အောက်တိုဘာ ၂၈ ရက်ထိပ်တန်းသတင်းများ - ကိုးကန့်တပ်က စစ်ကောင်စီ စခန်း ၃ ခုကို ထပ်မံသိမ်းပိုက်

ဓာတ်ပုံ ရင်းမြစ်, The Kokang
၁၀၂၇ စစ်ဆင်ရေး ဒုတိယ နေ့မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)က စစ်ကောင်စီတပ်စခန်း ၃ ခုကို ထပ်မံသိမ်းပိုက်လိုက်တယ် လို့ ကိုးကန့်တပ် MNDAA က ထုတ်ပြန်လာပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာတင် မုံးကိုးတိုက်နယ် “နန်ဟာ”ဒေသက စစ်ကောင်စီတပ်စခန်း (၂) ခု နဲ့ ကိုးကန့် ဒေသ ရှောက်ရင်းဖန် က တပ်စခန်းတစ်ခုကို သိမ်းပိုက်ခဲ့ပြီး စစ်လက်နက်ပစ္စည်းတွေပါ သိမ်းဆည်းရမိခဲ့တယ် လို့ MNDAA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် မနေ့က ကိုးကန့်တပ်က သိမ်းပိုက်နိုင်ခဲ့တဲ့ ဖောင်ဆိပ် နဲ့ ချင်းရွှေဟော်မြို့ကို ပြန်လည်သိမ်းပိုက်ဖို့ ဟိုပန်မြို့ကနေ တက်လာတဲ့ စစ်ကောင်စီတပ်တွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ် လို့ MNDAA က ထုတ်ပြန်ပြီး ဒေသခံတွေကလည်း ချင်းရွှေဟော် နဲ့ ဟိုပန်ကြားမှာ တိုက်ပွဲတွေရှိခဲ့ကြောင်း အတည်ပြုပါတယ်။
စစ်ကောင်စီတပ်သားတွေရဲ့ ရုပ်အလောင်းတွေကိုပါ MNDAA က ရုပ်သံဖိုင် နဲ့ ထုတ်ပြန်ခဲ့ပြီး ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကို စစ်မေးနေတဲ့ ရုပ်သံဖိုင်တွေကိုပါ ထုတ်ပြန်ခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီစခန်း ၄ ခုအထိ TNLA သိမ်းပိုက်

ဓာတ်ပုံ ရင်းမြစ်, tnla
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့နယ်ထဲက တိန်းတန်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ စခန်း ၄ ခုအထိ သိမ်းပိုက်နိုင်ခဲ့တယ်လို့ တအာင်းတပ် TNLA က ထုတ်ပြန်ပါတယ်။
TNLA တပ်မဟာ(၆) စစ်ဒေသ အဖြစ်သတ်မှတ်ထားတဲ့ လားရှိုးမြို့နယ်ထဲက မိုင်းကျက်တပ်စခန်းနဲ့ တိန်းတန်တပ်စခန်းနှစ်ခုကို ဝင်တိုက်ခဲ့ပြီး တိန်းတန်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် နမ့်ခမ်း-နမ့်ဖတ်ကားလမ်း (၁၃)မိုင် တပ်စခန်း၊ (၁၂)မိုင် တပ်စခန်း နဲ့ မန်မိုင်တပ်စခန်း (၃) ခု ကို လည်း TNLA က မနေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီအလောင်း (၁၈) လောင်း နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ် လို့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု နဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေ ပြန်လည် ပစ်ခတ်တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်မှာ အွန်လိုင်းငွေကြေးလိမ်လည်သူ အယောက် ၁၀၀ နီးပါး ဖမ်းဆီးခံရ

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရန်ကုန်မြို့မှာအခြေပြုပြီး အွန်လိုင်းငွေကြေးလိမ်လည်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ တရုတ်နိုင်ငံသားတွေ အပါအဝင် စုစုပေါင်း ၉၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။
ပြည်ပနိုင်ငံသားတွေရဲ့ အချက်အလက်တွေကို လူမှုကွန်ရက် WhatsApp အက်ပလီကေးရှင်းကနေ ရှာဖွေပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ပေးပို့နေတဲ့လုပ်ငန်းတွေကို တရုတ်နိုင်ငံသားတချို့က ဦးဆောင်ပြီး မြန်မာဝန်ထမ်းတွေနဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့လူစည်ကားရာ Time City Office Tower အပါအဝင် ကွန်ဒို တချို့မှာ ကုမ္ပဏီဖွင့်ပြီး လှုပ်ရှားနေတာဖြစ်ပါတယ်။
အောက်တိုဘာလ ၂၆ ရက်နေ့မှာ ရန်ကုန်၊ တာမွေမြို့နယ်၊ ဦးချစ်မောင်အိမ်ရာမှာဖွင့်လှစ်ထားတဲ့ Supportfix ကုမ္ပဏီကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ပြီး အမျိုးသား ၆၆ ဦးနဲ့ အမျိုးသမီး ၂၂ ဦး စုစုပေါင်း ၈၈ ဦးကို ဖမ်းဆီးမိခဲ့တာလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
အဲဒီထဲက ဦးဆောင်သူ ဇူကျန်း (ခ) လောက်ဖ ရဲ့ ထွက်ဆိုချက်အရ အင်းစိန်မြို့နယ်မှာရှိတဲ့ Spring Line ကွန်ဒိုကိုထပ်မံရှာဖွေပြီး ဦးဆောင်သူ ကျန်းယွိ အပါအဝင် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားတာပါ။
ဒီကနေ့ထုတ်သတင်းစာမှာ အကျယ်တဝင့်ဖော်ပြလာချက်အရ တရက်တည်းမှာတင် အွန်လိုင်းငွေကြေးလိမ်လည်သူ ၉၅ ဦး ကို ဖမ်းဆီးရမိတာဖြစ်ပြီး ဒီလိုလိမ်လည်ဖို့ ဝန်ထမ်းအသစ်ရှာဖွေပေးသူ ရန်လုံရှင်း ဆိုသူကတော့ ထွက်ပြေးလွတ်မြောက်နေတယ်လို့ ပြောပါတယ်။
Zhan Tu ကုမ္ပဏီပိုင်ရှင် ရန်လုံရှင်း ရုံးခန်းဖွင့်လှစ်ထားတဲ့ ကမာရွတ်မြို့နယ်၊ Time City Office Tower က အခန်းကိုလည်း ချိပ်ပိတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။
အခုဖမ်းဆီးရမိသူတွေဟာ ငွေကြေးလိမ်လည်ဖို့ ပြည်ပနိုင်ငံသားပစ်မှတ်ရှာဖွေပေးတာ၊ ရရှိတဲ့ ပစ်မှတ်ရဲ့ ကိုယ်ရေးအချက်အလက်တွေရယူဖို့အတွက် အဖွဲ့တဖွဲ့မှာ ၁၀ ဦးနှုန်းဖွဲ့စည်းပြီး WhatsApp အက်ပလီကေးရှင်းကနေ အချက်အလက်စုဆောင်းတာလို့ဆိုပါတယ်။ ရလာတဲ့ အချက်အလက်တွေကိုတော့ ငွေကြေးလိမ်လည်မယ့် အခြားအဖွဲ့တွေဆီ ပြန်ရောင်းချနေတာလို့ စစ်ကောင်စီက ပြောပါတယ်။
ဒါပေမဲ့ ဦးဆောင်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က တိတိကျကျ ထုတ်ပြောလာတာမတွေ့ရပါဘူး။
ဒီလို ရန်ကုန်မြို့လူစည်ကားရာနေရာ Time City လိုနေရာအပါအဝင် ကွန်ဒိုတိုက်ခန်းတွေမှာ အွန်လိုင်းငွေကြေးလိမ်လည်သူတွေလုပ်ကိုင်နေကြောင်း သတင်းမီဒီယာအချို့က အစောပိုင်းကတည်းက ဖော်ထုတ်ရေးသားခဲ့ကြပါတယ်။
တဖက်မှာလည်း အွန်လိုင်းငွေကြေးလိမ်လည်မှုတွေကို နှိမ်နင်းဖို့ နယ်မြေစိုးမိုးရေးရရှိဖို့ကြိုးစားတာလို့ဆိုကာ တရုတ် - မြန်မာနယ်စပ်အနီးလှုပ်ရှားနေတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA နဲ့ ရက္ခိုင့်တပ်တော် AA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေဦးဆောင်ပြီး စစ်ဆင်ရေး ၁၀၂၇ ကို အောက်တိုဘာ ၂၇ ရက်က စတင်အကောင်အထည်ဖော်ပြီး စစ်ကောင်စီတပ်စခန်းတွေကို ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နေပါတယ်။








