ယူကရိန်းမှာ နေတိုးတပ်တွေ ဝင်တိုက်နေတယ်လို့ ရုရှားပြောတာ မှန်သလား

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ယူကရိန်းထဲမှာ အနောက်တိုင်း စစ်ရေးအကြံပေးတွေရဲ့ အောက်မှာ တိုက်နေတဲ့တပ်ဖွဲ့တွေ ရှိတယ်လို့ ပြောပါတယ်။

အဲဒီ အဆိုကို ရုရှား ရုပ်မြင်သံကြားနဲ့ လူမှုကွန်ရက် တွေပေါ်မှာလည်း နေတိုးတပ်တွေ ယူကရိန်းဘက်က ဝင်တိုက်ပေးနေတယ်လို့ ဖော်ပြကြပါတယ်။

နေတိုး အဖွဲ့ဝင် နိုင်ငံတွေက ယူကရိန်းကို လက်နက်နဲ့ သယ်ယူပို့ဆောင်ရေးတွေမှာ ကူညီပေးနေကြတာ မှန်ပေမယ့် ယူကရိန်းဟာ နေတိုး အဖွဲ့ဝင် မဟုတ်တာကြောင့် သူတို့ တပ်ဖွဲ့တွေကိုတော့ စေလွှတ်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

 ယူကရိန်းမြေပေါ်မှာ နေတိုးတပ်ဖွဲ့တွေ ရောက်နေပြီ ဆိုတဲ့ ရုရှားဘက်က အပြောတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဘီဘီစီက စိစစ် ကြည့်ခဲ့ပါတယ်။

ဘာတွေ စွပ်စွဲထားသလဲ

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့က ရုရှားသမ္မတ ပူတင်က ကိယဗ် အစိုးရဟာ ပြည်ပက ကြေးစားစစ်သားတွေနဲ့ အမျိုးသားရေး ဝါဒီတွေ၊ နေတိုးရဲ့ စံနဲ့ လေ့ကျင့်ထားတဲ့ တပ်ဖွဲ့တွေကို အနောက်တိုင်း အကြံပေးတွေရဲ့ ကွပ်ကဲမှုနဲ့ အသုံးပြုနေပြီ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

 ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှုတွေ စတင်ခဲ့ပြီးနောက်မှာ ပြည်ပက လက်နက်ကိုင်တွေ ယူကရိန်းစစ်တပ်နဲ့ လာရောက် ပူးပေါင်းပြီး တိုက်ခိုက်ပေးကြတာ အားလုံး သိကြပြီး ဖြစ်ပါတယ်။ ဒါပေ အခု ရုရှား အာဏာပိုင်တွေနဲ့ မီဒီယာတွေ ပြောနေကြတာက ယူကရိန်းမြေပေါ်မှာ နေတိုးတပ်တွေ ရောက်နေကြပြီ ဆိုတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့က ရုရှားရဲ့ Channel One က အချိန်က စကားပြောပါလိမ့်မယ်လို့ အဓိပ္ပါယ်ရတဲ့ Vremya Pokazhet ဆိုတဲ့ အစီအစဉ်ကို တင်ဆက်သူ Ruslan Ostashko က ယူကရိန်း စစ်သားတွေက အရိပ်အယောင် ပြဖို့၊ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေ ရိုက်ပြီး တစ်တော့ခ်ပေါ် တင်ဖို့ လောက်ပဲ လုပ်နေကြတာ၊ တကယ်တန်း တိုက်နေတာက နေတိုးတပ်ဖွဲ့တွေ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အစီအစဉ်ကို တင်ဆက်သူ Ruslan Ostashko ရဲ့ နေ့စဥ် စီစဥ်တင်ဆက်တဲ့ Talk Show

ဓာတ်ပုံ ရင်းမြစ်, CHANNEL ONE

ဓာတ်ပုံ ပုံစာ, အစီအစဉ်ကို တင်ဆက်သူ Ruslan Ostashko ရဲ့ နေ့စဥ် စီစဥ်တင်ဆက်တဲ့ Talk Show
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဲဒီအစီအစဉ်ထဲမှာ ယူကရိန်းဘက်က ဝင်ရောက်တိုက်ခိုက်နေကြတယ်ဆိုတဲ့ ပြည်ပ လက်နက်ကိုင်တွေ လူမှုကွန်ရက်တွေပေါ်မှာ တင်ထားကြတဲ့ ဗီဒီယိုတွေကို ပြသပြီး နေတိုးရဲ့ စစ်ဖိနပ်တွေ ယူကရိန်းမြေပေါ် ရောက်နေပါပြီဆို ပြောခဲ့တာ ဖြစ်ပါတယ်။

 သူတို့ ဘာသာ လူဟန့်စ်ခ် ပြည်သူ့ သမ္မတနိုင်ငံလို့ ကြေငြာထားတဲ့ ခွဲထွက်ရေး အဖွဲ့က စစ်ဘက်ဆိုင်ရာ ပြောရေး ဆိုခွင့်ရသူ Andrei Marochko ကလည်း ရုရှား နိုင်ငံပိုင် သတင်းဌာန RIA Novostiမှာ သူတို့ ထောက်လှမ်းရေး သတင်းတွေအရ ကာကိဗ်ဒေသမှာ နေတိုး အရာရှိတွေ ရောက်လာကြပြီလို့ သတင်းရကြောင်း ပြောခဲ့ပါတယ်။

 ဒီအရာရှိတွေ ရောက်လာကြတာက အဲဒီ ဒေသထဲမှာ ရှိနေတဲ့ ပြည်ပ တပ်ဖွဲ့တွေနဲ့ ယူကရိန်းတပ်ဖွဲ့တွေအကြား ချိတ်ဆက်မှုတွေ လုပ်သွားဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

Mr Marochko က ရုရှား နိုင်ငံပိုင် ရုပ်မြင်သံကြားပေါ်မှာလည်း ဒွန်ညက်စ်ခ် ဒေသထဲက ခရမ်မာတော့စ်ခ် မြို့ထဲမှာ နေတိုးအရာရှိတွေ ရောက်နေပြီလို့ ပြောခဲ့ပါတယ်။

နောက်ပြီး ယူကရိန်း ပြည်ပလက်နက်ကိုင်တွေ ရှိနေတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ နေတိုး တပ်တွေလို့တော့ မပြောပေမယ့် ဒီသဘောမျိုးတွေ ဆိုနေကြတာ ဖြစ်ပါတယ်။ ဥပမာ RIA Novosti ရဲ့ ဆောင်းပါးရှင် Vladimir Kornilov က အစ်ဇူမ်း မြို့ လွတ်မြောက်ဖို့ လာရောက် တိုက်ခိုက်ပေးကြတယ်ဆိုတဲ့ အင်္ဂလိပ်စကားပြောနဲ့ ဗီဒီယိုတွေ သိသိသာသာ တိုးလာတယ်ဆိုပြီး ပြောတာမျိုးပါ။

ဘာအထောက်အထားတွေ ပြကြသလဲ

ယူကရိန်းကို သူ့စရိတ်နဲ့သူ လာပြီး ယူကရိန်းတပ်ဖွဲ့တွေနဲ့ လက်တွဲ တိုက်ခိုက်ပေးနေကြတဲ့ ပြည်ပ လက်နက်ကိုင် တွေနဲ့ နေတိုး အဖွဲ့ဝင် နိုင်ငံတွေက တပ်ဖွဲ့တွေနဲ့ မတူကြပါဘူး။

ရုရှားမီဒီယာတွေက နေတိုးတပ်ဖွဲ့ဝင်တွေ ယူကရိန်းမှာ ရောက်နေပါပြီလို့ ဆိုပေမယ့် စစ်မြေပြင်ပေါ်က ပြည်ပ လက်နက်ကိုင်တွေက လွဲရင် တိကျ သေချာ ရေရာတဲ့ အထောက်အထား ဘာမှ မပြနိုင်သေးပါဘူး။

Vremya Pokazhet ရဲ့ ရုပ်မြင်သံကြား အစီအစဉ်မှာ ပြသသွားတဲ့ ပြည်ပလက်နက်ကိုင် ဆိုသူက အရင် အမေရိကန် ရေတပ် အရာရှိဟောင်း Malcolm Nance ဆိုသူ ဖြစ်ပြီး သူက ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ယူကရိန်းရောက် သူ့အတွေ့အကြုံ ဗီဒီယိုတွေ ပုံမှန်တင်နေတဲ့သူ တယောက် ဖြစ်ပါတယ်။

 ရုပ်မြင်သံကြားပေါ်မှာ ပြသသွားတဲ့ ဗီဒီယို တခုထဲမှာ Mr Nance က သူ့နောက်က အမြောက်တပ်ဖွဲ့တွေကို ပြပြီး နိုင်ငံစုံရဲ့ ညွန့်ပေါင်း လက်နက်ကြီးတွေက ပစ်တဲ့ ပထမဆုံး အမြောက်သံဆိုပြီး ပြောခဲ့တာပါ။

no tag

ဓာတ်ပုံ ရင်းမြစ်, Screen Shot

Mr Nance ဟာ လတ်တလော အမေရိကန် စစ်တပ်မှာ တာဝန်ထမ်းဆောင်နေတာ မဟုတ်ပါဘူး၊ ပြီးခဲ့တဲ့ ဧပြီလ အတွင်းက သူယူကရိန်းရဲ့ ပြည်ပတပ်ဖွဲ့ တွေမှာ စတင် တာဝန်ထမ်းဆောင်ပြီ ဖြစ်တယ်လို့ အွန်လိုင်းပေါ်မှာ တင်ခဲ့ပါတယ်။

 ရုရှားယိမ်း လူမှုကွန်ရက်တွေ မီဒီယာတွေပေါ်မှာ တင်နေကြတဲ့ နောက်တဦးကလည်း အမေရိကန် တယောက်ပဲ ဖြစ်ပါတယ်။ Rob-Roy Lane လို့ ခေါ်ပြီး အမေရိကန် ပြည်ထောင်စုက အိုင်ဒါဟို ပြည်နယ်သား တယောက် ဖြစ်ပါတယ်။

Mr Lane ကလည်း သူ ယူကရိန်း တပ်ဖွဲ့ တခုနဲ့ အတူလိုက်ပါ တာဝန်ထမ်းဆောင်နေတာတွေ၊ သူတို့ တပ်ဖွဲ့ထဲက ပြည်ပက လာရောက် စစ်မှုထမ်းကြသူတွေရဲ့ အကြောင်းတွေကို အွန်လိုင်းပေါ်မှာ ဗီဒီယိုတွေ ပုံမှန်တင်ပေးနေတာ ဖြစ်ပါတယ်။ အဲဒီ ဗီဒီယိုတွေကိုပဲ ရုရှားလိုလားတဲ့ လူမှု ကွန်ရက်တွေနဲ့ မီဒီယာတွေမှာ မျှဝေနေကြတာ ဖြစ်ပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Screen shot

ဒီလူမှာ စစ်ရေးအတွေ့အကြုံ ရှိသလား ဆိုတာ အွန်လိုင်းမှာ ဘာအထောက်အထားမှ မရှိပါဘူး၊ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနကလည်း ဒီလူအမေရိကန် စစ်တပ်မှာ အမှုထမ်းခဲ့သလား ဆိုတဲ့ စုံစမ်းမှုတွေကို တုံ့ပြန်ဖြေကြားမှု မရှိပါဘူး။

 သူ့ရဲ့ လူမှုကွန်ရက် အကောင့်တခုမှာ Mr Lane က သူတို့ အဖွဲ့ဝင်တချို့ရဲ့ အမည်တွေကို ပြောပြခဲ့ရာမှာ ဗြိတိသျှ လူမျိုး ၂ ဦးလည်း ပါဝင်ပါတယ်။ ဗြိတိသျှ ကာကွယ်ရေး ဝန်ကြီးဌာနကတော့ အရင်က စစ်မှုထမ်းဟောင်းတွေရဲ့ စစ်သက်မှတ်တမ်းနဲ့ စစ်မြေပြင်တွေမှာ သူတို့ရဲ့ ပါဝင်ပတ်သက်မှုတွေနဲ့ ပတ်သက်လို့ ဘာမှ မှတ်ချက်ပေး ပြောကြားမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

နေတိုးက ဘာတွေ ထောက်ပံ့နေသလဲ

နေတိုးအဖွဲ့ဝင် နိုင်ငံတွေက ယူကရိန်းကို အဆင့်မြင့် လက်နက်တွေနဲ့ သယ်ယူပို့ဆောင်ရေး အပိုင်းတွေမှာ အများအပြား ကူညီပေးနေကြပါတယ်။ အဲဒီအထဲမှာ အများဆုံး ကူညီပေးနေတာက အမေရိကန် ပြည်ထောင်စုပဲ ဖြစ်ပါတယ်။

ယူကရိန်းကို ပေးနေကြတဲ့ လက်နက်တွေထဲမှာ ဒုံးကျည်စနစ်တွေနဲ့ တင့်ကားဖျက် လက်နက်တွေလို တချို့ လက်နက်စနစ်တွေဟာ အခု စစ်ပွဲအတွင်း အရေးကြီးတဲ့ အခန်းကဏ္ဍတွေမှာ ပါနေတယ်လို့ ယူဆရပါတယ်။

အနောက်တိုင်း မီဒီယာတွေကတော့ ထောက်လှမ်းရေး သတင်းနဲ့ စစ်ရေး ပစ်မှတ် ရွေးချယ်မှု အပိုင်းတွေမှာ နေတိုး အဖွဲ့ဝင်တွေက ကူညီပေးနေတယ်လို့ မှန်းဆပြောဆိုနေကြပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Screen Shot

ဘောလ်တစ် နိုင်ငံတွေနဲ့ပိုလန်တို့လို ဒေသတွင်း နေတိုး အဖွဲ့ဝင် နိုင်ငံတွေမှာ နေတိုးတပ်ဖွဲ့ဝင်ပေါင်း ၄၀၀၀၀ ချထားပြီး ဖြစ်ကာ တကယ်လို့ ရုရှားဘက်က ကျူးကျော်တိုက်ခိုက်လာရင် တုံ့ပြန်ဖို့အတွက် နောက်ထပ် တပ်ဖွဲ့ဝင်ပေါင်း ၃၀၀၀၀ ကိုလည်း တပ်လှန့်ထားပြီး ဖြစ်ပါတယ်။

ယူကရိန်းပြင်ပမှာလည်း ယူကရိန်း တပ်ဖွဲ့ဝင်တွေကို နေတိုးအဖွဲ့ဝင်တွေက လေ့ကျင့်ပေးတာတွေလည်း ရှိနေပေမယ့် ယူကရိန်းမြေပေါ်မှာ ဝင်ရောက်တိုက်ခိုက်ပေးဖို့ တပ်ဖွဲ့ဝင် တဦးတယောက်ကိုမှ စေလွှတ်ထားတယ်လို့ ဘယ်နေတိုးနိုင်ငံကမှ မပြောကြပါဘူး။

ကာကွယ်ရေးနဲ့ လုံခြုံရေး ဆိုင်ရာ အကြံပေးအဖွဲ့ Royal United Services Institute (Rusi) က Edward Arnold ကတော့ ယူကရိန်းစစ်မြေပြင်မှာ နေတိုးတပ်ဖွဲ့တွေ ပါဝင်တိုက်ခိုက်နေတယ်ဆိုတဲ့ ဘာအထောက်အထားမှ မရှိကြောင်း ပြောပါတယ်။

ဆက်လက်ပြီး စစ်မြေပြင်မှာ ယူကရိန်းတပ်တွေကို ကွပ်ကဲနေတဲ့ နေတိုး တပ်မှူးတဦးတယောက်မျှလည်း မရှိဘူးလို့ ဆိုပါတယ်။ နေတိုးက အခြေအနေတွေ ပိုပြီးမရှုပ်ထွေးလာစေချင်တဲ့ အတွက် အနာဂတ်မှာလည်း အဲဒီလို စေလွှတ် ကွပ်ကဲစေတာမျိုး ရှိမှာ မဟုတ်ဘူးလို့ Edward Arnold က ပြောပါတယ်။