မန္တလေး၊ငါန်းဇွန်က ကြားဖြတ်တိုက်ခိုက်ခဲ့မှုမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးတယ်လို့ STF ပြော
မန္တလေးတိုင်းထဲက ရွေးကောက်ပွဲ အပိုင်း ၃ ထဲမှာ ပါဝင်တဲ့ ငါန်းဇွန်မြို့နယ်ထဲက မြို့သာရဲစခန်းကို အင်အားဖြည့်ဖို့ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို မနေ့ ဇန်နဝါရီ ၁၉ ရက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ငါန်းဇွန်အထူးတပ်ဖွဲ့(S.T.F)က ပြောပါတယ်။
စစ်ကြောင်းသွားရာလမ်းပိုင်းဖြစ်တဲ့ စက်မှုဇုန် မြို့သာလမ်းမကြီးပေါ် မြို့သာနဲ့ ကျွဲဇိမ်ရွာကြားမှာ တိုက်ခိုက်ခဲ့တာလို့ ငါန်းဇွန်အထူးတပ်ဖွဲ့ခေါင်းဆောင် ကိုငြိမ်းချမ်းက ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်က “ခန့်မှန်း ၁၀ ဦးကျော်လောက် သေဆုံးနိုင်တယ်” လို့ သူကဆိုပါတယ်။
သေဆုံးတဲ့ ရုပ်အလောင်းတွေကိုတော့ စစ်ကော်မရှင်တပ်က ကားပေါ်သယ်တင်ပြီး မြို့သာရဲစခန်းကို ဆက်မောင်းသွားတယ်လို့ S.T.F ရဲ့ ထုတ်ပြန်ချက်ကဆိုပါတယ်။
သေဆုံးမှုတွေနဲ့ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကြောင်းမှာ စစ်ကား ၆ စီးပါပြီး စစ်ကားစုစုပေါင်းမှာ တပ်ဖွဲ့ဝင်အင်အား ၁၅၀ ဝန်းကျင်လောက်ပါတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
စစ်ကြောင်းတိုက်ခိုက်ခံရပြီးနောက် ဇန်နဝါရီ ၁၉ ရက်မှာပဲ စစ်တပ်နဲ့ ငါန်းဇွန်အထူးတပ်ဖွဲ့တို့ကြား အပြန်အလှန်ပစ်ခတ်မှုလည်းရှိခဲ့တယ်လို့ ကိုငြိမ်းချမ်းက ပြောပါတယ်။
ပစ်ခတ်မှုအပြီး တစ်ရက်တည်းမှာပဲ စစ်တပ်ရဲ့ တိုက်လေယာဉ်တချို့ ဝဲပျံပြီး ကင်းထောက်တာတွေ လုပ်ခဲ့တယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ဆိုပါတယ်။
တိုက်ပွဲဖြစ်တဲ့ မြို့သာရွာရဲ့ တောင်ဘက်ခြမ်းမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား စစ်ရေးတင်းမာနေတဲ့ မြင်းခြံနဲ့နွားထိုးကြီးမြို့နယ်တွေရှိပါတယ်။
မြို့သာရဲ့ မြောက်ဘက်မှာတော့ စစ်ကော်မရှင်လေတပ်ရှိတဲ့ တံတားဦးမြို့ရှိပါတယ်။
စစ်ကော်မရှင်ကတော့ မြို့သာရဲစခန်းကိုသွားတဲ့ စစ်တပ်စစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး သတင်းမထုတ်ပြန်သေးပါဘူး။