ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရုရှားနယ်မြေထဲ ယူကရိန်းစစ်တပ်ရဲ့ထိုးစစ်နဲ့ပတ်သက်တဲ့ မေးခွန်း ၅ ခု
- ရေးသားသူ, ကက်တရီးနား ခင်ကူလိုဗာ
- ရာထူးတာဝန်, ဘီဘီစီကမ္ဘာတလွှားအစီအစဉ်
သြဂုတ်လ ၆ ရက်နေ့တုန်းက ရုရှားပိုင်နက်ထဲကို ယူကရိန်းက မမျှော်လင့်ဘဲ ဝင်တိုက်ခိုက်ခဲ့တာက ရုရှားကိုသာမက၊ ယူကရိန်းထဲက လူတွေအတွက်ရော ယူကရိန်းအရေးစောင့်ကြည့်နေသူတွေ အများစုကိုပါ အံ့အားသင့်စေခဲ့ပါတယ်။
ကီလိုမီတာ ၁၀၀၀ လောက်ရှည်တဲ့ ရှေ့တန်းစစ်မျက်နှာအတွက် တပ်သားတွေ အများကြီးသုံးနေရတဲ့ ယူကရိန်းဟာ အခုလို ရုရှားထဲက ကာ့စ်ခ် ဝင်တိုက်ဖို့ ဘာကြောင့်ဆုံးဖြတ်ခဲ့တာလဲ။ ရုရှားစစ်တပ်အနေနဲ့ ကာ့စ်ခ်ဒေသကို ပြန်မထိန်းချုပ်နိုင်သေးပါဘူး။ ဒါပေမဲ့ ယူကရိန်းတိုက်ခိုက်မှုနောက်ကွယ်က အကြောင်းရင်းကို အခုအခါ မြင်လာရပါပြီ။
လာမယ့်လတွေအတွင်း မြင်လာရနိုင်တဲ့ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်တဲ့ မေးခွန်း ၅ ခုကို ကြည့်ရအောင်။
ကာ့စ်ခ်မှာ ဘာဖြစ်ခဲ့လဲ။
ရုရှားရဲ့ ကာ့စ်ခ်ဒေသထဲကို နယ်စပ်ဖြတ်ကျော်ပြီး ယူကရိန်းက သြဂုတ်လ ၆ ရက်နေ့တုန်းက မျှော်လင့်မထားတဲ့အချိန် တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအတိုင်းအတာနဲ့ပတ်သက်လို့ ယုံကြည်ရတဲ့ သတင်းအချက်အလက်ကတော့ နည်းပါတယ်။
ကနဦးပိုင်းမှာတော့ သမ္မတ ဗလာဒီမီယာပူတင်အစိုးရကို ဆန့်ကျင်တဲ့ ရုရှားက အုပ်စုတွေရဲ့ ရံဖန်ရံခါတိုက်တဲ့ စစ်ဆင်ရေးလောက်ပဲလို့ ထင်မှတ်စရာ ရှိပါတယ်။ သူတို့က ယူကရိန်းဘက်ကနေ ရုရှားထဲကို ဝင်ခဲ့ဖူးပြီး ဒီအုပ်စုတွေထဲမှာ ရုရှားလူမျိုးတွေ ရာနဲ့ချီပါဝင်ပုံရပါတယ်။
ဒါပေမဲ့ အခုနောက်ဆုံးတိုက်ခိုက်မှုမှာ ရုရှားပိုင်နက်ထဲကို အတော်လေးဝင်ရောက်လာခဲ့ပြီး နယ်စပ်ကနေ ကီလိုမီတာ ၃၀ လောက်ထိ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ရုရှားစစ်ဘက်ဆိုင်ရာဘလော့ဂါတွေက ဖော်ပြကြသလို ရုရှားရွာ ၂၈ ရွာဟာ ယူကရိန်းလက်ထဲ ကျသွားပြီလို့ ကာ့စ်ခ်ဒေသအုပ်ချုပ်ရေးမှူးက သမ္မတပူတင်ဆီ သတင်းပို့တဲ့အခါမှာတော့ ဒီတိုက်ပွဲက ယူကရိန်းစစ်သားတွေ ပါဝင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိလာရပါတယ်။
ရုရှားဟာ တိုက်ပွဲအပြင်းအထန်ဆက်ဖြစ်နေတဲ့ ရှေ့တန်းစစ်မျက်နှာ အဓိကနေရာတွေမှာ သူ့ရဲ့စစ်တပ်အင်အားကို သုံးဖို့ အာရုံစိုက်နေချိန်မှာ ယူကရိန်းက ဒါက အခွင့်ကောင်းယူပြီး အစောင့်အကြပ်နည်းတဲ့ နယ်စပ်ကနေ ရုရှားထဲကို ဝင်ရောက်တိုက်ခိုက်ပုံ ရပါတယ်။
အေအက်ဖ်ပီသတင်းမှာ အမည်မဖော်လိုတဲ့ အဆင့်မြင့် ယူကရိန်းလုံခြုံရေးအရာရှိ ပြောတာက ‘‘ကျွန်တော်တို့က ခံစစ်အနေအထားပါ။ ဒီတိုက်ခိုက်မှု ရည်ရွယ်ချက်ကတော့ ရန်သူရဲ့အနေအထားတွေ ပြန့်ကြဲသွားဖို့ ဖြစ်ပါတယ်။ နောက်ပြီး သူတို့ဘက်မှာ ဆုံးရှုံးမှု ကြီးကြီးမားမား ဖြစ်စေဖို့ နဲ့ ကိုယ့်ရဲ့ နယ်စပ်ကိုတောင် ကိုယ်မကာကွယ်နိုင်ဘူးဆိုပြီး ရုရှားထဲက အခြေအနေကိုလည်း မတည်မငြိမ်ဖြစ်စေဖို့ ရည်ရွယ်ပါတယ်။’’
ကာ့စ်ခ်ဒေသကို ယူကရိန်းက ဘာကြောင့်တိုက်လဲ။
အစပိုင်းမှာတော့ ယူကရိန်းအစိုးရက ဒီတိုက်ခိုက်မှုအကြောင်း ရေငုံနှုတ်ပိတ်နေခဲ့ပါတယ်။ သမ္မတ ဗလိုဒီမီယာ ဇလန်းစကီးက သြဂုတ်လ ၁၀ ရက်နေ့ကျမှ သွယ်ဝိုက်ပြီး ဝန်ခံခဲ့ပါတယ်။ ယူကရိန်းဟာ ‘‘ဒီစစ်ပွဲကို ရန်လိုသူရဲ့ နယ်မြေထဲထိ တွန်းထုတ်နေတယ်’’ လို့ သူက ပြောခဲ့ပါတယ်။
သြဂုတ်လ ၁၂ ရက်နေ့မှာတော့ ရုရှားနယ်မြေ ၁၀၀၀ စတုရန်းကီလိုမီတာလောက်ဟာ ယူကရိန်းရဲ့ ထိန်းချုပ်မှုအောက်ရောက်နေတယ်လို့ ကြေညာပါတယ်။
စစ်ရေးနဲ့နိုင်ငံရေးအကဲခတ်တွေက ‘ဘာကြောင့်’ ဒီလိုတိုက်တာလဲဆိုတဲ့မေးခွန်းကို အဖြေထုတ်ဖို့ ကြိုးစားကြပြီး အဓိကရည်ရွယ်ချက်တစ်ခုအနေနဲ့ နည်းဗျူဟာအရ အာရုံပြောင်းစေဖို့ လုပ်တယ် ဆိုတာကို အများစုက သဘောတူလက်ခံထားကြပါတယ်။
ပြီးခဲ့တဲ့လပိုင်းတွေအတွင်း ယူကရိန်းအရှေ့ပိုင်းမှာ ရုရှားတပ်တွေကို ပြန်တိုက်ရေးမှာ ယူကရိန်းတို့ အခက်တွေ့ခဲ့ပါတယ်။ ရုရှားဘက်က ရှေ့တိုးတိုက်ခဲ့ပြီး ပြီးခဲ့တဲ့လမှာ ချေဆိဗ်ယာ ဆိုတဲ့ မဟာဗျူဟာကျတဲ့မြို့ကို သိမ်းခဲ့ပါတယ်။ ယူကရိန်းအရှေ့မြောက်နဲ့ တောင်ပိုင်းမှာလည်း အခြေအနေက ခက်ခဲခဲ့ပါတယ်။
ကီလိုမီတာ ၁၁၀၀ ရှည်တဲ့ ရှေ့တန်းစစ်မျက်နှာက နေရာအများအပြားမှာ ရုရှားဘက်က လူအင်အားအရရော လက်နက်အင်အားပါ အသာစီးရနေချိန်မှာ ယူကရိန်းအာဏာပိုင်တွေက ဒီနေရာနဲ့ မိုင်ပေါင်းရာချီဝေးတဲ့ နေရာမှာ အရဲစွန့်ပြီး တိုက်ပွဲဖော်လိုက်တာပါ။ အဲဒါမှ ရန်သူရဲ့အင်အားတွေ ပြန့်ကြဲသွားပြီး ယူကရိန်းအရှေ့ပိုင်းမှာ စစ်ရေးဖိအားတွေ ကျသွားဖို့ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လပိုင်းတွေအတွင်း ယူကရိန်းဟာ မြေပြင်မှာ လှုပ်ရှားနိုင်မှု သိပ်မရှိဘဲ လုံးပါးပါးနိုင်တဲ့ ဒီစစ်ပွဲထဲ ပိတ်မိနေခဲ့တယ်လို့ လုံခြုံရေးဆိုင်ရာကျွမ်းကျင်သူ ပါမောက္ခ မာ့ခ် ဂယ်လီယိုတီက ဘီဘီစီကို ပြောပါတယ်။ အဲဒါကြောင့် စစ်ပွဲအသာစီးရရေးအတွက် စွန့်စားမှုလုပ်ဖို့ လိုနေတယ်လို့ သူက ပြောပါတယ်။
အီကောနောမစ် မဂ္ဂဇင်းကို ယူကရိန်းတပ်မှူးတစ်ဦးပြောတာကလည်း ဒါက စွန့်စားမှုဖြစ်ပြီး ‘‘သူတို့နယ်စပ်ရဲ့ အားအနည်းဆုံးနေရာကို ကျွန်တော်တို့ရဲ့ တိုက်ပွဲဝင်ဖို့ အသင့်အဖြစ်ဆုံးတပ်ဖွဲ့တွေကို စေလွှတ်ခဲ့တယ်’’ လို့ ပြောခဲ့ပါတယ်။ ယူကရိန်းမျှော်လင့်သလောက် မမြန်ပေမဲ့ ဒီစွန့်စွားမှုက အမြတ်ထွက်ခဲ့တယ်လို့ သူက ပြောပါတယ်။
‘‘သူတို့ တပ်မှူးတွေကလည်း ငတုံးတွေ မဟုတ်ဘူးလေ။ သူတို့က တပ်တွေက ရွှေ့ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ မြန်ချင်သလောက်နှုန်းနဲ့တော့ မဟုတ်ဘူး။ ကျွန်တော်တို့က ကီလိုမီတာ ၈၀ ဒါမှမဟုတ် ၁၀၀ လောက်ထိ ထောက်ပို့တွေကို မဖြန့်ကြက်နိုင်ဘူးဆိုတာ သူတို့က သိတယ်။’’
ရုရှားက ဘယ်လို တုံ့ပြန်ခဲ့လဲ။
ရုရှားရဲ့ ဝါဒဖြန့်အဖွဲ့ကလည်း သူတို့ရဲ့စစ်ဆင်ရေးကို ‘‘အကြမ်းဖက်မှု တိုက်ဖျက်ရေး’’ အဖြစ် ခပ်မြန်မြန်ပဲ တံဆိပ်ကပ်ခဲ့ပါတယ်။
လူပေါင်း ၁၂၁,၀၀၀ ကို ကာ့စ်ခ်ဒေကနေ ထွက်ခွာကြဖို့ ပြောထားသလို နောက်ထပ် လူ ၁၁,၀၀၀ ကိုလည်း ဘေးနားက ဘဲလ်ဂေါရော့ဒ်ဒေသနေ ရွှေ့ပြောင်းကြဖို့ ပြောထားပါတယ်။ ရုရှားအာဏာပိုင်တွေက ဒီဒေသကို ပြည်ထောင်စုဆိုင်ရာအရေးအပေါ်အခြေအနေကြေညာခဲ့ပြီး လူတစ်ဦးကို ၁၁၅ ဒေါ်လာ လျော်ကြေးပေးမယ်လို့ ပြောပါတယ်။
ရုရှားစစ်တပ်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗယ်လာရီ ဂျာရာဆီမော့ဗ်က ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အကြိမ်ကြိမ်ပြောခဲ့တာကတော့ ယူကရိန်းတိုက်ခိုက်မှုတွေကို ရပ်တန့်လိုက်ပြီလို့ ဆိုပါတယ်။ ဒါပေမဲ့ မြေပြင်အခြေအနေနဲ့ သူပြောတာနဲ့ကတော့ ကွဲလွဲနေပါတယ်။
သတိထားစရာကတော့ ဗိုလ်ချုပ်ကြီး ဂျာရာဆီမော့ဗ်က သမ္မတပူတင်ဦးဆောင်တဲ့ ရုရှားလုံခြုံရေးကောင်စီ နောက်ဆုံးအစည်းအဝေးမှာ မပါဝင်ပါဘူး။ အဲဒီအစည်းအဝေးက ဒီတိုက်ခိုက်မှုကို ကိုင်တွယ်ဖြေရှင်းဖို့ လုပ်တဲ့အစည်းအဝေးပါ။ ဒါပေမဲ့ တစ်ဖက်မှာတော့ အဲဒီအစည်းအဝေးမှာ ပူတင်ရဲ့ အနီးဆုံးမဟာမိတ်ဖြစ်တဲ့ ရုရှားလုံခြုံရေးဌာန FSB အကြီးအကဲ အလက်ဇန္ဒား ဘော့နီကော့ဗ် တက်ရောက်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ သမ္မတပူတင် နောက်ဆုံးပြောတဲ့အထဲမှာတော့ ဒါဟာ အေးအေးချမ်းချမ်းနေနေတဲ့ အရပ်သားတွေကို တိုက်ခိုက်တာဖြစ်ပြီး ‘‘ထိုက်တန်တဲ့ တုံ့ပြန်မှု’’ လုပ်ဆောင်သွားမယ်လို့ ကတိပေးခဲ့ပါတယ်။
ပါမောက္ခ ဂယ်လီယိုတီ ပြောတာကတော့ ယူကရိန်းဟာ ရုရှားရဲ့ ပြင်းထန်တဲ့တုံ့ပြန်မှုရင်ဆိုင်ရနိုင်တယ်လို့ ဆိုပါတယ်။
‘‘ပူတင်ဟာ နောက်ထပ် စစ်တပ်တိုးချတာတွေ လုပ်နိုင်တယ်။ သူ့ရဲ့စစ်တပ်ထဲကို သိန်းနဲ့ချီတဲ့ စစ်သားတွေ ထပ်ခေါ်ယူနိုင်တယ်။’’
ရုရှားဟာ ဒီပဋိပက္ခကို ပြင်းထန်စေမယ့်နောက်ထပ်နည်းလမ်းတွေလည်း ရှာဖွေနိုင်တယ်လို့ သူက ပြောပါတယ်။ အခုလပိုင်းတွေအတွင်း ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေဟာ ရုရှားရဲ့ ဗုံးကြဲမှုခံရသလို အများစုက လုံးဝ ပျက်စီးတာ ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်း ပျက်စီးတာတွေ ဖြစ်ခဲ့ပါတယ်။ ရုရှားရဲ့ ဒီလို တိုက်ခိုက်မှုက ပိုပြီးတောင် ပြင်းထန်လာဖွယ်ရှိပါတယ်။
ကာ့စ်ခ်တိုက်ခိုက်မှုက စစ်ပွဲဒီရေကို တွန်းလှန်နိုင်ခဲ့သလား။
ယူကရိန်းက ရုရှားထဲကို အလွယ်တကူ ထိုးဝင်တိုက်ခိုက်နိုင်တာကို ထည့်စဉ်းစားဖို့ လိုသလို ဒီတိုက်ခိုက်မှုကြောင့် ပဋိပက္ခရဲ့အဆုံးသတ်ဆီ ရောက်လာနိုင်ဖွယ်တော့ မရှိပါဘူး။
မာ့ခ် ဂယ်လီယိုတီပြောတာကတော့ ‘‘ဒီနေရာက အလျား မိုင် ၅၀၊ အနံ မိုင် ၂၀ လောက်ရှိတဲ့နေရာပါ။ ရုရှားနဲ့ ယူကရိန်း အကျယ်အဝန်းနဲ့ နှိုင်းယှဉ်ရင်တော့ ဒါက မပြောပလောက်ဘူး။ ဒါပေမဲ့ နိုင်ငံရေးသက်ရောက်မှုကတော့ အတော်အရေးကြီးပါတယ်။’’
တချို့ အကဲခတ်တွေကတော့ ယူကရိန်းဟာ သူ့တပ်တွေ ဆက်တိုက်နိုင်သေးတယ်ဆိုတာကို သူ့ရဲ့ အနောက်ကမ္ဘာက မဟာမိတ်တွေ၊ အထူးသဖြင့် အမေရိကန်ကို ပြသချင်နေတယ်လို့ ပြောပါတယ်။
ဒါက အနည်းဆုံးတော့ ယာယီအားဖြင့် ယူကရိန်းရဲ့ ညှိနှိုင်းပြောဆိုနိုင်စွမ်းကို မြှင့်တင်ပေးရာ ရောက်ခဲ့ပါတယ်။ ရုရှားပိုင်နက်ထဲ ယူကရိန်းတပ်တွေ ကီလိုမီတာ ၃၀ လောက်ထိ ရောက်နေချိန်မှာ ရုရှားအနေနဲ့လည်း ရှေ့တန်းမျဉ်းကို တခြားနေရာတွေမှာပဲ ကန့်သတ်ထားဖွယ် မရှိပါဘူး။
ဒီတိုက်ခိုက်မှုကြောင့် ဒီစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားက သူ့နိုင်ငံတွင်းပြောနေတဲ့ အဝေးတစ်နေရာက ‘အထူးစစ်ဆင်ရေး’ ဆိုတဲ့ အရာကလည်း ပြောင်းသွားပါတယ်။ ဒီစစ်ပွဲက ပြည်တွင်းကလူတွေကိုလည်း တိုက်ရိုက်ထိခိုက်နိုင်တယ်ဆိုတာ ပြသရာ ရောက်ပါတယ်။
ဘီဘီစီရဲ့ အရှေ့ဥရောပဆိုင်ရာသတင်းထောက် ဆယ်ရာ ရိန်းစ်ဖို့ဒ်က ‘‘ကာ့စ်ခ်ဒေသက ထွက်လာတဲ့ သတင်းတွေကို ကြည့်ရင်၊ ရုရှားမီဒီယာတွေက ထိန်းထိန်းသိမ်းသိမ်းနဲ့ ဖော်ပြနေတာတွေ ကြည့်ရင်တောင် တချို့လူတွေက မေးခွန်းထုတ်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်’’ လို့ ပြောပါတယ်။
ဒီတိုက်ခိုက်မှုက ဇလန်းစကီးနဲ့ ပူတင်ရဲ့ အနာဂတ်ကို ပြောင်းနိုင်လား။
ရုရှားခေါင်းဆောင်ရော ယူကရိန်းခေါင်းဆောင်အတွက်ပါ ဒီအခြေအနေက သူတို့သမ္မတရာထူးအတွက် အရေးကြီးတဲ့အချိန်ဖြစ်ပါတယ်။
အာဏာရှင်ဆန်ပြီး ပျော့လွယ်ပြောင်းလွယ်မရှိတတ်တဲ့ ဗလာဒီမီယာပူတင်အတွက်တော့ သူ့ရဲ့ အတွင်းစည်းက လူတွေ၊ အထူးသဖြင့် လုံခြုံရေးပိုင်းက လူတွေကို အားကိုးလေ့ရှိတဲ့ သူ့အတွက်တော့ အခုတိုက်ခိုက်ခံရမှုက စိတ်ခေါ်မှုကြီး ဖြစ်ပါတယ်။ ရုရှားစစ်တပ် အထိနာမှုတွေကို ဖုံးကွယ်ဖို့ ပိုခက်ခဲလာပါတယ်။
လူသိန်းနဲ့ချီ ပြောင်းရွှေ့ခိုင်းထားရတဲ့အခြေအနေမှာ ရုရှားက အခြေအနေကို ထိန်းချုပ်ထားနိုင်ပါတယ်ဆိုတဲ့ ပုံရိပ်ကို ဆက်ထိန်းထားဖို့ ခက်ခဲသလို ဒါက အလုံးစုံစစ်ပွဲ မဟုတ်ဘူးလို့ ပြောနေတာကို ဆက်ကိုင်ထားဖို့လည်း ပိုခက်ခဲလာပါတယ်။
မာ့ခ် ဂယ်လီယိုတီပြောတာကတော့ ‘‘ဖြစ်စဉ်တစ်ခုတိုင်းက ကရင်မလင်ရဲ့ ဝါဒဖြန့်စက်အပေါ် ပိုပို ထိခိုက်လာရပါတယ်။’’
‘‘အာဖဂန်နစ္စတန်က ဆိုဗီယက်စစ်ပွဲကနေ ချေချင်းညာက ရုရှားစစ်ပွဲတွေအထိ အရင် စစ်ပွဲတွေတုန်းက ကျွန်တော်တို့ တွေ့ခဲ့ရတာက ကရင်မလင်ဟာ သူတို့ရဲ့တချို့ပြောဆိုချက်တွေကို ထိန်းသိမ်းနိုင်ခဲ့ကြတယ်။ ဒါပေမဲ့ နောက်မကြာခင်မှာပဲ တကယ်အဖြစ်မှန်တွေက ပိုပိုထွက်ပေါ်လာတယ်။’’
ဗလိုဒီမီယာ ဇလန်းစကီးအတွက်လည်း ရုရှားထဲကို တိုက်ခိုက်မှုဖြစ်စဉ်ဟာ ရှုပ်ထွေးပါတယ်။ ဒါပေမဲ့ သူ့အတွက်တော့ တခြားအကြောင်းပြချက်တွေနဲ့ပါ။
အကဲခတ် အီမေးလ် ကက်စ်တယ်ဟယ်လ်မီပြောတာကတော့ ယူကရိန်းအတွက် အကောင်းဆုံးရလဒ်ကတော့ ရုရှားဘက်က သူ့ရဲ့ အရေးကြီးနေရာတွေက အရင်းအမြစ်အတော်များများကို ပြန်ခေါ်ပြီး သူ့ပိုင်နက်ကို ပြန်ယူရေး ဖြစ်ပါတယ်။ ထိခိုက်ဆုံးရှုံးမှုတွေ ကြုံရင်တောင် အဲဒီလို လုပ်လာမယ်ဆို ယူကရိန်းအတွက် ရလဒ်ကောင်းပဲလို့ ပြောပါတယ်။
ယူကရိန်းတွေရဲ့ စိတ်ဓာတ်ကို ရေတိုအားဖြင့် မြှင့်တင်ထားနိုင်ချိန်မှာ နိုင်ငံအရှေ့ပိုင်းမှာတော့ နယ်မြေဆုံးရှုံးမှုတွေ ပိုဖြစ်လာနိုင်ပါတယ်။ လက်ရှိရှေ့တန်းစစ်မျက်နှာတွေမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး ရုရှားစစ်ရေးဘလော့ဂါတွေ အပြောအရ ရုရှားဘက်က စစ်ရေးအသာစီးရနေတယ်လို့ ဆိုပါတယ်။ လောလောဆယ်တော့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ပါမောက္ခ ဂယ်လီယိုတီက ဒီစစ်ပွဲအတွင်း လက်ရှိရှေ့မတိုး နောက်မဆုတ်သာ အခြေအနေမှာ ကိုင်လှုပ်နိုင်မယ့်အရာတစ်ခုခု လိုအပ်နေတယ်လို့ ဆိုပါတယ်။ အခု ယူကရိန်းက ကိုင်လှုပ်ခဲ့ပေမဲ့ သူ့ရဲ့ ရလဒ်ကတော့ ရှင်းရှင်းလင်းလင်း မသိနိုင်သေးတဲ့ အခြေအနေပါ။