တရုတ်ဓာတ်ခွဲခန်းကနေ ကိုဗစ်စတာဖြစ်နိုင်တယ်လို့ FBI ပြော

ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုးဟာ တရုတ်အစိုးရလက်အောက်ခံဓာတ်ခွဲခန်းတခုကနေ စတင်လာတာဖြစ်ဖို့ အများဆုံးပဲလို့ FBI ညွှန်ကြားရေးမှူး ခရစ္စတိုဖာရေးက ပြောလိုက်ပါတယ်။

“ကိုဗစ်ကပ်ရောဂါရဲ့ ဇာစ်မြစ်ကို ကာလတခုကြာအောင် FBI ကဆန်းစစ်အကဲဖြတ်ကြည့်တဲ့အခါ အဖြစ်နိုင်ဆုံးက ဓာတ်ခွဲခန်းမတော်တဆမှုတခုခုကနေ ထွက်ပေါ်လာတာပဲ” လို့ ဖောက်စ်သတင်းဌာနနဲ့ အင်တာဗျူးမှာပြောခဲ့တာပါ။

ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပေါ်ပေါက်လာမှုနဲ့ ပတ်သက်ပြီး FBI ရဲ့လျှို့ဝှက်အကဲဖြတ်ချက်ကို ပထမဆုံးအကြိမ် လူသိရှင်ကြားအတည်ပြုပြောကြားတာ ဖြစ်ပါတယ်။

ဓာတ်ခွဲခန်းကထွက်လာတယ်ဆိုတဲ့ သီအိုရီကို အထောက်အထားမခိုင်လုံဘူးဆိုပြီး သိပ္ပံပညာရှင်အများအပြားက ပယ်ချထားကြပါတယ်။

တခြားအမေရိကန်အစိုးရအေဂျင်စီတွေကတော့ FBI နဲ့မတူညီတဲ့ တခြားကောက်ချက်တွေ အသီးသီးဆွဲထားတာတွေ ရှိကြပါတယ်။

တချို့ကတော့ ဗိုင်းရပ်စ်ပိုးဟာ ဓာတ်ခွဲခန်းထဲကထွက်လာတာမဟုတ်ဘဲ တိရစ္ဆာန်တွေကနေတဆင့် ကူးစက်တာလို့ ယူဆပေမဲ့ ဒါကလည်း ဖြစ်နိုင်ခြေနည်းပါတယ်။

အမေရိကန်အစိုးရအတွင်းမှာတောင် အားလုံးသဘောတူတဲ့သီအိုရီ မရှိသေးဘူးလို့ အိမ်ဖြူတော်အသိုင်းအဝိုင်းက ထုတ်ဖော်ပြောဆိုပါတယ်။

တရုတ်နဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်တို့ ၂၀၂၁ ခုနှစ်မှာ ပူးတွဲလုပ်ဆောင်တဲ့ စုံစမ်းစစ်ဆေးမှုကတော့ ဓာတ်ခွဲခန်းထဲကနေ ထွက်ပေါ်လာတယ်ဆိုတဲ့ သီအိုရီဟာ ဖြစ်နိုင်ခြေ အလွန်အမင်းနည်းတယ်လို့ဆိုပါတယ်။

ဒါပေမဲ့ WHO ရဲ့အဲဒီကောက်ချက်ဟာ အပြင်းအထန် ဝေဖန်မှုတွေခံခဲ့ရပါတယ်။ WHO ရဲ့ ညွှန်ကြားရေးမှူးချုပ်ကတော့ အယူအဆအားလုံးအတွက် တံခါးဖွင့်ထားကြောင်းနဲ့ ဆက်လက်ပြီး စုံစမ်းစစ်ဆေးဖို့ လိုသေးကြောင်းပြောကြားခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုအသစ်တွေလုပ်ကြဖို့လည်း ဖိတ်ခေါ်ခဲ့ပါတယ်။

အခုတခါ တရုတ်နိုင်ငံရှိ အမေရိကန်သံအမတ်က ကိုဗစ်ရဲ့ဇာစ်မြစ်နဲ့ပတ်သက်လို့ တရုတ်အနေနဲ့ ပိုပြီးပွင့်လင်းဖို့ ပြောကြားလိုက်ပြန်ပါတယ်။ အဲသလိုပြောပြီး နောက်တနေ့မှာ FBI ညွှန်ကြားရေးမှူး ခရစ္စတိုဖာရေးရဲ့ ပြောဆိုချက်ထွက်ပေါ်လာတာပါ။

မတ်လ ၁ ရက် အင်္ဂါနေ့မှာပြုလုပ်တဲ့ ဖောက်စ်သတင်းဌာနနဲ့ အင်တာဗျူးမှာ ကမ္ဘာလုံးဆိုင်ရာကပ်ဘေးကြီးရဲ့ ဇာစ်မြစ်ကို ဖုံးကွယ်ဟန့်တားဖို့ မသဲကွဲအောင်လုပ်ဖို့ တရုတ်ဟာ အစွမ်းကုန်ကြိုးစားခဲ့တယ်လို့ ခရစ္စတိုဖာရေးက ဆိုပါတယ်။

တရုတ်အစိုးရကတော့ အမေရိကန်ဟာ နိုင်ငံရေးကစားကွက်တွေ လုပ်လာပြန်ပြီလို့ တုံ့ပြန်ချေပပါတယ်။ ဘာမှ အထောက်အထားမရှိတဲ့ကောက်ချက်တွေကိုပြောဆိုနေတာသာ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စမော်နင်းက ဆိုပါတယ်။

တချို့သုတေသီတွေကတော့ ဝူဟန်မြို့ပင်လယ်စာနဲ့တောရိုင်းသားငါး စျေးမှာ တိရစ္ဆာန်ကနေတဆင့် လူကိုစတင်ကူးစက်ခဲ့တယ်လို့ ဆိုကြပါတယ်။ အဲဒီသားငါးနဲ့ပင်လယ်စာစျေးဟာ ဝူဟန်ဗိုင်းရပ်စ်ဌာနရဲ့ ဗိုင်းရပ်စ်ဓာတ်ခွဲခန်းရဲ့ အနီးအနားမှာပဲ ရှိပါတယ်။

ဂလတ်စဂိုတက္ကသိုလ်ရဲ့ ဗိုင်းရပ်စ်ဂျီနုမ်းနဲ့ ဇီဝသတင်းအချက်အလက်ဌာနအကြီးအကဲ ပါမောက္ခဒေးဗစ်ရောဘတ်ဆန်ကတော့ ဗိုင်းရပ်စ်ဟာ သဘာဝအလျောက်ထွက်ပေါ်လာတယ်ဆိုတဲ့ သီအိုရီကသာ ပိုပြီးဖြစ်နိုင်ခြေရှိတယ်လို့ဆိုပါတယ်။ ဓာတ်ခွဲခန်းကနေထွက်လာတာမဟုတ်ဘဲ ဝူဟန်သားငါးစျေးကွက်ရှိ အကောင်ပလောင်တွေဆီကနေ သဘာဝအလျောက် ပေါ်ပေါက်ပြန့်ပွားလာသာဖြစ်နိုင်ကြောင်း အချက်အလက်သက်သေတချို့ရှိပါတယ်လို့ သူကဆိုပါတယ်။ ဆင်တူတဲ့ဗိုင်းရပ်စ်မျိုးကွဲတွေဟာ လင်းနို့ကနေလူဆီကူးစက်ခဲ့ဖူးကြောင်း စောစောပိုင်းကတွေ့ရှိခဲ့တဲ့ အထောက်အထားတွေကို သူဆိုလိုတာပါ။

ကိုဗစ်ဘယ်လိုစတင်ခဲ့တယ်ဆိုတာကို စုံစမ်းဖော်ထုတ်နိုင်ရေးအတွက် အစိုးရတခုလုံးရဲ့ တတ်စွမ်းသမျှအထောက်အပံ့တွေ ပေးသွားမယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကပြောကြောင်းလည်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရ ဂျွန်ကာဘီက တနင်္လာနေ့မှာ ပြောဆိုပါတယ်။ “အားလုံးသဘောတူတဲ့အဖြေကိုမရသေးပါဘူး။ ရခဲ့ပြီဆိုတာနဲ့ အမေရိကန်ပြည်သူတွေနဲ့ လွှတ်တော်ကို ပြောကြားပါမယ်” လို့လည်း ဆိုပါတယ်။

တရုတ်ထောက်လှမ်းရေးမိုးပျံပူဖောင်း ပြဿနာနောက်ပိုင်းမှာ အမေရိကန်-တရုတ်ဆက်ဆံရေးဟာ ပိုပြီးအပြန်အလှန်တင်းမာခဲ့ကြပါတယ်။