ယူကရိန်းစစ်ပွဲ - စစ်မြေပြင်အထိ လိုက်တိုက်တဲ့ နည်းပညာအဖွဲ့တွေ

ဂေါ်ဒန် ကရဲရား

ဘီဘီစီ လုံခြုံရေး သတင်းထောက်

ယူကရိန်း ဆိုင်ဘာတပ်ဖွဲ့ဝင်တွေဟာ ရှေ့တန်းစစ်မြေပြင်မှာ နေရာယူကြပြီး သူတို့လို ရုရှားဘက်က ဆိုင်ဘာတပ်ဖွဲ့ဝင်တွေနဲ့ အဆင့်မြင့်နည်းပညာစစ်ပွဲကို အနီးကပ် တိုက်နေကြပါတယ်။

“ဒီစစ်ပွဲမှာ တိုက်ရိုက်ပါဝင်တိုက်ခိုက်နေသူတွေ ကျွန်တော်တို့ဆီမှာ ရှိတယ်" လို့ ယူကရိန်း လုံခြုံရေးတပ်ဖွဲ့ SBU ဆိုင်ဘာဌာနက အီလီယာ ဗစ်တစ်ရက်က ပြောပါတယ်။

ဟက်ကာတွေနဲ့ အထူးတပ်ဖွဲ့တွေရဲ့ ကျွမ်းကျင်မှုတွေကို ဘယ်လို စုပေါင်းပြီး သူ့အဖွဲ့တွေက အသုံးချတယ်ဆိုတာကို လုံခြုံရေးတင်းတင်းကျပ်ကျပ်လုပ်ထားတဲ့ SBU ဌာနချုပ်ရုံးကနေ ပြောပါတယ်။

ရုရှားတွေရဲ့ ကွန်ပျူတာ စနစ်တွေထဲကို ဝင်ရောက်တယ်။ လက်ဖြောင့်အဖွဲ့သားတွေနဲ့ အတူ ပါဝင်တယ်၊ ပြီးတော့ နောက်ဆုံးပေါ် နည်းပညာတွေကို အသုံးချနေကြတယ်လို့ သူက ပြောပါတယ်။

မြေပြင်တပ်ဖွဲ့ဝင်တွေ၊ ဂြိုဟ်တုတွေနဲ့ တခြားနည်းပညာရင်းမြစ်တွေဆီကရတဲ့ သတင်းတွေနဲ့အတူ မောင်းသူမဲ့ လေယာဥ်တွေက ထောက်လှမ်းစုဆောင်းလာတဲ့ သတင်းအချက်အလက်တွေကို အေအိုင် ပုံရိပ်ဖတ်စနစ်တွေနဲ့ ခွဲခြားသုံးသပ်ပါတယ်။

"ရုရှားတွေ ဘယ်လို လက်နက် အမျိုးအစားတွေ သုံးတော့မယ်ဆိုတာနဲ့ ဘယ်ကို ချိန်ထားတယ်ဆိုတာကို သိတယ်" လို့ မစ္စတာ ဗစ်တစ်ရက်က ပြောပါတယ်။

ရုရှား သိမ်းပိုက်ထားတဲ့ နယ်မြေထဲက ထောက်လှမ်းရေးကင်မရာတွေကို ဟက်လုပ် ထိုးဖောက်ဝင်ပြီး ရုရှားတပ်တွေရဲ့ ရွေ့လျားမှုတွေကို ကြည့်ပါလိမ့်မယ်။

ယူကရိန်းတပ်ရွှေ့တာတွေကို ထောက်လှမ်းတဲ့ ရုရှားကင်မရာတွေကို ဖယ်ရှားပစ်ဖို့ ကာမီကာဇေ ဒရုန်းတွေကို အဲဒီနေရာတွေကို ပို့ပါတယ်။

အဲဒီလို လုပ်တဲ့အခါ ပစ်မှတ်နဲ့ နီးနီးအထိသွားဖို့ ပုံဖျက်လှုပ်ရှားတဲ့ အဖွဲ့တွေ မကြာခဏ လိုပါတယ်။

ထောက်လှမ်းရေးအတွက်ရော၊ လက်နက်အဖြစ်ရော သုံးနေတဲ့ ဒရုန်းတွေဟာ ဒီစစ်ပွဲမှာ အဓိက ဆန်းသစ် အသုံးချစရာ ဖြစ်လာပါတယ်။

ယူကရိန်း ဆိုင်ဘာတပ်ဖွဲ့က သူတို့ဒရုန်းတွေကို လွှတ်ပြီး ရုရှားတွေ အလုပ်ရှုပ်အောင် ပြေးတမ်းလိုက်တမ်း ကစားပါတယ်။

သူတို့ဆီကို လာတဲ့ဒရုန်းတွေကို ခြေရာခံနိုင်မယ့် ဆင်ဆာတွေကိုလည်း သုံးပါတယ်။ အဲဒါက ဒရုန်းတွေကို ကြားဖြတ်နှောင့်ယှက်တာအပြင် ဒရုန်းတွေကို ထိန်းချုပ်၊ အမိန့်ပေးပြီး ဆင်းသက်စေတာတွေကို လုပ်နိုင်ပါတယ်။

ဒါတွေကိုလုပ်ဖို့က အနီးကပ် ရှိနေဖို့ လိုပါတယ်။ ဒါပေမဲ့ ဒါက တပ်ဖွဲ့ဝင်တွေအတွက် အန္တရာယ်များပါတယ်။

"သူတို့ကို အဲဒီမှာ ကာကွယ်ပေးဖို့ လိုတယ်။ အဲဒါကြောင့် သူတို့နားတစ်ဝိုက် လုံခြုံရေးပေးဖို့လည်း လိုတယ်"လို့ သူက ပြောပါတယ်။

ကိယက်ဗ်မြို့ပြင်နားလေးမှာ စစ်တပ်က လူတွေကို ဒရုန်းမောင်းနည်း လေ့ကျင့်ပေးနေပါတယ်။

အရင် ဧည့်လမ်းညွှန်ဘဝက ဒရုန်းမောင်းနည်းကို တတ်လာခဲ့တဲ့ အန်တန်က အဓိက အရေးကြီးဆုံး သင်ခန်းစာက အော်ပရေတာတွေကို ဒရုန်းကို ဘယ်လို မောင်းတယ်ဆိုတာကို သင်ဖို့ထက် တစ်ဖက်ရဲ့ ထောက်လှမ်းမခံရဘဲ အသက်မသေအောင် ရှောင်လွှားတတ်အောင် သင်ပေးဖို့ပါလို့ ပြောပါတယ်။

စစ်ပွဲ အစပိုင်း အဆင့်တွေမှာ ဒရုန်းအသေးတွေဟာ ရှေ့တန်းစစ်မြေပြင်ကနေ ၆ မိုင်လောက်အထိ သွားကြပါတယ်။ ဒါပေမဲ့ ရုရှားတွေရဲ့ နှောင့်ယှက်တဲ့လှိုင်းတွေကြောင့် ယူကရိန်း ဒရုန်းမောင်းသူတွေဟာ အဲဒီထက် အများကြီး နီးနီးအထိ ပိုသွားဖို့ လိုလာပါတယ်။

"အခုဆိုရင် ရှေ့တန်းနဲ့ ပိုနီးလာပါပြီ" လို့ အပေါ်မှာ ပျံနေတဲ့ ဒရုန်းကို ကြည့်ရင်း အန်တန်က ရှင်းပြပါတယ်။

"ကျွန်တော်တို့ရဲ့ လိုင်းက ကြားဖြတ်လှိုင်းတွေထက် ပိုအားကောင်းဖို့ လိုတယ်"လို့ သူက ပြောပါတယ်။

ရုရှား ထောက်လှမ်းရေးတပ်တွေဘက်ကလည်း သူတို့ရဲ့ ဆိုင်ဘာတပ်ဖွဲ့တွေကို ရှေ့တန်းစစ်မြေပြင်နေရာတွေနဲ့ နီးတဲ့ဆီကို ရွှေ့လာကြတယ်လို့ မစ္စတာ ဗစ်တစ်ရက်က ပြောပါတယ်။

အဲဒါက စစ်တပ်နဲ့ ပိုမြန်မြန် ဆက်သွယ်နိုင်အောင် အပြင် ယူကရိန်း ဒရုန်းတွေကို ရတဲ့အခါ မြန်မြန်ဆန်ဆန် တိုက်ရိုက်ထိန်းချုပ်နိုင်အောင် အတွက် ဖြစ်ပါတယ်။

အဲဒီလို ရသွားတဲ့ ယူကရိန်း ဒရုန်းတွေကို ရုရှားလက်ထဲ ရောက်နေပြီဆိုတာ လူတွေ မရိပ်မိခင်မှာ စစ်ရေး သတင်းအချက်အလက်တွေကို စုဆောင်းရယူဖို့ အသုံးချတတ်ပါတယ်။

ရုရှားက ယူကရိန်းကို အပြည့်အဝ မကျူးကျော်ခင်ကတည်းက ဆိုင်ဘာစစ်ပွဲဟာ စစ်မြေပြင် စစ်ဆင်ရေးတွေနဲ့ အများကြီး ချိတ်ဆက်လာပါတယ်။

အဲဒီမတိုင်ခင် တစ်လမှာ အများပြည်သူသုံး ဝက်ဘ်ဆိုက်တွေကို ထိန်းချုပ်ယူလိုက်ပြီး လူတွေ အလန့်တကြား ဖြစ်အောင် ရုရှားက ကြိုးစားခဲ့ပါတယ်။

"အဲဒါက တကယ့် စိတ်ဓာတ်စစ်ဆင်ရေးပဲ" လို့ မစ္စတာ ဗစ်တစ်ရက်က ပြောပါတယ်။

အတော်များများကို ယူကရိန်းက ပြန်ယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ကျူးကျော်တိုက်ခိုက်မှု မတိုင်ခင် နာရီပိုင်းအလိုမှာ ဆိုင်ဘာတိုက်ခိုက်မှုတွေ ထပ်လုပ်ခဲ့ပါသေးတယ်။

အထိခိုက်ဆုံး တစ်ခုကတော့ ယူကရိန်း စစ်တပ်ရဲ့ ဆက်သွယ်ရေးအတွက် သုံးနေတဲ့ အမေရိကန် ဂြိုဟ်တု ဆက်သွယ်ရေး စနစ်ကို နာရီအနည်းငယ် ဖြုတ်ချခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းကို အချိန်တိုအတွင်း သိမ်းပိုက်ရေး ရုရှားရဲ့ အကြံ ပျက်စီးသွားပြီး အကြမ်းဖက်မှု သတင်းတွေ ထွက်ပေါ်လာခဲ့တဲ့အတွက် သတင်း စီးဆင်းရေး ထိန်းချုပ်ဖို့က ပိုပြီး အရေးကြီးလာပါတယ်။

အဲဒီထဲက တစ်ခုကို ပြောရရင် ၂၀၂၂ မတ်လ ၁ ရက်မှာ ကိယက်ဗ်က ရုပ်သံလွှင့် တာဝါတိုင်ကို ဆိုင်ဘာနဲ့ ဒုံးကျည် ပူးတွဲ တိုက်ခိုက်မှု လုပ်ခဲ့တာပါ။

"သူတို့က ယူကရိန်းတွေ သတင်းမှန်တွေ မသိရအောင် လုပ်နေတယ်" လို့ ယူကရိန်း ဆက်သွယ်ရေး အထူးတပ်ဖွဲ့က ယူရီ ဆချစ်ဟိုးလ်က ပြောပါတယ်။

သူရဲ့ နောက်မှာ ဒုံးကျည်ထိထားတဲ့ အမည်းကွက်တွေနဲ့ ရုပ်သံတာဝါတိုင်ကို သက်သေအဖြစ် အခုထိ မြင်နိုင်ပါတယ်။

အင်ဂျင်နီယာတွေက အစားထိုး ပစ္စည်းတွေကို တစ်မြို့လုံးလှည့်ရှာပြီး နာရီပိုင်းအတွင်း ရုပ်သံထုတ်လွှင့်ရေးကို ပြန်စနိုင်ခဲ့ပါတယ်။

အဲဒီနေရာက သတင်းအချက်အလက်စင်တာကိုလည်း ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အရေးကြီးအချက်အလက်တွေကို အနောက်နိုင်ငံတွေက နည်းပညာ ကုမ္ပဏီတွေရဲ့ အကူအညီနဲ့ တခြားနေရာတွေက ဆာဗာတွေမှာ အဲဒီနှစ် အစောပိုင်းမှာ ရွှေ့ထားခဲ့ပါတယ်။

"ယူကရိန်း အခု စစ်ပွဲမှာ အခုလို ကြံ့ကြံ့ခိုင်နိုင်ခဲ့တာက ဒီစနစ်ကို တည်ဆောက်တဲ့ ကျွန်တော်တို့ရဲ့ ပညာရှင်တွေနဲ့ မိတ်ဆွေတွေရဲ့ အောင်မြင်မှုပဲ ဖြစ်ပါတယ်" လို့ မစ္စတာ ဆချစ်ဟိုးလ် က ပြောပါတယ်။

ယူကရိန်းက နည်းပညာသမားတွေကလည်း စစ်ပွဲအတွက် အကူအညီ ပေးကြပါတယ်။ ကိယက်ဗ်က ကျဥ်းကျဥ်းကျပ်ကျပ် ရုံးခန်းထဲမှာ လူငယ် စေတနာ့ဝန်ထမ်းတွေက Griselda လို့ခေါ်တဲ့ စနစ်ကို သူတို့ ဘယ်လို တည်ဆောက်ခဲ့တယ်ဆိုတာကို ရှင်းပြပါတယ်။

အဲဒီစနစ်က ဆိုရှယ် မီဒီယာတွေနဲ့ တခြားနေရာတွေက သတင်းအချက်အလက်တွေကို အလိုအလျောက် ရယူပြီး နောက်ဆုံးရ သတင်းတွေကို ထုတ်ပေးပါတယ်။

အဲဒါက စစ်တပ်နဲ့ အစိုးရကို မိုင်းတွေ ဘယ်နားမှာ ထောင်ရမယ်၊ ဘာ လမ်း၊ တံတား၊ အဆောက်အအုံတွေ ပြင်ရတော့မယ် ဆိုတာတွေ အားလုံးကို ဖြေရှင်းဖို့ အကူအညီ ရပါတယ်။

ဒုံးကျည်ထိခဲ့တဲ့ ရုပ်သံလွှင့် တာဝါတိုင်နဲ့ အချက်အလက် စင်တာတို့မှာ ဆိုင်ဘာ တိုက်ခိုက်မှုလည်း ခံခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီး ဆိုင်ဘာနဲ့ ဒုံးကျည်တွေကို တွဲသုံးပြီး တိုက်ခိုက်နေခဲ့ပါတယ်။

ဆိုင်ဘာတိုက်ခိုက်မှုတွေက မရပ်မနား ဆက်ရှိနေသေးတယ်လို့ ဆိုင်ဘာကာကွယ်ရေး ကြီးကြပ်သူ ဗစ်တာ ဇိုရာက ပြောပါတယ်။ သူတို့ရဲ့ ဆိုင်ဘာတိုက်ခိုက်မှု တုံ့ပြန်ရေးဌာနက ၂၄ နာရီ လည်ပတ်နေတာပါ။

စစ်ပွဲစဖြစ်ကတည်းက အချက်အလက်တွေကို နံရံက စခရင်မှာ မြင်ရပါတယ်။ အစိုးရက ထိပ်တန်း ပစ်မှတ်ဆိုတာ တွေ့ရပါတယ်။

လူငယ်အဖွဲ့သားတွေက အစိုးရ စာရင်းအင်းဌာနကို တိုက်ခိုက်ခံနေရတာကို ဖြေရှင်းနေကြတာကိုလည်း တွေ့ခဲ့ရပါတယ်။ အဲဒီတိုက်ခိုက်ခံရမှုကြောင့် ငွေကြေးဖောင်းပွမှုစာရင်းတွေ ထုတ်ပြန်မှု နှောင့်နှေးခဲ့ပါတယ်။

ရုရှားထောက်လှမ်းရေးတပ်ဖွဲ့က ကျွမ်းကျင် ဟက်ကာတွေရဲ့ တိုက်ခိုက်မှုတွေကို ယူကရိန်း လုံခြုံရေးတပ်ဖွဲ့က အီလီယာ ဗစ်တစ်ရက်ရဲ့ အဖွဲ့က တုံ့ပြန်တိုက်ခိုက်ပါတယ်။

ဒီလိုတုံ့ပြန်ရာမှာ ရုရှားတွေရဲ့ ကွန်ပျူတာ စနစ်တွေထဲကို ထိုးဖောက်ဝင်ရောက်ပြီး သူတို့ရဲ့ ဖုန်းတွေကို ကြားဖြတ်နားထောင်ပါတယ်။

"ကျွန်တော် အမြဲတမ်းပြောပါတယ်။ ရုရှား ဟက်ကာကြီးတွေက အဲဒီလောက်လည်း မဟုတ်သေးပါဘူးဆိုတာကို ယူကရိန်းက လုပ်ပြနေတာ" လို့ သူက ပြောပါတယ်။

တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်းသိတဲ့ လက်ဝှေ့သမားတွေ ကြိုးဝိုင်းထဲမှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာနဲ့ နှိုင်းပြီး သူက ပြောပါတယ်။

တိုက်ရတာ မလွယ်သလို လက်မတင်လေး တားလိုက်နိုင်တာတွေ ရှိခဲ့တယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ရုရှားဆိုင်ဘာတိုက်ခိုက်မှုတွေကို ယူကရန်းစနစ်ထဲမှာ ပြန်အသုံးချပြီး လေ့လာနေတယ်လို့ သူက ပြောပါတယ်။

ရုရှားက သူတို့ရဲ့ ဆိုင်ဘာကျွမ်းကျင်သူ အားလုံးနီးပါးကို ယူကရိန်းကိုတိုက်ဖို့ စုပြုံသုံးထားပါတယ်။

အဲဒါကြောင့် သူတို့မှာ အနောက်နိုင်ငံက တိုက်ခိုက်စရာတွေကို တိုက်ဖို့ မရှိသလောက် ဖြစ်နေပါပြီ။

ယူကရိန်းသာ ကျရှုံးသွားရင် အဲဒီ တိုက်ခိုက်မှုတွေက တခြားနေရာတွေကို သွားတိုက်တော့မှာလို့ မစ္စတာ ဗစ်တစ်ရက်က သတိပေးပါတယ်။

ဒါပေမဲ့ ရုရှားတွေကို တိုက်ရင်းနဲ့ ယူကရိန်းနဲ့ သူ့ မဟာမိတ်တွေဟာ မျက်မှောက်ခေတ် စစ်ပွဲမှာ နည်းပညာကို ဘယ်လို ပေါင်းစပ်အသုံးချရမယ်ဆိုတဲ့ နည်းသစ်တွေကို လေ့လာနေကြတာ ဖြစ်ပါတယ်။