သတ်ဖြတ်ခံရတဲ့ အမျိုးသမီးတွေများလာလို့ ကင်ညာမှာ ဆန္ဒတွေပြနေ သတင်းနဲ့ ဇန်နဝါရီလ - ၂၇ ရက် နိုင်ငံ တကာ သတင်းများ

Kenya

ဓာတ်ပုံ ရင်းမြစ်, MERCY JUMA/BBC

အမျိုးသမီးတွေ အသတ်ခံရတာ၊ အကြမ်းဖက်ခံရတာတွေ တိုးလာနေတာကို ဆန့်ကျင်တဲ့အနေနဲ့ ကင်ညာနိုင်ငံက အဓိကမြို့တွေမှာ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါတယ်။

ကင်ညာမှာ အမျိုးသမီး တချို့ ရက်ရက်စက်စက် သတ်ဖြတ်ခံရတာတွေ ဆက်တိုက် ဖြစ်လာခဲ့တဲ့နောက် အခုလို ဆန္ဒပြတာတွေ ဖြစ်လာတာပါ။

မြို့တော်နိုင်ရိုဘီက လွှတ်တော်အဆောက်အဦ နဲ့ သမ္မတ အိမ်တော်ရှေ့တို့မှာလည်း ရာနဲ့ချီတဲ့ လူတွေ စုဝေးခဲ့ကြပါတယ်။

အသတ်ခံခဲ့ရတဲ့ အမျိုးသမီးတွေရဲ့ အမည်တွေကို ရေးထားတဲ့ ကတ်ပြားတွေကို ဆန္ဒပြသူတချို့က ကိုင်ဆောင်လာခဲ့ကြပါတယ်။

၂၀၂၂ ခုနှစ်က လုပ်တဲ့ စစ်တမ်းတခုမှာ အမျိုးသမီး ၃ ပုံ ၁ ပုံ ကျော်က သူတို့ ကိုယ်ထိလက်ရောက် အကြမ်းဖက်တာမျိုးတွေ ခံခဲ့ရဖူးတယ်လို့ ထုတ်ဖော် ပြောခဲ့ကြပါတယ်။

ကျူးလွန်ကြတဲ့ အမျိုးသားတွေကို အပြစ်တင်ကြရမယ့်အစား ကျူးလွန်ခံရတဲ့ အမျိုးသမီးတွေကို လူမှုမီဒီယာတွေမှာ လူတွေက အပြစ်တင်နေကြတာတွေကိုလည်း လူအများအပြား က ဒေါသထွက်နေကြကြောင်း သတင်းထောက်တွေက ပြောပါ တယ်။

ဂါဇာတောင်ပိုင်းက ခန်းယူနစ်မှာ အရပ်သားတွေအတွက် စိုးရိမ်ကြီးနေကြရ

Gaza

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ါဇာတောင်ပိုင်း ရာဖာမှာလည်း အပျက်အဆီးတွေများပြား

ဂါဇာတောင်ပိုင်းက ခန်းယူနစ်မြို့ ကို အစ္စရေးက လေကြောင်းနဲ့ အကြီးအကျယ် တိုက်ခိုက်နေသလို မြေပြင်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် အရပ်သားတွေ ထိခိုက်မယ့်အရေးကို စိုးရိမ်မှုတွေ တက်လာနေပါတယ်။

မြို့ရဲ့ အကြီးဆုံး ဆေးရုံနားတဝိုက်ကို အစ္စရေး တင့်ကားတွေ က အမြောက်တွေနဲ့ အကြိမ်များစွာ ထုနေပါတယ်၊ အဲဒီဆေးရုံမှာက အိုးအိမ်စွန့်ခွာပြေးရသူ ၅,၀၀၀ လောက်လည်း ခိုလှုံနေတာပါ။

ညက ဆေးရုံကို သယ်လာတဲ့ လူသေ အလောင်းပေါင်း ၁၃၀ ကျော်ရှိတယ်လို့ ဟားမတ်စ်တို့ ဦးစီးနေတဲ့ ကျန်းမာရေး ဌာနကပြောပါတယ်။

ဂါဇာမှာ ကျန်းမာရေး စောင့်ရှောက်မှု စနစ် ပြိုလဲကျနေပြီး ကျန်သမျှ ဆေးပစ္စည်းအနည်းငယ်နဲ့ ထိခိုက်ဒဏ်ရာရ လူနာများစွာကို ကုသပေးနေကြရတယ်လို့ MSF - နယ်စည်းမခြား ကျန်းမာရေး အဖွဲ့ က ဆရာဝန်တွေက ပြောပါတယ်။

အာဖဂန်မှာ လွတ်လပ်တဲ့ မီဒီယာဖြစ်‌ရေး အဖွဲ့တခု လုပ်ငန်းရပ်ဆိုင်း

Afghan

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၉ ခုနှစ်အတွင်းက ကဘူးမှာ မီဒီယာ သမားတွေ သတင်းယူကြစဉ်

နိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ အဆင်မပြေလှတဲ့ တခြား အခြေအနေတွေကြောင့် သူတို့ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်း လိုက်ပြီလို့ အာဖဂန်နစ္စတန်မှာ လွတ်လပ်တဲ့ မီဒီယာတွေရှိရေးအတွက် လှုပ်ရှားနေတဲ့ အဖွဲ့တခု က ပြောပါတယ်။

နိုင် (Nai) လို့ အမည်ရတဲ့ အဲဒီအဖွဲ့ဟာ နိုင်ငံတကာ အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး အာဖဂန်မှာ သတင်းထောက်တွေကို ထောက်ပံ့ကူညီတာ၊ လွတ်လပ်သော မီဒီယာ တွေ ဖြစ်လာစေရေးအတွက်ဆောင်ရွက်ပေးတာ စတာတွေကို နှစ်ပေါင်း ၂၀ နီးပါး လုပ်ကိုင်ခဲ့ပါတယ်။

တာလီဘန်တို့ အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် သြဂုတ်လနောက်ပိုင်း အဲဒီအဖွဲ့က ထိပ်ပိုင်းခေါင်းဆောင် အတော်များများ နိုင်ငံထဲကနေ ထွက်ခွာ လာခဲ့ကြပါတယ်။

အရင်အချိန်ကာလတွေတုန်းက နိုင် အဖွဲ့ဟာ သတင်းသမားတွေကို ဖမ်းဆီးတဲ့၊ သတင်း လွတ်လပ်ခွင့်ကို ကန့်သတ်တဲ့ တာလီဘန် ခေါင်းဆောင်တွေကို ဝေဖန်ခဲ့ကြ ပါတယ်။

၂ နှစ် ဆက်တိုက် သြစတြေးလျ အိုးပင်း အမျိုးသမီး တင်းနစ် ချန်ပီယံ ဆာဘာလင်ကာ

Australia

ဓာတ်ပုံ ရင်းမြစ်, Getty Images

သြစတေးလျ အိုးပင်း အမျိုးသမီး တင်းနစ် နောက်ဆုံး ဖိုင်နယ်ပွဲမှာ ဘေလာရုစ်က အရီနာ ဆာဘာလင်ကာက အနိုင်ရပြီး ဗိုလ်စွဲသွားပါတယ်။

တရုတ်က တင်းနစ်မယ် ဂျန် ချင်ဝန်ကို သူက ၂ ပွဲ ဆက်တိုက်အနိုင်ရခဲ့တာပါ။

ဂရန်း ဆလန် ပြိုင်ပွဲဖြစ်တဲ့ သြစတြေးလျ အိုးပင်း ပြိုင်ပွဲ မှာ ဆာဘာလန်ကာဟာ ၂ နှစ်ဆက်တိုက် ဗိုလ်စွဲတဲ့ ပထမဆုံး အမျိုးသမီး တင်းနစ်မယ် ဖြစ်လာပါတယ်။