အင်းစိန်ထောင်ထဲက စာရွက်အပိုင်းအစလေးများ

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

လတစ်လရဲ့ ပထမပတ်စနေနေ့တွေမှာ အင်းစိန်ထောင်ထဲက အဆက်အသွယ်လုပ် အကြောင်းကြားတဲ့ စာလေးတွေ ရန်ကုန်မြို့တစ်နေရာက မလဲ့တို့ဆီ တစ်နည်းမဟုတ်တစ်နည်းနဲ့ ရောက်လာလေ့ ရှိပါတယ်။

အင်းစိန်ထောင်ထဲက အပြင်ကိုရောက်လာတတ်တဲ့ စာရွက်အပိုင်းအစလေးတွေ အများစုဟာ အကျဥ်းကျနေသူတွေက ထောင်ထဲမှာလိုအပ်တဲ့ ပစ္စည်းလေးတွေ မှာလေ့ရှိတဲ့ သာမန်စာရွက်အပိုင်းအစလေးတွေ ဖြစ်ပေမဲ့ မိသားစုဝင်တွေအတွက် အဲဒီထက် ပိုပါတယ်။

ထုံးစံအတိုင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ပထမပတ်က စာအုပ်တစ်အုပ်ရဲ့ နောက်ကျောဘက် စာရွက်တစ်ရွက်ကို မညီမညာဖြဲထားတဲ့စာရွက်အပိုင်းလေးတစ်ခု မလဲ့တို့အိမ်ကို ထပ်ရောက်လာပါတယ်။

လိုအပ်တဲ့ပစ္စည်းလေးတွေနဲ့ နောက်တစ်ခေါက် ပါဆယ်မှာပို့ပေးရမယ့် ပစ္စည်းလေးတွေကို စာရွက်အပိုင်းအသေးလေးထဲမှာ ပြွတ်သိပ်ကျပ်အောင်ရေးပြီး အင်းစိန်ရောက် ညီမလေးက လူကြုံနဲ့ထည့်ပေးလိုက်တာလို့ မလဲ့ (အမည်လွှဲ) က ပြောပြပါတယ်။

ဒီတစ်ခါစာရွက်ကတော့ စာရေးဆရာမ ခင်ခင်ထူးစာအုပ်တစ်အုပ်ကနေ ဖြဲထားတဲ့စာရွက်အသေးလေးနဲ့လို့ ဆိုပါတယ်။

“အရင်တစ်ခေါက်ကတော့ နှစ်ကြောင်းမျဥ်းဗလာစာအုပ်ထဲက ဖြဲထားတဲ့ စာရွက်အပိုင်းလေးနဲ့ ရေးထည့်ပေးလိုက်တာ။ တစ်ခါတစ်လေများဆို ဘယ်ကရတဲ့စာရွက်ပြောင်လေးနဲ့မှန်းမသိဘူး သူ့ပုံလေးတောင် ဆွဲပေးလိုက်သေးတယ်။ သူ့ဆီက ပထမဆုံးရတဲ့စာရွက်အပိုင်းလေးက ရဲစခန်းအချုပ်ကနေ လူကြုံလမ်းကြောင်းနဲ့ထည့်ပေးလိုက်တဲ့ တစ်ရှူး ပေါ်မှာ ရေးထားတဲ့စာလေး” လို့ မလဲ့က ပြန်ပြောပြပါတယ်။

မလဲ့ရဲ့ ညီမလေးဖြစ်သူဟာ စစ်ကောင်စီ ဆန်ကျင်သူတွေကို ထောက်ပံ့လို့ဆိုပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လက ရန်ကုန်မြို့က နေအိမ်ကနေ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရစဥ်ကအသက် ၂၃ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူတစ်ဦး ဖြစ်ပါတယ်။

သူနဲ့ အမှုတွဲပြီး အတူဖမ်းဆီးခံရသူ ၇ ဦးဖြစ်ပြီး တချို့ကတော့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျသွားသူတွေပါတယ်လို့ မလဲ့က ပြောပြပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ထိ အာဏာသိမ်းမှုကို ဆန့်ကျင်မှုတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်း ၁၅၇၄၅ ဦးရှိပြီး သူတို့ထဲက ၄၁၉၄ ဦး က ထောင်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့ နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း အေအေပီပီက ပြောပါတယ်။

 တစ်ရှူးပေါ်မှာ ရေးထားတဲ့ အချုပ်လမ်းကြောင်းက ပို့လိုက်တဲ့ စာလေးတစ်စောင်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, တစ်ရှူးပေါ်မှာ ရေးထားတဲ့ အချုပ်လမ်းကြောင်းက ပို့လိုက်တဲ့ စာလေးတစ်စောင်

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လ ပထမပတ်ထဲက တစ်ရက်၊ ပူအိုက်တဲ့ မနက်ခင်းတစ်ခုမှာ ရဲစခန်းက စခန်းမှူးဟာ မလဲ့တို့အိမ်ကို ရောက်လာခဲ့ပြီး တက္ကသိုလ်မှာ တတိယနှစ်တက်နေတဲ့ ညီမဖြစ်သူရဲ့နာမည်ကို မေးပါတယ်။

ညီမဖြစ်သူ ဟာ အဲဒီအချိန်က စစ်ကောင်စီကို ဆန့်ကျင်တဲ့နိုင်ငံဝန်ထမ်း CDM တွေအတွက် ဖေ့စ်ဘွတ်ခ်ကနေ အလှူခံပြီး ငွေလှူနေသူ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က အိမ်ကိုရောက်ရောက်ချင်းပဲ မလဲ့ ညီမလေးရဲ့နာမည်ကို မေးပြီး ရှာပါတယ်။ နောက် သူ့ဖုန်းကိုသိမ်းသွားပြီး စခန်းကိုခေါ်သွားတယ်လို့ မလဲ့က ပြန်ပြောပြပါတယ်။

သူတို့ဟာ မလဲ့ညီမလေးရဲ့ KPay နဲ့ WaveMoney အကောင့်တွေကိုလည်း လာမဖမ်းကတည်းက ပိတ်ထားခဲ့တယ်လို့ ဆိုပါတယ်။

သူ့ကို ဖမ်းမယ်ဆိုတာ ကြိုမသိဘူး၊ ဖေ့စ်ဘွတ်ခ်မှာ ပေ့ချ်ဖွင့်ပြီးအလှူခံတာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ် ၂၀၂၁ အောက်တိုဘာလ လောက်ကတည်းက အမှုဖွင့်ထားတာလို့ စစ်ကောင်စီဘက်က ပြောတယ်လို့ မလဲ့က ပြန်ပြောပြပါတယ်။

ဆိုရှယ်မီဒီယာ ပလက်ဖောင်း Facebook မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထောက်ခံသူတွေကို နှစ်ရှည်ထောင်ဒဏ် ချမှတ်နိုင်တဲ့ ရာဇသတ်ကြီးဥပဒေ ပုဒ်မများနဲ့ အရေးယူသွားမယ်လို့ အာဏာသိမ်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်၊။
ဓာတ်ပုံ ပုံစာ, ဆိုရှယ်မီဒီယာ ပလက်ဖောင်း Facebook မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထောက်ခံသူတွေကို နှစ်ရှည်ထောင်ဒဏ် ချမှတ်နိုင်တဲ့ ရာဇသတ်ကြီးဥပဒေ ပုဒ်မများနဲ့ အရေးယူသွားမယ်လို့ အာဏာသိမ်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်၊။

စစ်ကောင်စီက KPay နဲ့ WaveMoney အကောင့်တွေကနေ ငွေလှူတဲ့ပုံစံမျိုးနဲ့ ခြေရာခံပြီး မလဲ့ညီမလေးအပါအဝင် CDM တွေကို ထောက်ပံ့သူ ၇ ဦးခန့်ကို လပေါင်းများစွာအကြာ ၂၀၂၂ မတ်လမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

တချို့ဆို တစ်သိန်းကျော် နှစ်သိန်းကျော်လှူတာနဲ့ အဖမ်းခံရတာလို့ မလဲ့က ပြန်ပြောပြပါတယ်။

ရဲစခန်းမှာ မလဲ့ရဲ့ ညီမလေးကို ချုပ်ထားပြီး နောက်တစ်ရက်မှာ ရုံးထုတ်ပြီး ရမန်ယူပါတယ်။

အဲဒီနေ့မှာ ညီမလေးဆီက ပထမဆုံးစာကို လက်ခံရရှိခဲ့တဲ့ အကြောင်း မလဲ့က ပြန်ပြောပြပါတယ်။

ပထမဆုံးစာနဲ့အတူ သူတို့ကို အင်းစိန်ကိုချက်ချင်းရွှေ့တော့မယ့်အကြောင်းနဲ့ ထောင်မှာလိုတဲ့ အဝတ်အစားနဲ့ အသုံးအဆောင် ကော်ဖီမစ် စတာတွေ စာထဲမှာ ပါတဲ့အကြောင်း မလဲ့က ပြန်ပြောပြပါတယ်။

ထောင်ထဲကနေ ဝန်ထမ်းတွေကတစ်ဆင့် စာလေးတွေ အပြင်ကိုထုတ်လို့ရတဲ့ လမ်းကြောင်းရှိနေတယ်လို့ မလဲ့က ဘီဘီစီကို ပြောပြပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, CJ

CDM တွေကို ငွေလှူခဲ့တဲ့ မလဲ့ညီမလေးဟာ လွန်ခဲ့တဲ့ ၄ လ၊ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ ပုဒ်မ ၅၀၅ နဲ့ ထောင် ၃ နှစ်ကျသွားခဲ့ပါတယ်။

ထောင်ကျသွားတဲ့အတွက် အထဲကို ဆက်သွယ်ရခက်ခဲသွားတယ်လို့ မလဲ့က ပြန်ပြောပြပါတယ်။

မလဲ့ရဲ့ ညီမလေးတို့ အဖွဲ့ဟာ ထောင်ကျသွားခဲ့ပေမဲ့ စိတ်ဓာတ်မကျကြဘူး၊ အချင်းချင်းဖေးမကူညီကြတယ်လို့ မလဲ့ကပြန်ပြောပြပါတယ်။

“စာလေးတွေဖတ်ရတော့ သူ့အခြေအနေကိုသိရတယ်၊ အစတုန်းကတော့ စိတ်ပူပေမယ့်နောက်ပိုင်း စိတ်မပူတော့ဘူး၊ မှာတာလေးတွေ ပို့ပေးလို့ရတဲ့နောက် စိတ်မပူတော့ဘူး”လို့ သူက ပြန်ပြောပြပါတယ်။

တစ်လကို နှစ်ကြိမ်လောက် ပုံမှန်ရောက်လာတတ်တဲ့ အင်းစိန်ထောင်က ပေးပို့လာတဲ့ စာရွက်ကလေးတွေဟာ မိသားစုဝင်တွေအတွက် ပစ္စည်းအမှာဆိုတာထက်ပိုပြီး သူ့ရဲ့ထောင်ထဲမှာနေရေးထိုင်ရေး အခြေအနေ အဆင်ပြေမပြေဆိုတာကို အကဲခတ်သိနိုင်တယ်လို့ မလဲ့က ပြောပြပါတယ်။

“ပစ္စည်းတွေမှာရင်းနဲ့ ကျန်းမာရေး အခြေအနေသိရတယ်။ ထောင်ထဲမှာ ကိုဗစ်စစ်တဲ့ အကြောင်း၊ အစားအသောက်ကြောင့် အန်တဲ့ အကြောင်းလေးတွေပါတယ်”လို့ မလဲ့က ပြောပြပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, CJ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီလို အင်းစိန်ထောင်ထဲက စာလေးတွေနည်းမျိုးစုံနဲ့ အပြင်ကို ဆက်သွယ်ကြပေမဲ့ အင်းစိန်ထောင်မှာ ထောင်ဘူးဝမှာ တရားဝင် စာပို့လို့ရတဲ့ဌာနရှိပါတယ်။

အဲဒီဌာနက စာတွေကို ဆင်ဆာလုပ်သလို စာရောက်မရောက် သွားမေးရပြီး ရောက်ရင် သန်းခေါင်စားရင်ဝင် ဖြစ်မှ ထောင်က စာတွေကို ထုတ်ပေးတာဖြစ်လို့ နိုင်ငံရေး အကျဥ်းသားတွေက တခြားနည်းနဲ့ပဲ အပြင်ကို ဆက်သွယ်ကြတာများတယ်လို့ နိုင်ငံရေး အကျဥ်းသားမိသားစုဝင်တစ်ဦးက ပြောပြပါတယ်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးပုဒ်မတွေနဲ့ အဖမ်းခံရသူတွေအများစုဟာ ထောင်ဝင်စာနဲ့ လူချင်းမတွေ့ရတာ ၂ နှစ်လောက်ရှိပြီလို့ဆိုပါတယ်။

“ခေတ်အဆက်ဆက် အဆိုးဆုံးပဲ ထောင်ဝင်စာတွေ့လို့မရတာ၊ အခုပါဆယ်ပို့ဖို့တောင် ဗုံးကွဲပြီးနောက်လုံခြုံရေး အဆင့်ဆင့်ဖြတ်ရတယ်”လို့လည်း သူတို့ကရှင်းပြပါတယ်။

မလဲ့ကတော့ သူ့ညီမလေးနဲ့ မတွေ့ရတာ လာမယ့် မတ်လ ၂ ရက်နေ့ဆိုရင် တစ်နှစ်ပြည့်ပြီလို့ ဆိုပါတယ်။

ထောင်အပြင်ဘက်မှာတော့ ရုံးဖွင့်ရက်တွေမှာ ထောင်ဝင်စာပစ္စည်းပို့ဖို့ တန်းစီနေတဲ့ လူတန်းကြီးတွေကို အခုရက်ပိုင်း တွေရလေ့ရှိပါတယ်။

ထောင်ဝင်စာ တစ်ခါတစ်ခါပို့ရင် ၅ နာရီလောက်ကြာတယ်လို့ နိုင်ငံရေး အကျဥ်းသားမိသားစုဝင်တစ်ဦးက ပြောပါတယ်။

"ပြီးခဲ့တဲ့ တစ်ပတ်ကဆိုရင်တန်းစီရတာ လူတန်းဟာ အင်းစိန်မီးသတ်နားအထိကိုရောက်တယ်။ အသက်ကြီးတဲ့ သူတွေဆိုရင် သနားဖို့ကောင်းတယ်" လို့ ထောင်ဝင်စာတွေ့သူတွေက ပြန်ပြောပြပါတယ်။

အင်းစိန်ထောင်တွင်းက ပို့လိုက်တဲ့စာလေးတွေကို မိသားစု ဆွေမျိုးတွေကရရှိပြီးတဲ့အခါ မေတ္တာ သံယောဇဥ်နဲ့ အရင်းခံနဲ့ သူတို့မှာတာကို ပို့ကြရတာ ဖြစ်ပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, MPA

သူ့ဆီက ပထမဆုံးရတဲ့ စာကတော့ ရဲစခန်းအချုပ်ကနေ လူကြုံလမ်းကြောင်းနဲ့ထည့်ပေးလိုက်တဲ့ တစ်ရှူးစလေးနဲ့ရေးပေးလိုက်တဲ့စာထဲမှာ လိုမယ်ထင်တဲ့ ပစ္စည်းတွေမှာထားတာလို့ မလဲ့ကပြန်ပြောပြပါတယ်။

“ပထမဆုံးရတဲ့စာရွက်မို့လားမသိဘူ၊း ရင်ထဲဆို့ပြီး မျက်ရည်တောင်ကျခဲ့တယ်။ ငယ်ငယ်တုန်းကလည်း ကျောင်းမှာ တစ်ရှူး ပေါ်မှာစာရေးပြီး စကြ၊ နောက်ကြတာရှိပေမယ့် ဒါကရင်ထဲနာကျည်းလောက်တဲ့အထိ ခံစားရတဲ့အရာလို့ မထင်ခဲ့ဘူး။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မတ်လမှာ ပထမဆုံးရခဲ့တဲ့ စုတ်ပြဲနေတဲ့ စာရွက်အပိုင်းအစလေးကစပြီး အဲ့ဒီနောက်ပိုင်းတော့ မကြာမကြာ ပုံစံမျိုးစုံနဲ့အဲ့လိုစာရွက်အပိုင်းလေးတွေ ရလာတတ်တယ်" လို့ မလဲ့ကပြောပါတယ်။

ထောင်ထဲမှာ စာရွက်အလွတ်ဆိုတာ အလွယ်တကူမရတတ်တော့ ရတဲ့စာအပိုင်းအစလေးတွေဖြဲပြီး သေးသေးကျစ်ကျစ်နဲ့ရေးပြီး လူကြုံနဲ့ရသလိုပို့တတ်ကြပါတယ်။

တရားဝင်လမ်းကြောင်းနဲ့ တစ်လကို ၂ ခါ အိမ်ကို ဆက်သွယ်လို့ရပေမယ့် စိစစ်ရေးအထပ်ထပ်နဲ့မို့ ပြောချင်တဲ့စကားတွေကို အပြည့်အစုံရေးခွင့်မရကြတဲ့အခါ အထဲကနိုင်ငံရေးအကျဥ်းသူ/သားတချို့က မရရတဲ့ အဆက်အသွယ်နဲ့ချိတ်ဆက်ပြီး အပြင်ကိုသူတို့သိချင်တာ၊ လိုချင်တာလေးတွေကို ဒီစာရွက်အပိုင်းလေးတွေနဲ့ ရေးပြီး မှာကြတယ်၊ ပါးကြတယ် လို့ ဆိုပါတယ်။

ပုံမှန်တရားဝင်လမ်းကြောင်းနဲ့ အိမ်ကို ဆက်သွယ်တဲ့စာထက် ဒီစာရွက်အပြဲအပိုင်းလေးတွေကိုပဲ မျှော်ရတာလည်း အကျင့်ဖြစ်လာတာလို့ မလဲ့ကပြောပါတယ်။

အခု အဲဒီအကြောင်းပြောလိုက်လို့ တစ်ဆင့်တစ်ဆင့်နဲ့ ပြန်ကြားပြီး ဒီစာပို့တဲ့လမ်းကြောင်းလေးများ ပိတ်သွားမလားလို့ စိတ်ပူပေမယ့်လည်း ဖြေသိမ့်ရာဆိုလို့ ဒီစာလေးတွေအကြောင်းလည်း ပြောပြချင်မိတယ်လို့ မလဲ့က ပြောပါတယ်။

"တစ်နေ့ သူအိမ်ပြန်လာရင် ဒီစာလေးတွေနဲ့ပတ်သက်ပြီး သူ့ကိုတစ်ခုခုပြန်ဖန်တီးစေချင်တယ်။ စာတစ်ရွက် တစ်ရွက်ဖတ်တိုင်း ခါးသီးခဲ့ရသလောက် အမှတ်ရနေရတဲ့ ဒီစာရွက်အပိုင်းအစလေးတွေအကြောင်း ညီမလေးကိုပြန်သိစေချင်တယ် "လို့ မလဲ့က ဆိုပါတယ်။