ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထဘီ နဲ့ မိန်းမ အတွင်းခံတွေက ပိုညစ်ပတ်သလား
“သန့်သန့်ရှင်းရှင်း လျှော်ဖွပ်ထားတဲ့ အဝတ်အစားချင်း အတူတူကို အမျိုးသားတွေ ဝတ်တဲ့ ပုဆိုးနဲ့အင်္ကျီတွေ ကျတော့ ခေါင်းပေါ်မှာ လှန်းတာ၊ လူမြင်ကွင်းမှာ လှန်းတာက တင့်တယ်ပြီး အမျိုးသမီးဝတ် ထဘီ၊ ဘောင်းဘီနဲ့ အတွင်းခံတွေ ကျတော့ လူမြင်ကွင်းမှာ လှန်းခွင့်မရှိ၊ ဘာကြောင့် မီးဖိုချောင်ထဲမှာ လှန်းရတာလဲ” ဆိုပြီး ဆယ်ကျော်သက်ရွယ် ကလေးငယ် ဘဝကတည်းက မေးခွန်းထုတ်လာခဲ့တဲ့ မကျော်ရွှန်းလဲ့ရည်က သူ့အတွေးနဲ့ အနုပညာကို ပူးပေါင်းပြီး ဇာတ်လမ်းတို ရုပ်ရှင်အဖြစ် ဖန်တီးခဲ့ပါတယ်။
မြန်မာစကားပြော အင်္ဂလိပ်စာတန်းထိုးတဲ့ ၁၈ မိနစ်ကြာ ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။
ဒီဇာတ်လမ်းတိုရုပ်ရှင်က ပြီးခဲ့တဲ့ သြဂုတ်လကုန်က ပြုလုပ်တဲ့ စင်္ကာပူ လူငယ်ရုပ်ရှင် ပွဲတော်မှာ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး ဇာတ်ညွှန်းဆုနဲ့ အကောင်းဆုံး ဇာတ်ကားဆု စတဲ့ ရုပ်ရှင်ဆိုင်ရာ အမြင့်ဆုံးဆု သုံးဆု ရရှိခဲ့ပါတယ်။
အခု စက်တင်ဘာ လဆန်းက တောင်ကိုရီးယားမှာ ပြုလုပ်တဲ့ နိုင်ငံတကာ အမျိုးသမီး ရုပ်ရှင်ပွဲတော်မှာလည်း ပါဝင်ယှဉ်ပြိုင်တဲ့ ဇာတ်ကားပေါင်း ၆၀၀ ကျော်မှာ ဆန်ခါတင် ရုပ်ရှင် ကား ၂၀ ထဲ ပါခဲ့ပါတယ်။
နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ဒီလောက် အဆင့်အထိ တက်လှမ်းနိုင်ခဲ့တဲ့ ဒီ Dirty Lundry ရုပ်ရှင်ရဲ့ ဖန်တီးရှင်က ပြီးခဲ့တဲ့ ဇူလိုင်လကမှ စင်္ကာပူ တက္ကသိုလ်ကနေ ပူပူနွေးနွေး ဘွဲ့ရထားတဲ့ အသက် ၂၃ နှစ် အရွယ် မကျော်ရွှန်းလဲ့ရည်ပါ။
Nanyang Technological University မှာတက်ရောက်ပြီး School of Arts Design Media ဘွဲ့အတွက် သင်ကြားခဲ့ရာမှာ ရုပ်ရှင်ရိုက်ကူးရေးကို အထူးပြု ယူခဲ့ ပါတယ်။
တက္ကသိုလ် နောက်ဆုံးနှစ်မှာ ပရောဂျက် လုပ်ရတော့ ဒီရုပ်ရှင်ကို ရိုက်ကူးဖြစ်ခဲ့တာဖြစ်ပါတယ်။
ပရောဂျက်အတွက် ဒါရိုက်တာ လုပ်ချင်သူ၊ ဇာတ်လမ်း အိုင်ဒီယာ ရှိသူတွေ ရှိရင် တင်ပြဖို့ သူ့ကျောင်းက ပါမောက္ခတွေက ပြောလို့ တင်ပြရာမှာ အရွေးခံခဲ့ရပြီး ရိုက်ဖြစ်ခဲ့တာလို့ မကျော်ရွှန်းလဲ့ရည်က ပြောပါတယ်။
ဇာတ်လမ်းကတော့ သူငယ်ငယ်ကတည်းက လက်မခံနိုင်ဘဲ ဘဝင်မကျ ဖြစ်ခဲ့တဲ့ ယောက်ျားလေး အဝတ်အစားနဲ့ မိန်းကလေး အဝတ်အစားတွေကို အတူ လျှော်ဖွပ်တာ မလုပ်ရဘူး၊ မိန်းမ ထဘီ၊ စကပ်နဲ့ ဘောင်းဘီတို့ကို လူမြင်ကွင်းမှာ လှန်းတာ မသင့်တော်ဘူး ဆိုတဲ့ မြန်မာနိုင်ငံက အရိုးစွဲ ဓလေ့တခု ကို လက်မခံနိုင်သူ၊ စင်္ကာပူမှာ ကြီးပြင်းလာတဲ့ မကျော်ရွှန်းလဲ့ရည်က မီးမောင်းထိုးပြ ရိုက်ကူးခဲ့ပါတယ်။
ခန္ဓာကိုယ်ပေါ် ဝတ်တာချင်း အတူတူ မိန်းမ ထဘီနဲ့ အတွင်းခံတွေက ပိုညစ်ပတ်တယ်လို့ ဘာကြောင့်ထင်ကြတာလဲ ဆိုပြီး သူက မေးခွန်းထုတ်ပါတယ်။
နိုင်ငံခြားမှာ ရောက်နေလို့ မြန်မာ့ဓလေ့တွေ မလိုက်နာနိုင်တာလား
အသက် ၃ နှစ် အရွယ်ကတည်းက မိဘတွေနဲ့အတူ မြန်မာနိုင်ငံကနေ စင်္ကာပူကို ရောက်လာတဲ့ မကျော်ရွှန်းလဲ့ရည်က မြန်မာတစ်ယောက် ဖြစ်တဲ့ အတွက် မြန်မာ့ရိုးရာ ဓလေ့ကို မြန်မာနိုင်ငံနဲ့ ဘယ်လောက်ဝေးတဲ့နေရာကို သွားသွား သယ်ဆောင်သွားမယ်လို့ ပြောပါတယ်။ မြန်မာ ဖြစ်လို့ ကိုယ့် ရိုးရာဓလေ့ကို လေးစားလိုက်နာမယ် ဆိုပေမဲ့ လူကြီးတွေက ဒါလုပ်ရမယ် ဒါကိုလိုက်နာရမယ်လို့ ပြောတိုင်းတော့ မျက်စိမှိတ်ပြီး လိုက်လုပ်စရာတော့ မလိုဘူးထင်တယ်လို့ ပြောပါတယ်။
အသက် ၃ နှစ် အရွယ်ကတည်းက စင်္ကာပူမှာ ရောက်နေပေမဲ့ မြန်မာ စကားပြောနိုင်နေတယ် ဆိုတာကလည်း ကိုယ့်နိုင်ငံ ကိုယ့်မိခင် ဘာသာစကားကို မမေ့လျော့အောင် တန်ဖိုးထားတဲ့ သဘောလို့ မြင်တွေ့နိုင်ပါတယ်။
နှစ်တိုင်း ဒီဇင်ဘာ ကျောင်းပိတ်လို့ ရန်ကုန်ပြန်တဲ့အခါ အဘွား၊ အမေ စတဲ့ အမျိုးသမီးတွေရဲ့ အင်္ကျီတွေကို အိမ်မှာရှိတဲ့ ယောက်ျားလေး အဝတ်တွေနဲ့ ခွဲလျှော်ရတယ်၊ ပြီးရင် ယောက်ျားလေး အင်္ကျီတွေကို ဝရန်တာမှာ လှန်းလို့ရတယ်၊ မိန်းကလေး အဝတ်အစားတွေကိုတော့ နောက်ဖေးမှာပဲ လှန်းရတယ်လို့ မကျော်ရွှန်းလဲ့ရည်က ဆိုပါတယ်။
မြန်မာအိမ်တွေရဲ့ အနေအထားက မီးဖိုထဲမှာဆိုရင် ရေတွေ ရှိတယ်၊ ချော်လဲနိုင်တယ်၊ တိုက်အမြင့်ပေါ်ကနေ ပြုတ်ကျနိုင်တဲ့ အန္တရာယ်တွေ ကြုံနိုင်တယ် ဆိုတာ ၁၄ နှစ်အရွယ်လောက်က အောက်ခံဘောင်းဘီနဲ့ ထဘီကို နောက်ဖေးမှာ သွားလှန်းရတဲ့ အတွေ့အကြုံအရ သိခဲ့ရတယ်လို့ သူက ပြောပါတယ်။
ဘာကြောင့် ဒီလို ခွဲခြားရတာလဲ၊ မိန်းကလေး အဝတ်အစားကို လူမြင်မှာ ရှက်သလို ဖြစ်ပြီး ဘာကြောင့် သူများ မမြင်စေချင်တာလဲ၊ လူတိုင်း အောက်ခံဘောင်းဘီ ဝတ်တယ် ဆိုတာ သိနေပါလျက်နဲ့ မိန်းကလေး အတွင်းခံတွေ ကျတော့ ဘာကြောင့် နောက်ဖေးမှာ လူမမြင်စေချင်တဲ့ပုံစံ လှန်းရတာလဲ ဆိုတာ ကလေးအရွယ်က သူ နားမလည်နိုင်ခဲ့လို့ လူကြီးတွေကို မေးပြန်တော့လည်း ဒါက ဓလေ့ တခု ဆိုတာက လွဲရင် တိကျတဲ့ အကြောင်းပြချက် မကျော်ရွှန်းလဲ့ရည် မရခဲ့ပါဘူး။
လက်မခံနိုင်တဲ့ ဓလေ့အကြောင်း ဘာကြောင့် ရုပ်ရှင်ရိုက်ပြဖို့ လိုသလဲ
မြန်မာ တော်တော်များများ က နိုင်ငံရပ်ခြားတိုင်းပြည်တွေအထိ ကိုယ့် ရိုးရာဓလေ့တွေကို သယ်ဆောင်လာကြပြီး လိုက်နာကြပါတယ်။ မကျော်ရွှန်းလဲ့ရည်ကတော့ အလကားနေရင်း လိုက်နာစရာ မလိုဘူးလို့ ယူဆပါတယ်။
ဒီဇာတ်ကား စရိုက် ချင်တာက မြန်မာ မိန်းကလေးတွေရဲ့ တွေရဲ့ ဦးနှောက်ထဲမှာ စဉ်းစားစရာ တခုခု ရသွားစေချင်တဲ့ သဘော အတွေးအခေါ် အိုင်ဒီယာလေး နည်းနည်းဝင်သွားစေချင်တဲ့သဘောကြောင့်ဖြစ်ပြီး ဘယ်ကိစ္စကိုမဆိုလက်ခံသင့် လက်မခံသင့် ဆိုတာ ဖြစ်သင့် စိတ်ထဲမှာ အရင် စဉ်းစားပြီးမှ ဆုံးဖြတ်လုပ်သင့်တယ် ဆိုတဲ့ အတွေးလေး ရစေချင်တယ်လို့ သူက ဆိုပါတယ်။
ဘယ်သူမဆို အပြောင်းအလဲ လိုချင်ရင် အတွေးအခေါ် ကို အရင်ဆုံး ပြောင်းလဲဖို့ လိုတယ်လို့ မကျော်ရွှန်းလဲ့ရည်က ပြောပါတယ်။
စင်္ကာပူနိုင်ငံက စင်္ကာပူသားတွေနဲ့ မလေးလူမျိုး သူ့ သူငယ်ချင်းတွေထဲမှာ ယောက်ျားလေးကို ပိုဦးစားပေးတဲ့ ဓလေ့တွေ ရှိကြပေမဲ့ အဝတ်အစား ခွဲခြားတာတော့ မတွေ့ဖူးဘူး လို့လည်း ပြောပါတယ်။
ကျားမ ခွဲခြားမှုတွေ
မကျော်ရွှန်းရည်က သူငယ်ငယ်ကတည်းက သူ့ပတ်ဝန်းကျင်မှာ တွေ့ရတဲ့ ကျားမ ခွဲခြားမှုတွေကို ဘယ်လိုမှ လက်မခံနိုင်ခဲ့ပါဘူး။
ဥပမာအားဖြင့် မိန်းကလေးမို့ အိမ်မှာ သန့်ရှင်းရေး လုပ်ရမယ်၊ မိန်းကလေးမို့ ည မိုးချုပ် အပြင်မထွက်ရဘူး ဆိုတဲ့ မိန်းကလေးဖြစ်ဖြစ်နေလို့ လုပ်ရမှာ မလုပ်ရမှာတွေကို ခွဲခြားခိုင်းစေခံနေရတာတွေကို ဘဝင်မကျခဲ့ဘူးလို့ ပြောပါတယ်။
အသက်ကြီးလာတာနဲ့အမျှ မိန်းကလေးတွေကို ခွဲခြားဆက်ဆံတာတွေ ပိုတွေ့လာရလေလေ ဖြစ်ပြီး အဲဒီလို ခွဲခြားဆက်ဆံမှုတွေကို လုံးဝ လက်မခံနိုင်ဘူးလို့ မကျော်ရွှန်းလဲ့ရည်က ပြောပါတယ်။
ကျားမ ခွဲခြားမှုတွေက မြန်မာ တနိုင်ငံတည်းမှာ တင်မကဘဲ အာရှနဲ့ အနောက်နိုင်ငံတွေ အပါအဝင် တကမ္ဘာလုံးမှာ တွေ့နေရတယ်၊ အမျိုးသမီးဖြစ်လို့ ထိပ်တန်းအဆင့်မြင့်ရာထူး မပေးတာ၊ ရာထူးချင်းတူရင် အမျိုးစားတွေနဲ့ တန်းတူ လခ မရတာတွေ အပြင် ကိုယ်ဝန်ဖျက်ချတဲ့ ကိစ္စလိုမျိုးမှာ မိန်းမတွေဟာ သူတို့ပိုင်တဲ့ သူတို့ရဲ့ ခန္ဓာကိုယ်ကိုတောင် သူတို့ဆန္ဒအတိုင်း လုပ်ခွင့်မရဘဲ ကန့်သတ်ခံရတာတွေရှိနေတယ်လို့ သူက ပြောပါတယ်။
အိမ်အလုပ်ဆိုတာ မိန်းမ အလုပ်လို့ သာမန်အားဖြင့် သဘောထားကြတာ များတယ်လို့ ဆိုပါတယ်။
အိမ်ထောင်စုတခုမှာ ဆိုရင်လည်း ယောက်ျားဖြစ်သူက ဝင်ငွေရှာတဲ့ အလုပ်လုပ်ပြီး အိမ်ထောင်မှု ကိစ္စတွေမှာ လုံးဝ ကူညီလုပ်ကိုင်တာ မရှိပေမဲ့ မိန်းမတွေကျတော့ အပြင်မှာ ငွေရှာတဲ့ အလုပ် လုပ်ရင်လည်း အိမ်ပြန်ရောက်တဲ့အခါ အိမ်မှု ကိစ္စတွေကို လုပ်ကြရတယ်။ အမျိုးသား အမျိုးသမီး တန်းတူညီမျှ တာဝန်ခွဲဝေလုပ်တယ်ဆိုတာ ရှားတယ်လို့ ပြောပါတယ်။
အခု Dirty Laundry ဆိုတဲ့ ရုပ်ရှင်ကတော့ သူ့ပတ်ဝန်းကျင်မှာ မြင်ရ တွေ့ရ ကြုံရတာတွေထဲက နမူနာတခုကို ထုတ်ယူပြီး ကျားမ ခွဲခြားတဲ့ ဓလေ့ တခုကို ပုံဖော်ပြတာ ဖြစ်ပါတယ်။
ဘာကြောင့် ဆုပေးဖို့ ရွေးတာလဲ
စင်္ကာပူရုပ်ရှင်ပွဲတော်မှာ ဆုရချိန် ဆုယူတော့ အကဲဖြတ်တဲ့သူတွေက မြန်မာမှာ ဒီလို ဓလေ့ ရှိတာ မသိကြဘဲ အံ့သြကြတယ်လို့ ပြောပါတယ်။ ဆုရွေးချယ်ရေး အဖွဲ့ဝင် တစ်ယောက်က ဒီဇာတ်လမ်းကို ရေးရဲတယ်၊ ရိုက်ရဲတယ်၊ ဒါကြောင့် ဒီဆုကို ပေးတာလို့ ဆုမပေးခင် စင်မြင့်ပေါ်မှာပြောခဲ့တယ်လို့ မကျော်ရွှန်းလဲ့ရည်က ပြောပါတယ်။
ရုပ်ရှင်ထဲမှာ သရုပ်ဆောင်တွေက သဘာဝကျကျ သရုပ်ဆောင်ထားကြလို့ သရုပ်ဆောင်နေတယ်လို့တောင် မထင်ရဘူး၊ ဒီဇာတ်လမ်းက ရိုးရိုးလေးပဲ ရိုက်ထားတာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
အခုလို အသိအမှတ်ပြုခံရပြီး ဆုတွေ ချီးမြှင့်ခံရတာ သူ တစ်ယောက်တည်း တော်လို့ မဟုတ်ဘဲ ရိုက်ကူးရေးအဖွဲ့မှာပါတဲ့ သူငယ်ချင်းတွေ အားလုံးနဲ့ သရုပ်ဆောင်တွေ ရဲ့ စုပေါင်း ကြိုးစားမှုကြောင့်ဖြစ်တယ်လို့ မကျော်ရွှန်းလဲ့ရည်က ပြောပါတယ်။
ဆုတွေရဖို့၊ တောင်ကိုရီးယားအမျိုးသမီး ရုပ်ရှင် ပွဲတော်ကို ရောက်ဖို့ မျှော်လင့်ပြီး လုပ်ခဲ့တာမဟုတ်ဘဲ ဆုတွေရလာတော့ အရမ်းဂုဏ်ယူတယ်လို့ ဆိုပါတယ်။
ရှေ့ဆက်ပြီး ဇာတ်ညွှန်းတွေ ဆက်ရေးမယ်၊ ရုပ်ရှင်တွေလည်း ဆက်ရိုက်မယ်၊ ပိုအသက်ကြီးလာလို့ ရုပ်ရှင် ဆက်မရိုက်ဖြစ်ဘဲ တခြား အလုပ်တွေ လုပ်ဖြစ်တယ်ဆိုရင်တောင် မိန်းကလေး အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေးနဲ့ ဆိုင်တာတွေကို ဆက်လုပ်မယ်လို့ ဒါရိုက်တာ မကျော်ရွှန်းလဲ့ရည်က ပြောပါတယ်။