အခန်းပိတ်ခံထားရတဲ့ ဒူဘိုင်းကနေ မြန်မာအိမ်အကူ ဘယ်လိုပြန်လွတ်လာခဲ့သလဲ။

Myanmar Maid, Dubai

ဓာတ်ပုံ ရင်းမြစ်, မနန့်အေးအေးပြုံး

ဓာတ်ပုံ ပုံစာ, အခန်းထဲပိတ်လှောင်ပြီး အစာရေစာ ဝဝလင်လင်မစားရတဲ့အပြင် အပြင်ကိုဆက်သွယ်လို့မရအောင်ဖုန်းတွေကိုပါ ပွဲစားဆိုသူတွေက သိမ်းဆည်းထားပါတယ်။

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်က အသက် ၂၃ နှစ်အရွယ် မနန့်အေးအေးပြုံးတစ်ယောက် သူ့ဇာတိမွေးရပ်မြေက ဆောက်လက်စအိမ်လေး အပြီးသတ်နိုင်ဖို့ ရည်မှန်းချက်နဲ့ အရှေ့အလယ်ပိုင်းနိုင်ငံဖြစ်တဲ့ ဒူဘိုင်းကို အိမ်အကူအလုပ်လုပ်ဖို့ ရောက်လာခဲ့ပါတယ်။

သူဟာ အရင်က စင်ကာပူမှာ အိမ်အကူ ၃ နှစ်လောက်လုပ်ကိုင်ခဲ့ပြီး အဲဒီက ရတဲ့လခလေးနဲ့ ပြိုကျလုနီးပါးဖြစ်နေတဲ့အိမ်လေးကိုဖျက်ပြီး အိမ်အသစ်လေးဆောက်ဖို့ ကြိုးစားခဲ့တာပါ။

အိမ်သစ်လေးစဆောက်လို့မှ သိပ်မကြာခင်မှာပဲ ဖခင်ဖြစ်သူ ကျန်းမာရေးမကောင်းတာကြောင့် ကျုံပျော်မြို့ကို ပြန်လာခဲ့ရပါတယ်။

ဖခင်ကျန်းမာရေးပြန်ကောင်းချိန်မှာ ဆောက်လက်စအိမ်လေး လက်စသတ်နိုင်ဖို့ စင်ကာပူကို ပြန်သွားဖို့ပြင်ချိန်မှာပဲ ပွဲစားဖြစ်သူအမျိုးသမီးရဲ့မက်လုံးပေးပြောဆိုမှုတွေကိုနားယောင်ပြီး စင်ကာပူကိုမပြန်ဖြစ်ဘဲ ဒူဘိုင်းကို ၂၀၂၂ ခုနှစ်၊ ဇွန်လမှာ ရောက်သွားပါတော့တယ်။

"သူက စင်ကာပူ‌ရော ဒူဘိုင်းရောကို အလုပ်သမားတွေပို့ပေးတာ။ ဒူဘိုင်းက လစာပိုကောင်းတယ်။ ပွဲစားခကလည်း တစ်ခါတည်း မပေးရဘဲ လုပ်ခ နှစ်လစာနဲ့ရှင်းရမယ်၊ ဒူဘိုင်းရောက်တာနဲ့ အလုပ်တန်းရမှာတဲ့။ အကုန်အဆင်ပြေမှာလို့ပြောတာနဲ့ ကျွန်မလည်း ဇွန် ၁၁ ရက်မှာ စထွက်ခဲ့တယ်"

ဒူဘိုင်းကို သွားဖို့ ခရီးအစမှာတင် အဆင်မပြေမှုတွေက မနန့်အေးအေးပြုံးအပါအဝင် အတူသွားကြသူ မြန်မာအမျိုးသမီး ၁၆ ယောက်ကို ကြိုဆိုနေပါတယ်။

ဒူဘိုင်းသွားဖို့ မြန်မာကနေ လေယာဥ်နောက်တစ်ဆင့်ပြောင်းစီးရတဲ့ ထိုင်းလေဆိပ်မှာလည်း ဗီဇာပြဿနာကြောင့် သုံးရက်လောက် လေဆိပ်မှာအိပ်ကြရပါတယ်။ စားစရိတ်အတွက်လည်း ငွေကြေးကအလုံလောက်မပါ၊ Show Money ပြဖို့အတွက်ဆောင်လာတဲ့ ဒေါ်လာ ၂၀၀ ကိုလည်း သုံးလို့မဖြစ်တာကြောင့် ပွဲစားတွေကျွေးတဲ့ မုန့်နဲ့ရေကိုသာ စားခဲ့ကြရပါတယ်။

ဘန်ကောက်ကနေ ဒူဘိုင်းလေဆိပ်ကို အရောက်မှာလည်း သူတို့တွေရဲ့ အဝတ်အိတ်တချို့ ပျောက်ဆုံးခဲ့ရပါတယ်။

"စင်ကာပူကနေ အိမ်ဖော်လုပ်ပြီး လစာလေးထဲက စုဝယ်ထားတဲ့ ရွှေလေးတွေရယ်၊ ဘောက်ချာတွေရယ် အဲဒီအိတ်ထဲထည့်ထားတာ ။ အိတ်ပြန်မရတော့ဘူး။ တခြားသူတွေလည်း အိတ်တွေပျောက်ကြတယ်"

ဒီလိုနဲ့ ဒူဘိုင်းနိုင်ငံက လေဆိပ်အရောက်မှာတော့ အေးဂျင့်က စီစဉ်ပေးထားတဲ့ကားနဲ့ မနက်ပိုင်းကတည်းက စထွက်လာကြတာ၊ ညနေ နေဝင်တဲ့အထိ ကားစီးခဲ့ကြရပါတယ်။ ဒူဘိုင်းက အလုပ်သမားဝန်ဆောင်မှုရုံးကိုရောက်ချိန်မှာ အတူလာတဲ့ ၁၆ ယောက်ကို နေရာတွေ ခွဲလိုက်ပါတယ်။

မနန့်အေးအေးပြုံးတို့အဖွဲ့ထဲက နှစ်ယောက်နဲ့ တခြားမြန်မာအမျိုးသမီးတချို့တို့ကို အခန်းတစ်ခန်းထဲ ထည့်ထားခဲ့ပါတယ်။

"အခန်းထဲ ၇ ယောက်လောက်ထည့်ထားတယ်။ ထမင်းကို ဗန်းကြီးထဲ ထည့်ပေးတယ်။ တခါတလေ ထမင်းက အဖြူထည်ကြီး ဘာမှမပါဘူး။ မဝကြဘူး။ တခါတလေ ရေမလောက်ဘူး။ အဲဒါဆိုရင် ဘေစင်ထဲက ရေကိုပဲသောက်ရတာ။ တောင်းလည်းမပေးဘူး။ တခြားနိုင်ငံက အမျိုးသမီးတွေ အိမ်ရှင်နဲ့အဆင်မပြေလို့ ပြန်လာရင်လည်း ရိုက်နှက်ပြီး အော်ငေါက်နေတာတွေလည်းတွေ့တယ်"

ဒူဘိုင်း ၊ အိုမန်၊ စစ်အာဏာသိမ်း၊ မြန်မာအိမ်ဖော်အမျိုးသမီး

ဓာတ်ပုံ ရင်းမြစ်, မနန့်အေးအေးပြုံး

ဓာတ်ပုံ ပုံစာ, ၇ ယောက်အတွက် ပေးတဲ့ ထမင်းတစ်ဗန်းကို အခုလို ဝေပုံကျစားရပါတယ်။
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒူဘိုင်းမှာ အခန်းထဲပိတ်ခံထားရတဲ့အထဲကနေ မအေးအေးပြုံးတစ်ယောက် ဇူလိုင်လလောက်မှာ အိုမန်ကို အပို့ခံရပါတယ်။ အိမ်ရှင်တစ်ယောက်နဲ့ အင်တာဗျူးတွေ့ပြီးနောက် အလုပ်ရခဲ့ပါတယ်။ အဲဒီအိမ်ဟာ သုံးထပ်တိုက်အိမ်ဖြစ်ပြီး အိမ်သန့်ရှင်းရေးအပါအဝင် ဝေယျာဝစ္စတွေကို တစ်ယောက်တည်းလုပ်ရပါတယ်။

“ အေးဂျင့်မှာနေတုန်းကလည်း ထမင်းကို ဝဝ မစားရဘူး။ အိမ်ရှင်ရတော့လည်း မနက် ၆ နာရီကနေ နောက်နေ့မနက် ၂ နာရီအထိ ဆက်တိုက်လုပ်ရတယ်။ ထမင်းကို ညနေ ၂ နာရီလောက်မှကျွေးတယ်။ အိမ်ကြီးက ကြီးတော့ တစ်ယောက်တည်းလုပ်ရတာ အချိန်ကမလောက်ဘူး။ သုံးရက်လောက်ပဲ လုပ်ရတယ်။ ပင်ပန်းပြီး မူးလဲလို့ မလုပ်နိုင်တော့ဘူးလို့ အေးဂျင့်ကိုပြောတော့ လာခေါ်တယ်။“

ဒူဘိုင်းအလုပ်သမားဝန်ဆောင်မှုရုံးကိုပြန်ရောက်ချိန်မှာတော့ လုံးဝမထနိုင်အောင် ဖျားနေခဲ့ပါတယ်။ မြန်မာပွဲစားအမျိုးသမီးဆီ ဖုန်းဆက်ပြီး အကူညီတောင်းတော့လည်း

“ နင်ပဲဖြစ်နေတာ၊ နင်ပဲဂြိုလ်မွှေနေတာတဲ့ ဆိုပြီး ဆဲဆိုတယ်။ ကျွန်က အစားဝဝ မစားရတာရော၊ အလုပ်ပင်ပန်းတာရောနဲ့ အားပြတ်ပြီး အဲဒီလိုဖြစ်တာ။ အဲဒါနဲ့ တခြားနိုင်ငံက အလုပ်လာလုပ်တဲ့ အမျိုးသမီးအချင်းချင်းပဲ အာဖရိကဘက်ကဖြစ်မယ်၊ သူ့မှာပါတဲ့ဆေးတိုက်လို့ သက်သာတာ" လို့ သူကြုံရပုံကို ပြန်ပြောပြပါတယ်။

အိမ်ရှင်နဲ့အဆင်မပြေလို့ ပြန်လာတဲ့မအေးအေးပြုံးအပါအဝင် အိမ်အကူလုပ်ဖို့ ရောက်နေတဲ့ မြန်မာအမျိုးသမီး ၁၄ ယောက်ရဲ့ ဖုန်းတွေကိုသိမ်းပြီး အခန်းထဲ ပိတ်လှောင်ထားခဲ့ပြန်ပါတယ်။

ဒါ့အပြင် သူတို့ကို အီရတ်နိုင်ငံကို ပို့မယ့်အကြောင်းတွေ ပွဲစားက ပြောလာခဲ့ပါတယ်။

တကယ်လို့ မသွားချင်ရင် လျော်ကြေး ကျပ် ၁၅ သိန်းကနေ သိန်း ၆၀ အထိ ပေးဖို့ဆိုပြီးပွဲစားကတောင်းပါတယ်။

ဒူဘိုင်း ၊ အိုမန်၊ စစ်အာဏာသိမ်း၊ မြန်မာအိမ်ဖော်အမျိုးသမီး

ဓာတ်ပုံ ရင်းမြစ်, မနန့်အေးအေးပြုံး

ဓာတ်ပုံ ပုံစာ, မနန့်အေးအေးပြုံးတို့လို ဒူဘိုင်းမှာ အပိတ်လှောင်ခံရတဲ့မြန်မာအမျိုးသမီး ၇ ဦးပါအဖွဲ့ကတော့ သံရုံးအကူအညီနဲ့ ရန်ကုန်ကိုပြန်ရောက်လာကြပါပြီ။

"အီရတ်ကိုရောက်နေတဲ့ သူတွေကလည်း လှမ်းပြောကြတယ်။ မလာနဲ့တဲ့။ မြေအောက်ခန်းလိုနေရာမျိုးမှာ နေရတာတဲ့။ သေနတ်သံတွေကလည်း ကြားရတာတွေရှိတယ်ပြောတော့ ပို့မှာကို ကြောက်ကြတာ။ ကျွန်မတို့လိုပဲ အခန်းထဲမှာ ပိတ်ခံထားရတဲ့ တခြားမြန်မာအမျိုးသမီးတွေ ရှိသေးတယ်"

အီရတ်ကို မသွားချင်လို့ မိသားစုတွေက မရှိရှိတာတွေ ပေါင်နှံရောင်းချပြီး သူတို့တောင်းတဲ့လျော်ကြေးပေးပြီးပေမဲ့လည်း အခန်းတံခါးပိတ်လှောင်ခံရတုန်းပါပဲ။

ဘာကြောင့်လဲဆိုရင် ဒူဘိုင်းကိုအလာခရီးတုန်းက လမ်းစရိတ်တွေ၊ ဝန်ဆောင်ခတွေ မပေးရဘဲ မြန်မာနဲ့ဒူဘိုင်းက ပွဲစားတွေက ကြားက စိုက်ထုတ်ကုန်ကျခံထားတာဖြစ်ပြီး မြန်မာပြည်ကိုပြန်မယ်ဆိုတဲ့အခါ ခုလိုသူတို့ ကြားက စိုက်ခံကုန်ကျထားတဲ့စရိတ်စကတွေကို ပြန်တောင်းတာဖြစ်တယ်လို့လည်း မနန့်အေးအေးပြုံးက ရှင်းပြပါတယ်။

ဒါပေမဲ့ ကုန်ကျစရိတ် ဘယ်လောက်ရှိလို့ ခုလို သူတို့ကို လျော်ကြေး သိန်း ဆယ်နဲ့ချီပေးရမယ်ဆိုပြီးတောင်းရသလဲဆိုတာတော့ သူတို့တွေ တိတိကျကျ မသိကြပါဘူး။

 အဲဒီနောက် မနန့်အေးအေးပြုံးတို့အဖွဲ့ဟာ ဝှက်ထားတဲ့ဖုန်းတစ်လုံးနဲ့ ရဲစခန်းကို အကြောင်းကြားခဲ့ကြပါတယ်။ အဆင့်ဆင့် ဖုန်းလက်ခံလွှဲပြောင်းချိတ်ဆက်မှုတွေကို ဖြတ်ကျော်အပြီးမှာတော့ နယ်မြေတာဝန်ကျ ရဲတွေနဲ့ အဆက်သွယ်ရခဲ့ကြပါတယ်။

“ရဲတွေက ကျွန်မတို့ကို ဘယ်နေရာမှာ အခန်းပိတ်ခံထားရလဲဆိုတာ မေးတော့ နေရာကို အတိကျမပြောနိုင်ဘူးဖြစ်နေတာ။ အဲဒီမှာ အိုမန်က ပြန်လာတဲ့ညီမတစ်ယောက်က အနီးစပ်ဆုံး ပြောပြပေးတာ။ ပြီးတော့ ရဲက ကျွန်မတို့ရှိတဲ့တိုက်ကို သိရအောင် ပြတင်းပေါက် တံခါးထဖွင့်ခိုင်းတယ်။ ကျွန်မတို့ တံခါးဖွင့်တာမြင်တော့ ရဲတွေဝင်လာတယ်။ ပြီးတော့ အေးဂျင့်ကအမျိုးသမီးနဲ့စကားတွေပြောပြီး ကျွန်မတို့ကို ရဲစခန်းခေါ်သွားတယ်"

ရဲစခန်းရောက်မှသာ ရဲတွေကျွေးတဲ့အစားအစာကို မနန့်အေးအေးပြုံးတို့ ဝဝလင်လင် စားခဲ့ကြရပါတယ်။ ဒူဘိုင်းမှာ မြန်မာသံရုံးမရှိတာကြောင့် နောက်တစ်ရက်မှာ အာရပ်စော်ဘွားများပြည်ထောင်စု UAE နိုင်ငံထဲက ‌ဆော်ဒီအာရေးဗျနိုင်ငံ၊ ရီရတ်မှာရှိတဲ့ မြန်မာသံရုံးက တာဝန်ရှိသူတစ်ဦး သူတို့ဆီ ရောက်လာခဲ့ပါတယ်။

“ကျွန်မတို့ကို ပြန်လို့ရအောင်ကူညီပေးမယ်လို့ သံရုံးကရောက်လာတဲ့သူက ပြောတယ်။ တချို့က လျော်ကြေးတွေက ပေးပြီးပြီဆိုတော့ ပြန်တောင်းနေရင် အချိန်ကြာမှာစိုးလို့ မတောင်းတော့ဘဲ ပြန်လာကြတာ။ ကျွန်မတို့ထဲက နှစ်ယောက်ကတော့ လေယာဉ်ခမတတ်နိုင်လို့ သံရုံးက ကူညီပေးတယ်။ တချို့အစ်မတွေဆို လယ်တွေရောင်းကြရတာ။ ကျွန်မကိုလည်း အစက လျော်ကြေးဆိုပြီး သိန်း ၆၀ တောင်းတာ၊ ကျွန်မတို့က ရှာဖွေနေတုန်း ဒီကိစ္စဖြစ်တော့ လေယာဉ်လက်မှတ်ခ ၁၅ သိန်းပဲ ပေးရတော့တယ်။ အမေက မြန်မြန်ပြန်ရောက်ရင်ပြီးရောဆိုပြီး ၂၀ တိုးနဲ့ ချေးပြီးလွှဲပေးလိုက်တာ။ အပေါင်အနေနဲ့ ပီလောပီနံခြံကို အပ်ထားရတယ်”

အဲဒီနောက်မှာတော့ ရဲတွေက ဆန်အပါအဝင် အစားသောက်တချို့နဲ့ ဒူဘိုင်းအလုပ်သမားဝန်ဆောင်မှုရုံးကို ပြန်ပို့ခဲ့ပါတယ်။ ရဲစခန်းကနေပြန်ရောက်ပြီးနောက်မှာတော့ ကိုယ့်ဘာသာကိုယ် ချက်ပြုတ်စားသောက်ခွင့်ရခဲ့ကြတာပါ။

စက်တင်ဘာ လဆန်းပိုင်းမှာတော့ မနန့်အေးအေးပြုံးတစ်ယောက် မွေးရပ်မြေ ကျုံပျော်ကို ပြန်ရောက်ခဲ့ပါတယ်။

မွေးရပ်မြေပြန်ရောက်လာပေမဲ့ သူရည်ရွယ်ထားတဲ့ အိမ်အသစ်လေး အပြီးသတ်ဆောက်ဖို့ထက် အကြွေးတွေကို အရင်ဆပ်နိုင်ဖို့ ရုန်းကန်ရပါဦးမယ်။

ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ ဒူဘိုင်းလို ချမ်းသာတဲ့နိုင်ငံရဲ့ တိုက်ခန်းတစ်ခုမှာ ပိတ်လှောင်ခံရပြီး အစာရေစာ မဝရေစာဖြစ်ပြီး ကူကယ်ရာမဲ့ ဖြစ်နေတာနဲ့စာရင် ခုလို ကြွေးတွေတင်ပြီး ကိုယ့်နိုင်ငံကို အသက်နဲ့ကိုယ်အိုးစားမကွဲဘဲ​လုံလုံခြုံခြုံပြန်ရောက်ရတာ တော်ပါသေးတယ်လို့ မှတ်ယူနေပါတယ်။

မနန့်အေးအေးပြုံးတို့လိုပဲ ဖုန်းတွေအသိမ်းခံထားရပြီး ဒူဘိုင်းမှာ ပိတ်လှောင်ခံထားရတဲ့ မခိုင်မာလာအပါအ၀င် မြန်မာအမျိုးသမီးအလုပ်သမား ၇ ဦးပါအဖွဲ့ထဲက တစ်ဦးကလည်း ဝှက်ထားတဲ့ဖုန်းကနေ ဘီဘီစီကို ဆက်သွယ်ပြီး သူတို့ရင်ဆိုင်နေရတဲ့ အခက်ခဲတွေကို ပြောပြခဲ့ကြပါတယ်။

(အဲဒီအကြောင်းကိုလည်း ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာ ဘီဘီစီက ထုတ်လွှင့်ခဲ့ပြီးနောက်တစ်ရက်အကြာမှာ ရီရတ်မှာရှိတဲ့မြန်မာသံရုံးကတစ်ဆင့် ဒူဘိုင်းအာဏာပိုင်တွေဆီ ဆက်သွယ်မှုနဲ့ အဲဒီ ၇ ဦးပါအဖွဲ့က သံရုံးအစီစဉ်နဲ့ မြန်မာနိုင်ငံကို စက်တင်ဘာ ၉ ရက်က ပြန်လည်ရောက်ရှိလာခဲ့ပြီး ဖြစ်ပါတယ်။)