ယီမင်မှာ အကျဥ်းသားလဲလှယ်မှုစတင် - ဧပြီ ၁၄ရက် ညနေခင်း နိုင်ငံတကာသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယီမင်နိုင်ငံမှာ ဟူသီသူပုန်တွေနဲ့ အကျဉ်းသား လဲလှယ်မှု စတင်နေပါပြီ။
ဟူသီသူပုန်တွေကြား ငြိမ်းချမ်းရေး သဘောတူချက် ရဖို့ ဆော်ဒီအစိုးရ ကျောထောက်နောက်ခံပေးထားတဲ့ ယီမင်အစိုးရက မျှော်လင့်နေပါတယ်။
ဟူသီ အကျဉ်းသား တရာကျော်က ယီမင်မြို့တော် ဆန်နာ့ကို လေယာဉ်နဲ့ ထွက်ခွာလာပြီး တချိန်တည်းမှာ ဟူသီလက်ထဲက အကျဉ်းသား ၃၅ ယောက်ကလည်း အစိုးရထိန်းချုပ်ရာ အေဒင်မြို့ကို ခရီးထွက်လာပါပြီ။
အပြည်ပြည်ဆိုင်ရာကြက်ခြေနီ အဖွဲ့ကတော့ အကျဉ်းသား ၉၀၀ ဟာ ရာမာဒန် ကာလအတွင်း သူတို့မိသားစုနဲ့ ပြန်လည် ဆုံဆည်းနိုင်တော့မယ်လို့ ပြောပါတယ်။
"ဒီအချိန်မျိုးကို ကျွန်တော်တို့ စောင့်ဆိုင်းနေတာ ကြာပါပြီ ။ မကြာခင် မိနစ်ပိုင်းအတွင်း အေဒင်က ပထမဆုံးလေယာဉ်နဲ့ ရောက်လာမယ့် ကျွန်တော်တို့ရဲ့ ကလေးတွေကို ဘုရားသခင် ကျေးဇူးကြောင့် ကျွန်တော်တို့ တွေ့ရတော့မှာပါ ၊ ကျွန်တော့်သားက ၂၀၁၈ ကတည်းက ထောင်ကျနေတာလေ။ အခုဆို ၅ နှစ်ရှိပြီ သူ့ကို သတိရလွန်းလို့ တွေ့ချင်လှပါပြီ"လို့ အဗ္ပဒူလာ အယ်လ် ဟာဂျိုရီက ပြောသွားတာပါ။
ဆော်ဒီကိုယ်စားလှယ်အဖွဲ့တဖွဲ့ကတော့ ဟူသီသူပုန်တွေနဲ့ ဆွေးနွေးပြီးနောက် ဆန်နာ့မြို့က ထွက်ခွာလာပြီ ဖြစ်ပါတယ်။
ရှစ်နှစ်ကြာ ပြည်တွင်းစစ်ပွဲကို အဆုံးသတ်သွားစေနိုင်မယ့် သဘောတူညီချက်တရပ်ရဖို့ နောက်ထပ် ဆွေးနွေးမှုတွေ ထပ်လုပ်ဖို့ လိုနေသေးတယ်လို့ အဲဒီကိုယ်စားလှယ်အဖွဲ့က ပြောပါတယ်။
စီးပွားရေး ပိတ်ဆို့ခံထားရတဲ့ ရုရှားရဲ့ ရေနံပြည်ပတင်ပို့မှု အမြင့်ဆုံးရောက်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှားရဲ့ ပြည်ပရေနံတင်ပို့မှုဟာ သုံးနှစ်အတွင်း အမြင့်ဆုံးကို ရောက်ရှိခဲ့တယ်လို့ နိုင်ငံတကာစွမ်းအင် အေဂျင်စီ IEA က ပြောပါတယ်။
ယူကရိန်းကို ကျုးကျော်မှုကြောင့် ရုရှားကို အနောက်နိုင်ငံတွေက ဝိုင်းဝန်း ပိတ်ဆို့ အရေးယူနေတဲ့ကြားက အခုလို မြင့်တက်နေတာပါ။
ဒါဟာ ရေနံထွက်ကုန်ပစ္စည်းတွေကို ဥရောပသမဂ္ဂထံ အပါအဝင် ရေကြောင်းကနေ ပို့ဆောင်မှု မြင့်တက်လာလို့ ဖြစ်တယ်လို့ IEA ရဲ့ အခုနောက်ဆုံးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ရုရှားရဲ့ ရေနံကရတဲ့ ဝင်ငွေဟာ လွန်ခဲ့တဲ့ ၁၂ လတုန်းက ၄ဝ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပေမဲ့လည်း အခုကာလအတွင်းသိသိသာသာ တိုးလာတယ်လို့ ဆိုပါတယ်။
အနောက်နိုင်ငံတွေက ပိတ်ဆို့ အရေးယူတာ ခံခဲ့ရပြီးနောက် ရုရှားဟာ အိန္ဒိယနဲ့ တရုတ် အပါအဝင် တခြားနိုင်ငံတွေကို ပြည်ပို့ကုန် တင်ပို့မှုတိုးလာတာ ဖြစ်ပါတယ်။
တရုတ်ကိုရောက်လာတဲ့ ဂျာမန်နိုင်ငံခြားရေး၀န်ကြီးနဲ့ ပြင်သစ် သမ္မတတို့ရဲ့ မတူကွဲပြားတဲ့ ပြောဆိုချက်များ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်အနေနဲ့ ထိုင်ဝမ်ကို ကျူးကျော်စစ်မဆင်နွှဲဖို့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးက သတိပေးလိုက်ပါတယ်။
တဖက်သတ် ကျလွန်းပြီး အကြမ်းဖက်မှု ဖြစ်စေနိုင်တဲ့ ဘယ်လုပ်ရပ်ကိုမဆို ဥရောပအနေနဲ့ လက်မခံဘူးလို့လည်း ဆိုပါတယ်။
တရုတ်နိုင်ငံကို တရားဝင် ခရီးရောက်နေတဲ့ Annalena Baerbock က အခုလို ပြောလိုက်တာပါ။
သူ့ရဲ့ပြောကြားချက်တွေဟာ ခုလအစောပိုင်းတုန်းက တရုတ်ကို ရောက်လာတဲ့ ပြင်သစ်သမ္မတရဲ့ ပြောဆိုချက်နဲ့တော့ ဆန့်ကျင်လျက် ရှိပါတယ်။
ဥရောပတိုင်းပြည်တွေဟာ ထိုင်ဝမ်ကျွန်းပြဿနာကို ပဋိပက္ခအသွင်ဖြစ်လာအောင် မဖန်တီးသင့်ကြောင်းနဲ့ အဲဒီလို လုပ်မယ့်အစား တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံစလုံးအတွက် သီးခြားလွတ်လပ်တဲ့ မူဝါဒတွေ ထွက်ပေါ်လာအောင် ဖော်ဆောင်ပေးသင့်တယ်လို့ ပြင်သစ် သမ္မတ အီမန်နူရယ် မက်ခရွန်းက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဂျာမန်နိုင်ငံခြားရေး ဝန်ကြီး Ms Baerbock ကတော့ စစ်အင်အား အပြိုင်တိုးချဲ့နေမှုဟာ ကမ္ဘာကြီးတခုလုံးကို ကြောက်မယ်ဖွယ်မြင်ကွင်းတခု ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
လက်သည်းဆိုးဆေးဂျယ်လ် ကြောင့် ဆေးမတိုးတဲ့ အခြေအနေ ဖြစ်လာနိုင်တယ်လို့ အရေပြားအထူးကုတွေ သတိပေးထား

ဓာတ်ပုံ ရင်းမြစ်, Getty Images
လက်သည်းနီဆိုးဆေး ဂျယ်လ် တချို့ကြောင့် ဘဝမှာအပြောင်းအလဲ ဖြစ်နိုင်တဲ့ ဓာတ်မတည့်မှုတွေ ဖြစ်လာသူတိုးလာနေတယ်လို့ ယူကေက ဆရာဝန်တွေက ပြောပါတယ်။
အခရိုင်းလစ် ဆိုတဲ့ ဓာတ်သတ္တုတမျိုး အရည်ပြားထဲ စိမ့်ဝင်မှုကြောင့် အရည်ပြားပြဿနာတွေ ထွက်ပေါ်လာတာလို့ ဆိုပါတယ်။
အခုလို အရည်ပြားဓာတ်မတည့်မှု ၊ ခန္ဓာကိုယ်က အခရိုင်းလစ်ကို လက်မခံမှုဟာ ဓာတ်မတည့်မှုတွေကို ကုသရမှာ ဘယ်ဆေးမှမတိုးတဲ့ အခြေအနေအထိ ဖြစ်လာနိုင်တယ်လို့ ဆေးပညာရှင်တွေက ပြောပါတယ်။
ဒါ့အပြင် မျက်စိတိမ် ခွဲတာမျိုး ၊ အရိုးအဆစ် ပြန်ဆက်အောင် ခွဲစိတ်ကုသမှုတွေနဲ့ သွားဘက်ဆိုင်ရာ ကုသမှုတွေမှာပါ ဆေးမတိုးတဲ့ အနေအထား ဖြစ်လာနိုင်တာပါ။
အိမ်သုံး လက်သည်းဆိုးဆေးဂျယ်လ်တွေ အသုံးပြုမှု တိုးလာတာနဲ့ အတူ အဲဒီ ပြဿနာတွေ ပိုဆိုးလာနေတယ်လို့ အရေပြား အထူးကု ဆရာဝန်တွေက ပြောပါတယ်။








