ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်မှုမထမ်းရအောင် ယူကရိန်းအမျိုးသားတွေ ဘယ်လိုတိမ်းရှောင်နေကြလဲ
- ရေးသားသူ, ကယ်ဗင် ဘရောင်း
- ရာထူးတာဝန်, BBC Eye Investigations
- ရေးသားသူ, အိုအာနာ မာရိုစီယို
- ရာထူးတာဝန်, BBC Eye Investigations
ရုရှား-ယူကရိန်းစစ်ပွဲဖြစ် စတင်ကတည်းကဆိုရင် ယူကရိန်းအမျိုးသား ၂၀,၀၀၀ နီးပါးဟာ စစ်မှုမထမ်းမနေရ ဥပဒေအရ စာရင်းပေးရမှာကို ရှောင်ရှားဖို့ ယူကရိန်းကနေ ထွက်ပြေးခဲ့ကြတယ်ဆိုတာကို ဘီဘီစီက လေ့လာတွေ့ရှိခဲ့ပါတယ်။
သူတို့ထဲက တချို့ဟာ နိုင်ငံထဲကနေ ထွက်ဖို့ အန္တရာယ်များလှတဲ့မြစ်တွေကိုတောင် ဖြတ်ကူးခဲ့ကြပါတယ်။ တချို့ကတော့ ညအမှောင်ထုကို ခိုပြီး နိုင်ငံထဲကနေ ထွက်ခဲ့ကြသူတွေဖြစ်ပါတယ်။
နောက်ထပ် အမျိုးသား ၂၁,၁၁၃ ဦးလည်း ထွက်ပြေးဖို့ ကြိုးပမ်းခဲ့ကြပေမဲ့ ယူကရိန်းအာဏာပိုင်တွေက ဖမ်းမိခဲ့တယ်လို့ ကိယက်ဗ်ဘက်က ဘီဘီစီ ကို အတည်ပြုပါတယ်။
ရုရှားကျူးကျော်မှုဖြစ်ပြီးတဲ့နောက်မှာ အသက် ၁၈ နဲ့ ၆၀ ကြား အမျိုးသားအများစုကို နိုင်ငံထဲကနေ ထွက်ခွာခွင့်တားမြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါဇင်နဲ့ချီတဲ့အမျိုးသားတွေဟာ နိုင်ငံထဲကနေ နေ့စဥ်ထွက်ခွာသွားနိုင်ကြတယ်ဆိုတာကို ဘီဘီစီက ရရှိတဲ့အချက်အလက်တွေက ပြသနေပါတယ်။
ပြည်ပကို ထွက်ခွာသွားတဲ့မိသားစုဝင်တွေနဲ့ ပြန်လည်ပေါင်းစည်းဖို့၊ ပညာဆက်သင်ဖို့ ဒါမှမဟုတ် ဘဝရပ်တည်ဖို့ ယူကရိန်းကနေထွက်လာနိုင်ခဲ့ကြတဲ့ အမျိုးသားအများစုကို ဘီဘီစီက စကားပြောဆိုနိုင်ခဲ့ပါတယ်။
‘‘ကျွန်တော် (ယူကရိန်းမှာ) ဘာလုပ်ရမှာလဲ’’ အဲဒီထဲက အမျိုးသားတစ်ဦးဖြစ်တဲ့ ယက်ဗ်ဂျနီက ပြောပါတယ်။ ‘‘လူအားလုံးက သူရဲကောင်းမဟုတ်ဘူးလေ။ တစ်နိုင်ငံလုံးကို သော့ခတ်ထားသလို လုပ်လို့မရဘူး။ ဆိုဗီယက်ပြည်ထောင်စုခေတ်တုန်းက သူတို့လုပ်ခဲ့ကြသလို လူတိုင်းကို စုနေခိုင်းလို့ မရဘူးလေ’’
ယူကရိန်းနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ရိုမေးနီးယား၊ မော်ဒိုဗာ၊ ပိုလန်၊ ဟန်ဂေရီနဲ့ ဆလိုဗားကီးယားနိုင်ငံတွေက တရားမဝင် နယ်စပ်ဖြတ်ကျော်မှုအချက်အလက်တွေကို ဘီဘီစီက တောင်းခံ ကြည့်ရှုတဲ့အခါမှာတော့ အမျိုးသားပေါင်း ၁၉,၇၄၀ ဦးဟာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလနဲ့ ၂၀၂၃ ခုနှစ်၊ သြဂုတ်လအတွင်းမှာ အဲဒီနိုင်ငံတွေဆီ တရားမဝင် ဝင်ရောက်ဖြတ်ကျော်ခဲ့ကြတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။
သူတို့တွေ ဘယ်လို ထွက်ပြေးလွတ်မြောက်ခဲ့ကြတယ်ဆိုတာ မသိရပေမဲ့ ထွက်ပြေးဖို့ ကြိုးစားခဲ့ရင်း အဖမ်းခံရသူ ၂၁,၁၁၃ ဦးကတော့ ဘယ်လိုနည်းလမ်းတွေသုံးခဲ့ကြလဲဆိုတာကိုတော့ သိခဲ့ရပါတယ်။
အများစု တိတိကျကျပြောရရင် ၁၄,၃၁၃ ဦးဟာ နယ်စပ်ကိုဖြတ်ကျော်ဖို့ လမ်းလျှောက်တာ ဒါမှဟုတ် မြစ်ကို ကူးဖြတ်တာတွေလုပ်ခဲ့ကြပြီး ကျန်တဲ့လူပေါင်း ၆,၈၀၀ ကတော့ နာမကျန်းဖြစ်တယ်ဆိုပြီး စာရွက်စာတမ်းအတုတွေလုပ်ဆောင်ကာ တရားဝင်စာရွက်စာတမ်းရဖို့ အားထုတ်ခဲ့ကြတာလို့ ယူကရိန်းအာဏာပိုင်တွေက ပြောပါတယ်။
စစ်မှုမထမ်းမနေရဥပဒေကနေ ကင်းလွတ်ခွင့်ရသူတွေဟာ ဆေးကုနေရသူတွေ၊ မိဘဖိုးဖွား သားသမီးကို ပြုစုစောင့်ရှောက်နေရသူတွေနဲ့ ကလေး ၃ ဦး ဒါမှမဟုတ် ၃ ဦးနဲ့အထက်ရှိတဲ့ ဖခင်တွေဖြစ်ပါတယ်။
သြဂုတ်လတုန်းကတော့ ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီးက နိုင်ငံရဲ့ စစ်ဘက် ကျန်းမာရေးကော်မရှင်တွေမှာ ‘‘အဂတိဆုံးဖြတ်ချက်တွေ’’ရှိနေတယ်လို့ ပြောလိုက်ပြီး သူ့အပြောအရဆိုရင် စစ်မှုထမ်းရဖို့ ဆေးမအောင်တဲ့အရေအတွက်ဟာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းကဆိုရင် ၁၀ ဆအထိ မြင့်တက်သွားတယ်လို့ ဆိုပါတယ်။ စစ်မှုမထမ်းမနေရအသက်ဝင်ရေးကို တာဝန်ယူထားတဲ့ သက်ဆိုင်ရာ ဒေသန္တရအာဏာပိုင်တွေအားလုံးကို ရာထူးကနေ ထုတ်ပယ်တယ်လို့ ကြေညာခဲ့သလို နောက်ထပ် လူပေါင်း ၃၀ ကျော်လည်း ရာဇဝတ်ကြောင်းနဲ့တရားစွဲခံခဲ့ရပါတယ်။
သမ္မတရဲ့ လွှတ်တော်ဆိုင်ရာကိုယ်စားလှယ် ဖက်ဒါ ဗနီဆလာဗ်စကီးကတော့ ဒီပြဿနာဟာ ကြီးမားတယ်ဆိုတဲ့အကြောင်း ဘီဘီစီကို အသိအမှတ်ပြု ပြောဆိုပါတယ်။
‘‘ဒီဖြစ်စဥ်ဟာ တွဲပါလာတဲ့ဖြစ်ရပ်ဆိုတာနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတယ်ဆိုတာကို အစိုးရအနေနဲ့သဘောပေါက်ပါတယ်။ ဒါပေမဲ့ စိတ်မကောင်စရာကတော့ အဂတိမှုက သိပ်ကို ခိုင်မာ နေသေးတယ်ဆိုတာကို ပြောချင်ပါတယ်’’ သူက ပြောပြီး ယူကရိန်းဟာ ‘’အဂတိလိုက်စားမှုဖြစ်စဥ်တွေကို နည်းနိုင်သမျှနည်းသွားအောင်လုပ်ဆောင်နေပါတယ်’’ လို့လည်း သူက ထပ်လောင်းပြောသွားပါတယ်။
မစ္စတာ ဗနီဆလာဗ်စကီး ကတော့ ထွက်ပြေးသွားတဲ့အမျိုးသားအရေအတွက် ဒါမှမဟုတ် ထွက်ပြေးဖို့ကြိုးစားခဲ့ကြတဲ့အမျိုးသားဦးရေဟာ စစ်ပွဲအပေါ် သက်ရောက်မှု လုံးဝမရှိဘူးလို့ သူက ပြောပါတယ်။
‘‘ယူကရိန်းနိုင်ငံသားတွေက ကိုယ့်နိုင်ငံရဲ့အချုပ်အခြာနဲ့ လွတ်လပ်ရေးကို ကာကွယ်ဖို့ အသင့်ရှိတာ၊ တောင့်ခံထားနိုင်စွမ်းရှိတာကတော့ ၉၅-၉၉ ရာခိုင်နှုန်းအထိရှိတယ်လို့ ကျွန်တော်ယုံကြည်တယ်’’ လို့ သူက ဘီဘီစီကို ပြောပါတယ်။
‘‘တပ်ထဲမဝင်ရအောင် ရှောင်ရှားသူက ၁ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းကြားပဲရှိပါတယ်။ သူတို့တွေကြောင့် ယူကရိန်းနိုင်ငံရဲ့ ခုခံကာကွယ်မှု ကျဆင်းသွားမှာမဟုတ်ပါဘူး’’ လို့သူက ပြောပါတယ်။ တပ်ဖြန့်တာဝန်ပေးမယ့်တပ်ဖွဲ့ဝင် အရေအတွက်ကို ရုတ်ချည်း မြှင့်တင်ဖို့ အစီအစဥ် မရှိသေးဘူးလို့လည်း သူကပြောပါတယ်။
ထွက်ပြေးသွားတဲ့သူ ဒါမှမဟုတ် ထွက်ပြေးဖို့ ကြိုးစားတဲ့သူ ၄၀,၀၀၀ ကျော်ဆိုတဲ့အရေအတွက်ဟာ တကယ်တော့ ယူကရိန်းမှာ စစ်တပ် အင်အားကို ဖြည့်တင်းမယ် ဆိုရင် ထင်သာမြင်သာရှိတဲ့အင်အားပမာဏဖြစ်ပါတယ်။ ယူကရိန်းစစ်တပ်ဘက်က သေဆုံးသူအရေအတွက်ဟာ ၇၀,၀၀၀ အထိရှိနိုင်တယ်လို့ အမေရိကန်အရာရှိတွေဘက်က သြဂုတ်လတုန်းက ခန့်မှန်းသုံးသပ်ပေမဲ့ ယူကရိန်းဘက်ကတော့ ထိခိုက်သေဆုံးမှု ပမာဏကို မပြောထားပါဘူး။
ဒါ့အပြင် ယူကရိန်းဟာ နိုင်ငံ့စစ်တပ်ရဲ့ တကယ့်အင်အားအမှန်ကိုလည်း တရားဝင်ထုတ်ပြန်တာမရှိပါဘူး။ ဒါပေမဲ့ ကာကွယ်ရေးဝန်ကြီး ရိုစတန် အူမဲရော့ဗ်ကတော့ ယူကရိန်းမှာ တပ်ဖွဲ့ဝင် ၈၀၀,၀၀၀ ကျော်ရှိတယ်လို့ စက်တင်ဘာလတုန်းက ပြုလုပ်တဲ့ ယက်လ်တာ ဥရောပဗျူဟာဆိုင်ရာ ဆွေးနွေးပွဲမှာပြောထားဖူးပါတယ်။
ထွက်ပြေးလာကြသူတွေထဲက တချို့ရဲ့ဖြစ်ရပ်က ပြဇာတ်ဆန်လှပါတယ်။
ရုပ်သံတစ်ခုမှာဆိုရင် အမျိုးသားတစ်ယောက်ဟာ ဒန်နီစတာမြစ်ကို ဖြတ်ကူးပြီး မော်ဒိုဗာနိုင်ငံကို ဝင်ဖို့ကြိုးစားချိန်မှာ မော်ဒိုဗာနယ်ခြားစောင့်တပ်တွေက အဲဒီအမျိုးသားကို ဘေးကင်းတဲ့နေရာကနေ နယ်စပ်ဖြတ်ဖို့ ပြောရတဲ့အထိဖြစ်ခဲ့ပါတယ်။ နောက်ရုပ်သံတစ်ခုမှာဆိုရင်လည်း ယူကရိန်းနဲ့ ရိုမေးနီးယားနိုင်ငံကြားက တီဆာမြစ်ကို ဖြတ်ကူးရင်း ရေနစ်ခဲ့ကြလို့ သေဆုံးခဲ့ကြတဲ့ အမျိုးသားတွေရဲ့ရုပ်အလောင်းတွေ ကမ်းခြေကို ဆွဲတင်ထားတာကို မြင်ရပါတယ်။
ဒါပေမဲ့ မော်ဒိုဗာလူဝင်မှုကြီးကြပ်ရေးစင်တာမှာ ဘီဘီစီက တွေ့ဆုံခဲ့တဲ့ ကိယက်ဗ်မြို့က ဆောက်လုပ်ရေးလုပ်သား ယက်ဂေးညီကတော့ နိုင်ငံရဲ့နယ်စပ်ကို ပုံမှန်ပဲ ဖြတ်ကျော်လာခဲ့တာလို့ ပြောပါတယ်။
ဒီနည်းဟာ ယူကရိန်းက ထွက်ပြေးကြတဲ့အမျိုးသားတွေ အများဆုံးသုံးကြတဲ့ နည်းလမ်းဆိုတာကို ဘီဘီစီက ရရှိတဲ့အချက်အလက်တွေက ပြသနေပါတယ်။ ဒီနည်းဟာ စစ်ပွဲကနေ ထွက်ပြေးကြသူတွေ နိုင်ငံရေးခိုလှုံခွင့်တောင်းဖို့ လုပ်ခဲ့ကြတဲ့ တည့်တိုးနည်းဖြစ်ပါတယ်။
ယက်ဂေးညီကတော့ လူငယ်အမျိုးသားတွေနဲ့ စစ်ဘက်အတွေ့အကြုံရှိသူတွေ စစ်မှုမထမ်းမနေရမှာ ပထမဆုံးခေါ်ယူတဲ့ယူကရိန်းနိုင်ငံထဲ သူပိတ်မိနေခဲ့တယ်လို့ ခံစားခဲ့ရတဲ့အကြောင်း ပြောပြပါတယ်။
တစ်ဖက်မှာလည်း လစာကောင်းတဲ့အလုပ်ကိုရှာဖို့ ခက်ခဲခဲ့တယ်လို့ သူကပြောပါတယ်။ ‘‘အရာအားလုံးဟာ စစ်ပွဲဆီကိုပဲ ဦးတည်သွားတယ်’’၊ ‘‘လျှပ်စစ်မီး၊ လောင်စာ ... အားလုံးက ပိုပြီး စျေးကြီးသွားတယ်’’
မော်ဒိုဗာရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုခံပြီးတဲ့နောက်မှာ ရာဇဝတ်မှုမမြောက်အောင် နိုင်ငံထဲဝင်လာပြီးပြီးချင်း ၂၄ နာရီအတွင်းပြုလုပ်ရမယ့် နိုင်ငံရေးခိုလှုံခွင့်ကို သူလျှောက်ခဲ့ပါတယ်။
ခါခိဗ်ကလာတဲ့ အသက် ၂၆ နှစ်အရွယ် ဂီတသမား အဲရစ်ကိုလည်း အဲဒီနိုင်ငံရေးခိုလှုံခွင့်နဲ့လူဝင်မှုကြီးကြပ်ရေးစင်တာမှာပဲ တွေ့ခဲ့ရပါတယ်။ သူကတော့ ရုရှားနဲ့ကပ်လျှက်က ယူကရိန်းဒေသ ခါခိဗ်ကနေလာပြီး မော်ဒိုဗာထဲက ထရန်စ်နစ်စထရီယားဒေသထဲကို လမ်းလျှောက်ဝင်၊ အဲဒီနောက် မြစ်တစ်စင်းကိုလည်း ဖြတ်ကူးခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်မှုထမ်းကင်းလွတ်ခွင့်စာရွက်စာတမ်းအတုတွေဟာ အလုပ်ဖြစ်နိုင်ခြေရှိပေမဲ့ အဲရစ်ရဲ့အတွေ့အကြုံအရဆိုရင် စာရွက်စာတမ်းစစ်မှန်တာတောင် အတည်ပြုချက်ရဖို့ ပိုခက်ခဲတာတွေ့ရပါတယ်။
ငယ်ငယ်တုန်းက ဝမ်းတွင်းအမြှေးရောင်တဲ့ရောဂါဖြစ်လို့ ခက်ခက်ခဲခဲခွဲစိတ်မှုလုပ်ခဲ့ရတဲ့ အဲရစ် ကတော့ စားရသောက်ရတာကို ဂရုစိုက်ရတာကြောင့် ဒီအချက်ကပဲ သူ့ကို စစ်မှုမထမ်းမနေရကနေ ကင်းလွတ်ခွင့်ရခဲ့တာလို့ ပြောပါတယ်။ ဒါပေမဲ့ စစ်ပွဲဖြစ်တဲ့အခါမှာ ဆေးလက်မှတ်ရဖို့ ခက်ခဲခဲ့တယ်လို့ဆိုပါတယ်။
‘‘ဌာနတစ်ခုကနေ နောက်တစ်ခုကို လွှဲတယ်။ ‘’ဟိုကိုသွား၊ ဟိုကိုသွားဆိုပြီး’’တော့လေ။ လက်ထဲမှာ ဆေးစစ်ထားတဲ့စာရွက်စာတမ်းတွေရှိနေတာတောင် ကျွန်တော် မကျန်းမာလို့ စစ်မှုထမ်းဖို့ မဖြစ်နိုင်ဘူးဆိုတာကို သက်သေပြနိုင်အောင် စာရွက်စာတမ်းရဖို့ နှစ်တစ်ဝက်လောက် ကြိုးပမ်းခဲ့ရတယ်။ ကျွန်တော့်သည်းခံနိုင်မှုလည်း တဖြည်းဖြည်းနဲ့ ကုန်သွားတယ်’’
အဲရစ်ဟာ နောက်ပိုင်းမှာတော့ အမေရိကန်ပြည်ထောင်စုကို ထွက်ခွာသွားနိုင်ပြီး အဲဒီမှာ ဇနီးဖြစ်သူနဲ့ ၄ နှစ်အရွယ်သမီးတို့နဲ့အတူ ပြန်လည်ပေါင်းစည်းတွေ့ဆုံခွင့်ရခဲ့ပါတယ်။
နောက်ထပ် အမျိုးသားတစ်ဦးကတော့ ဗလက်ဖြစ်ပါတယ်။ သူကတော့ စစ်မှုမထမ်းရတဲ့ကင်းလွတ်ခွင့်ကို တရားဝင်ကိုင်ထားနိုင်သူဖြစ်ပေမဲ့ နယ်စပ်အစောင့်တွေက အဲဒါကို ထဲထဲဝင်ဝင်အလေးမထားခဲ့ကြဘူးလို့ သူကပြောပြပါတယ်။
ပြည်ပက တက္ကသိုလ်တစ်ခုမှာ ကျောင်းဝင်ခွင့်ရခဲ့လို့ စိတ်လှုပ်ရှားခဲ့ရသလို ယူကရိန်းနိုင်ငံကနေ ထွက်ခွာခွင့်လည်းရခဲ့ပေမဲ့ ဒါနဲ့တင် မလုံလောက်ဘူးဆိုတာကို သူမကြာခင်မှာ ပဲသဘောပေါက်ခဲ့ပါတယ်။
‘‘ကိုယ်ဖြတ်မယ့် နယ်စပ်ဂိတ်က နည်းနည်းကျပ်တဲ့နယ်စပ်ဂိတ်ဖြစ်လို့ ဒီလိုဖြစ်တယ်ပဲ ထင်ခဲ့တာ။ နောက်တစ်ဂိတ်သွားလည်း ဒီလိုပဲ။ တစ်ဂိတ်ပြီး တစ်ဂိတ်အဲလိုဖြစ်နေတာ။ ဒီ ‘‘ခွင့်ပြုချက်’’ဆိုတဲ့ စာရွက်အပိုင်းက နယ်စပ်က အရာရှိအတွက်တော့ ခေါင်းထဲမှာ မရှိတဲ့စာရွက်လို့ သိလာခဲ့တယ်။ သူတို့လုံးဝ အာရုံမရဘူးလေ’’
ဗလက်တစ်ယောက် နိုင်ငံထဲကနေ ထွက်ဖို့ နယ်စပ်က တရားဝင်ဖြတ်မယ့်အစား တီဆာမြစ်ကို ဖြတ်ကူးပြီး ရိုမေးနီးယားနိုင်ငံဘက်ခြမ်းကို ရောက်ခဲ့ပါတယ်။
ဗလက်ဟာ သူငယ်ချင်းတစ်ယောက်ရဲ့အကူအညီနဲ့ ယူကရိန်းနယ်စပ်ကို ရောက်ခဲ့သူပါ။ ဒါပေမဲ့ ဒန်နီလိုလို့ခေါ်တဲ့ နောက်ထပ်အမျိုးသားတစ်ဦးကတော့ တီဆာမြစ်ကို ဖြတ်ချင်သူတွေကို ဝန်ဆောင်မှုပေးတဲ့ လူတစ်ယောက်ကို တယ်လီဂရမ်ကနေ ဆက်သွယ်ပြီး အဲဒီလူရဲ့အကူအညီ ယူခဲ့တယ်လို့ ပြောပါတယ်။
တယ်လီဂရမ်ဟာ ယူကရိန်းမှာတော့ လူမှောင်ခိုသမားတွေက သူတို့ဝန်ဆောင်မှုကို သုံးလာကြအောင် ကြော်ငြာဖို့ တွင်တွင်ကျယ်ကျယ်အသုံးပြုကြတယ်ဆိုတာကို ဘီဘီစီက သိရှိခဲ့ရပါတယ်။ အခုစုံစမ်းထောက်လှမ်းသတင်းအတွက် အန်ဒရေးလို့ အသွင်ယူထားတဲ့သတင်းထောက်တစ်ဦးက ယူကရိန်းကနေ ထွက်ချင်နေသူတစ်ဦးအဖြစ် အသွင်ယူကာ မှောင်ခိုသမားတွေနဲ့အတူ ၁ လကြာ သတင်းလိုက်ယူ ခဲ့ပါတယ်။
လူပေါင်း ၁၀၀ ကနေ ထောင်ချီအထိ အဖွဲ့ဝင်ဖြစ်နေတဲ့ တယ်လီဂရမ်မှာ ဖွဲ့ထားတဲ့ ဂရု ၆ ခုလောက်ရှိနေတာကိုလည်း သူတွေ့ရှိခဲ့ပါတယ်။ ကလေးမရှိဘဲ မိသားစုဝင်ထဲကို ကလေးစာရင်းထည့်တာကစလို့ ကြေးအကြီးဆုံးဖြစ်တဲ့ စစ်မှုမထမ်းရအောင်ဆေးလက်မှတ်လုပ်တာအဆုံး ဝန်ဆောင်မှုအစုံကို အဲဒီဂရုတွေက လုပ်ပေးနေတယ်လို့ သူက ပြောပါတယ်။ ဆေးလက်မှတ်ကိုတော့ ‘‘လက်မှတ်ဖြူ’’ လို့ သုံးနှုန်းပြီး ကြိုက်တဲ့အချိန် ယူကရိန်းကနေ ထွက်ခွာပြီး ကြိုက်တဲ့အချိန်မှာပြန်လာခွင့်ရှိတယ်လို့ ဆိုပါတယ်။
အဲဒီလက်မှတ်ရဖို့ တစ်လကြာနိုင်တယ်လို့ သူ့ကိုပြောခဲ့သလို လက်မှတ်ထုတ်ပေးတဲ့အရာရှိကို လာဘ်ပေးဖို့အပါအဝင် လက်မှတ်ခ ဒေါ်လာငွေ ၄,၃၀၀ နီးပါးကုန်ကျမယ်လို့လည်း သူ့ကို ပြောခဲ့ကြတယ်လို့ သူက ပြန်ပြောပြပါတယ်။
သမ္မတရဲ့ လွှတ်တော်ဆိုင်ရာကိုယ်စားလှယ် ဖက်ဒါ ဗနီဆလာဗ်စကီးကတော့ စာရွက်စာတမ်းအတုကြောင့် ဖြစ်တဲ့ ခြိမ်းခြောက်မှုဟာ ဒစ်ဂျစ်တယ်စနစ်အသစ်ပြောင်းလိုက်တဲ့အခါ လာမယ့် တစ်နှစ်၊ နှစ်နှစ်အတွင်း အမြစ်ဖြတ် ဖြေရှင်းနိုင်မယ်လို့ ပြောပါတယ်။
ဘီဘီစီက စကားပြောဆိုခွင့်ရသူတွေအားလုံးဟာ နိုင်ငံထဲက ထွက်ခွာဖို့ ကြိုးပမ်းမှု အောင်မြင်ခဲ့ကြပါတယ်။ ဒါပေမဲ့ တချို့ကတော့ ယူကရိန်းအာဏာပိုင်တွေ ဖမ်းမိပြီး ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၉၂ -၂၃၀ ကြားနဲ့ ထောင် ၈ နှစ်ချမှတ်ခံကြရပါတယ်။
အခု ထွက်ပြေးခဲ့ကြသူတွေဟာ နောင်မှာ ယူကရိန်းနိုင်ငံထဲကို ပြန်ဝင်လာကြာတဲ့အခါ ပြန်ပြောင်း အရေးယူခံကြရမလားဆိုတာကတော့ မရှင်းလင်းပါဘူး။ ဒါပေမဲ့ မစ္စတာ ဗနီဆလာဗ်စကီးကတော့ ဒီကိစ္စဟာ အမျိုးသားအကျိုးစီးပွားထဲပါမယ်လို့ သူ မယူဆတဲ့အကြောင်း ပြောပါတယ်။
ဒါနီလိုကတော့ ယူကရိန်းနိုင်ငံသားတွေဟာ သူတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်ရနိုင်ခွင့်ရသင့်တဲ့အကြောင်း ချေပပြောဆိုပါတယ်။
‘‘ဘာကြောင့်လဲဆို လူတိုင်းလူတိုင်းမှာ ကိုယ့်ဘဝရည်မှန်းတာတွေရှိကြတယ်။ တချို့အတွက်က နိုင်ငံ့နယ်မြေကို ကာကွယ်တာက အဓိပ္ပါယ်ပြည့်ဝနေတာ။တခြားလူတွေအတွက်ကျတော့ ကိုယ်နဲ့ ကိုယ့်မိသားစုကို ကာကွယ်ဖို့က ဦးစားပေးဖြစ်နေတာ။ တချို့က စီးပွားရေးဖန်တီး ထူထောင်ပြီး နိုင်ငံ့စီးပွားရေကို ပြန်အထောက်အကူပေးချင်ကြတာလေ’’
‘‘ဘယ်လိုပဲဖြစ်နေပါစေ ကျွန်တော့်ရဲ့အခန်းကဏ္ဍကတော့ စစ်မြေပြင်မှာမဟုတ်ဘူး’’
စစ်ပွဲပြီးသွားတဲ့အခါ ယူကရိန်းအစိုးရအနေနဲ့ နိုင်ငံကို ထွက်ခွာသွားကြတဲ့သူတွေ ပြန်ဝင်လာကြရင် သူတို့ကို အပြစ်ပေးတာထက် ပြန်လာဖို့ပဲ အားပေးသင့်လို့ သူတို့ပြန်လာဖို့ မျှော်လင့်တဲ့အကြောင်း သူကပြောပါတယ်။
‘‘လူထုမရှိဘူးဆိုရင် ဒီ့ထက်ပိုပြောရရင် နိုင်ငံ့ဘဏ္ဍာအတွက် ငွေကောင်းကောင်းရှာနိုင်တဲ့သူ နိုင်ငံဘဏ္ဍာကို ပြန်ထောက်ပံ့နိုင်တဲ့ လူတော်တွေမရှိဘူးဆိုရင် နိုင်ငံတော်ဟာ ရပ်တည်ဖို့ ခက်ခဲမှာပဲ’’
ရုရှားနဲ့စစ်ပွဲ ပြီးဆုံးမယ့်အခြေ မမြင်ရသေးတာကြောင့် ဒီအရေးက လက်ရှိအခင်းအကျင်းနဲ့ လိုက်လျောညီထွေဖြစ်နေဦးမလားဆိုတာကတော့ မရှင်းလင်းသေးပါဘူး။ တဖက်မှာတော့ နှစ်ပေါက်အောင် စစ်တိုက်လာရတဲ့ယူကရိန်းဟာ စစ်သားတွေ ရနိုင်သမျှ လိုအပ်နေပါတယ်။