အထည်ချုပ် - ကျပ် ၈၀၀ တိုးတောင်းမိလို့ အဖမ်းခံရတဲ့ကမ္ဘာကျော်တံဆိပ်ချုပ်သူတွေ

လှိုင်သာယာမြိုနယ် စက်မှုဇုန် ၅ ၊ မလိခလမ်းထဲက Sun Apparel Myanmar အထည်ချုပ်စက်ရုံရှေ့ကို ဇွန် ၁၅ ရက်နေ့က ရဲနဲ့ စစ်သားပါတဲ့ ကားတစ်စီး ညနေ ၄ နာရီကျော်လောက်မှာ ထိုးစိုက်လာပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါတဲ့ အဲဒီအဖွဲ့ဟာ စက်ရုံထဲဝင်ပြီး အထည်ချုပ်အလုပ်သမား ကိုလှိုင်ထက်ဝင်းကို ဝင်ရောက်ဖမ်းဆီးလိုက်ပါတယ်။

အဲဒီမတိုင်ခင် ဇွန် ၁၄ ရက်ညနေပိုင်းကတော့ Sun Apparel Myanmar က အလုပ်သမားမသီတာဝင်းကို သူ့ရဲ့နေအိမ်မှာ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့ပြီးပါပြီ။ အဲဒီဖြစ်စဥ်အပြီး နောက်တစ်ရက်မှာပဲ ရဲက စက်ရုံဝန်းထဲအထိ ဝင်ရောက်ဖမ်းဆီးတဲ့ ကိုထက်လှိုင်ဝင်း ဖမ်းဆီးခံရမှု ထွက်ပေါ်လာတာပါ။

အကြောင်းပြချက်ကတော့ ဆူပူအောင်လှုံ့ဆော်တယ်ဆိုတဲ့ စွပ်စွဲချက်၊ တရားမဝင်ကြောင်း ကြေညာခံထားရတဲ့ အလုပ်သမားအရေးလှုပ်ရှားတဲ့အဖွဲ့တွေနဲ့ ဆက်သွယ်တယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့်ပါ။

ဒါပေမဲ့ စက်ရုံထဲက အလုပ်သမားတွေနဲ့ အလုပ်သမားအရေးဆောင်ရွက်သူအချို့ကတော့ သူတို့ ၂ ဦးဟာ လုပ်ခလစာ တိုးတောင်းတာပဲ လုပ်ခဲ့တာလို့ အတည်ပြုပြောကြပါတယ်။

တရားဝင်သတ်မှတ်ထားတဲ့ အခြေခံလုပ်ခလစာ တရက် ၄၈၀၀ ကျပ်ဟာ စစ်အာဏာသိမ်းပြီးတဲ့နောက် အဆမတန်မြင့်တက်လာတဲ့ ကုန်စျေးနှုန်းတွေအတွက် မလုံလောက်တော့တာကြောင့် ဒီနှုန်းထားကို တိုးပေးဖို့ အထည်ချုပ်လုပ်သားတွေက တောက်လျှောက်တောင်းဆိုနေကြတာပါ။

တစ်ရက်လုပ်ခ ၄၈၀၀ ကျပ်အစား ၅၆၀၀ ကျပ်တိုးပေးဖို့နဲ့ အလုပ်သမားအခွင့်အရေးတွေ ရရှိဖို့ ဦးဆောင်တောင်းဆိုခဲ့တဲ့အတွက် အလုပ်ထုတ်ခံရပြီးနောက် အခုလိုဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

'' သူတို့ (ဖမ်းဆီးခံအလုပ်သမား) က ၈၀၀ တိုးပေးဖို့ နဲ့ စက်ရုံထဲမှာချိုးဖောက်ခံနေရတဲ့ အလုပ်သမား အခွင့်အ‌ရေးတွေကိုပဲတောင်းဆိုခဲ့တာ အားလုံးသိတယ်။ အခုကျတော့ သူတို့ကို စက်ရုံက တိုင်တာနဲ့ ရဲကလာဖမ်းပေးတယ်''

'' အလုပ်သမားတွေဘာမှမလုပ်ရဲအောင်ခြိမ်းခြောက်တာ၊ အခုလည်းဘယ်သူမှမလှုပ်ရဲတော့ဘူးလေ၊ တောင်းဆိုတာနဲ့ ဖမ်းခံကြရတာ မကာမိဘူး'' လို့ ဖမ်းဆီးခံအလုပ်သမားတွေအရေးသိရှိသူ လှိုင်သာယာက အလုပ်သမားအရေးဆောင်ရွက်သူ တစ်ဦးကပြောပါတယ်။

အခုတစ်လနီးပါးကြာတဲ့ အချိန်မှာတော့ အဖမ်းခံခဲ့ရတဲ့ အလုပ်သမား ၂ ဦး ဟာ နိုင်ငံရေးပုဒ်မ ဖြစ်တဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ နဲ့တရားစွဲဆိုခံရတယ်လို့ မိသားစုနဲ့ နီးစပ်သူ တစ်ဦးက ပြောပြပါတယ်။

'' မိသားစုနဲ့ တစ်ခါတွေ့ရတယ် ပြောတယ်။ ရဲစခန်းကိုရောက်မှ အဆက်သွယ်ရတဲ့သဘောဖြစ်တယ်။ အခုတော့ ၅၀၅ နဲ့ စွဲတာထောင်တော့မချသေးဘူး။ လစာတိုးတောင်းတာကို နိုင်ငံရေးပုဒ်မတပ်တာ လုံးဝမဖြစ်သင့်ဘူး'' လို့ မိသားစုနဲ့ နီးစပ်သူကပြောပါတယ်။

ဒီလို ဇွန်လအတွင်း လုပ်ခလစာတိုးတောင်းလို့ ဖမ်းဆီးခံရတာ ဒီအလုပ်သမား ၂ယောက်တည်းမဟုတ်ပါဘူး။ ရန်ကုန်၊ ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်က တရုတ်နိုင်ငံသားပိုင် ဟိုစိမ့်မြန်မာ - Hosheng Myanmar အထည်ချုပ်စက်ရုံက အလုပ်သမား ၈ ဦးလည်း ဖမ်းဆီးတရားစွဲခံထားရတာပါ။ ဒီ ၈ ဦးကလည်း အလားတူပါပဲ စက်ရုံတွင်းမှာ လုပ်ခလစာ တိုးတောင်းခဲ့တာပါ။

အလုပ်သမားခေါင်းဆောင်တချို့ ဦးဆောင်ပြီး လုပ်ခလစာတိုးမြှင့်ပေးရေးကိစ္စအပါအဝင် လုပ်ငန်းခွင်အခက်အခဲတွေကို ညှိုနှိုင်းလုပ်ဆောင်ရွက်ရေးကိစ္စတွေအတွက် လုပ်ငန်းခွင်ထဲမှာလုပ်ခဲ့တာကြောင့် စက်ရုံဆူပူအောင် သွေးထိုးလှုံ့ဆော်တယ်ဆိုပြီး စက်ရုံဘက်ကနေ ဇွန်လ ၁၀ ရက်နေ့မှာ အလုပ်သမားခေါင်းဆောင် ၇ ဦး ကို အလုပ်ထုတ်ခဲ့ပါတယ်။

ဒါ့ကြောင့် စက်ရုံမှာကျန်ရှိနေခဲ့တဲ အလုပ်သမားတွေဟာ အလုပ်ထုတ်ခံရတဲ့အလုပ်သမား‌ ခေါင်းဆောင်တွေကို အလုပ်ပြန်ခန့်ဖို့အတွက် ဇွန်လ ၁၃ ရက် မှာ လုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဒါကို စက်ရုံဘက်က အာဏာပိုင်တွေကို တိုင်ကြားခဲ့တဲ့အတွက် အလုပ်သမားခေါင်းဆောင်တွေနဲ့ အလုပ်သမားအရေးဆောင်ရွက်သူ အပါအဝင် ၈ ဦး အဖမ်းခံခဲ့ရတာပါ။

ဒါကြောင့် ရွှေပြည်သာစက်မှုဇုန်နဲ့ လှိုင်သာယာစက်မှုဇုန် ၂ ခုက အထည်ချုပ်လုပ်သား ၁၀ ဦး ဖမ်းဆီးခံထားရတဲ့ အခြေအနေပါ။

ဖမ်းဆီးခံထားရတဲ့ အလုပ်သမားနဲ့ ကူညီရေးအဖွဲ့ဝင် ၈ ဦးဟာ ပြီးခဲ့တဲ့ ရက် ဇူလိုင် ၂၁ ရက်မှာ ဒုတိယရမန်ယူတဲ့ ရုံးချိန်းရှိပေမဲ့ သူတို့အရေးကိုကူညီပေးနေတဲ့သူတွေကို ဆက်လက်ဖမ်းဆီးနေတာကြောင့် နောက်ဆက်တွဲသတင်းတွေကိုပါမသိရတဲ့ အခြေအနေဖြစ်နေတယ်လို့ အလုပ်သမားအရေးဆောင်ရွက်တဲ့ အဖွဲ့တချို့ကပြောပါတယ်။

စစ်ကောင်စီရဲ့ ဇွန် ၂၉ ရက်ထုတ်ပြန်ချက်မှာတော့ တရားဝင် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း မဟုတ်တဲ့ Action Labor Rights အဖွဲ့နဲ့ပေါင်းပြီးဆူပူအောင် လှုံ့ဆော်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ကုန်၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်က အလုပ်သမား ၁၀ ဦးကို ဖမ်းဆီးထားတယ်လို့ ဖော်ပြပါတယ်။

ဇွန်လ ၁၄ ရက်ကနေ ၁၇ ရက်အထိ သုံးရက်အတွင်း Action Labor Rights အလုပ်သမားသမဂ္ဂအဖွဲ့ဝင် နှစ်ဦး၊ အားပေးကူညီသူတစ်ဦးနဲ့ အထည်ချုပ်စက်ရုံနှစ်ရုံက အလုပ်သမားခုနစ်ဦး စုစုပေါင်း ၁၀ ဦးကို ဖမ်းဆီးထားတာလို့ ဆိုပါတယ်။

အဖမ်းခံရသူတွေကို Action Labor Rights အဖွဲ့ဝင်တွေလို့ စွပ်စွဲထားပြီး သူတို့ဟာ မသန္တာစိုးလင်း၊ မဖြိုးမြတ်မြတ်သင်း၊ အားပေးကူညီသူ ကိုဟိန်းမင်းဇော်၊ ရွှေပြည်သာမြို့နယ် ဟိုစိမ့်မြန်မာ အထည်ချုပ်စက်ရုံက အလုပ်သမားတွေဖြစ်ကြတဲ့ ကိုအောင်အောင်၊ မသူသူစံ၊ မသန္တာအေး၊ မအေးသန္တာဌေး၊ မမေသူမင်းနဲ့ လှိုင်သာယာမြို့နယ် Sun Apparel Myanmar အထည်ချုပ်စက်ရုံက မသီတာဝင်း၊ ကိုလှိုင်ဝင်းထက်တို့ဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် Action Labor Rights အဖွဲ့ က ကိုဝေလင်းလည်း ဇူလိုင် ၁၉ ရက်ညပိုင်းက သူ့ရဲ့ နေအိမ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဖမ်းဆီးတာကိုခံခဲ့ရတယ်လို့ လှိုင်သာယာက အလုပ်သမားအရေးကူညီပေးနေသူတစ်ဦးက အတည်ပြုပါတယ်။

'' လှိုင်သာယာက သူ့အိမ်မှာလာဖမ်းသွားတာပါ။ ရွှေပြည်သာက ဟိုစိမ့်က ဖမ်းခံရသူတွေနဲ့ဆက်စပ်တယ်ကြားရတယ်။ အကူအညီပေးတာ‌ကိုဖမ်းတာ အဓိပ္ပါယ်မရှိဘူး''

Action Labor Rights အဖွဲ့ ဟာ စစ်အာဏာသိမ်းပြီးနောက် အကျပ်အတည်းမျိုးစုံ ခံစားနေရတဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးအတွက် လိုက်လံကူညီပေးနေတဲ့ ရန်ကုန်အခြေစိုက် အလုပ်သမားသမဂ္ဂအဖွဲ့ဖြစ်ပါတယ်။

ဒီအလုပ်သမားတွေ ဖမ်းဆီးခံရတဲ့ သတင်းတွေကြောင့် အလုပ်သမားတွေဟာအကြမ်းဖက်မှုနဲ့ ခြိမ်းခြောက်မှုကနေ ကင်းဝေးပြီး လွပ်လပ်စွာ အသင်းအဖွဲ့ဆောင်ရွက်ခွင့်နဲ့ လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့်ရဖို့ လိုတယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ချုပ်(ILO)က စာထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီလက်အောက် အလုပ်သမားဝန်ကြီးဌာနဘက်က ထုတ်ပြန်ချက်မှာတော့အလုပ်သမားတွေဟာ အလုပ်သမား သမဂ္ဂဖွဲ့စည်းတာ‌၊ လုပ်ခလစာတိုးပေးဖို့ ဆန္ဒပြလို့ဖမ်းတာမျိုးမဟုတ်ဘဲ အခြားအကြောင်း ကိစ္စတွေနဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းနေရတာလို့ တုံ့ပြန်ပါတယ်။

"အခြားအကြောင်းကိစ္စဆိုတာကိုစာထဲမှာ သေချာမဖော်ပြထား‌ပေမဲ့ သူတို့က အလုပ်သမားတွေကို PDF တွေကို ထောက်ပံ့ရေးလုပ်နေပါတယ်ဆိုပြီး အမှုစွဲကပ်ဖို့ ကြိုးစားကြပါတယ်။အလုပ်သမား‌တွေက လုပ်ခလစာတိုးပေးဖို့ပဲ ဆန္ဒပြတဲ့အကြောင်း ပေါ်လွင်နေတော့ လောလောဆယ် ပုဒ်မ ၅၀၅-က ပဲ အမှုကပ်ထားပါတယ်" လို့ ဖမ်းဆီးခံရွှေပြည်သာလုပ်သားတွေရဲ့အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒီလိုဖြစ်စဥ်ဖြစ်ခဲ့တဲ့ ရွှေပြည်သာ နဲ့ လှိုင်သာယာက အထည်ချုပ်စက်ရုံ ၂ခု က အလုပ်သမားရာနဲ့ချီက လုပ်ခလစာတိုးပေးဖို့၊ လုပ်ငန်းခွင်အကာအကွယ်ပေးဖို့အပါအဝင် တင်းကျပ်တဲ့လုပ်ငန်းခွင်စည်းကမ်းတွေကိုလျှော့ချပေးဖို့ ပြီးခဲ့တဲ့ မေလပိုင်းမှာ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ အဲဒီနောက် ဇွန် နဲ့ဇူလိုင် ၁လအတွင်း စက်ရုံဘက်က တိုင်ကြားချက်ကြောင့် ဦးဆောင်သူလို့ ယူဆရသူတွေကို ရဲကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

စက်ရုံအလုပ်သမားတွေဖမ်းဆီးခံရတဲ့ဖြစ်စဥ်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာစက်ရုံတွေကိုဖုန်းဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

အာဏာသိမ်းပြီးနောက် ပိတ်သိမ်းခံရတဲ့ အလုပ်သမားအရေးဆောင်ရွက်တဲ့ အဖွဲ့တွေနဲ့ ဆက်သွယ်တယ်ဆိုတဲ့ အကြောင်းပြချက် နဲ့ အလုပ်သမား‌အခွင့်အရေးတောင်းဆိုတဲ့ အလုပ်သမားတွေကို နိုင်ငံရေးပုဒ်မတွေနဲ့ အရေးယူဖို့ကြိုးစားနေတာဟာ အလုပ်သမားအားလုံးကို ခြိမ်းခြောက်တဲ့လုပ်ရပ်လို့ အလုပ်သမားအဖွဲ့ တွေကထောက်ပြသလို စာထုတ်ပြန်ကန့်ကွက်တာလည်းရှိကြပါတယ်။

'' အခုလို ဖမ်းဆီးအရေးယူတာက စစ်ကောင်စီက တပ်လှန့်လိုက်တာပဲ။ ဘယ်သူကမှ မလုပ်ရဲတော့တဲအထိ ဖြစ်လာအောင် လုပ်ပြတာ'' လို့ ပိတ်သိမ်းခံရတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ က ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

အခုလို ဖမ်းဆီးအရေးယူတာက တခြားအလုပ်သမားသမဂ္ဂ အဖွဲ့အစည်းတွေကိုပါ စစ်ကောင်စီက တပ်လှန့်လိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အခြား အလုပ်သမားသမဂ္ဂအဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

ထိုင်းနိုင်ငံသားပိုင် Sun Apparel Myanmar စက်ရုံဟာ ဂျာမနီအခြေစိုက် အားကစားဝတ်စုံ အမှတ်တံဆိပ် JAKO က အထည်တွေကိုချုပ်တာပါ။ ဒါကြောင့်ပဲ Sun Apparel Myanmar စက်ရုံ က အလုပ်သမား ၂ ဦး ဖမ်းဆီးခံရတဲ့နောက် မြန်မာနိုင်ငံမှာရှိတဲ့ သူ့ရဲ့ထုတ်ကုန်တွေ အပ်နှံမှုကို ရပ်ဆိုင်းဖို့ စီစဉ်နေတယ် လို့ ဇူလိုင် ပထမပတ်ထဲမှာ JAKO က ထုတ်ပြောခဲ့ပါတယ်။

''အလုပ်သမားများအတွက် စီးပွားရေးအရ ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်တာကြောင့် ရင်းနှီးမြှုပ်နှံမှုကနေ နုတ်ထွက်ဖို့ ခက်ခဲစွာ ဆုံးဖြတ်ခဲ့ရပါတယ် '' လို့ JAKO ရဲ့ ဝယ်ယူရေးအကြီးအကဲ Heiko Rum က ပြောပါတယ်။

တရုတ်နိုင်ငံသားပိုင် Hosheng Myanmar အထည်ချုပ်စက်ရုံကတော့ ကမ္ဘာကျော် အဝတ်အထည်အမှတ်တံဆိပ် Zara ကိုချုပ်လုပ်တာပါ။

ဒီလို အလုပ်သမား ၇ ဦးထက်မနည်း ဖမ်းဆီးခံရတဲ့နောက်မှာတော့ Zara ဖက်ရှင်အမှတ်တံဆိပ်ရဲ့ မိခင်လုပ်ငန်းစုဖြစ်တဲ့ စပိန်ကုမ္ပဏီ Inditex က ကမ္ဘာ့လုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ IndustriALL ရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ တောင်းဆိုချက်အတိုင်း မြန်မာနိုင်ငံကနေ ထွက်ခွာမယ့် အနေအထားမှာရှိနေပြီလို့ ပြောထားပါတယ်။

ဒါပေမဲ့ လက်ရှိမှာ ဒီအမှတ်တံဆိပ်တွေ မြန်မာကစက်ရုံတွေကို အထည်တွေ ဆက်ပြီးမအပ်ဖို့နဲ့ ဖမ်းဆီးခံအလုပ်သမားတွေပြန်လွတ်အောင် စက်ရုံတွေဘက်ကို ဖိအားပေးဖို့ ဆွေးနွေးညှိနှိုင်းဆဲလို့ အလုပ်သမား အရေးဆောင်ရွက်တဲ့အဖွဲ့တချို့က ဘီဘီစီကို ပြောပါတယ်။

'' ဘရန်း(တံဆိပ်)တွေက ဒီလိုပဲ၊ ပြဿနာဖြစ်ရင် သူတို့ မြန်မာပြည်က ထွက်မယ်ပြောတယ်။ တကယ့်လက်တွေ့မှာ တခြားပုံစံနဲ့ ပြန်အပ်တာပဲ။ ဒီမှာ ပေးရတဲ့စရိတ်သက်သာတော့ မြန်မာပြည်ကမထွက်ချင်ဘူး။ အပ်တာကို မပြောလိုပေမဲ့ အလုပ်သမားတွေက သူတို့အခွင့်အရေးတောင်းတာ‌ကိုတော့ ဘရန်း(တံဆိပ်)ဘက်က ကာကွယ်ပေး‌စေချင်တယ်'' လို့ အလုပ်သမားအရေး ဆောင်ရွက်သူတစ်ဦးက ပြောပါတယ်။

တချိန်တည်းမှာပဲအာဏာသိမ်းတဲ့ ၂၀၂၁ ဇွန်လကတည်းကဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS_TUsF)ကအထွေထွေ အတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်ဟာ အခုနှစ် ဇူလိုင်လမှာ လွတ်ရက်စေ့နေပေမဲ့ ပျောက်ဆုံးနေတဲ့အပေါ် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) အပါအဝင် အလုပ်သမားအဖွဲ့တွေက စစ်ကောင်စီကို မေးခွန်းထုတ်နေကြပါတယ်။

“သက်နှင်းအောင်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ အာဏာပိုင်တွေကို တိုက်တွန်းချင်ပါတယ်။ အလုပ်သမားတွေနဲ့ အလုပ်သမားအဖွဲ့အစည်းတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ ခြိမ်းခြောက်မှုတွေကို ရပ်တန့်ဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အဆုံးသတ်ဖို့လိုအပ်တယ်"လို့ ILOအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးချုပ် Houngbo က ပြောထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံး(EU in Myanmar)ကတော့ ဖမ်းဆီးခံထားရတဲ့ အလုပ်သမားတွေကိုပြန်လွှတ်ပေးဖို့နဲ့ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နဲ့ ထုတ်ဖော်ပြောဆိုခွင့်ကို ငြိမ်းငြိမ်းချမ်းချမ်း ကျင့်သုံးနေသူတွေကို ဖမ်းဆီးတာကို အမြန်ဆုံးရပ်တန့်ပေးဖို့ ပြီးခဲ့တဲ့ ဇွန်လ ၂၀ရက်က တောင်းဆိုထုတ်ပြန်ထားပါတယ်။

ဒီလို အလုပ်သမားတွေ ၁၀ ဦးထက်မနည်းဖမ်းဆီးခံရတဲ့ အခြေအနေနောက်မှာတော့ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်တဲ့ လူခြောက်ဦးနဲ့ အဖွဲ့အစည်းတစ်ခုကို ဥရောပသမဂ္ဂ ထပ်တိုးပိတ်ဆို့ အရေးယူတဲ့အကြောင်း ဇူလိုင် ၁၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ပိတ်ဆို့အရေးယူခံရတဲ့အထဲ စစ်ကောင်စီအလုပ်သမားဝန်ကြီး ဒေါက်တာပွင့်ဆန်းလည်းပါပါတယ်။

ဥရောပသမဂ္ဂ (EU)က ဒီလိုအလုပ်သမားဝန်ကြီးအပါအဝင် ၇ ဦးကို အရေးယူပိတ်ဆို့တာတွေလုပ်တဲ့ မတိုင်ခင် ဇူလိုင် ၁၁ ရက်ကပဲ ကမ္ဘာလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ‌(IndustriAll Global Union) က မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ဥရောပသမဂ္ဂ (EU) ရဲ့ MADE in Myanmar စီမံချက်ကို ရပ်ဆိုင်းဖို့ အစီရင်ခံစာထုတ်ပြန် တောင်းဆိုထားတာပါ။

IndustriAll Global Union ရဲ့ အပြောအရ စစ်အာဏာသိမ်းချိန်ကစပြီး အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေ နဲ့ တက်ကြွလှုပ်ရှားသူ သုံးရာကျော် ဖမ်းခံခဲ့ရပြီး ငါးဆယ်ကျော် အသတ်ခံခဲ့ရတယ်လို့ ထောက်ပြထားပါတယ်။

EU က ဆောင်ရွက်နေတဲ့ MADE in Myanmar စီမံချက်ဟာ အလုပ်သမားတွေရဲ့ ထိခိုက်နစ်နာမှုတွေကို မဖြေရှင်းပေးနိုင်သလို ဥရောပပြည်သူတွေရဲ့ အခွန်ငွေတွေနဲ့ ပြည်သူ့ဘဏ္ဍာငွေတွေကို စစ်အာဏာရှင်‌ အကျိုးဖြစ်ထွန်းစေဖို့ အသုံးမပြုသင့်ဘူးလို့ ‌ဖော်ပြပါတယ်။

ဒီစီမံချက်ဟာ မြန်မာနိုင်ငံမှာ ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာကနေ ၂ဝ၂၆ ခုနှစ်အထိဖြစ်ပြီး အထည်အလိပ်၊ အဝတ်အစားနဲ့ ဖိနပ်မျိုးစုံထုတ်လုပ်ရေးအတွက် ဥရောပသမဂ္ဂက ယူရိုငွေ သုံးသန်း ထောက်ပံ့ထားတာဖြစ်ပါတယ်။

ဥရောပအမှတ်တံဆိပ်တွေ မြန်မာမှာရှိနေတာဟာ စစ်ကောင်စီတည်မြဲဖို့ လက်နက်၊ ခဲယမ်းမီးကျောက်တွေနဲ့ လောင်စာဆီ ဝယ်ယူဖို့ နိုင်ငံခြားငွေ ထောက်ပံ့သလိုဖြစ်နေတယ်လို့လည်း ‌ပြောထားတာပါ။

'' အီးယူရန်ကုန်ရုံးက ဥရောပသမဂ္ဂရဲ့ ထုတ်ပြန်ချက်ကို လိုက်နာမလား၊ ရန်ကုန် EU ရုံးဆက်လည်ပတ်မှာလားက စိတ်ဝင်စားဖို့ကောင်းတယ်။ ရန်ကုန် အီးယူရုံးရဲ့ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်လေ့လာဖို့ အီးယူအဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုပါတယ်'' လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဒေါ်ခိုင်ဇာအောင်က မှတ်ချက်ပြုထားပါတယ်။