ရုရှားက ယူကရိန်း ဓာတ်အားပေး စနစ်ကို ဘယ်လောက်အထိ ဖျက်ဆီးလိုက်ပြီလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်းသမ္မတကတော် အိုလန်နာ ဇလန်စကာက ယူကရိန်းနိုင်ငံသားတွေဟာ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဆောင်းရာသီ နှစ်ခု သုံးခုစာလောက် လျှပ်စစ်မီး ပြတ်တောက်တဲ့ ဒဏ်ကို ခံနိုင်အောင် ပြင်ဆင်ထားပြီလို့ ပြောကြားလိုက်ပါတယ်။
လက်ရှိအချိန်မှာ ယူကရိန်းနိုင်ငံတလွှား ဒုံးကျည်တွေ၊ မောင်းသူမဲ့ လေယာဉ်တွေနဲ့ ပစ်ခတ်ခံရမှုကြောင့် သန်းနဲ့ ချီတဲ့ ယူကရိန်းပြည်သူတွေဟာ လျှပ်စစ်၊ ရေနဲ့ ဆောင်းတွင်း အပူဓာတ်ရဖို့ ဓာတ်ငွေ့ တွေပါ ပြတ်တောက်ခံနေရတယ်လို့ ဆိုပါတယ်။

ယူကရိန်းနိုင်ငံသား ဘယ်လောက်အထိ လျှပ်စစ်မီး မရဘဲ ဖြစ်နေသလဲ
ယူကရိန်းကို တိုက်ခိုက်နေတဲ့ ရုရှားစစ်တပ်ဟာ စစ်မြေပြင် တိုက်ပွဲတွေမှာ ဆုံးရှုံးရမှုတွေ ကြုံလာရချိန်မှာ ယူကရိန်းရဲ့ စွမ်းအင်ဖြန့်ချိရေး စနစ်၊ လောင်စာဆီ သိုလှောင်ရုံတွေနဲ့ ရေပေးဝေရေး စနစ်တွေကို အဓိကထား တိုက်ခိုက်လာတယ်လို့ ဆိုပါတယ်။
ယူကရိန်းရဲ့ နိုင်ငံပိုင် လျှပ်စစ်ဓာတ်အား ဖြန့်ချိရေး ကုမ္ပဏီ ယူကရန်နဲဂရိုး ရဲ့ အဆိုအရ လျှပ်စစ်ဓာတ်အားလိုင်း တပ်ဆင်ထားတာတွေ ဘယ်လောက်တောင် ထိခိုက်သလဲ ဆိုရင် တစ်နိုင်ငံလုံး လိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းအထိ မပေးနိုင်တော့ဘဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ယူကရိန်းသမ္မတ ဗလိုဒီမီယာ ဇလန်းစကီးရဲ့ အဆိုအရ ဆိုရင်လည်း ယူကရိန်းပြည်သူ ၆ သန်းလောက် လျှပ်စစ်ဓာတ်အား မရဘဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။
မြို့တော် ကိယဗ်နဲ့ တကွ နိုင်ငံတောင်ပိုင်း အိုဒက်ဆာကနေ အနောက်ဘက်က ဗနီးရှားအထိ ယူကရိန်းနိုင်ငံ အနှံ့ အပြားမှာ ရှိကြတဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေ လက်နက်ထိမှန် ခံရတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
လက်ရှိ ဆောင်းရာသီဥတုအနေအထားအရ ယူကရိန်းနိုင်ငံ နေရာအတော်များများမှာ အပူချိန် သုည ဒီဂရီ စင်တီဂရိတ်အထိ ကျဆင်းနေရာမှာ လျှပ်စစ်မီးတွေ ပြတ်တောက်နေတဲ့အတွက် လူအများအပြား အနွေးဓာတ်မရဘဲ ချမ်းအေးနေကြတဲ့ ပြဿနာလည်း ရှိနေနိုင်ပါတယ်။
ယူကရိန်းနိုင်ငံက နောက်ထပ် လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီတခုဖြစ်တဲ့ ရက်စနိုကလည်း ပြည်တွင်းမှာ မီးပြတ်နေတာတွေ လာမယ့် မတ်လအထိ ရှိနေနိုင်တယ်လို့ ကြေညာထားပါတယ်။
အခုလို အနေအထားတွေကြောင့် ဥရောပသမဂ္ဂ အီးယူက ယူကရိန်းမှာ ဓာတ်အားပေးစက်တွေနဲ့ ဓာတ်ကြိုးကြီးတွေ ဝယ်ယူဖို့ ထောက်ပံ့ငွေလည်း ပေးအပ်ထားပါတယ်။
အခုလို ထောက်ပံ့ဖို့အတွက် ယူကရိန်းအတွက် စွမ်းအင် ထောက်ပံ့ရေး ရန်ပုံငွေ ထူထောင်ကာ လုပ်ဆောင်နေပြီး အဲဒီအထဲမှာ အီးယူ နိုင်ငံ မဟုတ်တော့တဲ့ ယူကေနိုင်ငံကလည်း ပါဝင်လှူဒါန်းနေတယ်လို့ ဆိုပါတယ်။

ယူကရိန်းက နျူးကလီးယားစက်ရုံတွေကိုရော ထိခိုက်နေသလား
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ယူကရိန်းမှာ ဖြစ်ပွားနေတဲ့ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နျူးကလီးယားစက်ရုံ သုံးခုကို နိုင်ငံတော် ဓာတ်အားလိုင်းနဲ့ ချိတ်ဆက်ထားမှု ဖြတ်တောက် ထားရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဥရောပမှာ အကြီးဆုံးဖြစ်တဲ့ ဇာပိုရီးရှားက နျူးကလီးယားစက်ရုံအနီးတဝိုက်မှာ အဝေးပစ် လက်နက်ကြီး ကျည်ဆံတွေ ကျရောက်နေတဲ့အတွက် ရေဒီယိုသတ္တိကြွ ယိုစိမ့်မှုတွေ ဖြစ်လာမှာကို ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။
ဇာပိုရီးရှား နျူးကလီးယားစက်ရုံမှာ နျူဓာတ်ပေါင်းဖို ၆ ခုရှိပြီး ၁၉၉၅ တုန်းက အပြီးသတ် ဆောက်လုပ် လည်ပတ်နေတဲ့ ဓာတ်အားပေး စက်ရုံလည်း ဖြစ်ပါတယ်။
ယူကရိန်းတောင်ပိုင်းမှာရှိတဲ့ အဲဒီ နျူဓာတ်အားပေးစက်ရုံဟာ မဂ္ဂါဝပ် ၅၇၀ဝ အထိ ထုတ်လုပ်နိုင်စွမ်းရှိပြီး ယူကရိန်းနိုင်ငံ လျှပ်စစ်လိုအပ်ချက်ရဲ့ ၂၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနေတာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အဝေးပစ် အမြောက်ကျည်ဆံတွေဟာ နျူဓာတ်ပေါင်းဖိုတွေ အနီးနားကို ကျရောက်တာရှိနေပြီး ရေဒီယို သတ္တိကြွ အညစ်အကြေးတွေ စွန့်ပစ်ထားတဲ့ အဆောက်အဦးကိုလည်း ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဆိုးဆိုးဝါးဝါး ထိခိုက်မှုတော့ မဖြစ်သေးရာမှာ ဒီလို လက်နက်ကြီး ကျည်ဆံ ကျရောက်မှုတွေကို ယူကရိန်းနဲ့ ရုရှားတို့က အပြန်အလှန် အပြစ်တင်နေကြပါတယ်။

ရုရှားက ဘာဖြစ်လို့ ဓာတ်အားလိုင်းတွေကို ပစ်မှတ်ထားနေသလဲ
ယူကေနိုင်ငံ လန်ဒန်တက္ကသိုလ်ရဲ့ ဘုရင့်ကောလိပ်က ကာကွယ်ရေးဆိုင်ရာ သုတေသီ မရီနာ မီရွန်ရဲ့ အဆိုအရ အခုလို ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံနဲ့ ကွန်ရက်တွေကို တိုက်ခိုက်တာဟာ ယူကရိန်း အရပ်သားတွေ စိတ်ဓာတ်ကျဆင်းလာစေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာလို့ ဆိုပါတယ်။
ယူကရိန်းမှာ လူတွေက ဆောင်းတွင်းမှာ အနွေးဓာတ်မရပဲ ချမ်းအေးလွန်းလာကြပြီး မျှော်လင့်ချက်ကုန်သလို ဖြစ်လာကြရင် အစိုးရကို ပုန်ကန်လာကြလိမ့်မယ်လို့ ရုရှားက မျှော်လင့်နေပုံရကြောင်းကိုလည်း သူက ပြောပါတယ်။
ယူကရိန်း သမ္မတကတော် အိုလန်နာ ဇလန်စကာ ကတော့ ယူကရိန်းပြည်သူတွေဟာ တိုင်းပြည်လွတ်လပ်ရေးနဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင်ဖြစ်ရေး အတွက်ဆိုရင် လျှပ်စစ်မီး မရှိတာကိုလည်း ကြံ့ကြံ့ခံကြမှာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းပိုင်းကို ပြောကြားခဲ့ပါတယ်။
ယူကရိန်းအစိုးရကတော့ လောလောဆယ်မှာ ဓာတ်အားပေး စက်ရုံတွေ ဆိုးဆိုးဝါးဝါး ထိခိုက်ထားတဲ့ ဒေသကလူတွေကို နေရာရွှေ့ပြောင်းကြဖို့ တိုက်တွန်းနေပြီး အဲလိုဖြစ်တဲ့နေရာတွေမှာ ကြိတ်မှိတ်ပြီး ကြိုးစားမနေကြဖို့ ဆော်သြနေပါတယ်။
အထူးသဖြင့် ခါဆွန်နဲ့ မိုင်ကိုလက်ဗ် ဒေသတွေဖြစ်တဲ့ ယူကရိန်းအနောက်တောင်ဘက်မှာ နေထိုင်ကြသူတွေ အနေနဲ့ နိုင်ငံအနောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေကို ရွှေ့ပြောင်းကြဖို့ အစိုးရက နှိုးဆော်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှားက ယူကရိန်း ကျန်းမာရေးစနစ်တွေကို ဘယ်လို ထိခိုက်စေနေသလဲ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အဆိုအရ ယူကရိန်းက ရုရှားကို စတင်ကျူးကျော်ခဲ့တဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စပြီး ကျန်းမာရေးအဆောက်အအုံနဲ့ နေရာတွေကို တိုက်ခိုက်တာ ဒါမှမဟုတ် တိုက်ခိုက်မယ်ဆိုပြီး ခြိမ်းခြောက်တဲ့ အကြိမ်ရေ စုစုပေါင်း ၇၀၃ ကြိမ် ရှိတယ်လို့ ကြေညာထားပါတယ်။
လက်ရှိအခြေအနေမှာ ယူကရိန်းနိုင်ငံအတွင်းက ရာနဲ့ ချီတဲ့ ဆေးရုံတွေနဲ့ ဆေးဝါးကုသရေးရော အဆောက်အအုံတွေ အပြည့်အဝ မလည်ပတ်နိုင်ဘဲ ဖြစ်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရဲ့ ဒေသတွင်း ဥရောပ ဒါရိုက်တာ ဟန်စ် ကလုဂျ်က ဆိုပါတယ်။
အခုလို ဖြစ်ရတာဟာ ဒီနေရာတွေအတွက် အခြေခံ လိုအပ်ချက်ဖြစ်တဲ့ လောင်စာ၊ ရေနဲ့ လျှပ်စစ်ဓာတ်တို့ မရလို့ ဖြစ်ပြီး ဒီအခြေအနေက သန်းပေါင်းများစွာသော လူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတယ်လို့ လည်း သူက ပြောဆိုခဲ့ပါတယ်။
လောလောဆယ်မှာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အနေနဲ့ ကျန်းမာရေး ဆိုင်ရာ အကူအညီပေးနိုင်မယ့် စင်္ကြန်လမ်းကြောင်းတွေ ယူကရိန်းမှာ ဖော်ဆောင်ဖို့ တိုက်တွန်းနေပါတယ်။
အခုလို ကျန်းမာရေး အကူအညီပေးမယ့် လမ်းကြောင်းတွေကို ရုရှားက သိမ်းပိုက်ထားတဲ့ ဒွန်းဘတ်စ် ဒေသရော ယူကရိန်းဘက်က ရုရှားဆီကနေ ပြန်လည် သိမ်းပိုက်ထားတဲ့ ခါဆွန် ဒေသအတွင်းမှာပါ ဖော်ဆောင်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လိုလားနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
အရပ်သုံး စွမ်းအင်ပိုင်းနဲ့ ကျန်းမာရေးအပိုင်းကို တိုက်ခိုက်မှုက စစ်ရာဇဝတ်မှု မြောက်သလား
ကုလသမဂ္ဂ ဂျနီဗာ ကွန်ဗန်းရှင်း သဘောတူညီချက်တွေအရ အရပ်သားတွေ အသက်ရှင်သန်ရေးအတွက် အရေးပါတဲ့ အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှု မြောက်ကြောင်း အဓိပ္ပာယ်ဖွင့်နိုင်တယ်လို့ ဆိုပါတယ်။
ဒေါက်တာ ကလုဂျ်က ဆိုရင်လည်း ကျန်းမာရေးဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက်တာဟာ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေနဲ့ စစ်ပွဲဆိုင်ရာ စည်းကမ်းတွေကို ချိုးဖောက်တာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဥရောပ ကော်မရှင် ဥက္ကဋ္ဌ အာဆလာ ဗွန်ဒလိုင်ယန်ကလည်း ရုရှားက ယူကရိန်းမှာရှိတဲ့ ဓာတ်အားပေး စက်ရုံတွေနဲ့ အခြား အခြေခံအဆောက်အအုံတွေကို ဒုံးကျည်တွေ မောင်းသူမဲ့ လေယာဉ်တွေနဲ့ တိုက်ခိုက်တာဟာ အကြမ်းဖက်မှု စစ်စစ် ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
အခုလို အရပ်သားဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်တာက စစ်ရာဇဝတ်မှု မြောက်တယ်လို့လည်း သူက ဆိုပါတယ်။








