တင်မ်ဝေါ့ဇ် - ကာမလာ ဟဲရစ်ရဲ့ ဒုသမ္မတလောင်းဖြစ်လာသူ ကျောင်းဆရာ ဘောလုံးနည်းပြဟောင်း

- ရေးသားသူ, ဆမ် ကာဘရယ်
- ရာထူးတာဝန်, ဘီဘီစီသတင်း၊ ဝါရှင်တန်
ရုပ်သံအစီအစဥ်တစ်ခုမှာ နာမည်ကျော်သွားပြီး လူတွေကြား ပြောစမှတ်ဖြစ်စေခဲ့တဲ့ ''ဒီလူတွေကတော့ တကယ့်ကို အူကြောင်ကြားတွေပါဗျာ'' ဆိုတဲ့ စကားတစ်ခွန်းနဲ့အတူ တင်မ်ဝေါ့ဇ်ဟာ ကာမလာဟဲရစ်ရဲ့ ဒုသမ္မတလောင်းအဖြစ် အိမ်ဖြူတော်ခရီးပြိုင်ပွဲထဲကို ဝင်ရောက်လာပါတယ်။
အသက် ၆၀ အရွယ် တင်မ်ဝေါ့ဇ်ဟာ စကားကို တဲ့တိုး ဘွင်းဘွင်းရှင်းရှင်းပြောတတ်သူအဖြစ် ရီပတ်ဘလီကန်ပါတီဘက်က ဒုသမ္မတလောင်းကို ရင်ဆိုင်ပါတယ်။
ပြီးတော့ သူဟာ အများကြိုက်စရာ ကိုယ်ရေးအချက်အလက်တွေလည်း တပါတည်းပါလာခဲ့သူပါ။ နိုင်ငံရေးလောကထဲကို မဝင်ခင်တုန်းက သူက ကျောင်းဆရာ၊ ဘောလုံးနည်းပြနဲ့ အမေရိကန်အရန်စစ်တပ် တပ်ဖွဲ့ဝင်ဟောင်းအဖြစ် တာဝန်ထမ်းခဲ့သူဖြစ်ပါတယ်။
သူဟာ ကွန်ဂရက် လွှတ်တော်မှာဆိုရင် ရီပတ်ဘလီကန်ဘက်ကိုယိမ်းတဲ့ခရိုင်ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်အဖြစ်၊ အဲဒီနောက်မှာ မင်နီဆိုတာပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် လက်ဝဲယိမ်းမူဝါဒတွေကို အတည်ပြုပေးတာတွေ ရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ သူ့ရဲ့ နိုင်ငံရေးအတွေ့အကြုံဟာ လက်ရှိ ဘက်တွေကွဲပြားနေတဲ့ အမေရိကန်နိုင်ငံရေးလောကမှာ လူထုကို ပိုပြီးကျယ်ပြန့်တဲ့ စည်းရုံးဆွဲဆောင်မှုတွေ လုပ်နိုင်စရာ ရှိနေပါတယ်။
ကျောင်းဆရာ၊ ဘောလုံးနည်းပြ၊ ကွန်ဂရက်လွှတ်တော် အမတ်
နီဘရာစကာပြည်နယ် ကျေးလက်ဒေသဇာတိဖြစ်တဲ့ ဝေါ့ဇ်ဟာ အမဲလိုက်၊ ယာစိုက်နဲ့ နွေကာလကို ဖြတ်သန်းခဲ့ပြီး သူ့အသက် ၁၇ နှစ်မှာ အမေရိကန်စစ်တပ် အမျိုးသားအရန်တပ်ထဲ ဝင်ခဲ့ပါတယ်။ အဲဒီမှာ အရန်တပ်ဖွဲ့ဝင်အနေနဲ့ ၂၄ နှစ်အမှုထမ်းပါတယ်။
ဝေါ့ဇ် အသက် ၁၉ နှစ်မှာ အစိုးရကျောင်းအုပ်ချုပ်ရေးမှုးဖြစ်တဲ့ သူ့ဖခင်က အဆုတ်ကင်ဆာနဲ့ ဆုံးပါးခဲ့ပြီး မကွယ်လွန်ခင်မှာ သူ့ကို စစ်ထဲဝင်ဖို့ တိုက်တွန်းခဲ့ပါတယ်။
မင်နီဆိုတာ ပြည်နယ်အုပ်ချုပ်မှူးဖြစ်သူ ဝေါ့ဇ် က လူမှုဖူလုံရေးကြောင့် သူ့အမေ အသက်ဆက်နိုင်ခဲ့တယ်ဆိုတာနဲ့ တပ်ဖွဲ့ဝင်ဟောင်းတွေကိုပေးတဲ့ ထောက်ပံ့ကြေးနဲ့ သူ ကောလိပ်ပညာသင်ခဲ့ရတယ် ဆိုတာကို ထုတ်ပြောတတ်သူလည်းဖြစ်ပါတယ်။
သင်ကြားရေးဒီဂရီဘွဲ့တွေကိုရခဲ့သူဖြစ်တာကြောင့် တရုတ်မှာ တီယန်နန်မန်ရင်ပြင် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်တဲ့အချိန်တဝိုက်မှာ တရုတ်နိုင်ငံထဲမှာ တစ်နှစ်ကြာ စာသင်ခဲ့ဖူးပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အဲဒီနောက် သူဟာ ဇနီးဖြစ်သူ ဂွင်ဝှစ်ပယ်နဲ့ လက်ထပ်ဖြစ်တဲ့အခါ တရုတ်နိုင်ငံထဲကိုပဲ ပျားရည်ဆမ်းခရီး ထွက်ခဲ့ပြီး အမေရိကန်ကျောင်းသားတွေကို နွေရာသီမှာ တရုတ်ကို ပညာရေးလေ့လာခရီးစဥ်တွေကိုလည်း စီစဥ်ပေးခဲ့ပါတယ်။
နီဘရာစကာပြည်နယ်ကို ပြန်ရောက်ပြီးတဲ့နောက်မှာတော့ ဝေါ့ဇ်ဟာ ကျောင်းဆရာပြန်လုပ်ခဲ့ပြီး အဲဒီကျောင်းမှာပဲ သူနဲ့အတူ ဆရာမ လုပ်နေတဲ့ ဇနီးဖြစ်သူရဲ့ ဇာတိ မင်နီဆိုတာပြည်နယ်ကို ဆံထုံးနောက် ယောင်မပါခင်အထိ ကျောင်းမှာ အမေရိကန်ဘောလုံးအသင်း နည်းပြလုပ်ခဲ့ပါတယ်။
မန်ခါတိုအနောက်ပိုင်းအထက်တန်းကျောင်းမှာ နည်းပြလုပ်နေချိန် ဝေါ့ဇ်ဟာ ပြည်နယ်အဆင့်ပြိုင်ပွဲမှာ ဗိုလ်စွဲပြီး ကျောင်းဂုဏ်ဆောင်တဲ့ ဘောလုံးအသင်းထွက်လာအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ချီကာဂိုမြို့မှာ ပြုလုပ်တဲ့ ဒီမိုကရက်တစ်ပါတီ အထွေထွေညီလာခံမှာ ဝေါ့ဇ် တစ်ယောက် မိန့်ခွန်းပြောတဲ့အခါမှာ အဲဒီ ဘောလုံးအသင်းက ကစားသမားဟောင်းတွေလည်း သူနဲ့အတူ စင်မြင့်ပေါ် ရှိခဲ့ကြပါတယ်။ ပါတီထောက်ခံသူတွေကို ပြောတဲ့မိန့်ခွန်းမှာတော့ သူဟာ အမေရိကန်ဘောလုံးလောကက ဥပစာအသုံးတွေကိုလည်း ဖောဖောသီသီ ထည့်သုံးသွားပါတယ်။ ''ကိုယ့်လူတို့ရေ ကွင်းထဲကို ဆင်းကြမယ်။ လူမှန် ကစားသမားမှန်တွေကို ရထားပြီးပြီပဲ'' ဆိုတာမျိုး ဖြစ်ပါတယ်။
သူ့ရဲ့ကျောင်းဆရာဘဝမှာတော့ ဝေါ့ဇ်ဟာ လိင်တူစုံမက်မှုကို အမြင်မကျယ်ကြသေးတဲ့ကာလမှာ ကျောင်းရဲ့ လိင်တူချစ်သူကျောင်းသားနဲ့ ရိုးရိုးကျောင်းသားတွေကြားမှာ သဟဇာတဖြစ်ရေး ကျောင်းရဲ့အတိုင်ပင်ခံအဖြစ်လုပ်ခဲ့တာကြောင့် သူ့ကို ထောက်ခံမှုတွေလည်း ရခဲ့သူပါ။
လွှတ်တော်အမတ်အဖြစ် ပထမဆုံး ဝင်ပြိုင်တာကတော့ စိုက်ပျိုးရေးလုပ်ငန်းကို အခြေပြုတဲ့ မင်နီဆိုတာတောင်ပိုင်း ကျေးလက်တလွှားကို ဖြန့်ကြက်တဲ့ ခရိုင်ရဲ့ အမတ်အဖြစ် ဝင်ပြိုင်ခဲ့တာပါ။ အဲဒီနယ်ဟာ ရီပတ်ဘလီကန်ဘက်လည်းယိမ်းပါတယ်။
ဒါပေမဲ့ ဝေါ့ဇ်ဟာ ပြည်သူ့ဝန်ဆောင်မှုကို အလေးထားတဲ့ အလယ်အလတ်သဘောထားရှိသူ၊ နောက် စစ်ပြန်စစ်မှုထမ်းတွေအတွက် အလေးပေးသူအဖြစ် မဲဆွယ်ခဲ့တာကြောင့် ရွေးကောက်ပွဲမှာ ထင်သလောက် မပေါက်ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သူ့အမြင် သူ့ယုံကြည်ချက်
ကွန်ဂရက်လွှတ်တော်အမတ်ဖြစ်ခဲ့တဲ့ ၁၂ နှစ်တာကာလအတွင်းမှာ သူ့ရဲ့အတွေးအခေါ် သဘောတရားကို တံဆိပ်တပ်ဖို့ ခက်ခဲ့ပါတယ်။
စရိတ်မျှပေးစောင့်ရှောက်ရေးဥပဒေကို ထောက်ခံမဲပေးခဲ့သလို အနည်းဆုံးလုပ်ခလစာ တိုးမြှင့်ရေးဥပဒေမူကြမ်းအပါအဝင် အလုပ်သမားတွေအတွက် ထည့်သွင်းစဥ်းစားချက်အစီအမံတွေကို လွှတ်တော်ကို ပူးတွဲတင်ခဲ့ပါတယ်။ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချနိုင်ဖို့ ထုတ်လွှတ်မှုပမာဏကို ကန့်သတ်ထားပြီး ပိုထုတ်ချင်ရင် ငွေကြေးပေးဆောင်ရမယ့် (ဝယ်ယူရမယ့်) အစီအစဥ်ကိုလည်း သူထောက်ခံခဲ့ပါတယ်။ဒါပေမဲ့ အဲဒီအစီအစဥ်ကတော့ မအောင်မြင်ခဲ့ပါဘူး။
ဒါပေမဲ့ သူဟာ ရီပတ်ဘလီကန်တွေနဲ့ ဘုံ ရပ်တည်ချက်တူတာတွေရှိခဲ့ပါတယ်။
အီရတ်နဲ့ အာဖဂန်နစ္စတန်စစ်ပွဲတွေအတွက် ငွေကြေးဆက်ပြီးထောက်ပံ့တာကို သူ မဲပေးခဲ့ပါတယ်။ အမေရိကန်ကို ဒုက္ခသည်တွေဝင်ရောက်မှုကို တင်းကျပ်ဖို့ သူ ထောက်ခံခဲ့သလို ၂၀၀၈ ဘဏ္ဍာရေးအကျပ်အတည်းဖြစ်ပြီးတဲ့နောက် အိုဘားမားခေတ်မှာ ဘဏ်တွေနဲ့ ကားကုမ္ပဏီတွေကို ငွေကြေး မ,တည်ပေးရေးကိုလည်း သူ ပိတ်ပင်ခဲ့ပါတယ်။
သေနတ်ကိုင်ဆောင်ရေးကိုထောက်ခံတဲ့ အမျိုးသားရိုင်ဖယ်အဖွဲ့ (NRA) က သူ့ရဲ့ရွေးကောက်ပွဲကို တစ်ချိန်က ရန်ပုံငွေ ထည့်ဖူးပါတယ်။ ဒါပေမဲ့ ပါ့ခ်လန်းမြို့ စာသင်ကျောင်း သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက် ချေမှုန်းရေးလက်နက်ကိုင်ဆောင်တာကို တားမြစ်ဖို့ ဝေါ့ဇ်က ပြောခဲ့တာကြောင့် NRA ကလည်း သူ့ကို ဆက်မထောက်ခံတော့ပါဘူး။
ဝေါ့ဇ်ဟာ ၂၀၁၈ ခုနှစ် မင်နီဆိုတာအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲကို ရလဒ် ၁၁ မှတ်ကျော်အသာနဲ့ အနိုင်ရခဲ့ပေမဲ့ သူ့ရဲ့ ပထမဆုံး အုပ်ချုပ်ရေးမှူး သက်တမ်းဟာ ကိုဗစ်ကပ်ရောဂါ၊ နောက် မင်နီယာပိုလစ်မှာ ရဲအရာရှိတစ်ဦးက ဂျော့ဖလွိုက်ကိုသတ်မှုဖြစ်ရပ်တို့နဲ့ အရိပ်ထိုးခဲ့ပါတယ်။
ရီပတ်ဘလီကန်တွေကတော့ ဆန္ဒပြမှုတွေ ပြင်းထန်ပြီး အကြမ်းဖက်မှုဘက်ရောက်လာချိန်မှာတောင် အမျိုးသားအရန်စောင့်တပ်ကို ဖြန့်ကြက်ချထားဖို့ နှေးကွေးခဲ့တယ်လို့ ဝေါ့ဇ်ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ပြည်နယ်အတွင်းမှာ ဖြစ်ခဲ့တဲ့ ကိုဗစ်ကာလ ဒေါ်လာ သန်း ၂၅၀ တန် လိမ်လည်မှုကို စုံစမ်းဖော်ထုတ်ဖို့လည်း ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲခံရပါတယ်။
အုပ်ချုပ်ရေးမှူး ဝေါ့ဇ်ဟာ နောက်တစ်ကြိမ်ရွေးကောက်ပွဲမှာတော့ မဲအနည်းငယ်နဲ့ ကပ်ပြီး အနိုင်ရခဲ့ပါတယ်။ သူ့ရဲ့ ဒုတိယမြောက် ပြည်နယ်အုပ်ချုပ်ရေးမှူး သက်တမ်းမှာတော့ ပြည်နယ်လွှတ်တော်မှာ ဒီမိုကရက်တွေက အမတ်နေရာတစ်နေရာပဲအသာရထားတာမို့ အကြိတ်အနယ်အလုပ်တွေများခဲ့ရတဲ့ကာလ ဖြစ်ခဲ့ပါတယ်။
ပြည်နယ် ဒီမိုကရက်အမတ်တွေဟာ ကိုယ်ဝန်ဖျက်ချခွင့် အခွင့်အရေး၊ လစာပါ မိသားစုခွင့်နဲ့ ကျန်းမာရေးခွင့် ခံစားခွင့်တွေကို ဥပဒေထဲ ထည့်သွင်းနိုင်အောင်လုပ်ခဲ့ပြီး၊ သေနတ်ကိုင်ဆောင်ခွင့်ဥပဒေတွေကို တင်းကျပ်တာ၊ စာသင်ကျောင်းတွေမှာ နေ့လယ်စာ အခမဲ့ကျွေးရေး ရန်ပုံငွေ ချမှတ်တာနဲ့ အများပြည်သူ တတ်နိုင်လက်လှမ်းမီတဲ့ အိမ်ရာစီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံပေးတာတွေ လုပ်ခဲ့ပါတယ်။
အဲဒီလို အလုပ်တွေအများကြီး လုပ်နေတာကြောင့်ပဲ အမေရိကန် သမ္မတဟောင်း ဘာရက်အိုဘားမားက သတိပြုမိပြီး ''အမေရိကန် ရွေးကောက်ပွဲတွေမှာ အကျိုးဆက်တွေရှိတယ်ဆိုတာကို သတိပေးရမယ်ဆိုရင် မင်နီဆိုတာပြည်နယ်ထဲမှာ ဘာတွေ ဖြစ်နေလဲဆိုတာကို ကြည့်ကြည့်လိုက်ပါ'' လို့ ရေးသားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
'These are weird people' 'ဒီလူတွေ တကယ်ထူးဆန်းသူတွေ'
နိုင်ငံအဆင့်မှာ သူသိ သိပ်မများခဲ့တဲ့ ဝေါ့ဇ်ဟာ သမ္မတလောင်းနဲ့အတူ ရွေးကောက်ပွဲဝင်ပြိုင်မယ့် ဒုသမ္မတလောင်းနေရာအတွက် စိစစ်ခံရတဲ့အချိန်မှာတော့ ရီပတ်ဘလီကန်တွေကို ခပ်ဆတ်ဆတ်ကလေး ထိုးနှက်ပုံဖော်ပြောဆိုတာကြောင့် ခပ်မြန်မြန်ပဲ လူတွေ အာရုံစိုက်ခံလာရပါတယ်။
''ဟိုဘက်ကလူတွေကတော့ အတော်လေး အူကြောင်ကြားတွေပါ'' လို့ သူက MSNBC ရုပ်သံဌာနကို ပြောပါတယ်။ အဲဒီကတည်းက ဒီအပြောကို အကြိမ်ကြိမ် သုံးလာပါတယ်။ ''သူတို့က စာအုပ်တွေကို ပိတ်ပင်ချင်တယ်။ ခင်ဗျားကို (ဆရာဝန်) က ရောဂါစစ်ဆေးချိန်နေချိန်မှာ သူတို့က အဲဒီ အခန်းထဲမှာ ရှိနေချင်တာ''
ဒါပေမဲ့ ရီပတ်ဘလီကန်တွေဘက်ကလည်း ခပ်မြန်မြန်တုံ့ပြန်ပါတယ်။ မင်နီဆိုတာပြည်နယ်မှာ ဝေါ့ဇ် လုပ်ခဲ့တာကို သာမန် အမေရိကန်လူထုအတွက်ဆိုရင် တယူသန်ဆန် ပြင်းထန်လွန်းတယ်လို့ သရုပ်ဖော်ပါတယ်။
အမေရိကန်အောက်လွှတ်တော်မှာ ရီပတ်ဘလီကန်အမတ်တွေထဲ တတိယမြောက် အဆင့်အမြင့်ဆုံးဖြစ်တဲ့ တွမ်အမ်မာ ကတော့ ဝေါ့ဇ်ဟာ ''မင်နီဆိုတာကို ကာမလာဟဲရစ်ရဲ့ ဇာတိ ကယ်လီဖိုးနီးယားပြည်နယ်လို ပုံစံပြောင်းဖို့ ကြိုးစားနေတယ်" လို့ စွပ်စွဲပြောဆိုပါတယ်။
ဒုသမ္မတလောင်းနေရာအတွက် ရွေးချယ်ခံရပြီးကတည်းက ရီပတ်ဘလီကန်တွေက ဝေါ့ဇ်ရဲ့ စစ်မှုထမ်းမှတ်တမ်းတွေနဲ့ ပတ်သက်ပြီး စူးစမ်းဖော်ထုတ်ကြပါတယ်၊ အဲဒီမှာ ဝေါ့ဇ်အပေါ် တစ်ချိန်က တခြားစစ်မှုထမ်းဟောင်းတွေရဲ့ စွပ်စွဲချက်တွေအကြောင်းကိုလည်း ပြန်အစဖော်ကြပါတယ်။ ဝေါ့ဇ်ကတော့ သူ့မှတ်တမ်းတွေကပဲ ''စကားပြောလိမ့်မယ်'' လို့ ပြောပေမဲ့ သူလည်း တစ်ခါတရံမှာ ''မပြောသင့်တာတွေ ပြောမိတယ်'' လို့ ဝန်ခံပါတယ်။
အလုပ်သမားခေါင်းဆောင်တွေအပါအဝင် မဟာမိတ်တွေကတော့ အလုပ်သမားလူတန်းစားနဲ့ ကျေးလက်နေပြည်သူ မဲဆန္ဒရှင်တွေကို သမ္မတလောင်း ဟဲရစ်က ဆွဲဆောင်နိုင်ရေးမှာ ဝေါ့ဇ်က အသုံးကျမယ်လို့ ယုံကြည်ကြပါတယ်။
ကိုယ်တိုင်က မင်နီဆိုတာ ပြည်နယ်မှာ ပြန်ရွေးကောက်ခံရဖို့ ကြိုးစားနေရတဲ့နေရတဲ့ အောက်လွှတ်တော် ဒီမိုကရက်အမတ် အန်ဂျီ ခရိတ်ကတော့ ဝေါ့ဇ်ဟာ ''စစ်ပွဲအတွက် စမ်းသပ်ထားပြီးသား ခေါင်းဆောင်'' တစ်ယောက်လို့ ချီးကျူးပြောဆိုပါတယ်။
ဝေါ့ဇ်ဟာ "ခဲရာခဲဆစ်ပြိုင်ရတဲ့ ရွေးကောက်ပွဲတွေမှာ ဘယ်တုန်းကမှ မရှုံးကြောင်း သက်သေပြထားနိုင်တဲ့သူ'' ဖြစ်တယ်လို့ ခရိတ်က ဘီဘီစီကို ပြောပြပြီး ဟဲရစ်အတွက် ရွေးကောက်ပွဲအနိုင်ရလက်မှတ်မှာ အပိုဆောင်း အထောက်အကူဖြစ်နိုင်ခြေအရှိဆုံးလူလို့ ယုံကြည်တဲ့အကြောင်းလည်း သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မိသားစုက ကျွန်တော့် ကမ္ဘာပါ
တင်မ်နဲ့ ဂလန်ဝေါ့ဇ်တို့ ဇနီးမောင်နှံမှာ ရင်သွေး နှစ်ဦး ထွန်းကားပါတယ်။ သူတို့ကတော့ မျှော်လင့်ချက်လို့ နာမည်ရတဲ့ ဟုပ် (Hope) နဲ့ ဂတ်စ် တို့ဖြစ်ပါတယ်။ ဒီမိုကရက်တစ်ပါတီညီလာခံကို မိသားစု တစ်ခုလုံးတက်ရောက်ခဲ့ကြပြီး ဝေါ့ဇ်ကတော့ သူတို့ဟာ ''သူ့ရဲ့ ကမ္ဘာကြီးပါ'' လို့ ဖော်ညွှန်းပါတယ်။
ဒီမှတ်ချက်ကြောင့်ပဲ သားဖြစ်သူ ဂတ်စ်တစ်ယောက် ထိုင်ရာက ထ၊ မတ်တပ်ရပ်ပြီး ''ဒါမှ ကျွန်တော့် အဖေ'' လို့ မျက်ရည်တွေနဲ့ အော်ပြောပါတယ်။
ညီလာခံမတိုင်ခင်မှာ ဝေါ့ဇ် မိသားစုဟာ ''ထူးချွန်တဲ့'' အသက် ၁၇ နှစ်အရွယ် သားဖြစ်သူအကြောင်း People မဂ္ဂဇင်းကို ပြောပါတယ်။ သားဖြစ်သူဟာ သင်ယူမှုအပိုင်းမှာ အာရုံစူးစိုက်နိုင်စွမ်း ချို့တဲ့တာ၊ ADHD နဲ့ စိုးရိမ်သောကလွန်ရောဂါ တွေ ရှိနေပြီး ဒီအခြေအနေတွေကြောင့်ပဲ သားဖြစ်သူဟာ ''စွမ်းဆောင်ရည်ပြည့်ဝ'' သူဖြစ်လာစေတယ်လို့လည်း ပြောပါတယ်။
ချီကာဂိုမြို့မှာ မိန့်ခွန်းပြောကြားချိန်မှာတော့ ဝေါ့ဇ်ဟာ အကြောင်းအရာမျိုးစုံထဲကမှ သူနဲ့ သူရဲ့ဇနီးတို့ ကလေးမြန်မြန်မရနိုင်ခဲ့ကြတဲ့အကြောင်းနဲ့ အမေရိကန်ပြည်ထောင်စု အလယ်ပိုင်း လူထုအသည်းကို ဆွဲဆောင်နိုင်ဖို့ ကြိုးပမ်းပါတယ်။
IVF ဆိုတဲ့ ဖန်ပြွန်သန္ဓေသားယူတဲ့ကုထုံးဟာ အမေရိကန်မှာ ကိုယ်ဝန်ဖျက်ချခွင့် အခွင့်အရေးနဲ့ ပတ်သက်ပြီး နှိုင်းယှဥ် ဆွေးနွေးခံရမှု ကြာမြင့်နေပြီဖြစ်ပြီး ဝေါဇ်ကတော့ သူ့ရဲ့မဲဆွယ်ကာလတလျှောက်မှာ ဒီအကြောင်းကို ထပ်တလဲလဲ ရည်ညွှန်းပြောဆိုပါတယ်။
သူ့ဇနီးကတော့ သူတို့ဟာ ရင်သွေးရဖို့ တခြားနည်းလမ်းတစ်ခုနဲ့ ကြိုးပမ်းခဲ့ရတယ်လို့ မကြာသေးခင်တုန်းက ပြောထားတာကြောင့် ရီပတ်ဘလီကန်တွေက ဝေါ့ဇ်ဟာ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး လူထုကို လှည့်ဖျားနေခဲ့တယ်လို့ ဝေဖန်တာကို ခံရပါတယ်။
ဝေါ့ဇ်နဲ့ ဟဲရစ်တို့ဟာ စီအန်အန် (CNN) သတင်းဌာရဲ့ တွေ့ဆုံမေးမြန်းမှုကို သြဂုတ်လမှာ ပူးတွဲဖြေကြားခဲ့ပါတယ်။ အဲဒီတုန်းကတော့ ဝေါ့ဇ်က သူဟာ ''အမေရိကန်နိုင်ငံကို ဖြစ်နိုင်ခြေရှိသမျှ ဖြစ်လာအောင် စွမ်းဆောင်ပေးဖို့'' စိတ်အားထက်သန်နေတယ်လို့ ပြောခဲ့ပါတယ်။











