ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပူတင်ကို စိန်ခေါ်နိုင်ခြေရှိတဲ့ စစ်ပွဲဆန့်ကျင်သူ သမ္မတလောင်းကို ရုရှားပိတ်ပင်
ရုရှားမှာ လာမယ့်နွေဦးမှာကျင်းပမယ့် ရွေးကောက်ပွဲမှာ သမ္မတပူတင်ကို ယှဥ်ပြိုင်စိန်ခေါ်မယ်လို့ ကြေညာထားတဲ့ ရုရှားရုပ်သံသတင်းထောက်ဟောင်းဟာ သမ္မလောင်းအဖြစ်ပါဝင်ယှဥ်ပြိုင်ခွင့် ပိတ်ပင် ခံလိုက်ရပါတယ်။
တစ်သီးပုဂ္ဂလနိုင်ငံရေးသမားအဖြစ်ယှဥ်ပြိုင်မယ့် ယက်ခါထရီနာ ဒွန်ဆိုဗာဟာ ယူကရိန်းနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်ရေး အားထုတ်နိုင်ရေး နေရာရှာတဲ့အနေနဲ့ ရွေးကောက်ပွဲကို ဝင်ပြိုင်ချင်တာဖြစ်ပါတယ်။
ဒါပေမဲ့ ရုရှားရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲအတွက် သူတင်တဲ့လျှောက်လွှာဖြည့်စွက်မှုမှာ အမှားတွေ အခု ၁၀၀ ရှိတယ်လို့ပြောပြီး လျှောက်လွှာတင်ပြီး ၃ ရက်အတွင်းမှာပဲ မဲအများစုပေးကာ ပယ်ချခဲ့ပါတယ်။
မစ္စဒွန်ဆိုဗာကတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့အခုဆုံးဖြတ်ချက်ကို တရားရုံးချုပ်မှာ အယူခံဝင်မယ်လို့ ပြောပါတယ်။
၂၀၂၄ ခုနှစ်၊ မတ်လမှာကျင်းပဖို့ရှိတဲ့ သမ္မတရွေးကောက်ပွဲဟာ ရုရှားမှာ သမ္မတ ပူတင်က ယူကရိန်းကို ကျူးကျော်တဲ့ လွန်ခဲ့တဲ့နှစ်နှစ်တုန်းက စစ်ပွဲစတင်ကတည်းကဆိုရင် ပထမဆုံး ရွေးကောက်ပွဲ ဖြစ်လာမှာ ဖြစ်ပါတယ်။
ပူတင်ကို ဝေဖန်တဲ့သူတစ်ဦး အခုလို ရုတ်တရုတ်ဆုံးဖြတ်တာခံရတာဟာ ရွေးကောက်ပွဲမဲဆွယ်ကာလရောက်ရင်လည်း အမြင်သဘောထားမတူသူတွေကို သည်းခံမှာမဟုတ်ဘူးဆိုတဲ့ သက်သေအဖြစ် လူအချို့က ရှုမြင်ပါတယ်။
ရုရှားရွေးကောက်ပွဲကော်မရှင်ခေါင်းဆောင် အယ်လာ ပမ်ဖီလိုဗာကတော့ မစ္စဒွန်ဆိုဗာကို နောက်တစ်ဆင့် ဖြစ်တဲ့ ထောက်ခံသူထောင်နဲ့ချီရဲ့လက်မှတ်တွေ စုဆောင်းတဲ့အဆင့်ကိုလည်း ခွင့်ပြုမှာမဟုတ်ဘူးလို့ ပြောပါတယ်။
‘‘မင်းက အရွယ်ရှိသေးတဲ့အမျိုးသမီးတစ်ဦးဖြစ်တယ်။ အရှေ့မှာ လုပ်ကိုင်နိုင်စွမ်းအတိုင်း အောင်မြင်နိုင်တာတွေရှိနေသေးတယ်။ အနုတ်ပြတဲ့ဘယ်လိုအခြေအနေမျိုးမဆို အပေါင်းလက္ခဏာဘက်ကို ဦးတည်နိုင်ပါတယ်။ ဘယ်လိုအတွေ့အကြုံမျိုးမဆို အတွေ့အကြုံပါပဲ’’ လို့ သူက အသက် ၄၀ အရွယ် မစ္စ ဒွန်ဆိုဗာကို ကော်မရှင် ဆုံးဖြတ်ချက်အပြီးမှာ ပြောပါတယ်။
ရုပ်သံသတင်းသမားဟောင်းဖြစ်တဲ့ မစ္စဒွန်ဆိုဗာကတော့ သမ္မတရာထူးအတွက် သူဝင်ရောက်ယှဥ်ပြိုင်မယ့်အကြောင်း နိုဝင်ဘာလတုန်းက ကြေညာခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းကတော့ သူက ‘’ဘယ်သူမဆို ဒီခြေလှမ်း လှမ်းသူတိုင်း ကြောက်ကြမှာပါပဲ။ ဒါပေမဲ့ အကြောက်တရားကို အနိုင်ယူရမယ်’’ လို့ ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
ရုရှားနိုင်ငံရဲ့ဖွဲ့စည်းပုံဟာ ၂၀၂၀ ပြည့်နှစ်တုန်းက ပြင်ဆင်ခဲ့ပြီး သမ္မတရာထူးသက်တမ်းကို ၄ နှစ်ကနေ ၆ နှစ်အထိ တိုးခဲ့သလို မစ္စတာပူတင်အတွက်လည်း အရင်နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ရာထူးသက်တမ်းတွေကို ထည့်တွက်စရာမလိုဘဲ ရွေးကောက်ပွဲဝင်ပြိုင်နိုင်တဲ့အခြေအနေ ပေးထားပါတယ်။
မော်စကိုမှာ အတိုက်အခံနိုင်ငံရေးသမားတွေ ဘေးဖယ်ခံထားရတဲ့နှစ်နဲ့ချီကြာမြင့်နေပြီဖြစ်ပြီး သမ္မတ ပူတင်ကတော့ မတ်လမှာ အနိုင်ရနိုင်ခြေရှိနေပါတယ်။ သူ့အစိုးရအိမ်တော် ကရင်မလင်ကတော့ သမ္မတ ဟာ ရုရှားနိုင်ငံသားတွေကြားက စစ်မှန်တဲ့ထောက်ခံမှုကို နှစ်သက်နေတယ်လို့ပြောပါတယ်။
မစ္စဒွန်ဆိုဗာဟာ ယူကရိန်းနဲ့စစ်ပွဲအဆုံးသတ်ရေးနဲ့ နိုင်ငံရေးအကျဥ်းသားတွေကို လွှတ်ပေးရေးကို အဓိက မဲဆွယ်မယ့်အကြောင်း သူ့အစီအစဥ်တွေကို ထုတ်ပြောထားသူဖြစ်ပါတယ်။
ကော်မရှင်ရဲ့ဆုံးဖြတ်ချက်ပြီးတဲ့နောက် သူက မြန်မြန်ဆန်ဆန်ပဲ တုံ့ပြန်ခဲ့ပြီး ‘‘တရားရုံးချုပ်ကို ကျွန်မတို့ အယူခံဝင်ပါမယ်။ ဒီဆုံးဖြတ်ချက်က တရားဥပဒေကို အခြေခံပြီး ဆုံးဖြတ်ခဲ့တာမဟုတ်ဘူးဆိုတော့လေ’’ လို့ သူ့ရဲ့ တယ်လီဂရမ်ချန်နယ်မှာ ရေးသားပါတယ်။
ကော်မရှင်ဘက်ကတော့ သမ္မတလောင်းအဖြစ်လျှောက်ထားသူ ၂၉ ဦးအထိရှိတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ စနေနေ့ဆုံးဖြတ်ချက်ကြောင့် မစ္စတာ ပူတင်ဟာ သမ္မလောင်းအဖြစ် မှတ်ပုံတင်နိုင်တဲ့တစ်ဦးလည်းသော အဖြစ် ကျန်ရစ်ပါတယ်။
နိုဝင်ဘာလတုန်းကတော့ ယူကရိန်းမှာ ရုရှားရဲ့စစ်ရေးဗျူဟာကို ပြင်းပြင်းထန်ထန်ဝေဖန်လေ့ရှိတဲ့ စစ်ပွဲယိမ်း အမျိုးသားရေး ဘလော်ဂါက သမ္မတပူတင်ကို စိန်ခေါ်ပြီး အတုအယောင်ရွေးကောက်ပွဲကို ဖျက်ချင်တဲ့အကြောင်း ပြောခဲ့ဖူးပါတယ်။
အသက် ၅၂ နှစ်အရွယ် အစ်ဂေါ ဂါခင်ဟာ သမ္မတကို ဝေဖန်တဲ့ပို့စ်တွေကို လူမှုကွန်ရက်မှာ တင်ခဲ့အပြီးမှာတော့ ဇူလိုင်လမှာ ထိန်းသိမ်းခံခဲ့ရပါတယ်။ အခုတော့ သူဟာ အစွန်းရောက်မှုနဲ့စွပ်စွဲခံထားရတဲ့တရားခွင်ကြားနာမှုကို စောင့်ဆိုင်းနေရပါတယ်။ သူကတော့ အဲဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။