အင်းစိန်ထောင်ပေါက်ကွဲမှု နိုင်ငံရေးအကျဥ်းသားမိသားစုအချို့အပါအဝင် ၈ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, MPA
ရန်ကုန်မြို့ အင်းစိန်ထောင်အဝင်ဝက ထောင်ဝင်စာတွေ့တဲ့ အဆောက်အဦမှာ ဒီကနေ့ အောက်တိုဘာလ ၁၉ ရက် မနက် ၉ နာရီ ၄၀ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူသိများတဲ့နိုင်ငံရေး အကျဥ်းသားအချို့ရဲ့ မိခင်တွေ အပါအဝင် ၈ ဦးသေဆုံးခဲ့ပါတယ်။
စစ်ကောင်စီက ထုတ်ပြန်ချက်မှာတော့ အကျဥ်းဦးစီးဌာနက ဝန်ထမ်း ၃ ဦး နဲ့ ၁၀ နှစ်အရွယ် မိန်းခလေးငယ်တစ်ဦး အပါအဝင် အရပ်သား အမျိုးသမီး ၅ ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အင်းစိန်ထောင်အရှေ့မှာ ဒီနေ့မနက်ပိုင်း ဖြစ်ခဲ့တဲ့ပေါက်ကွဲမှုတွေအတွင်း သေဆုံးသူတွေထဲမှာ ဗကသ ဗဟိုကော်မတီဝင်ဟောင်း ကိုဂျိမ်းစ်(ခ)ကိုလင်းထက်နိုင်ရဲ့ မိခင် ဒေါ်ကြီးမြင့်လည်း ပါဝင်တယ်လို့ သိရပါတယ်။
ကျန်တဲ့ သေဆုံးသူတွေထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်း ပုဒ်မ ၅၀၅ နဲ့ ပြစ်ဒဏ် ချမှတ်ခံရတဲ့ ကိုရဲစိုးထွန်းရဲ့ မိခင် ဒေါ်ခင်ခင်ထွန်းလည်းပါတယ်လို့ နိုင်ငံရေးအကျဥ်းသားတွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတစ်ဦးက ပြောပါတယ်။
ဒီပေါက်ကွဲမှုဟာ အကျဥ်းထောင်သားများအတွက် လာရောက်ပေးပို့တဲ့ ပါဆယ်ထုပ်တွေ အတွင်းကပေါက်ကွဲတာဖြစ်ပြီးတော့ နောက်ထပ်မပေါက်ကွဲသေးတဲ့ မိုင်းတစ်လုံး အဆောက်အဦအတွင်း ကြွပ်ကြွပ်အိတ်နဲ့ ထုတ်ထားတဲ့ ပါဆယ်ထုပ်ထဲမှာ ထပ်မံတွေ့ရှိရတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။
မျက်မြင်သက်သေ သတင်းရင်းမြစ် နှစ်ဦးထံက သိရှိရတဲ့ အချက်အလက်တွေအရ ပေါက်ကွဲမှုဖြစ်အပြီး သေနတ်ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ဘီဘီစီက သိရှိရပါတယ်။
ဒါပေမဲ့ စစ်ကောင်စီထုတ်ပြန်ချက်မှာတော့ ပေါက်ကွဲမှုအပြီး ပစ်ခတ်မှုတွေ ရှိခဲ့တယ် ဆိုတာနဲ့ပတ်သက်လို့ ဖော်ပြထားတာ မတွေ့ရပါဘူး။

ဓာတ်ပုံ ရင်းမြစ်, CJ
ဒီထောင်ဝင်စာတွေ့တဲ့ အဆောက်အအုံဟာ အင်းစိန်ထောင် ပင်မ အဝင်ဂိတ်အနီးမှာရှိပြီး ထောင်ဝင်း အဝင်ဝနေရာ အနီးမှာရှိတယ်လို့ ပေါက်ကွဲမှုဖြစ်ချိန် အနီးမှာရှိနေသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
“အုန်း ဆိုပြီး ပေါက်လို့ လန့်ပြီး ထွက်ပြေးတာ၊ ဂိတ်ပေါက်နားရောက်တော့ ဘောင်း ဘောင်းနဲ့ ပစ်တာ၊ ဘယ်ကို ပစ်လို့ ပစ်မှန်းမသိဘူး၊ လူတွေလည်း ဘယ်ကိုပြေးလို့ ပြေးရမှန်း မသိဘူး၊ အထဲက ပစ်တာ ဂိတ်ပေါက်က ဘန်ကာပေါ်က ပစ်တာ”လို့ မျက်မြင်သက်သေတစ်ဦးကပြောပါတယ်။
အင်းစိန်ထောင်အဝင်ဝ အနီးမှာရှိနေတဲ့ မျက်မြင်သက်သေတစ်ဦးကလည်း သေနတ်ပစ်ခတ်သံတွေ သူကိုယ်တိုင် ကြားခဲ့ရတယ်လို့ ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် လူ ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အချို့ ဒဏ်ရာပြင်းထန်တယ်လို့ စစ်ကောင်စီဘက်သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဆန့်ကျင်တဲ့ အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာ သေဆုံးသူတွေ အချို့ဟာ စစ်ကောင်စီဘက်က သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးရတာဖြစ်တယ်လို့ ထုတ်ပြန်တာတွေ့ရပါတယ်။
ဘီဘီစီ အနေနဲ့ ကာယကံရှင်မိသားစုဝင် အချို့ကို မေးမြန်းရသလောက်ကတော့ ဘယ်ဒဏ်ရာနဲ့သေဆုံးရတယ်ဆိုတာကို မိသားစုဝင်တွေဘက်က အသေအချာ အတည်ပြုပြောဆိုတာ မတွေ့ရသေးပါဘူး။
သေဆုံးသူတွေဟာ ဘယ်လို ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး သတင်းအတည်ပြုနိုင်ဖို့လည်း ဘီဘီစီက ဆက်လက် စုံစမ်း နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
“ဒီနေ့ သေတဲ့ အထဲမှာ ကျမအမှုသည် အမေတွေ နှစ်ဦးပါတယ်၊ သားတွေက ထောင်ထဲမှာ ၅၀၅ နဲ့ အမေတွေက ပါဆယ်လာပို့ရင်းသေရတယ် “လို့ ရှေ့နေတစ်ဦးက ပြောပါတယ်။
အင်းစိန်ထောင်အရှေ့မှာ ဒီနေ့မနက်ပိုင်း ဖြစ်ခဲ့တဲ့ပေါက်ကွဲမှုတွေအတွင်း သေဆုံးသူတွေထဲမှာ ဗကသ ဗဟိုကော်မတီဝင်ဟောင်း ကိုဂျိမ်းစ်(ခ)ကိုလင်းထက်နိုင်ရဲ့ မိခင် ဒေါ်ကြီးမြင့် ပါဝင်ပြီး သူ့အလောင်းကို အင်းစိန်ဆေးရုံမှာ တွေ့ခဲ့ရတယ်လို့ မိသားစုဝင်တစ်ဦးကပြောပါတယ်။
စစ်ကောင်စီဘက်က ထုတ်ပြန်တဲ့ အမည်မသိ အလောင်းနှစ်လောင်းထဲမှာ သူ ပါတာ၊ ဆုံးတာ အားလုံး ၈ ဦးလို့ ဆေးရုံမှာ ဆုံးတဲ့အလောင်းတွေ တွေ့ခွင့်ပေးသူတွေက ပြောတယ်လို့ သူက ပြန်ပြောပြပါတယ်။
‘‘ ဒီနေ့ရုံးချိန်းမှာ ကိုဂျိမ်းစ်အတွက် ထမင်းဗူးလာပို့တာ။ အဲဒီမှာ ပေါက်ကွဲမှုဖြစ်တော့ လူကွဲပြီး သူ့ဖုန်းကို ဆက်မရတော့ဘူး။ အင်းစိန်(ရဲ)ဘက်ကို လိုက်မေးတော့ ရဲမှုခင်းဌာန ဓာတ်ပုံပြတယ်။ အဲဒီမှာ သေဆုံးတာကို အတည်ပြုလိုက်နိုင်တာ’’ လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးလည်းဖြစ်တဲ့ ကိုဂျိမ်းစ်(ခ)ကိုလင်းထက်နိုင်ဟာ ပြီးခဲ့တဲ့ဇွန်လမှာ ရန်ကုန်မြို့မှာ ဖမ်းဆီးခံခဲ့ရပြီးနောက် ပုဒ်မ ၅၀၅(က)နဲ့ အင်းစိန်ထောင်တွင်းကနေ တရားရင်ဆိုင်နေရပါတယ်။
ကိုလင်းထက်နိုင်ဟာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှာ ပါ၀င်လှုပ်ရှားခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ပြီး လက်ပံတန်းပညာရေးသပိတ်မှာ ထင်ရှားခဲ့သူ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မဖြိုးဖြိုးအောင်ရဲ့ခင်ပွန်းလည်းဖြစ်ပါတယ်။
Special Task Force Burma အဖွဲ့က ဒီပေါက်ကွဲမှုဟာ သူတို့ရဲ့လက်ချက်ဖြစ်ပြီး အင်းစိန် ထောင်မှူးကို ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အင်းစိန်ထောင်ပေါက်ကွဲမှုအတွင်း သေဆုံးခဲ့ရသူ အများစုဟာ စစ်ကောင်စီကို တော်လှန်ရင်း ထောင်ဒဏ်ကျခံရသူတွေရဲ့ မိသားစုဝင်တွေ ပါဝင်တဲ့အတွက် ဒီပေါက်ကွဲမှုကို ဝေဖန်မှုတွေလည်းရှိပါတယ်။








