ဇာတ်တူသားစားတဲ့ ထိုင်းရောက်မြန်မာပွဲစားများ

ကမ္ဘောဒီးယား အလုပ်သမား သိန်းနဲ့ချီ လုံခြုံရေးစိုးရိမ်ချက်ကြောင့် သက်ဆိုင်ရာနိုင်ငံကို ပြန်သွားတဲ့ အခါမှာ ထိုင်းရောက် အလုပ်လက်မဲ့မြန်မာတွေအတွက် အခွင့်အရေးတစ်ရပ်ဖြစ်လာပါတယ်။

ဒါပေမဲ့ နစ်နာသူလည်း အများအပြား ရှိလာပါတယ်။

မြန်မာအလုပ်သမားတွေ အသုံးများတဲ့ Tik Tok နဲ့ Facebookမှာ အလုပ်စမတ် (အလုပ်လျှောက်) ပေးတယ်ဆိုတဲ့ သူတွေ မှိုလိုပေါက်လာသလို အလုပ်သမားတွေအုပ်စုလိုက်လိမ်လည်ခံနေရတယ်လို့ ဘီဘီစီက မေးမြန်းခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမားအကူအညီပေးရေးအဖွဲ့ ၃ ခုက ဆိုပါတယ်။

"ကျွန်တော်တို့ တစ်ဖွဲ့တည်းမှာပဲ တစ်ရက်ကို ပွဲစားလိမ်လို့ ဖြေရှင်းပေးဖို့ အကူအညီလာတောင်းတဲ့သူ တစ်ရာလောက်ရှိတယ်" လို့ အလုပ်သမားမဟာမိတ်အဖွဲ့ WAG ဦးဆောင်သူ ကိုမုန်တိုင်းက ဘီဘီစီကို ပြောပါတယ်။

ထိုင်းအစိုးရဘက်က မြန်မာကနေ MOUနဲ့ အလုပ်သမားတွေ ထပ်ခေါ်ဖို့ နယ်စပ်ဒုက္ခသည်စခန်းက အလုပ်သမား ၄ သောင်းကျော်ကို အလုပ်ပေးဖို့ ပြောထားပေမဲ့ တခြားနည်းနဲ့အလုပ်ခေါ်ယူဖို့ တရားဝင်ထုတ်ပြန်တာမရှိပါဘူး။

မြန်မာနိုင်ငံသားအချင်းချင်း ဘယ်လိုလိမ်လည်နေကြလဲ

မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးအနေနဲ့ ထိုင်းနိုင်ငံရဲ့စက်ရုံ၊ အလုပ်ရုံနဲ့ အခြေခံအလုပ်ကြမ်းတွေ လုပ်ကိုင်ခွင့်ရဖို့က ထင်သလောက် မလွယ်ကူပါဘူး။

အလုပ်ရှင်တိုက်ရိုက်ခေါ်ယူတဲ့ အလုပ်ခေါ်စာတွေ့တဲ့အဆင့်၊ လျှောက်တဲ့အဆင့်၊ အင်တာဗျူးပြီးတာနဲ့ အလုပ် ရမရ သိရတဲ့အဆင့်ဆိုပြီး သမားရိုးကျ နည်းလမ်းနဲ့ ထိုင်းမှာ အလုပ်ရှာလို့မရပါဘူး။

အများစုက စက်ရုံ၊ အလုပ်ရုံနဲ့ တိုက်ရိုက်အချိတ်အဆက်ရှိတဲ့ ပွဲစားတွေကနေသာ အလုပ်ရနိုင်တာပါ။

"ပွဲစားတွေနဲ့ စက်ရုံတွေရဲ့ ဝန(အလုပ်သမားခေါင်း)၊ စကားပြန်၊ HR တွေက ပေါင်းထားကြတာ။ လူခေါ် ရင် ပွဲစားဆီကနေ ၅၀၀ စား ၁၀၀၀ စား ဖြတ်ယူတာပေါ့။ အပြင်ကို အလုပ်ဖွင့်ခေါ်တာရှိရင်လည်း ပွဲစား သွင်းတဲ့သူပဲရတာ" လို့ ထိုင်းရောက်မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးကော်မတီ MHAC က ကိုဖြိုးကိုကိုနိုင်က ဘီဘီစီကိုပြောပါတယ်။

ဒီနေရာမှာ ဝန်ဆောင်ခယူပြီး အမှန်တကယ်အလုပ်သွင်းပေးတဲ့ ပွဲစားရှိသလို လိမ်လည်တဲ့သူတွေလည်း အများအပြားရှိနေတာပါ။

ထိုင်းရောက်တာ ၂ နှစ်နီးပါးရှိပေမဲ့ အလုပ်မရသေးတဲ့ မဝေမာတစ်ယောက်လည်း တခြား မြန်မာ ရွှေ့ပြောင်း အယောက် ၆၀ လောက်နဲ့အတူ မဟာချိုင်မှာ ပွဲစားလိမ်တာ ခံလိုက်ရပါတယ်။

အလုပ်လျှောက်ခ တစ်ဦးကို ထိုင်းဘတ်ငွေ ၅၀၀၀(မြန်မာငွေ ၆၇၀၀၀၀ ဝန်းကျင်)ပေးရပြီး အလုပ် လည်း မရသလို ပိုက်ဆံလည်း ဆုံးခဲ့ရပါတယ်။

"သူ့အိမ်အခန်းမှာ လာစမတ်ရမယ်ဆိုပြီးပြောတယ်။ တခြားလူတွေလည်းအများကြီးလာစမတ်တာတွေ့ တယ်။ ဒါကြောင့်ယုံကြည်ပြီး စမတ်လိုက်တာပေါ့" လို့ မဝေမာက ပြောပါတယ်။

လူမှုကွန်ရက်က အလုပ်ပွဲစားတွေရဲ့ပို့စ်တွေအရ အလုပ်သွင်းပေးခဟာ ဘတ် ၅၀၀၀ ကနေ ၇၀၀၀ အတွင်း တောင်းကြတာတွေ့ရပါတယ်။

ဒီငွေကြေးပမာဏဟာ ထိုင်းနိုင်ငံရဲ့ အလုပ်ကြမ်းလုပ်ရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ် ယောက်ရဲ့ အခြေခံလစာ ၃ ပုံ ၂ ပုံလောက်ရှိနေတာပါ။

အလုပ်သမားတစ်ယောက်ဟာ အလုပ်ပြောင်းရွှေ့ချင်လို့ဖြစ်စေ အလုပ်ရချင်လို့ဖြစ်စေ အလုပ်စမတ်ခ၊ သူဌေးပြောင်းခစသဖြင့် ဘတ် ၁၀,၀၀၀ ဝန်းကျင်ကုန်ကျနေတာ ဖြစ်ပါတယ်။

ဒီကုန်ကျစရိတ်တွေဟာ တရားဝင်နည်းလမ်းအရဆိုရင် အလုပ်သမားဘက်က ပေးရမှာမဟုတ်ဘဲ အလုပ်ရှင်က ကုန်ကျခံရမှာ ဖြစ်တယ်လို့ ထိုင်းအခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

"ဟိုကြေးဒီကြေး ပွဲစားတောင်းသမျှက သူတို့ဖန်တီးလုပ်ကြံတောင်းနေတာသာ ဖြစ်တယ်" လို့ ဦးမိုးကြိုးက မှတ်ချက်ပြုပါတယ်။​

မဝေမာကတော့ ဇူလိုင် ၁ ရက်နေ့ကတည်းက ပွဲစားကို ဘတ် ၅၀၀၀ ပေးပြီး အလုပ်ရနိုးနိုး မျှော်လင့်ခဲ့ပေမဲ့ အခုတော့ ငွေဆုံးရဖို့သာ များနေတာပါ။

"အခုဆို ၃ လထဲဝင်ပြီ။ အလုပ်မရရင် ပိုက်ဆံပြန်ယူမယ်ဆိုတော့ ရက်ချိန်းတွေရွှေ့နေတာ" လို့ သူကပြောပါတယ်။

MOUနဲ့ ထိုင်းမှာ အလုပ်လာလုပ်တာ ၅ နှစ်ရှိပြီဖြစ်တဲ့ မစန္ဒာကလည်း မဝေမာလိုပဲ အလုပ်လည်းမရသလို ပွဲစားခ ဘတ် ၆၅၀၀ လည်းရှုံးခဲ့ရသူပါ။

မစန္ဒာဆီမှာ မြန်မာမှတ်ပုံတင်မရှိလို့ဆိုပြီး MOUနဲ့ လုပ်ခဲ့တဲ့ ငါးသေတ္တာစက်ရုံက အလုပ်ထုတ်လိုက်တာကြောင့် နောက်အလုပ် တစ်ခု အရေးပေါ်လိုနေတာပါ။

သူနဲ့ သူငယ်ချင်း ၇ ဦးဟာ အလုပ်ပွဲစားဆီကို ငွေသွင်းထားပေမဲ့ အလုပ်မသွင်းပေးသလို ပိုက်ဆံပြန်တောင်းရင်လည်း ရဲဖမ်းခိုင်းမယ်လို့ ခြိမ်းခြောက်ခံနေရတာပါ။

မဟာချိုင်ထဲက ထိုင်းနိုင်ငံသားဖွင့်ထားတဲ့အလုပ်ရှာဖွေရေးရုံးမှာလုပ်တဲ့ မြန်မာပွဲစားကတဆင့် အလုပ်ရှာပေးဖို့ ပွဲစားခပေးခဲ့တာပါ။

"ရုံးခန်းကို ပိုက်ဆံသွားတောင်းရင် ထိုင်းမက ဆဲတယ်။ နှုတ်ခမ်းမွှေး(ထိုင်းအမျိုးသားရေးလှုပ်ရှားသူ) လူတွေနဲ့ ဖမ်းခိုင်းမယ်ပြောလို့ ထပ်မသွားရဲဘူး" လို့ မစန္ဒာကပြောပါတယ်။

ပွဲစားတွေတောင်းတဲ့ အလုပ်လျှောက်ခကို မဝေမာနဲ့ မစန္ဒာ နှစ်ယောက်လုံးဟာ မြန်မာပြည်ကနေ ၁၀ တိုးနဲ့ လှမ်းချေးပြီး ပေးခဲ့ကြတာပါ။

အကြွေးပူမိနေရပြီဖြစ်တဲ့ မစန္ဒာက "စိတ်လည်းမကောင်းဖြစ်တယ်။ မျက်စိထဲ ပိုက်ဆံ ၆၅၀၀ ပဲမြင်နေတယ်" က ပြောပါတယ်။

မဝေမာကလည်း"ကိုယ့်ပိုက်ဆံ လိမ်ခံထိတယ်ဆိုတော့ တခါတလေအိပ်ရင်း လန့်လန့်နိုးတယ်။ ဒီပိုက်ဆံတွေ ငါဘယ်လိုဆပ်ရမလဲဆိုပြီးတော့" လို့ ပြောပြီး သောကရောက်နေကြပါတယ်။

သူတို့ ၂ ဦးလို အလုပ်လုံးဝမရဘဲ လိမ်လည်ခံရတာရှိသလို တချို့ဖြစ်စဥ်တွေမှာတော့ ပွဲစားခယူပြီး စက်ရုံအလုပ် ၂ လလောက်ပေးကာ အကြောင်းပြချက်အမျိုးမျိုးနဲ့ အလုပ်ထုတ်ပစ်တာမျိုးလည်း အလုပ်သမားတွေ ကြုံနေရပါတယ်။

"ထိုင်းဥပဒေအရလည်း ၃ လမတိုင်ခင် အလုပ်ထုတ်လို့ရနေတော့ စကားပြန်နဲ့ ပွဲစားက လူတွေထုတ်လိုက် ထည့်လိုက်လုပ်ပြီး လုပ်စားတာလည်း အများကြီးပဲ" လို့ WAG အဖွဲ့က ကိုမုန်တိုင်းက ပြောပါတယ်။

ဒီလို အလုပ်သမားတွေ ငွေကြေးလိမ်လည်ခံရတာအပြင် ပွဲစားအချင်းချင်း ပြန်လိမ်ကြတာလည်း ရှိနေပြန်ပါတယ်။​

ကိုသန်းဇော်(အမည်လွှဲ)က ချွန်ဘူရီမြို့နယ်မှာနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတစ်ယောက်ဖြစ်ပါတယ်။

သူ့ရဲ့မိတ်ဆွေတစ်ယောက်က ကိုသန်းဇော်ကို ကားအပိုပစ္စည်းစက်ရုံအတွက် အလုပ်သမား အယောက် ၃၀ ရှာပေးဖို့နဲ့ တစ်ဦးကို ဘတ် ၅၀၀ ပွဲခ ပေးမယ်လို့ စက်တင်ဘာလထဲမှာ ဆိုလာပါတယ်။

အလုပ်လိုချင်တဲ့ အလုပ်သမားဆီက အလုပ်လျှောက်ခ ဘတ် ၅၀၀၀ တောင်းပြီး ကိုသန်းဇော်က ဘတ် ၅၀၀ နဲ့ သူ့မိတ်ဆွေက ဘတ် ၄၅၀၀ ယူမှာဖြစ်ပါတယ်။

ကိုသန်းဇော်က လူမှုကွန်ရက်ကတဆင့် လူရှာခဲ့ပြီး မြန်မာအလုပ်သမား ၁၀ ဦးက သူ့ကို ဆက်သွယ်လာခဲ့ပါတယ်။

ဒီအလုပ်သမားတွေနဲ့အတူ စက်တင်ဘာ ၁၀ ရက်မနက်ပိုင်းမှာ ချွန်ဘူရီမြို့နယ်ထဲက ဘုန်းကြီး ကျောင်းတစ်ခု အနီးကို လာခဲ့ရမယ်လို့ စက်ရုံအလုပ်ခေါ်တဲ့ပွဲစားက ကိုသန်းဇော်ကို ချိန်းဆိုခဲ့ပါတယ်။

ချိန်းတဲ့နေရာကို ကိုသန်းဇော်ရဲ့မိတ်ဆွေကိုယ်တိုင်မလာဘဲ သူနဲ့အလုပ်တွဲလုပ်တယ်ဆိုတဲ့အမျိုးသားတစ်ယောက်ကို လွှတ်လာခဲ့တာပါ။​

"လာတဲ့လူက အလုပ်သမားတွေကို စက်ရုံဘက်ကပေးတဲ့ အခန်းနေခွင့်ရဖို့ အခုပိုက်ဆံကြိုပေးရမယ်။ မပေးရင်စက်ရုံက အခန်းသော့မပေးဘူးလို့ပြောတယ်။ ကိုယ်က ၁၀ ယောက်ခေါ်သွားတော့ ၄၅၀၀၀ လွှဲပေးလိုက်တယ်။ ပြီးလည်းပြီးရော ကျွန်တော်တို့ ဖုန်းတွေကိုဘလော့သွားတယ်" လို့ ကိုသန်းဇော်ကပြောပါတယ်။

ကိုသန်းဇော်မိတ်ဆွေလွှတ်လာတဲ့ အမည်မသိအမျိုးသားဟာ ပွဲစားခ ပိုက်ဆံယူပြီးနောက် အလုပ်သမားတန်းလျားသော့သွားယူမယ်ဆိုပြီး အစအနပျောက်သွားခဲ့တာပါ။

"ကျွန်တော်တို့ မနက် ၉ နာရီရောက်တာ ညနေ ၆ နာရီထိထိုင်စောင့်တာ ပေါ်မလာတော့ဘူး။ ၅ မိနစ် ၁၀ မိနစ်ဆိုလာမယ်နဲ့ ပျောက်သွားတယ်"​ လို့ ကြားပွဲစား ကိုသန်းဇော်က ပြောပါတယ်။

သူအလုပ်သွင်းပေးဖို့ စီစဥ်ထားတဲ့ အလုပ်သမားတွေဟာ ဒီ့မတိုင်ခင်တုန်းကလည်း အလုပ်ပွဲစား လိမ်လည်တာကိုခံခဲ့ရသူတွေဖြစ်ပါတယ်။​

"သူတို့တွေက အလည်ဗီဇာနဲ့လာပြီး လက်ရှိမှာအထောက်အထားတွေမရှိကြဘူး။ ဘန်ကောက်ကနေ ချွန်ဘူရီထိ အလုပ်လိုချင်လို့ လာခဲ့ကြတာ။ အခုလိမ်တဲ့လူက အလုပ်ဝင်ရင်သူဌေးက ဘတ်ရိုက်ပေးမယ်ဆိုပြီးလည်း ပြောလို့ကလေးတွေကလာကြတာ"လို့ ကိုသန်းဇော်က ဆိုပါတယ်။

အခုတော့ ကိုသန်းဇော်ရဲ့ မိတ်ဆွေဆိုသူက "သူ့ဘဏ်ကတ်ထဲ ပိုက်ဆံယူထားတာမဟုတ်ဘူးဆိုပြီး ခေါင်ရှောင်နေတယ်"လို့ ဆိုပါတယ်။

ပိုက်ဆံယူသွားတဲ့သူကလည်း အစအန ပျောက်နေပါတယ်။​

အလုပ်ပွဲစားတွေ ပြောင်ပြောင်တင်းတင်း လိမ်ရဲနေတာနဲ့ပတ်သက်လို့ ကိုသန်းဇော်က "ဒီနေရာက လိမ်ပြီး နောက်နေရာပြောင်းရင် ဘယ်သူမှမလိုက်နိုင်ဘူး။​ အရေးလည်းယူမယ့်သူမရှိဘူးဆိုပြီး ရဲတင်းနေကြတာ"လို့ ပြောပါတယ်။

မြန်မာအလုပ်သမားတွေ ဘာကြောင့် အလိမ်ခံရလဲ

ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း IOM ရဲ့အချက်အလက်အရ ထိုင်းမှာ မြန်မာ ရွှေ့ပြောင်း ၄ ဒသမ ၁ သန်းရှိပြီး ဒီထဲက ထက်ဝက်လောက်သာ တရားဝင်အထောက်အထားတွေရှိကြပါတယ်။

မြေပြင်မှာတော့ အဲဒီထက်အရေအတွက် ပိုနိုင်တယ်လို့ နှစ်နိုင်ငံအစိုးရတွေနဲ့ နီးစပ်သူတွေက သုံးသပ်ကြပါတယ်။

အထောက်အထားမရှိသူ ၂ သန်းဝန်းကျင် ထိုင်းထဲရှိနေပြီး သူတို့ထဲက အများစုဟာ အလုပ် လက်မဲ့ ဖြစ်နေကြတာပါ။

၂၀၂၄ ထဲမှာ ပန်းရောင်ကတ်အထောက်အထားနဲ့ အလုပ်လုပ်ကိုင်ခွင့်ရထားသူတွေလည်း အလုပ်မရှိကြသူတွေ ရှိနေတာပါ။

ဇူလိုင်လကုန်နဲ့ သြဂုတ်လထဲမှာ ကမ္ဘောဒီးယားနိုင်ငံသား ၈ သိန်းဝန်းကျင်ပြန်သွားပေမဲ့ မြန်မာနိုင်ငံသားအားလုံး အလုပ်မရနိုင်ပါဘူး။

ဒါပေမဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေ ပြန်သွားတဲ့နောက်ပိုင်း အလုပ်ပွဲစားတွေက လူမှုကွန်ရက်ကနေ တိုက်ရိုက် ထုတ်လွှင့်လို့ တမျိုး ရုပ်သံနဲ့ တဖုံ အလုပ်အကိုင်တွေ ခေါ်ယူနေကြပါတယ်။

WAG အဖွဲ့က ကိုမုန်တိုင်းက"အလုပ်သမားတွေက အယုံလွယ်တာများတယ်။ ငယ်ငယ်ချောချော သပ်သပ်ရပ်ရပ်နဲ့ Live လွှင့်ပြောတဲ့သူဆို ယုံကြတော့ လိမ်ခံရတယ်" လို့ ပြောပါတယ်။

အလုပ်လက်မဲ့များနေတာ၊ တရားမဝင်နေထိုင်ရတာ၊ မြန်မာနဲ့ထိုင်းအစိုးရဘက်က အလုပ်သမားအသိပညာပေးမှု နည်းပါးတာကြောင့် လိမ်လည်ခံရတာတွေ မြင့်တက်နေရတာလို့ အလုပ်သမားအရေးဆောင်ရွက်နေသူတွေ ‌ထောက်ပြပါတယ်။

ထိုင်းနိုင်ငံရဲ့ မြို့နယ်တိုင်းမှာ အလုပ်အကိုင်ရှာဖွေရေးရုံးရှိပေမဲ့ အလုပ်သမားအများစုက မသိကြဘူးလို့ ဘီဘီစီက မေးမြန်းခဲ့တဲ့ အလုပ်သမားအရေးဆောင်ရွက်နေသူတွေနဲ့ အလုပ်သမားတချို့က ပြောပါတယ်။

"အစိုးရတွေက ဘတ်ဖိုး၊ CI ဖိုး ဒါတွေကောက်ဖို့ပဲသိတာ။ အလုပ်သမားတွေ အခက်အခဲဖြစ်ရင် ဘယ်သွားဆိုတာမျိုး ပြောတာလမ်းညွှန်တာ မရှိဘူး။ အလုပ်ရှာပေးတဲ့ရုံးရှိတာ တခါမှမကြားဖူးဘူး။ မဟာချိုင်မှာတော့ ပွဲစားပဲကြီးစိုးတာ " လို့ မြန်မာရွှေ့ပြောင်းအလုပ်သမား မစန္ဒာက ပြောပါတယ်။

အလုပ်ပွဲစားတွေကြောင့် နစ်နာနေရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် အကာ အကွယ်ပေးရေး ဆောင်ရွက်ချက်ကို မေးမြန်းဖို့ ဘန်ကောက်က မြန်မာအလုပ်သမားသံအရာရှိရုံးကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။​

ထိုင်းအစိုးရကဖွင့်ထားတဲ့ အလုပ်အကိုင်ရှာဖွေရေးရုံးတွေရဲ့ google map review မှာလည်း ရုံးဝန်ထမ်းတွေရဲ့ ဆက်ဆံ‌ရေးညံ့ဖျင်းတာ၊ ရုံးကို လာရောက်အကူအညီတောင်းခံသူတွေကို ရိုင်းပြတာနဲ့ ပတ်သက်တဲ့ ရေးသား ဝေဖန်ချက်တွေ တွေ့ရပါတယ်။

ဒီလိုတရားဝင်လမ်းကြောင်းအတိုင်း အလုပ်ရှာဖွေလုပ်ကိုင်ဖို့ မလွယ်ကူတာကြောင့် ပွဲစားတွေလက်ထဲရောက်သွားပြီး လိမ်လည်ခံရရင်လည်း မြန်မာအလုပ်သမားတွေဘက်က ရှုံးဖို့များပါတယ်။

အလုပ်သမား၊ အလုပ်သမားအကူအညီပေးရေးအဖွဲ့အစည်းနဲ့ ပွဲစားကြား ညှိနှိုင်းလို့ရပြီး အလုပ်သမားတွေလက်ထဲ ပွဲစားခပြန်အမ်းပေးတဲ့ ဖြစ်စဥ်အနည်းအကျဥ်းရှိပေမဲ့ ပွဲစားတွေ ဖမ်းဆီးအရေးယူခံရတာတော့ မရှိသလောက်ပဲလို့ အလုပ်သမားအကူအညီပေးရေးလုပ်ဆောင်နေသူတွေက ဘီဘီစီကိုပြောပါတယ်။

မဝေမာနဲ့ အလုပ်သမား ၆၀ ဝန်းကျင်ကို လိမ်လည်ခံရတဲ့ ပွဲစားကို WAG အဖွဲ့နဲ့ ပေါင်းပြီး မဟာချိုင်နယ်မြေရဲစခန်းမှာတိုင်ခဲ့ပေမယ့် ပွဲစားကလွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

ပွဲစားတချို့က နယ်မြေခံရဲစခန်းက ရဲဝန်ထမ်းတွေကို လာဘ်ထိုးထားတာကြောင့် အရေးယူခံရတာမရှိဘူးလို့ အလုပ်သမားအရေးကူညီနေသူတွေက ဘီဘီစီကို ပြောပါတယ်။

"မငယ်(မဝေမာအလုပ်ပွဲစား)ဆိုရင် ကျွန်တော်တို့မတိုင်ခင်ရှေ့မှာ အမှု ၂ မှုအတိုင်ခံထားရတာရှိတယ်။ အဲဒီနေ့က စနေနေ့ဆိုပြီး ပုလိပ်က အမှုမဖွင့်ပေးဘူး။ တနင်္လာနေ့မှ ပြန်လာဆိုတော့ ပွဲစားမက ပြေးသွားပြီ" လို့ WAG က ကိုမုန်တိုင်းက ပြောပါတယ်။

ရဲစခန်းတိုင်ကြားရာမှာလည်း အလုပ်သမားတွေဘက်က သက်သေအထောက်အထားမတင်ပြနိုင်တဲ့ အားနည်းချက်ကြောင့် ပွဲစားတွေ အရေးယူမခံရတာလည်း အများအပြားတွေ့နေရတယ်လို့ အလုပ်သမားကူညီနေသူတွေက ဆိုပါတယ်။

ထိုင်းဥပဒေအရ ပွဲစားတွေကို ရက် ၆၀ အတွင်း ငွေကြေးလိမ်လည်မှုအဖြစ် တိုင်ကြားနိုင်ပါတယ်။

ဒီနေရာမှာ "အလုပ်သမားက ပွဲစားရဲ့ ပတ်စ်ပို့နဲ့ ငွေလွှဲထားတဲ့ ဘဏ်စာရင်းမှတ်တမ်းပြနိုင်ဖို့လိုတယ်။ ဒါကို မပြနိုင်ကြတာများတယ်" လို့ ကိုမုန်တိုင်းက ပြောပါတယ်။

သူအကြံပြုတာက‌တော့ အလုပ်သမားတွေအနေနဲ့ ပွဲစားကိုငွေမလွှဲခင် ပတ်စ်ပို့နဲ့ဘဏ်စာရင်းက နာမည်တူမတူ ကြည့်ရှုစစ်ဆေးဖို့ လိုတယ်လို့ ပြောပါတယ်။

ပွဲစားခ ဘတ် ၆၅၀၀ ဆုံးထားတဲ့ မစန္ဒာက"ကျွန်မမှာ ဘဏ်အကောင့်မရှိလို့ ငွေသားနဲ့ပေးထားတာ။ အတူ စမတ်တဲ့ တစ်ယောက်က ဘဏ်ငွေလွှဲရှိပေမဲ့ သူများအကောင့်ဆိုတော့ လွှဲပေးတဲ့သူက သက်သေမလိုက်ပေးဘူး" လို့ ပြောပါတယ်။

ထိုင်းမှာ အထောက်အထားသစ်ထုတ်ပေးတာ၊ အလုပ်အကိုင်လိုအပ်ချက်ရှိတဲ့သတင်းတွေထွက်လာရင် ပွဲစားတွေ လိမ်လည်လို့ လာတိုင်ကြတဲ့ အလုပ်သမားတွေ ရုံးကိုအလာဆုံးအချိန်ဖြစ်တယ်လို့ အလုပ်သမား အခွင့်အရေးဖောင်ဒေးရှင်း LRF တာဝန်ရှိသူက ဆိုပါတယ်။

"အလိမ်ခံရဆုံးနေရာက ချွန်ဘူရီနဲ့ မဟာချိုင်မှာ အဆိုးဆုံးပဲ။ ဒီနှစ်ထဲက ပိုလိမ်ခံရတယ်" လို့ LRF တာဝန်ရှိသူက ပြောပါတယ်။

အလုပ်သမားတွေက အလုပ်မရဘဲ ငွေကြေးလိမ်လည်ခံရတာအပြင် အလုပ်အတွက်ဘဏ်အကောင့်ကြိုဖွင့်ရမယ်ဆိုပြီး အလုပ်သမားအထောက်အထားနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာသုံးဖို့ ဘဏ်အကောင့်ပါ လိမ်လည်အဖွင့်ခံရတာလည်း ကြုံနေရတယ်လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံထဲက စစ်မှုထမ်းဥပဒေကြောင့် လုံခြုံရေးစိတ်မချရတာ၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးတာကြောင့် လတ်တလောမှာလည်း ထိုင်း-မြန်မာနယ်စပ် တရားမဝင်လမ်းကြောင်းတွေကနေ မြန်မာနိုင်ငံသား ရာနဲ့ချီ နေ့စဥ်ဝင်ရောက်နေကြပါတယ်။

နိုဝင်ဘာလထဲမှာ ထိုင်းအစိုးရက ပန်းရောင်ကတ်(၁၀နှစ်နေထိုင်ခွင့်ကတ်)နဲ့ အလုပ်လုပ်ကိုင်ခွင့်အထောက်အထားထုတ်ပေးမယ့်သတင်းကြောင့်လည်း ဝင်လာနေကြတာလို့ LRF တာဝန်ရှိသူကပြောပါတယ်။

စက်တင်ဘာ ၁၆ ရက်တစ်ရက်တည်းမှာတင် ထိုင်းက ခရိုင် ၂ ခုထဲမှာ မြန်မာနိုင်ငံသား ၂၀၀ ဝန်းကျင်ဖမ်းဆီးခံခဲ့ရပါတယ်။

တရားမဝင်လမ်းကနေ ကျပ်သိန်းဆယ်ချီကုန်ကျခံဝင်လာပေမဲ့ အထောက်အထားမရှိတာကြောင့် ထိုင်းနိုင်ငံထဲမှာ အလုပ်အကိုင်ရဖို့က မသေချာပါဘူး။

ထိုင်းစ‌ရောက်ကတည်းကနေ ၂ နှစ်ကျော်တဲ့အထိ အလုပ်လုံးဝမရသေးတဲ့ မဝေမာက" စက်ရုံပွဲစားတွေ မှန်မှန်ကန်ကန်နဲ့ အလုပ်ရှိမှ လူခေါ်စေချင်တယ်။ ကိုယ့်နိုင်ငံသားအချင်းချင်း ဂုတ်သွေးမစုပ်စေချင်ဘူး" လို့ ပြောပါတယ်။

"မြန်မာအလုပ်သမားတွေ လိမ်လည်ခံရနိုင်တာနဲ့ အခွင့်အရေးချိုးဖောက်ခံရမှု အန္တရာယ်ကြီးမားလာနိုင်တယ်လို့ သိရှိထားပါတယ်" ထိုင်းအလုပ်သမားဝန်ကြီးဌာန

ဒီလိမ်လည်မှုတွေနဲ့ပတ်သက်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနကို ဘီဘီစီက မေးခွန်းတချို့ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အရေးအခင်းကြောင့် ကမ္ဘောဒီးယားအလုပ်သမားတွေ ထွက်ခွာသွားချိန်မှာ ထိုင်းနိုင်ငံရဲ့အလုပ်သမားလိုအပ်ချက်တိုးလာခြင်းကြောင့် မြန်မာအလုပ်သမားတွေ လိမ်လည်ခံရနိုင်တာနဲ့ အခွင့်အရေးချိုးဖောက်ခံရမှု အန္တရာယ်ကြီးမားလာနိုင်တယ်လို့ ထိုင်းနိုင်ငံက သိရှိထားကြောင်း ဖြေကြားပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနက ရွှေ့ပြောင်းအလုပ်သမားတွေခေါင်းပုံဖြတ်ခံရတာကို ကာကွယ်ဖို့ နယ်မြေခံအလုပ်သမားရုံးတွေ၊ အလုပ်ရှင်တွေ၊ မိတ်ဖက် အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေသလို တဖက်မှာလည်း တရားဝင်အလုပ်အကိုင်ခေါ်ယူတဲ့လမ်း ကြောင်းအသုံးပြုဖို့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။​

အလုပ်သမားလိုအပ်ချက်မြင့်မားလာတာနဲ့အတူ ထိုင်းအလုပ်သမားဝန်ကြီးဌာနက တရားမဝင်အလုပ်သမားတွေကို တရားဝင်လုပ်ကိုင်နိုင်ဖို့ အထောက်အထားထုတ်ပေးနေတယ်လို့ ပြန်ကြားလာပါတယ်။​

အလုပ်သမားဝန်ကြီးဌာနအနေနဲ့ အလုပ်သမားလိုအပ်ချက်ကိုဖြည့်ဖို့ တရားဝင် MOU နည်းလမ်းအတိုင်းခေါ်ယူတာကို ပိုပြီးအားပေးတယ်လို့ ဖြည့်စွက်ပြောထားပါတယ်။​

မြန်မာလုပ်သားတွေအတွက် ဘာသာစကားအတားအဆီးရှိနေတာကို ထိုင်းဘက်က သိထားပါတယ်။​

ရွှေ့ပြောင်းအလုပ်သမားများတဲ့ ဒေသတွေမှာ နယ်မြေခံအလုပ်သမားရုံးတွေထားရှိပြီး ဘာသာပြန်ဝန်ဆောင်မှုလည်းပေးထားတယ်လို့ အလုပ်သမားဝန်ကြီးဌာနက ဘီဘီစီကို ပြောပါတယ်။​

ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန၊ အလုပ်အကိုင်ဦးစီးဌာနက 1694 ဖုန်းလိုင်းကတစ်ဆင့် မြန်မာဘာသာနဲ့ အကူအညီပေးတဲ့ ဝန်ဆောင်မှုတွေကို ထည့်သွင်းထားတယ်လို့ ပြန်ဖြေပါတယ်။

တိုင်ကြားမှုဝန်ဆောင်မှုတွေကိုလည်း 1506 ဖုန်းလိုင်းမှတစ်ဆင့် မြန်မာဘာသာနဲ့ တိုင်ကြားနိုင်တယ်လို့ဆိုပါတယ်။

ဘာသာပြန်အကူအညီလည်း ရရှိနိုင်ပြီး လုပ်သားတွေဟာ မြန်မာဘာသာနဲ့ အကူအညီပေးတဲ့ Line တရားဝင်အကောင့်တွေကတစ်ဆင့်လည်း ပြဿနာတွေကို တိုင်ကြားနိုင်တယ်လို့ ပြန်လည်ဖြေကြားပါတယ်။

မြန်မာလုပ်သားများအများအပြားရှိတဲ့ ပြည်နယ်တွေမှာ ဒေသခံအလုပ်သမားရုံးတွေဟာ မဟာဗျူဟာဖက် NGO တွေနဲ့ ပူးပေါင်းပြီး မြန်မာဘာသာပြန်ဝန်ဆောင်မှုတွေကို ပေးနေတယ် လို့ ဘီဘီစီကိုပြန်ဖြေပါတယ်။

ဒီလိမ်လည်မှုတွေကို မေးမြန်းဖို့ ဘန်ကောက် မြန်မာအလုပ်သမားသံအရာရှိရုံးကို ဘီဘီစီက ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။

*ဆောင်းပါးမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ နာမည်ကို လုံခြုံရေးကြောင့် ပြောင်းလဲအသုံးပြုထားပါတယ်။