သိမ်းမိတဲ့ကျည်ဆန် ၁ သန်းကျော်ကို ယူကရိန်းကို အမေရိကန်လွှဲပေး

အမေရိကန်ပြည်ထောင်စုဟာ မနှစ်တုန်းက အီရန်နိုင်ငံဆီကနေ သိမ်းထားတဲ့ ကျည်ဆန် ၁.၁ သန်းနီးပါးကို ယူကရိန်းနိုင်ငံကို ပို့လိုက်ပြီလို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

အရှေ့အလယ်ပိုင်းက စစ်ဆင်ရေးတွေကို ကြီးကြပ်နေတဲ့ အမေရိကန်ဗဟိုကွပ်ကဲရေး(Centcom) ဌာနကတော့ ယီမင်နိုင်ငံကိုသွားမယ့်သင်္ဘောတစ်စီးပေါ်ကနေ ဒီကျည်ဆန်တွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ဖမ်းမိခဲ့တာလို့ ပြောပါတယ်။

ယူကရိန်းရဲ့ အနောက်မဟာမိတ်တွေကတော့ ယူကရိန်းဘက်က အသုံးပြုနေတဲ့ ခဲယမ်းမီးကျောက်ကို ကာမိအောင်လုပ်ဖို့ ထုတ်လုပ်ရေးပိုင်းမှာ ရုန်းကန်နေရတယ်လို့ပြောထားပါတယ်။

Centcom ကတော့ အီရန်ကျည်ဆန်တွေကို ယူကရိန်းကို တနင်္လာနေ့က လွှဲလိုက်တာလို့ ပြောပါတယ်။

အဲဒီကျည်တွေဟာ ၇.၆၂ မမ ကျည်တွေဖြစ်ပြီး ဆိုဗီယက်ခေတ် ရိုင်ဖယ်သေနတ်တွေနဲ့ အပေါ့စား စက်သေနတ်တွေမှာ အသုံးပြုတာလို့လည်း ထပ်လောင်းပြောပါတယ်။

အတောင့်ရေ ၁ သန်းကျော်ဖြစ်ပေမဲ့ ဒီပမာဏဟာ ယူကရိန်းကို သူ့မဟာမိတ်တွေက ထောက်ပံ့ထားတဲ့ ကျည်ဆန်အရေအတွက် သန်းရာချီနဲ့တွက်ဆကြည့်ရင်တော့ ပမာဏအနည်းငယ်သာ ရှိပါတယ်။

အမေရိကန်ဟာ ကျည်ဆန်နဲ့လက်ပစ်ဗုံး စုစုပေါင်း သန်း ၂၀၀ ကျော်ကို ထောက်ပံ့ထားပြီးဖြစ်ပါတယ်။

အီရန်ကျည်ဆန်တွေကိုတော့ အမေရိကန်ရေတပ် တပ်ဖွဲ့တွေက MARWAN 1 လို့နာမည်ရတဲ့ နိုင်ငံနာမည်မရှိတဲ့သင်္ဘောတစ်စင်းပေါ်ကနေ ဒီဇင်ဘာလ ၉ ရက်တုန်းမှာ ဖမ်းမိခဲ့တာလို့လည်း အမေရိကန်ဘက်ကပြောပါတယ်။

ဒီကျည်တွေကိုတော့ ပိုင်ရှင်ဟာ ရာဇဝတ်မှုဆက်နွယ်တဲ့လုပ်ဆောင်ချက်တစ်ရပ်ရပ်မှာ ပါဝင်တယ်ဆိုရင် ပိုင်ဆိုင်မှုကို သိမ်းယူနိုင်တဲ့တရားရေးလုပ်ငန်းစဥ်အောက်ကနေ အမေရိကန်အစိုးရက နိုင်ငံပိုင်ဖြစ်အောင် ဇူလိုင်လမှာ သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။

ဒီကျည်ဆန်တွေဟာ အီရန်အစိုးရကို ကာကွယ်ရေး ဖွဲ့စည်းထားတဲ့ အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်တွေထဲက ကမ်းခြေစောင့်တပ်ရဲ့ ပိုင်ဆိုင်မှုဖြစ်တယ်ဆိုပြီး အမှုတိုင်ကြားခဲ့တာဖြစ်ပါတယ်။

Centom ကတော့ အမေရိကန်ဟာ ‘‘ဒေသတွင်းမှာ အီရန်ရဲ့ လက်နက်အကူအညီတွေ စီးဆင်းမှုကို တန်ပြန်ဖို့ ဥပဒေပိုင်းဆိုင်ရာနည်းလမ်းပေါင်းစုံသုံးပြီး မဟာမိတ်တွေနဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ ပူးတွဲလုပ်ဆောင်ဖို့ သန္နိဋ္ဌာန်ချထားပါတယ်’’ လို့ ကြေညာချက်ထုတ်ပြန်ပါတယ်။

အီရန်နိုင်ငံဟာ ယီမင်နိုင်ငံမှာဖြစ်နေတဲ့ပြည်တွင်းစစ်မှာ ဟူသီသူပုန်တွေကို ကျောထောက်နောက်ခံပေးပေမဲ့ အဲဒီအဖွဲ့ကို လက်နက်ထောက်ပံ့တာတွေကိုတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ၂၀၁၅ ခုနှစ်ကတည်းက တားမြစ်ထားပါတယ်။

ဟူသီသူပုန်တွေက ယီမင်အစိုးရကို ဖယ်ရှားပြီး မြို့တော်ဆန်နာကို သိမ်းပိုက်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကတည်းက ယီမင်မှာ ပြည်တွင်းစစ်ဖြစ်ပွားနေတာဖြစ်ပါတယ်။

ဖြုတ်ချခံအစိုးရဟာ နိုင်ငံတကာရဲ့အသိအမှတ်ပြုအစိုးရအဖြစ် ယီမင်နိုင်ငံမှာ အာဏာပိုင်အဖွဲ့ အစည်းတစ်ရပ်အဖြစ်ဆက်ရှိနေပြီး သူ့ကို အမေရိကန်၊ ဗြိတိန်အပါအဝင် ဒေသတွင်းက ဆော်ဒီနိုင်ငံဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က ထောက်ခံထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဒုတိယနှစ်ဝက်ပိုင်းကတည်းက အီရန်ဟာ ယူကရိန်းစစ်ပွဲမှာသုံးဖို့ ရုရှားကို လက်နက်တွေ၊ အထူးသဖြင့် ဒရုန်းတွေ ထောက်ပံ့နေတယ်လို့ အကြိမ်ကြိမ်စွပ်စွဲခံထားရပါတယ်။

ကိယက်ဗ်ကို ဆက်ပြီးလက်နက်ထောက်ပံ့နိုင်စွမ်းနဲ့ပတ်သက်လို့ အနောက်နိုင်ငံမဟာမိတ်တွေကြား စိုးရိမ်ချက်မြင့်တက်နေချိန်မှာပဲ ယူကရိန်းဆီ အခုလိုကျည်ဆန်တွေလွှဲပြောင်းမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တနင်္လာနေ့တုန်းကတော့ ဝါဆော လုံခြုံရေးဖိုရမ်မှာ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(NATO)ရဲ့ စစ်ဘက်ဆိုင်ရာကော်မတီဥက္ကဋ္ဌ ရေတပ်ဗိုလ်ချုပ်ကြီး ရော့ဘ် ဘောင်ဝါကတော့ ‘‘စည်ပိုင်းရဲ့ အောက်ခြေကို မြင်နေရပြီ’’ လို့ လက်ရှိအခြေအနေကို တင်စားပြောဆိုပါတယ်။

NATO အဖွဲ့ဝင်နိုင်ငံတွေဟာ ခဲယမ်းမီးကျောက် သိုလှောင်မှုအပိုင်းမှာ ရင်းနှီးမြှုပ်နှံမှုနည်းခဲ့ပြီး ယူကရိန်း-ရုရှားစစ်ပွဲစဖြစ်တာတောင် နည်းနေခဲ့တာကြောင့် ခဲယမ်းမီးကျောက်သိုလှောင်မှုဟာ တဝက်နှုန်း ဒါမှမဟုတ် ပိုတောင် လျော့လာနေပြီလို့ သူကပြောပါတယ်။

‘‘ပြီးခဲ့တဲ့နှစ်ပေါင်း ၃၀ အတွင်းမှာ စီးပွားရေးအရ အခြေဟန်ဟန်တည်ဆောက်နိုင်ခဲ့တာဟာ ကဏ္ဍ အတော်များများအတွက် အဆင်ပြေခဲ့ပေမဲ့ စစ်ပွဲတစ်ခုဖြစ်လာတဲ့အခါမှာ လက်နက်ကိုင်တပ်တွေ အတွက် အဆင်မပြေတော့ဘူးလို့’’ သူက ပြောပါတယ်။

အစိုးရတွေ၊ လက်နက်ထုတ်သူတွေအနေနဲ့လည်း ထုတ်လုပ်နိုင်စွမ်းကို ပိုပြီးအရှိန်မြှင့်တင်ဖို့ လိုအပ်တယ်လို့ သူက ထပ်လောင်းပြောပါတယ်။

ဗြိတိသျှကာကွယ်ရေးဝန်ကြီး ဂျိမ်းစ် ဟတ်ပီကတော့ NATO မဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အဖွဲ့အတွင်းမှာ သဘောတူထားတဲ့ ကာကွယ်ရေးအသုံးစရိတ်ကို သက်ဆိုင်ရာနိုင်ငံ့ဝင်ငွေရဲ့ ၂ ရာခိုင်နှုန်းကို သုံးဖို့ တိုက်တွန်းပေမဲ့ အခုနှစ်မှာ အဖွဲ့ဝင် ၃၁ နိုင်ငံထဲက ၁၁ နိုင်ငံသာ ဒီပမာဏကို ပြည့်မီနိုင်မယ်လို့ သူက မျှော်လင့်ထားပါတယ်။

ယူကရိန်းကို ထောက်ပံ့ကူညီမှုလည်းပါဝင်တဲ့ ဘဏ္ဍာရေးအသုံးစရိတ်ဥပဒေမူကြမ်းကို ကွန်ဂရက်စ် လွှတ်တော်မှာ ကန့်ကွက်မှုအချို့ရှိခဲ့တာကြောင့် တခြားဘယ်လိုနည်းလမ်းနဲ့ ဆက်ပြီးကူညီမလဲ ဆိုပြီး သမ္မတ ဘိုင်ဒန်အစိုးရက နည်းလမ်းတွေ ရှာဖွေနေချိန်မှာပဲ အီရန်ရဲ့ကျည်တွေကို လွှဲပြောင်းမှု ထွက်လာတာဖြစ်ပါတယ်။

လက်ရှိမှာ ယူကရိန်းကို ထောက်ပံ့ရတဲ့ငွေကြေးဟာ များလွန်းနေပြီလို့ အမေရိကန်အရာရှိတွေက သတိပေးနေချိန်မှာပဲ အပိုထပ်ဆောင်းအကူအညီပေးတာကို အတည်ပြုပေးဖို့ ရီပတ်ပလင်ကန်ပါတီ အမတ်တွေက အောက်လွှတ်တော်မှာ ပိတ်ဆို့ခဲ့ပါတယ်။

အင်္ဂါနေ့တုန်းကတော့ ရီပတ်ပလင်ကန်အောက်လွှတ်တော်အမတ်အချို့ဟာ အောက်လွှတ်တော် ဥက္ကဋ္ဌအသစ်ကို လူစားမထိုးနိုင်မချင်း ယူကရိန်းကို ထပ်ဆောင်းအကူအညီပေးရေး မဲခွဲဆုံးဖြတ်တာကို ဆိုင်းငံ့ထားဖို့ ကြိုးပမ်းတဲ့အနေနဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ ကယ်ဗင် မက်ကာသီကို ဖယ်ရှားဖို့ မဲပေးဆုံးဖြတ်ခဲ့သလို အနိုင်လည်းရခဲ့ပါတယ်။

ဒါတောင် အကူအညီပေးရေးကိစ္စအရေး လွှတ်တော်ထဲ ယူလာတဲ့ ဘယ်ဥက္ကဋ္ဌသစ်မဆို အလားတူ မဲခွဲဆုံးဖြတ်ခံရတဲ့ကန့်ကွက်မှု ကြုံရနိုင်ခြေရှိနေပါတယ်။