပိုင်း - ဖွံ့ဖြိုးဆဲနိုင်ငံတွေ - ရဲ့ ပြဿနာတွေအကြောင်းက ယူကရိန်းစစ်ပွဲကိစ္စကြောင့်တော့ ပျက်မသွားနိုင်ဘူးလို့ မျှော်လင့်နေပါတယ်။

G20 နိုင်ငံတွေဟာ စုစုပေါင်းအားဖြင့် ကမ္ဘာ့စီးပွားရေးထွက်ကုန်ရဲ့ ၈၅ ရာခိုင်နှုန်း နဲ့ ကမ္ဘာ့ကုန်သွယ်မှု ၇၅ ရာခိုင်နှုန်း ရှိကြပြီး ကမ္ဘာ့လူဦးရေရဲ့ ၃ ပုံ နှစ်ပုံရှိပါတယ်။​ အိန္ဒိယကတော့ G20 မှာ မပါဝင်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ကိုယ်စားပြုအသံကိုထုတ်ပေးသူအဖြစ် သူ့ကိုယ်သူ ပုံဖော်ထားတာပါ။

G20 မှာ အာဖရိကသမဂ္ဂတက်ရောက်တာကလည်း ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ လိုအပ်ချက်တွေအပေါ် အိန္ဒိယရဲ့ ရပ်တည်မှုကို ပိုမိုခိုင်မာစေခဲ့ပါတယ်။

"ကြွေးမြီပြဿနာ၊ အစားအစာနဲ့ စွမ်းအင်စျေးနှုန်းတွေမြင့်တက်တာလို ကိစ္စရပ်တွေက စစ်ပွဲတွေနဲ့ ကပ်ရောဂါတွေကြောင့် ပိုပြီးဆိုးရွာလာခဲ့တယ်။ အိန္ဒိယအပါအဝင် G20 ထဲမှာပါတဲ့အခြား ဖွံ့ဖြိုးဆဲနိုင်ငံတွေက အဲဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက်စက်မှုဖွံ့ဖြိုးပြီး နိုင်ငံတွေက အရင်းအနှီးထည့်ဝင်စေလိုကြတယ်" လို့ အမေရိကန်မူဝါဒရေးရာအဖွဲ့ ဘရော့ကင်းစ် အင်စတီကျုရှင်းက အကြီးတန်းအဖွဲ့ဝင် မစ္စတန်ဗီမာဒမ်ကပြောပါတယ်။

ဒါပေမဲ့ အဲဒီကိစ္စတွေအတွက် သဘောတူညီချက်တစ်ခုရဖို့ကတော့မသေချာပါဘူး။ Debt refinancing လို့ ခေါ်တဲ့ အကြွေးဟောင်းကို အကြွေးသစ်နဲ့အစားထိုးနေကြရတာကို ဥပမာအနေနဲ့ ကြည့်ပါ။ အိန္ဒိယနဲ့ အခြားဖွံ့ဖြိုးဆဲနိုင်ငံတွေကတော့ ချမ်းသာတဲ့နိုင်ငံတွေအနေနဲ့ ချေးငွေပြန်ဆပ်ဖို့ ရုန်းကန်နေရတဲ့နိုင်ငံတွေအပေါ်မှာ ချမ်းသာတဲ့နိုင်ငံတွေနဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အဖွဲ့တွေက အကြွေးသက်သာခွင့်ပေးဖို့ ဆော်သြနေကြပါတယ်။

ဒါပေမဲ့ ဒီနည်းလမ်းကိုသုံးဖို့က တရုတ်နဲ့ညှိနှိုင်းဆွေးနွေးချက်မရှိဘဲ မရနိုင်ပါဘူး။ မကြာသေးခင်က ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌဒေးဗစ်မဲပက်စ် ရဲ့ ထုတ်ပြောချက်အရဆိုရင်ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေဟာနှစ်စဉ် အကြွေးဒေါ်လာ ၆၂ ဘီလျံတင်နေပြီး အဲဒီထဲက သုံးပုံနှစ်ပုံကတရုတ်ကိုအကြွေးတင်ထားတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေမှာ နိုင်ငံအများအပြားဟာအကြွေးပြန်မဆပ်နိုင်တော့မယ့်အန္တရာယ်ရှိနေသလိုဆင်းရဲမွဲတေမှုတွေပိုတိုးလာပြီးအစားအစာနဲ့ စွမ်းအင်စျေးနှုန်း ကြီးမြင့်မှုတွေကိုလည်းရင်ဆိုင်နေကြရပါတယ်။

ဆင်းရဲတဲ့နိုင်ငံတွေကို ချေး‌ငွေထုတ်ချေးတဲ့ တရုတ်နိုင်ငံရဲ့ အလေ့အကျင့်ကိုအနောက်နိုင်ငံတွေက အမြတ်ကြီးစားအဖြစ်မကြာခဏထုတ်ပြောကြပြီးဘေဂျင်းအစိုးရကတော့ဒီလိုစွပ်စွဲချက်တွေကိုငြင်းဆိုပါတယ်။

မစ္စမာဒမ်ကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ကြွေးမြီပြန်ဆပ်ရမယ့်အချိန်ဇယားအပေါ် အကြွေးပေးထားသူတွေဘက်က ကူညီပြောင်းလဲပေးဖို့လိုတယ်၊ တချို့ကိစ္စတွေမှာ ရန်ပုံငွေထပ်ပေးပြီးကူညီဖို့လိုတယ်လို့ ပြောပါတယ်။​

“ဒီအစည်းအဝေးမှာ ဘာတွေဖြစ်လာမလဲဆိုတာတော့ မသိနိုင်သေးဘူး။ ဒါပေမဲ့ အပေးအယူအလျှော့အတင်း တစ်ခုခုလုပ်နိုင်ဖို့ စိတ်ကူးတော့ ရှိနေကြပါတယ်” လို့ သူက ထပ်ဖြည့်ပြောပါတယ်။

G20 နိုင်ငံတွေဟာ ၂၀၂၀ ခုနှစ်မှာ ဆင်းရဲတဲ့နိုင်ငံတွေရဲ့ ကြွေးမြီပြန်လည်ပြင်ဆင်ဖို့အတွက်ဘုံမူဘောင် (CF) ကို သဘောတူညီခဲ့ကြပေမဲ့ တိုးတက်မှုနှေးကွေးပါတယ်။ အနောက်အုပ်စုနိုင်ငံတွေကတော့ တရုတ်ဟာ ဒါနဲ့ပတ်သက်လို့ အချိန်ဆွဲနေတယ်လို့ ပြောလိုက်ပြီး တရုတ်ဘက်ကတော့ ဒါကိုငြင်းဆိုပါတယ်။

တဖက်မှာလည်းတရုတ်နဲ့ အိန္ဒိယဟာ နယ်နိမိတ် တင်းမာမှုပြဿနာဆက်ရှိနေပါတယ်။တချိန်တည်းမှာ ကြွေးမြီပြဿနာပြေလည်ဖို့ ကမ္ဘာ့တောင်ဘက်ပိုင်းနိုင်ငံတွေ (ဝင်ငွေ အလယ်အလတ်ရှိတဲ့ နိုင်ငံတွေအပါအဝင်) အတွက်ဘုံမူဘောင် (CF)ကိုပိုပြီး တိုးချဲ့လုပ်ကိုင်ဖို့ အိန္ဒိယကထောက်ခံပြောဆိုနေပြီး ဥရောပသမဂ္ဂ (အီးယူ)က ပြီးခဲ့တဲ့ကာလတွေမှာဒါကို သဘောတူထောက်ခံခဲ့ပါတယ်။

ဒါပေမဲ့ ဆင်းရဲတဲ့နိုင်ငံတွေရဲ့ ကြွေးမြီအကျပ်အတည်းအတွက် အနောက်နိုင်ငံတွေက တရုတ်နိုင်ငံကို ဆက်ပြီး အပြစ်တင်နေမယ်ဆိုရင် ရှေ့ဆက်မတိုးနိုင်တော့ဘဲ​ လမ်းပိတ်သွားနိုင်ပါတယ်။​

အိန္ဒိယဟာ အင်တာနက်ငွေကြေးတွေအပေါ် ကမ္ဘာလုံးဆိုင်ရာမူဝါဒချမှတ်ဖို့ နဲ့ ကမ္ဘာ့ဘဏ်နဲ့နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့လို့ အဖွဲ့တွေကို ပြင်လည်ပြင်ဆင်ဖွဲ့စည်းဖို့လိုလားနေပါတယ်။​ ဒါတွေကတော့ သဘောထားကွဲမှု သိပ်မရှိနိုင်မယ့် အကြောင်းအရာတွေပါ။

ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုဟာ ဒေလီအစိုးရကထပ်လဲလဲထုတ်ဖော်ပြောနေခဲ့တဲ့နောက်ထပ်ပြဿနာတစ်ခုဖြစ်ပြီး အဆင်းရဲဆုံးနိုင်ငံအချို့ဟာပြင်းထန်တဲ့ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် ထိခိုက်မှုအများဆုံးဖြစ်လာမယ်လို့ ဆိုပါတယ်။

မစ္စတာမိုဒီ ကြာသပတေးနေ့က ရေးတဲ့ ဆောင်းပါးတစ်ခုမှာ "ရာသီဥတုဆိုင်ရာရည်မှန်းချက်တွေဟာ ရာသီဥတုဆိုင်ရာဘဏ္ဍာရေးနဲ့ နည်းပညာလွှဲပြောင်းမှု ဆောင်ရွက်ချက်တွေနဲ့ ကိုက်ညီမှုရှိရမယ်" လို့ ရေးခဲ့ပါတယ်။​

မစ္စတာမိုဒီရဲ့ စကားလုံးတွေက ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ငွေကြေးထောက်ပံ့မှုနဲ့ပတ်သက်ပြီး G20 အုပ်စုအတွင်း သဘောထားကွဲလွဲမှုတွေကို ထင်ဟပ်စေပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ ဖန်လုံအိမ်ဓာတ်ငွေ့ဖြတ်တောက်ဖို့ ရည်မှန်းချက်ကြီးတဲ့စီမံချက်တွေမှာမပါဝင်လိုကြပါဘူး။ ဒါက သူတို့ရဲ့ ဖွံ့ဖြိုးမှုကို ရပ်တန့်သွားမှာ စိုးရိမ်ကြပါတယ်။

အဲဒါအစား ရာသီဥတုပြဿနာဟာ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေကြောင့်လို့ အပြစ်တင်ပြီး ဒီအတွက် နိုင်ငံကြီးတွေက တာဝန်ပိုယူရမယ်၊ နောက်ပြီး ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချနိုင်ဖို့အတွက် နိုင်ငံကြီးတွေအနေနဲ့ ငွေကြေး၊ နည်းပညာနဲ့ အခြေခံအဆောက်အအုံတွေ ကူညီပေးဖို့ တောင်းဆိုကြပါတယ်။

ဒေလီရှိ ဂျဝါဟလာနေရူး တက္ကသိုလ်က နိုင်ငံခြားရေးမူဝါဒဆိုင်ရာပါမောက္ခ ဟက်ပီးမွန်ဂျေးကော့ဘ် ကတော့ ဒီထိပ်သီးဆွေးနွေးပွဲကနေ ရာသီဥတုပြောင်းလဲမှုဆိုင်ရာနဲ့ပတ်သက်ပြီး ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခု ထွက်လာမယ်လို့ မမျှော်လင့်ကြောင်းပြောပါတယ်။

"ဒါပေမယ့် G20 ရဲ့ အဓိကလုပ်ငန်းစဉ်တွေထဲမှာ ဒါက တစ်ခုဖြစ်လာမှာပါ။ ဒေလီအစိုးရကချမ်းသာတဲ့နိုင်ငံတွေကိုအရင်းအမြစ်တွေပိုထုတ်ဖို့တွန်းအားပေးလိမ့်မယ်ဆိုတာရှင်းပါတယ်" လို့သူကပြောပါတယ်။​

အစားအစာနဲ့ စွမ်းအင်ဖူလုံရေးကိုလည်း ဆွေးနွေးကြဖို့ရှိနေပြီး အဲဒီအပေါ်မှာ သဘောတူညီမှုအချို့ ရရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ဒါပေမဲ့ ယူကရိန်းသီးနှံတွေ နိုင်ငံတကာဈေးကွက်ကို ရောက်ဖို့ကိစ္စမှာ ကိယက်ဗ်နဲ့ သဘောတူညီချက်ကို ပြန်လည်စတင်ဖို့က မော်စကိုအပေါ်မှာ မူတည်မှာဖြစ်ပါတယ်။

ဒါပေမဲ့ G20 မူဘောင်အတွင်း ဒီသဘောတူညီချက်ပေါက်မြောက်အောင်မြင်ဖို့ကတော့ ဖြစ်လာဖွယ် မရှိဘူးလို့ အကဲခတ်တွေက သုံးသပ်ထားပါတယ်။

စိုက်ပျိုးရေး၊ ကပ်ရောဂါကြိုတင်ပြင်ဆင်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကမ္ဘာလုံးဆိုင်ရာထောက်ပံ့မှုကွင်းဆက်အပေါ် သဘောတူညီချက်တွေ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိပေမဲ့ ပူးတွဲကြေညာချက်ရဲ့ အစိတ် အပိုင်းတစ်ခုဖြစ်လာဖို့ကတော့ ရှင်းရှင်းလင်းလင်းမရှိပါဘူး။

တစ်ချိန်တည်းမှာပဲ မစ္စတာ မိုဒီ အစိုးရလက်ထက်မှာ အိန္ဒိယရဲ့ ဆိုးရွားလာတဲ့လူ့အခွင့်အရေးချိုးဖောက်ခံရမှု မှတ်တမ်းမှတ်ရာတွေတိုးလာတာကို အတိုက်အခံခေါင်းဆောင်တွေကဝေဖန်မေးခွန်းထုတ်နေကြပေမဲ့ ဒီအစည်းအဝေးမှာတော့ ဆွေးနွေးဖွယ်မရှိပါဘူး။​

တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဖိအားပေးပြောဆိုနေပေမဲ့ အနောက်နိုင်ငံက ခေါင်းဆောင်တွေကတော့ ဒီအကြောင်းကို ဆွေးနွေးဖွယ်မရှိဘဲ အိန္ဒိယဟာ တရုတ်ရဲ့ကြီးထွားလာမှုကို တန်ပြန်နိုင်မယ့် မရှိမဖြစ် မဟာမိတ်အဖြစ် မြင်ထားကြပါတယ်။​

Wilson Centerအကြံပေးအဖွဲ့ ကမိုက်ကယ်ကူဂယ်မန်းတို့လိုအကဲခတ်တွေကတော့ဒီလိုသဘောထားကွဲလွဲမှုတွေနဲ့ အဟန့်အတားတွေကြောင့် ထိပ်သီးဆွေးနွေးပွဲကြီးကနေကြေညာချက်တစ်စုံတစ်ရာ ခိုင်ခိုင်မာမာ မထွက်လာနိုင်ရင် အိန္ဒိယ၊ မစ္စတာ မိုဒီနဲ့ G20 တို့အတွက် ဆုတ်ယုတ်မှုဖြစ်လာလိမ့်မယ်လို့ သုံးသပ်ပါတယ်။

ဒါပေမဲ့ အချင်းချင်း မသင့်မမြတ်ဖြစ်နေတဲ့နိုင်ငံတွေကြားမှာအိန္ဒိယက လက်တွဲလုပ်ဆောင်နိုင်ခဲ့တဲ့ မှတ်တမ်းကို ရုရှား နဲ့ အမေရိကန် နှစ်နိုင်ငံကြား အိန္ဒိယရဲ့ ထိန်းညှိဆက်ဆံနိုင်စွမ်းကိုထောက်ပြပြီး ဖြည့်စွက်ပြောပါတယ်။

"ဒေလီက သဘောထားကွဲပြားမှုတွေကို ဖြတ်ကျော်ပြီး အလုပ်လုပ်နိုင်တဲ့ နိုင်ငံတစ်ခု ဖြစ်နိုင်ပါတယ်။ ဒီနည်းနဲ့လည်းသူ့ရဲ့ အားလုံးနဲ့ဟန်ချက်ညီညီလုပ်နိုင်တဲ့ ဂုဏ်သတင်းကို ဆက်ထိန်းချင်ပေမဲ့ အရမ်းခက်ခဲလိမ့်မယ်။"

မစ္စမာဒမ်ကတော့ ပူးတွဲကြေညာချက်မထုတ်နိုင်ခဲ့ဘူးဆိုရင်တောင် ဒါကကျရှုံးမှုလို့ ပြောလို့မရသေးဘဲ အများသဘောတူညီချက်ရှိတဲ့ အချက်တွေကို ဥက္ကဋ္ဌနိုင်ငံအနေနဲ့ ဆွေးနွေးပွဲ အနှစ်ချုပ်ထုတ်ပြန်တာမျိုး လုပ်နိုင်တယ်လို့ ပြောပါတယ်။ ပြဿနာတွေရဲ့ ၉၀% မှာ အားလုံးသဘောတူတယ်ဆိုတာမျိုးပြသနိုင်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ သဘောထားကွဲလွဲမှုတွေရှိနေတဲ့ G20 ဟာ အပြောင်းအလဲမြန်လွန်းတဲ့ ကမ္ဘာကြီးအတွက် အရေးပါသလားဆိုတဲ့ မေးခွန်းထုတ်စရာတွေ ဖြစ်စေမှာပါ။

တရုတ်နိုင်ငံဟာ Brics (ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကတို့ ပါဝင်တဲ့ အဖွဲ့) နဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) လို အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။ အာဂျင်တီးနား၊ အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်၊ ဆော်ဒီအာရေဗျနဲ့ ယူအေအီး တို့လည်း တရုတ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး Brics အဖွဲ့ထဲ မကြာခင်က ပါဝင်လာကြပါတယ်။​

အိန္ဒိယဟာ Brics နဲ့ SCO နှစ်ခုစလုံးမှာပါတဲ့ နိုင်ငံအနည်းငယ်ထဲမှာ ပါဝင်ပြီး အနောက်အုပ်စုလွှမ်းမိုးတဲ့ Quad, G7 (ဖိတ်ကြားခံအဖွဲ့ဝင်)နဲ့ G20 တို့လို အဖွဲ့တွေထဲမှာလည်း ပါဝင်ပါတယ်။

ဒီလိုဘက်ပေါင်းစုံအခြေအနေမှာ ဒေလီအတွက်တော့ ဒီအစည်းအဝေးကြီး အောင်မြင်အောင် လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ ဒါမှလည်း အိန္ဒိယကို အရေးကြီးတဲ့ကမ္ဘာ့အင်အားကြီးနိုင်ငံအဆင့်ကို မြှင့်တင်နိုင်မယ့်အပြင် မစ္စတာမိုဒီကိုလည်း ကမ္ဘာ့ခေါင်းဆောင်အဖြစ်ပုံရိပ်မြှင့်ပေးနိုင်မှာ ဖြစ်ပါတယ်။

မတူညီတဲ့ နိုင်ငံပေါင်းစုံဖိုရမ်တွေဆီက အပြိုင်အဆိုင်တောင်းဆိုချက်တွေကို နားလည်နိုင်စွမ်းရှိမှုအပြင် ဟန်ချက်ညီ ထိန်းကျောင်းနိုင်တဲ့ ဒေလီရဲ့ စွမ်းရည်ကို ပြသနိုင်မှာဖြစ်ပါတယ်။ နောက်ပြီးလာမယ့်နှစ်မှာပြုလုပ်မယ့်အိန္ဒိယနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲအတွက်လည်းအိန္ဒိယဝန်ကြီးချုပ်ရဲ့ ပုံရိပ်ကိုလည်း မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။

အိန္ဒိယရဲ့ မြို့ငယ်လေးတွေကနေ မြို့ကြီးတွေအထိ ကျင်းပခဲ့တဲ့ G20 အကြိုဆွေးနွေးပွဲတွေမှာ မစ္စတာမိုဒီဟာ သူ့ရဲ့ နိုင်ငံခြားမူဝါဒကို ချပြခဲ့ပြီး ပြည်တွင်းမှာရော ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းမှာပါ အောင်မြင်ဖို့ မစ္စတာမိုဒီဟာ အရင်းအနှီးကြီးကြီးနဲ့ လုပ်ဆောင်ခဲ့ပါတယ်။​